← Chapters

ရွှေအမြုတေ ပြီးမြောက်အောင်မြင်

Vol. 34 Ch. 507

ရွှေအမြုတေ ပြီးမြောက်အောင်မြင်

Vol. 34 Ch. 507

ဒါန်ထျန်၏ စိတ်ဝိညာဉ်ပင်လယ်တွင်းတွင် ဝင်းလက်ရွှန်းစိုစွာ တောက်ပနေသော လှိုင်းလုံးများက ဒေါသတကြီးဖြင့် တဝုန်းဝုန်းထနေ၏။

အင်မော်တယ်နှင့် မိစ္ဆာ၏ လုံးဝကွဲပြားခြားနားသော တာအိုနှစ်ခုက ဒါန်ထျန်တွင်းမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေကြ၏။

မီးနှင့်ရေ.. လုံးဝကွဲပြားသော စွမ်းအင်နှစ်ခုကလည်း ဒါန်ထျန်တွင်းမှာ အပြန်အလှန် ရိုက်ခတ်နေကြ၏။

ယခုအချိန် ဆူဇီမို ကြုံတွေ့နေရသော အခြေအနေက အတော်လေး ထူးခြား၏။

သူသည် အမြုတေဖွဲ့တည်ခြင်း၏ တစ်ကယ့်အနှစ်သာရကို နားလည်သဘောပေါက်ပြီး ပထမအဆင့်ကို အောင်မြင်ကာ သူ့ဘဝသက်တမ်းကလည်း တိုးပွားလာခဲ့၏။ သို့သော်လည်း မတူကွဲပြားသော စွမ်းအင်နှစ်မျိုး၏ အားပြိုင်ရုန်းကန်နေမှုကြောင့် သူ၏ ရွှေအမြုတေက အခုထိ မဖွဲ့တည်နိုင်သေးပေ။

ထိုကဲ့သို့သော အခြေအနေမျိုးက သမိုင်းတစ်လျှောက်မှာတောင် မြင်တွေ့ရခဲပြီး ထိုအန္တရာယ်မျိုးကို ကြုံတွေ့ဖူးသည့်သူ မရှိသလောက်ပင်။

စွမ်းအင်နှစ်ခု အားပြိုင်ရိုက်ခတ်နေစဉ်အတွင်း မတော်တရော်တာ တစ်ခုခုဖြစ်ခဲ့လျှင်.. သူ့ဒါန်ထျန်က စုတ်ပြဲသွားမည်ဖြစ်ပြီး သူ့အခြေခံအုတ်မြစ်ကလည်း လုံးဝပျက်စီးသွားပေလိမ့်မည်။

ယခု လောလောဆယ်တော့ မီးနှင့်ရေက သူ့ခန္ဓာကိုယ်တွင်းမှာ ရောထွေးယှက်ဖြာနေ၏။

ထိုအားနှစ်ခုက ညှိနှိုင်းလို့ မရနိုင်ပေ။

တစ်ကြိမ်ရိုက်ခတ်လိုက်တိုင်း ဒါန်ထျန်ထဲမှာ ပြင်းထန်သော တုန်ခါမှုက ပေါ်လာပြီး ကျွတ်ဆတ်ဆတ်အသံက ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် အလွန်တရာ ကြောက်စရာကောင်းလှသည့် အားတစ်ခုက တလိပ်လိပ်တက်လာပြီး သူ့ခြေလက်နှင့် အင်္ဂါများဆီသို့ တိုးဝင်သွား၏။

သာမန်ကျင့်ကြံသူများအတွက်တော့ ထိုအားများ၏ ရိုက်ခတ်မှုက ဖျက်ဆီးနိုင်စွမ်း မြင့်မားလေသည်။

သူတို့သာ ဤနေရာမှာဆိုလျှင် သူတို့၏ အရွတ်များနှင့် အရိုးများက ကျိုးပဲ့ကုန်ပြီး သူတို့၏ အင်္ဂါများက စုတ်ပြဲပေါက်ကွဲကာ သွေးချင်းချင်းရဲသွားပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုက အင်မော်တယ်လမ်းစဉ်နှင့် သားရဲကျင့်ကြံမှု နှစ်မျိုးစလုံးကို ပြုလုပ်ထားသူ ဖြစ်လေသည်။

