← Chapters

ရွှေအမြုတေဖွဲ့တည်ခြင်း

Vol. 34 Ch. 506

ရွှေအမြုတေဖွဲ့တည်ခြင်း

Vol. 34 Ch. 506

ဆူဇီမိုသည် လျန့်ဟမ့်နှင့် အခြားသူများ၏ သိုလှောင်အိတ်များကို သိမ်းလိုက်၏။

ကန်းလန်နှင့် အခြားသူများသည် သူတို့မသေခင်က ရွှေအမြုတေများ ဖြစ်ကြသော်လည်း ယခုအခါ သူတို့၏ ခန္ဓာကိုယ်များက အားနည်းနေကြလေပြီ။

ဆူဇီမိုသည် သူ့လက်ချောင်းထိပ်မှာ သားရဲမီးကို ဆင့်ခေါ်၍ အလောင်းငါးလောင်းစလုံးကို ပြာချပစ်ပြီး တစ်ခဏအတွင်း လက်စဖျောက်ပစ်လိုက်၏။

ကိစ္စအားလုံး ပြီးသွားပြီးနောက် ဆူဇီမိုသည် သူ့အိမ်ဆီသို့ ပြန်သွားလိုက်၏။

သူသည် ဤခြံဝန်းထဲမှာ သူ၏ အဆင့်ချိုးဖျက်တက်လှမ်းခြင်းကို ပြုလုပ်ချင်လေသည်။

အဆင့်ကြီးတစ်ဆင့် ချိုးဖျက်တက်လှမ်းဖို့အတွက် အခွင့်အလမ်းများကို လိုအပ်၏။

အဲ့ဒါက ရုတ်တရက် ဖျတ်ကနဲ ပေါ်လာသော စိတ်ကူးတစ်ခုလို အလွန်ဆန်းကြယ်သော ခံစားချက် ဖြစ်လေသည်။

ထိုအချိန်၌ ဆူဇီမိုသည် ဆန်းကြယ်တောင်ထွတ်သို့ ခရီးရှည်ကြီးသွား၍ ပြန်မည်ဆိုလျှင် သူသည် အချိန်ကိုက်ဖြစ်ခြင်းကို ဆုံးရှုံး၍ ထိုအခွင့်အလမ်းကို ဖမ်းဆုပ်မိတော့မည် မဟုတ်ပေ။

ဒါ့အပြင် သူ၏ အဆင့်တက်ခြင်းကို လုပ်ဆောင်ဖို့အတွက် ဒီနေရာထက် ပို၍ အဓိပ္ပါယ်ရှိသော နေရာတစ်ခုကို သူရှာမတွေ့နိုင်ပေ။

လွန်ခဲ့သည့်ရှစ်နှစ်က လူသူကင်းမဲ့သော ဤခြံဝန်းလေးထဲတွင် ယခု ဖူးပွင့်ဝေဆာနေသော ထိုမက်မွန်ပင်ကြီးအောက်၌ ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံ၍ တာအိုကို နားလည်သဘောပေါက်ပြီး ကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ စတင်ဝင်ရောက်ခဲ့၏။

သူ့နှလုံးသားထဲတွင် ဤနေရာသည် မည်သည့်သုခဘုံထက်မဆို ပို၍ အဓိပ္ပါယ်ရှိလေသည်။

အမြုတေဖွဲ့တည်ခြင်းက ပေါ့ပေါ့သေးသေး ကိစ္စမဟုတ်ပေ။ ထိုအချိန်၌ မည်သူမှ လုံးဝ မနှောင့်ယှက်ရပေ။

နမော်နမဲ့ မလုပ်ရဲဘဲ ဆူဇီမိုသည် ဝင်္ကပါတစ်ခုကို စတင်ခင်းကျင်းလိုက်၏။

လုံးဝရပ်နားခြင်းမရှိဘဲ သူသည် သူ့အိမ်ပတ်လည်တွင် ဝင်္ကပါများကို အထပ်ထပ် ခင်းကျင်းနေလိုက်၏။ အဲ့ဒါက အထောက်အပံ ဝင်္ကပါများသာမက.. ပုံရိပ်ယောင်၊ ထောင်ချောက်နှင့် သတ်ဖြတ်ခြင်းဝင်္ကပါများတောင် ပါလေသည်။

ဝင်္ကပါများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွား၏။

သုံးရက်ကြာပြီးနောက် ဝင်္ကပါများကို အပြည့်အဝ ခင်းကျင်းပြီးသွားလေပြီ။

“အသက်ဝင်”

ဆူဇီမိုသည် ညင်သာစွာ အော်လိုက်၍ အိမ်ပတ်လည်တွင် များစွာသော ဝင်္ကပါလမ်းကြောင်းများက တဝင်းဝင်းတလက်လက်ဖြင့် တောက်ပလင်းလက်လာ၏။