ဒါ့အပြင် သူ၏ သားရဲကျင့်ကြံမှုနည်းစနစ်က လောကကိုပင် ပြောင်းလဲပစ်နိုင်သော အန္တိမထိပ်ဆုံးအဆင့် နည်းစနစ်ဖြစ်ပြီး အခြားအရာများထက် ကျော်လွန်သော ကြောက်စရာကောင်းသည့် ခန္ဓာကိုယ်တစ်ခုကို ပုံသွင်းပေးနိုင်လေသည်။

မီးနှင့်ရေ၏ အားများက သူ့ကို ရိုက်ခတ်နေသောကြောင့် သူသည် အလျှော့မပေးဘဲ တင်းခံနေရ၏။

အချိန်ကြာလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ထဲသို့ စိတ်ဝိညာဉ်ချီများက အဆက်မပြတ် ဝင်ရောက်လာ၏။ သူက ဒဏ္ဍာရီလာအန္တိမအခြေတည်အဆင့်လည်း ဖြစ်နေတာကြောင့် မတူညီသော စွမ်းအင်နှစ်မျိုးက အတောမသတ် မြင့်တက်လာနေ၏။

တစ်ချိန်တည်းမှာပင် စွမ်းအင်နှစ်ခုအကြား ရိုက်ခတ်မှုကလည်း ပို၍ပို၍ ပြင်းထန်လာနေ၏။

ဘုန်း.. ဝုန်း.. ဝုန်း..

ဆူဇီမို၏ ခန္ဓာကိုယ်တွင်းမှ ကျယ်လောင်သည့်အသံများက မြည်ဟည်းနေ၏။

နောက်ပိုင်းတွင်.. တစ်ချက်ရိုက်ခတ်လိုက်တိုင်း ဆူဇီမို၏ ခန္ဓာကိုယ်က ဆတ်ကနဲ လှုပ်ခါသွားပြီး သူသည် နာကျင်နေသည့်ပုံစံဖြင့် မျက်မှောင်ကိုကြုတ်ထား၏။

ထိုအခိုက်အတန့်၌ စဉ်းစားချင့်ချိန်မှုအရ သူ့အတွက် အလုပ်သင့်ဆုံးမှာ သူ၏ အမြုတေဖွဲ့တည်ရန် ကြိုးပမ်းမှုကို ရပ်ပစ်လိုက်ဖို့ပင်။

သို့သော်လည်း ဆူဇီမို၏ မျက်နှာက ပြတ်သားနေပြီး လုံးဝယိမ်းယိုင်ခြင်း မရှိပေ။

သူ၏ ဆုံးဖြတ်ချက်အပေါ် သူယုံကြည်လေသည်။

သူသည် မျောက်စိတ်ကို တည်ငြိမ်၊ မြူးထူးနေသောမြင်းကို ထိန်းချုပ်၍ နဂါးနှင့် ကျားတို့ကိုတောင် နှိမ်နင်းနိုင်လျှင်.. သူသည် မီနှင့်ရေ၏ တာအိုကိုရော ဘာလို့ မနှိမ်နင်းနိုင်ရမှာလဲ..

သူသည် တျဲယွဲ့နှင့် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ယုံကြည်လေသည်။

သူ့ခန္ဓာကိုယ်က ထိုရိုက်ခတ်မှုကို ခံနိုင်ရည်ရှိရမည်ဟု သူယုံကြည်လက်ခံထားလေသည်။

ဝုန်း..

ဝုန်း..

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာ၏။

စွမ်းအင်နှစ်ခုအကြား ရိုက်ခတ်မှု အကြိမ်နှုန်းက ကျဲသွား၏။ သို့သော်လည်း ယခုအခါ စုစည်းထားသော အားနှင့်အတူ တစ်ကြိမ်ရိုက်ခတ်လိုက်တိုင်း ထိတွေ့မှုက ပို၍ ကြောက်စရာကောင်းလာလေသည်။

ဆူဇီမို၏ ခန္ဓာကိုယ်နှင့် မျက်နှာပေါ်တွင် ကြောက်စရာကောင်းသည့် သွေးသံရဲရဲ ဒဏ်ရာဒဏ်ချက်များက တစ်ခုပြီးတစ်ခု ပေါ်လာ၏။ သူ့အသားများက ကွဲထွက်သွားပြီး သူ့တစ်ကိုယ်လုံးက သွေးသံရဲရဲ ဖြစ်လာ၏။

အဲ့ဒါက အရမ်းကို နာကျင်ရလေသည်။

အသားတစ်လက်မကွဲသွားတိုင်း နာကျင်မှုက သူ့အကြောအာရုံသို့ ရိုက်ခတ်လာလေသည်။

ထိတွေ့ရိုက်ခတ်မှုက အတွင်းကနေ လာသောအရာ ဖြစ်၏။

ပထမဆုံး သူ့ဒါန်ထျန်တွင်းမှာ အဲ့ဒါက ရိုက်ခတ်၏။ နောက် အဲ့ဒါက ရုန်းကန်၍ သူ့အင်္ဂါများ၊ မရီးဒါန်များ၊ အရွတ်များ၊ အရိုးများနှင့် အသားဆီသို့ တလိပ်လိပ်တက် ရိုက်ခတ်လာ၏။

ချက်ချင်းနီးပါးပင် ဆူဇီမိုသည် ချွေးစေးများ ထွက်လာ၏။

သူ့နာကျင်မှုကို အာရုံခံနိုင်သည့်အလား သူ့နောက်ရှိ မက်မွန်ပင်က ညင်သာစွာ ယိမ်းထိုး၍ လရောင်က ညင်သာစွာ ကျဆင်းလာသလို ပန်းရောင်အလင်းများကို ထုတ်လွှတ်ပေးလိုက်၏။

အလင်းရောင်က ကျလာပြီး အစက်အပျောက်လေးများအဖြစ် ပျက်ပြယ်သွားကာ စိတ်ဝိညာဉ်ကဲ့သို့ လေထဲမှာ ကခုန်နေပြီး အားမာန်ပြည့်ဝသော အသက်ဓါတ်ဖြင့် ဆူဇီမို၏ ဒဏ်ရာများထဲသို့ စိမ့်ဝင်သွားလေသည်။

ပြောရမည်ဆိုလျှင် ထိုအလင်းစက်လေးများ၏ စွမ်းအားက သိပ်ပြီး အားမကောင်းပေ။

သို့သော်လည်း အဲ့ဒါက မက်မွန်ပင်လုပ်ပေးနိုင်သော အရာသာ ဖြစ်လေသည်။

သူ့ဒါန်ထျန်ထဲရှိ စွမ်းအင်နှစ်မျိုးက ခဏမျှ အနားယူသွားသောအခါ.. ဆူဇီမိုခန္ဓာကိုယ်က ကြောက်စရာကောင်းမှုကို နောက်တစ်ကြိမ် ပြသလာ၏။

ဝုန်းကနဲမြည်သံနှင့်အတူ သူ့သွေးချီများက တလိပ်လိပ်တက်လာပြီး ဆူနာမီကဲ့သို့ အော်မြည်ကာ သူ့ဒဏ်ရာများကို ဆေးကြာပေးလိုက်၏။

သူ့အတွင်းအမြုတေက စိတ်လှုပ်ရှားစွာဖြင့် လည်ပတ်လာပြီး သားရဲချီများက ပျံ့နှံ့လာ၏။ သန်မာအားကောင်းသော ကိုယ်တိုင်ပြန်လည်ကုသစွမ်းအားက သူ့အင်္ဂါများကို ပြုပြင်ပေးပြီး သူ့အရွတ်များ၊ အရိုးများနှင့် မရီးဒါန်များနှင့် ချိတ်ဆက်သွား၏။