သူသည် ပုံရိပ်ယောင်ဝင်္ကပါတစ်ခုကို အပြင်ဘက်မှာ ခင်းကျင်းထား၏။

အဲ့ဒီမှာ သူ့အိမ်နှင့်ခြံဝန်း၏ ပုံရိပ်ယောင်က ပေါ်နေပြီး အပြင်ဘက်ကနေ ကြည့်လျှင် မထူးခြားသော အိမ်ကိုသာ မြင်ရမည်ဖြစ်ပြီး အထဲမှာ တစ်ခုခု ထူးခြားတာဖြစ်လျှင်တောင် မည်သည်ဆွဲဆောင်မှုမှ ရှိလိမ့်မည် မဟုတ်ပေ။

မက်မွန်ပင်ကြီး၏ အောက်သို့ ရောက်လာပြီးနောက် ဆူဇီမိုသည် တင်ပျဉ်ခွေထိုင်၍ သူ့မျက်လုံးကိုမှိတ်ကာ အနားယူလိုက်၏။

ပြီးခဲ့သည့်သုံးရက်အတွင်း သူသည် ဝင်္ကပါများ ခင်းကျင်းနေခဲ့ရ၍ ပင်ပန်းနေပြီး စွမ်းအင်အတော်များများ ကုန်ဆုံးခဲ့ရ၏။

ဆူဇီမိုသည် သူ၏ အကောင်းဆုံး အခြေအနေကို ပြန်ရရှိဖို့ သူ့ကိုယ်သူ ထိန်းညှိရပေမည်။

အတန်ကြာပြီးနောက် သူသည် တဖြည်းဖြည်း တည်ငြိမ်လာပြီး သိုလှောင်အိတ်ထဲမှ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးများကို တောင်ပို့တစ်ခုအလား ပုံချလိုက်၏။

မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ ကျေးဇူးဖြင့် ဆူဇီမိုသည် စိတ်ဝိညာဉ်ကျောက်တုံး အတော်များများ စုဆောင်းခဲ့မိပြီး အဲ့ဒါတွေက သူ၏ အမြုတေဖွဲ့တည်ခြင်းအတွက် လုံလောက်လေသည်။

ဝုန်း..

သူ့ဒါန်ထျန်ထဲရှိ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ကြီးမားသည့် လှိုင်းလုံးကြီးများက တလိပ်လိပ်တက်လာ၏။ သူ့စိတ်ဝိညာဉ်ချီများက လေထဲသို့ တက်သွားသည့်အတွက် နေရာတိုင်းက ဆန်းကြယ်သောအလင်းဖြင့် တောက်ပလာ၏။

စိတ်ဝိညာဉ်ကျောက်တုံးပုံကြီးမှတစ်ဆင့်.. အဆုံးမဲ့စိတ်ဝိညာဉ်ချီများက ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာ၏။

စိတ်ဝိညာဉ်မရီးဒါန်ကိုးခုက ပေါ်လာပြီး ရှည်လျားသည့် မြစ်ကိုးစင်းကဲ့သို့ မဆုတ်မနစ် ကြွလာပြီးနောက် သူ့ဒါန်ထျန်ထဲရှိ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ စုဆုံသွားကြ၏။

စိတ်ဝိညာဉ်ပင်လယ်က အဆုံးမဲ့ချောက်ကြီးနှင့်တူပြီး ဝင်ရောက်လာသော စိတ်ဝိညာဉ်စွမ်းအင်များကို အတောမသတ် စုပ်ယူကာ ကြောက်စရာကောင်းသောစွမ်းအားနှင့်အတူ ဧရာမဝဲကတော့ကြီးတစ်ခုကို ဖြစ်ပေါ်လာစေပြီး အဆက်မပြတ် လည်ပတ်ကျုံ့ဝင်နေ၏။

အမြုတေဖွဲ့တည်ခြင်းက ကျင့်ကြံရေးလမ်းကြောင်း၏ အရေးအကြီးဆုံး အချိုးအကွေ့တစ်ခု ဖြစ်၏။

အင်မော်တယ်လမ်းစဉ်မှာဖြစ်စေ၊ သားရဲကျင့်ကြံခြင်းမှာဖြစ်စေ.. သူတို့သည် ဤအတားအဆီးကို ကျော်ဖြတ်ရပေမည်။

အစတုန်းက စိတ်ဝိညာဉ်ချီသည် လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်းမှာ မတည်ရှိပေ။ သို့သော်လည်း ကြိမ်ဖန်များစွာ ကျင့်ကြံပြီးနောက် စစ်ယူထားသော စိတ်ဝိညာဉ်ချီများက ပေါ်လာ၏။ အဲ့ဒါက တဖြည်းဖြည်း သန်မာအားကောင်းလာပြီးနောက် စိတ်ဝိညာဉ်အရည်အဖြစ် ပြောင်းလဲသွားကာ ခိုင်မာသော ခွန်အားနှင့်အတူ မရီးဒါန်ရှစ်ခုထဲသို့ စီးဝင်လာမည်ဖြစ်၏။

နောက်ဆုံးမှာတော့ အဲ့ဒါက စိတ်ဝိညာဉ်ပင်လယ်ထဲသို့ စီးဝင်ပြီး ဒါန်ထျန်ထဲသို့ ပြန်ရောက်လာကာ ရွှေအမြုတေတစ်ခုကို ဖွဲ့တည်ပေးလိမ့်မည် ဖြစ်လေသည်။