သူတို့က စုတ်ပြဲသွားပြီးနောက် ပြန်လည်ပြည့်ဝကောင်းမွန်လာပြီး သူ့အင်္ဂါများထဲရှိစွမ်းအင်များကို ပို၍သန့်စင်လာစေကာ သူ၏ အရွတ်များကို ပို၍ လိုက်လျောညီထွေရှိလာစေပြီး သူ့အရိုးများက လက်နက်များကဲ့သို့ ပို၍ သန်မာလာနေ၏။

သူ့ခန္ဓာကိုယ်က နောက်ထပ်တစ်ဆင့်သို့ သန်မာပြောင်းလဲလာနေလေသည်။

ဆူဇီမို၏ စိတ်ဝိညာဉ်မရီးဒါန်ကိုးခုကလည်း ပြန့်ကားလာနေ၏။

အစတုန်းကတော့ သူ့စိတ်ဝိညာဉ်မရီးဒါန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် စမ်းချောင်းတစ်ခု၏ စီးဆင်းမှုနှင့်သာ နှိုင်းယှဉ်လို့ရလောက်၏။

သို့သော်လည်း သူ၏ ပြန့်ကားလာသော စိတ်ဝိညာဉ်မရီးဒါန်များက ပို၍ ကျယ်ပြန့်လာပြီး သူ့စိတ်ဝိညာဉ်စွမ်းအင်များကလည်း ပို၍ ပြင်းထန်ကြမ်းကြုတ်စွာနှင့် တိုးဝင်သွားပြီး ပင်လယ်ထဲသို့ စီးဆင်းသွားသော မြစ်ကြီးများနှင့် နှိုင်းယှဉ်နိုင်လာလေသည်။

ဝုန်း..

သူ၏ အတွင်းဒဏ်ရာများက ပျောက်ကင်းလာစမှာပင် မတူညီသော စွမ်းအင်နှစ်မျိုးက နောက်တစ်ကြိမ် ရိုက်ခတ်ပြီး ကျယ်လောင်သောမြည်သံကြီးကို ထုတ်ပေးလိုက်၏။

ဆူဇီမို၏ ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်သွား၏။

အဲ့ဒါက သူ့အရိုးထဲထိ ရိုက်ခတ်လာသော နာကျင်မှုဖြစ်ပြီး သူ့ကို သတိလစ်မတတ်ပင် ဖြစ်သွားစေ၏။

သူ့အတွက် နောက်ပြန်လှည့်စရာ လမ်းမရှိတော့ကြောင်း ဆူဇီမို သိထားလေသည်။

အခုနေ သူနောက်ဆုတ်လျှင် အမြုတေဖွဲ့တည်ဖို့ နောက်တစ်ကြိမ် ကြိုးပမ်းသည့်အခါ သူသည် ပို၍ကြီးမားသည့် အခက်အခဲများနှင့် နာကျင်မှုကို ခံစားရပေလိမ့်မည်။

ဆူဇီမို၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို မည်သူမှ ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပေ။

သူ့စိတ်ဝိညာဉ်ပင်လယ်က သိပ်သည်းစုဖွဲ့၍ ကျုံ့ဝင်လာပြီး အသွင်ပြောင်းလဲလာ၏။

ရွှေအမြုတေတစ်ခုက ပုံရိပ်ယောင်တစ်ခုက ခပ်ရေးရေး ပေါ်လာ၏။

အဆုံးမဲ့စိတ်ဝိညာဉ်စွမ်းအင်များက ထိုပုံရိပ်ယောင်ရွှေအမြုတေထဲသို့ တလိပ်လိပ် စီးဝင်သွားပြီး အစစ်အမှန်အဖြစ် ပြောင်းလဲလာနေကာ ပို၍ ခိုင်မာလာ၏။

ဆူဇီမို၏ ရင်အုပ်ထဲမှာ သားရဲအတွင်းအမြုတေတစ်ခုက ဖွဲ့တည်ခဲ့ပြီးဖြစ်၏။

တစ်ဖက်မှာတော့ အင်မော်တယ်ရွှေအမြုတေက သူ့ဒါန်ထျန်ထဲရှိ သူ့ချက်အောက် တစ်လက်မအကွာမှာ လှည့်ပတ်၍ ရွှေရောင်တလက်လက်ဖြင့် တောက်ပနေ၏။

တလက်လက်တောက်ပနေသော ရွှေရောင်အရိပ်၏ လွှမ်းခြုံမှုအောက်တွင် ဆူဇီမို၏ အင်္ဂါများ၊ အသွေး၊ အသား၊ အရိုးများ၊ ခြင်ဆီနှင့် မရီးဒါန်များသည် ကြည်လင်တောက်ပလာနေ၏။

ဆူဇီမိုသည် ကြည်၍တောက်ပ၍ အပြစ်ဆိုစရာမရှိသော ခန္ဓာကိုယ်နှင့်အတူ မက်မွန်ပင်အောက်မှာ ထိုင်နေပြီး အင်မော်တယ်တစ်ယောက်၏ အော်ရာက ဖြာထွက်နေ၏။

ရွှေအမြုတေအဆင့်သို့ တက်လှမ်းသွားခြင်းဖြင့် ကောင်းကင်နှင့် မြေကြီး၏ ချုပ်နှောင်မှုကနေ ကင်းလွတ်ပြီး ဘဝသက်တမ်းကလည်း တိုးပွားလာပေမည်။

ဆူဇီမို၏ မျက်နှာပေါ်တွင် ခံစားချက်အချို့ ပေါ်လာသော်လည်း သူအမူအယာက တဖြည်းဖြည်း တည်ငြိမ်သွား၏။

အဆင့်တက်လှမ်းမှု၏ ဤနေရာအရောက်၌ သူသည် အန္တရာယ်အများဆုံးနှင့် အခက်ခဲဆုံးအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့လေပြီ။

သူလုပ်ဖို့ ကျန်သည်မှာ မပီမသရွှေအမြုတေကို ထပ်မံစုဖွဲ့၍ တည်ငြိမ်ခိုင်မာအောင် လုပ်ဖို့ပင်။

မက်မွန်ပင်က ယိမ်းနွဲ့၍ ပျော်ရွှင်နေသည့် အရိပ်အယောင်ဖြင့် ပွင့်ဖတ်ပွင့်ချပ်များကို ကျဲချလိုက်၏။

အချိန်အတိုင်းအတာတစ်ခုက ထပ်မံကုန်ဆုံးသွား၏။

ဆူဇီမိုသည် တသိမ့်သိမ့် တုန်ယင်သွားပြီး သူ့ဒါန်ထျန်ထဲမှာ ရွှေအမြုတေတစ်ခုက အခိုင်အမာ ဖွဲ့တည်သွား၏။ အဲ့ဒါက ဖျက်ဆီးလို့မရနိုင်၊ သန့်စင်၍ တလက်လက်ဖြာထွက်နေ၏။

ဧရာမရှေးဟောင်းနဂါးတစ်ကောင်က နိုးထလာသည့်အလား ဆူဇီမို၏ ခန္ဓာကိုယ်တွင်းမှ အလွန်တရာကြောက်စရာကောင်းသည့်အော်ရာတစ်ခုက စတင်ပေါ်ထွက်လာ၏။

ရုတ်တရက်ဆိုသလို..