တစ်ကယ်တော့ အမြုတေတစ်ခု ဖွဲ့တည်ခြင်းက လူတစ်ယောက်၏ အတွင်းပိုင်းကို သိမြင်နားလည်ခြင်းဖြစ်ပြီး ဘဝသက်တမ်းကလည်း တိုးပွားလာပေလိမ့်မည်။

လူတစ်ယောက်သည် အမြုတေတစ်ခုကို ဖွဲ့တည်လိုက်သည်နှင့် သူ၏ ဘဝသက်တမ်းကို သဘာဝကနေ မဆုံးဖြတ်ပေးနိုင်တော့ပေ။

အခြေတည်အဆင့်ကျင့်ကြံသူများအတွက် သူတို့သည် မရီးဒါန်ငါးခုကို ဖွင့်လှစ်နိုင်ထားမည်ဆိုလျှင် ရွှေအမြုတေတစ်ခု ဖွဲ့တည်နိုင်ဖို့ ၈၀%ကျော် အခွင့်အရေး ရှိလေသည်။

ထိုသို့ဆိုလျှင်တောင် ကျရှုံးသွားသော လူများ ရှိကြသေးလေသည်။

သူသည် အမြုတေဖွဲ့တည်ခြင်းမှာ ကျရှုံးခြင်းမဟုတ်ဘဲ အမြုတေဖွဲ့တည်ခြင်း၏ နောက်ကွယ်ရှိ အစစ်အမှန်သဘောတရားအပေါ် နားလည်သိမြင်ရာမှာ ကျရှုံးခြင်း ဖြစ်လေသည်။

သမိုင်းတစ်လျှောက်တွင် စီနီယာများသည် သူတို့၏ ရွှေအမြုတေအဆင့်သို့ ချိုးဖျက်တက်လှမ်းခြင်း၏ အတွေ့အကြုံများကို မျှဝေခဲ့ကြ၏။

သို့သော်လည်း တာအိုဆိုတာက ထိတွေ့ကိုင်တွယ်လို့ရသော အရာမျိုး မဟုတ်ပေ။ အဲ့ဒါက တိကျသေချာစွာ ရှင်းပြလို့မရ၊ ထိတွေ့လို့မရ၊ ကြည့်လို့မရပေ။

ကိုယ်တိုင်သိမြင်နားလည်သဘောပေါက်ခြင်းဖြင့်သာ အဆင့်ချိုးဖျက်တက်လှမ်းနိုင်မည် ဖြစ်လေသည်။

အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမို၏ အော်ရာက ကြောက်စရာကောင်းလာပြီး သူ၏ အနက်ရောင်ဆံပင်များကလည်း လေမတိုက်ဘဲနှင့် ယိမ်းနွဲ့နေ၏။

သူ့ဘဝသက်တမ်းက အဆက်မပြတ် တိုးလာနေ၏။

နှစ် နှစ်ရာ..

နှစ် သုံးရာ..

နှစ် ငါးရာ။

ဆူဇီမို၏ အမြုတေဖွဲ့တည်ခြင်းအပေါ် နားလည်သိမြင်ခြင်းက သူ့အပေါ်မှာသာ သက်ရောက်ခဲ့သည်မဟုတ်ဘဲ ခြံဝန်းထဲရှိ နောက်ထပ်သက်ရှိအပေါ်သို့ပါ သက်ရောက်ခဲ့လေသည်။

သူ့နောက်တွင် မက်မွန်ပင်ကြီးကို မမြင်ရသောတာအိုတစ်ခုက ရစ်သိုင်းနေပြီး အဲ့ဒါက ကြီးထွားလာ၏။ ၎င်း၏ အခေါက်က ထူထဲလာပြီး သစ်ကိုင်းများက ရှည်ထွက်လာ၏။

တစ်ခဏအတွင်း ပန်းရောင်အဖူးများက တစ်ခုပြီးတစ်ခု ပေါ်လာ၏။

ပွင့်ဖတ်များက ဆူဇီမို၏ ဘေးပတ်လည်သို့ ပြန့်ကျဲကျဆင်းလာ၏။

ချက်ချင်းပင် ပြန့်ကျဲသွားသော ပွင့်ဖတ်ပွင့်ချပ်များက ကြီးထွားလာပြီး ပန်းပွင့်အသစ်များအဖြစ်သို့ ပြောင်းလဲသွား၏။ ဖြစ်စဉ်တစ်ခုလုံးက လျှို့ဝှက်ဆန်းကြယ်၍ အိပ်မက်တစ်ခုနှင့် တူနေလေသည်။

မက်မွန်ပင်ကြီးက ညင်သာစွာ ယိမ်းနွဲ့နေ၏။

ဆူဇီမိုသာ အခုချိန် မျက်လုံးဖွင့်ကြည့်မည်ဆိုလျှင် မက်မွန်ပင်ထံမှ ပျော်ရွှင်သည့်ခံစားချက်က ဖြာထွက်နေသည်ကို ခံစားနိုင်ပေလိမ့်မည်။

အဲ့ဒါက အသိစိတ် ရရှိခဲ့လေပြီ။

All Chapters