ဆူဇီမို၏ မျက်လုံးနှစ်ဖက်သည် အစက မှိတ်နေ၏။ သို့သော်လည်း ရုတ်တရက် သူ့အမြင်အာရုံက ဝေဝါးသွားသည်ဟု ခံစားလိုက်ရပြီး တုန်လှုပ်စရာမြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။

တိမ်ညိုတိမ်မည်းများက အုပ်မိုးလာပြီး လျှပ်စီးများက တဖျပ်ဖျပ်လက်၍ မိုးကြိုးများက တဂျိန်းဂျိန်း ပစ်ချလာ၏။

ကောင်းကင်က ပြိုလဲလာပြီး အက်ကွဲကြောင်းများက ပေါ်လာ၏။

ကပ်ဆိုးမီးမုန်တိုင်းတစ်ခုက ရွာချလိုက်ပြီး သက်ရှိများအားလုံးသည် ဆိုးဆိုးရွားရွား ငိုကြွေးနေကြ၏။

သက်ရှိများအားလုံးကို ဖျက်ဆီးနိုင်သော ဤစွမ်းအားနှင့် ရင်ဆိုင်အတွေ့တွင် ဆူဇီမို၏ အမူအယာက ဖြူလျော့သွားပြီး သူက သနားစရာကောင်းလောက်အောင် သေးသိမ်သွားသည်ဟု ခံစားလိုက်ရ၏။

ရွှေအမြုတေများမပြောနှင့်.. နိုးထဝိညာဉ်များနှင့် မူလနတ္ထိအဆင့်များပင်လျှင် သေရပေလိမ့်မည်။

ဘုန်း.. ဝုန်း.. ဝုန်း..

ရုတ်တရက်..

ကောင်းကင်နှင့် မြေကြီးမှ တအုန်းအုန်းအသံများက ထွက်ပေါ်လာ၏။

မနှိုင်းယှဉ်သာလောက်အောင် ကြီးမားသော ရှေးဟောင်းသားရဲကြီးတစ်ကောင်က ကြောက်စရာကောင်းသောအော်ရာနှင့်အတူ ဆင်းသက်လာပြီး သူ၏ ခြေထောက်ကြီးလေးချောင်းက ကောင်းကင်ကို ထိုးဖောက်ထားသည့် ကျောက်တိုင်ကြီးများနှင့် တူနေလေသည်။

နက်မှောင်နေသည့်ပင်လယ်၏ အလယ်မှာ ရပ်နေပြီး ၎င်းက မလှုပ်ရှားဘဲ ဒေါသူပုန်ထနေသော ဒီရေများကို ဖိနှိမ်နေ၏။

၎င်း၏ မာကြောသော ချပ်ဝတ်ကြီးက လောကတစ်ခုလုံးကို လွှမ်းခြုံထားပြီး ကြီးမားသည့် လေစီးကြောင်းများကို ပိတ်ဆို့ပြီး သက်ရှိအားလုံးကို ကာကွယ်ပေးနေ၏။

အဲ့ဒါက လိပ်ပုံသဏ္ဌာန် သားရဲတောကောင်ကြီးတစ်ကောင်ပင် ဖြစ်လေသည်။

ဆူဇီမိုသည် ဤကဲ့သို့သော ကြီးမားလှသည့် တောကောင်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ လောကဓံအော်ရာနှင့်အတူ ၎င်းက အချိန်သဲမြစ်ကို ဖြတ်သန်းလာခဲ့ပုံရပြီး ကမ္ဘာပေါ်မှာ ပြန်ပေါ်လာလေသည်။

လျှို့ဝှက်နက်နဲသော အင်းကွက်များ၊ လမ်းကြောင်းများကို ၎င်း၏ အုပ်ခွံပေါ်မှာ ခပ်နှိပ်ထားပြီး မထင်ရှားသော ကျောက်စာများကို ဖြစ်ပေါ်နေစေ၏။

သေချာစိုက်ကြည့်ပြီးနောက် သူ့မျက်လုံးများက ကျိန်းစပ်နာကျင်၍ မျက်ရည်စီးကြောင်းနှစ်ခုက သူ့ပါးပြင်မှာ ပေါ်လာကာ သူ့ခေါင်းကလည်း နောက်ကျိပြီး ချာချာလည်လာကြောင်း ဆူဇီမို နားလည်လိုက်၏။

ထိတ်လန့်တုန်လှုပ်စွာနှင့် ဆူဇီမိုသည် သူ့မျက်လုံးနှစ်ဖက်ကို ကပျာကယာ ပိတ်လိုက်ရ၏။

All Chapters