နှစ်ထပ်ကွမ်းအမြုတေနယ်မြေ
Vol. 34 Ch. 508
တလက်လက်ထနေသော လျှပ်စီးများနှင့် တဂျိန်းဂျိန်းပစ်ချနေသော မိုးကြိုးများကို ဆန့်ကျင်၍ လိပ်ကြီးက ပဲ့ကျလာသော ကောင်းကင်ကို သယ်ထားပြီး ဒေါသူပုန်ထနေသော ဒီရေများကို ခြေလေးချောင်းနှင့် ဖိနှိမ်ပြီး သက်ရှိအားလုံးကို ကာကွယ်ပေးနေ၏။ သူ့ခေါင်းကိုမော့၍ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်သောအခါ သူ့မျက်လုံးများထဲမှ နတ်ဘုရားအလင်းက ရပ်တန့်မရနိုင်သော အဟုန်ဖြင့် ပစ်လွင့်ထွက်လာ၏။
ထိုအခိုက်အတန့်၌ ထိုနတ်လိပ်ကြီးက လောကတစ်ခုလုံးမှာ တစ်ဦးတည်းသော နတ်ဘုရားသက်ရှိ ဖြစ်လေသည်။
ဆူဇီမို၏ မျက်လုံးများက မှိတ်ထားသော်လည်း ထိုမြင်ကွင်းက သူ့စိတ်အာရုံထဲမှာ မေ့ဖျောက်လို့မရအောင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေလေသည်။
“ဒါက ငါ့ရဲ့ ရွှေအမြုတေနယ်မြေပဲ”
တိတ်တဆိတ် နှစ်ခြိုက်သွားပြီး ဆူဇီမိုသည် မျက်လုံးနှစ်ဖက်ကို မှိတ်၍ သူ့စိတ်ထဲမှာ မြင်တွေ့ခဲ့ရသော အမြုတေနယ်မြေကို ပြန်စဉ်းစားကြည့်နေ၏။
သူ့ရွှေအမြုတေနယ်မြေ၏ ဇာစ်မြစ် သို့မဟုတ် ၎င်း၏ နာမည်က ဘာဆိုတာကို ဆူဇီမို မသိပေ။
အဲ့ဒါက တစ်ကယ့်အံ့မခန်း ရွှေအမြုတေနယ်မြေတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်၏။
သို့သော်လည်း ဆူဇီမိုသိထားသည်မှာ ထိုရွှေအမြုနယ်မြေက အလွန့်အလွန်ကို စွမ်းအားကြီးမားသည် ဆိုတာကိုပင်။
အနည်းဆုံးတော့ ဤမျှလောက်ထိ တောက်ပအားကောင်းသော အခြားရွှေအမြုတေကို သူတစ်ခါမှ မတွေ့ဖူးသေးပေ။
သည့်အရင် ရှန်မိသားစုခြံဝန်း တိုက်ပွဲမှာတုန်းက ရွှေအမြုတေတစ်ယောက်သည် ကောင်းကင်အမြုတေဓါးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒါက ဆူဇီမို၏ ခန္ဓာကိုယ်ကို ဒဏ်ရာရစေနိုင်သည့်အထိ သန်မာအားကောင်းလေသည်။
သို့သော်လည်း ဆူဇီမို အခု ထိုးထွင်းသိမြင်ခဲ့သော ရွှေအမြုတေနယ်မြေနှင့် နှိုင်းယှဉ်လျှင် အဲ့ဒါက အရမ်းကို နိမ့်ကျလေသည်။
ဆူဇီမိုသည် သူ၏ ရွှေအမြုတေကို နားလည်သိမြင်သွားပြီးနောက် သူ့မျက်လုံးများက တစ်ဖန်ဝေဝါးသွားပြီး စောစောက နတ်လိပ်ကြီးသည် ပျောက်ကွယ်သွားလေသည်။
နောက်ခဏ၌ ဆူဇီမိုသည် ကြောင်အသွား၏။
သူသည် အချိန်စီးကြောင်းထဲမှာ နောက်ပြန်ခရီးသွားနေသည့်အလား.. ပတ်ဝန်းကျင်က ပြောင်းလဲသွား၏။
သည့်အရင်က ကောင်းကင်သည် ကြေမွသွားခဲ့၏။
သည်တစ်ကြိမ်မှာတော့ ကမ္ဘာမြေသည် ချိုင့်ဝင်သွားပြီး သွေးများက နေရာတိုင်းမှာ စီးဆင်းနေ၏။
ဒဏ္ဍာရီလာကပ်ဆိုးများလို ကောင်းကင်က ပြိုကျပြီး မြေပြင်က နစ်မြှုပ်သွား၏။ ဆူဇီမိုသည် ထိုမြင်ကွင်း၏ အလယ်သို့ ရောက်ရှိသွားသလို သူ့အမြင်အာရုံက အရမ်းကို အစစ်အမှန်ဆန်နေ၏။
မြေပြင်က ဆက်တိုက်ကျွံဝင်နေပြီး အဆုံးမဲ့တွင်းချိုင့်ကြီးများက တစ်ခုပြီးတစ်ခု ပေါ်လာ၏။
ကြောက်မက်ဖွယ်ရာအော်ရာက တလိပ်လိပ်တက် ထွက်ပေါ်လာ၏။
တောင်တန်းများက တုန်ခါ၍ မြေပြင်က အပိုင်းပိုင်း ကြေမွသွား၏။
ခြစ်ခြစ်တောက် အပူစွမ်းအားနှင့်အတူ ချော်ရည်များက အဆက်မပြတ် ရုန်းကန်ထွက်လာပြီး ကျယ်ပြန့်သော ကုန်းမြေပေါ်သို့ အရူးအမူး စီးဆင်းသွားကာ အရာရာတိုင်းကို လောင်ကျွမ်းပစ်နေ၏။ မရေမတွက်နိုင်သော သက်ရှိများက ပြာအဖြစ်သို့ ပြောင်းလဲကုန်လေသည်။
အင်မတန် ကြောက်စရာကောင်းလှသည့် ကပ်ဆိုးကို ကြုံတွေ့လိုက်ရပြီး ဆူဇီမို၏ စိတ်က တုန်ခါသွားသည်ဟု ခံစားလိုက်ရပြီး မတည်မငြိမ် ဖြစ်လာ၏။
ဒါက ဘာလဲဟ..
ဆူဇီမိုသည် ကြောင်အနေ၏။
ယုတ္တိကျကျ ပြောရလျှင် သူသည် ရွှေအမြုတေနယ်မြေတစ်ခုကို ကျင့်ကြံနိုင်ခဲ့ပြီးဖြစ်၏။ ဘာလို့ သူ့ရှေ့မှာ နောက်တစ်ခုက ထပ်ပြီး ပေါ်လာရတာလဲ။
ဒါ့အပြင် ၎င်းသည် စောစောက ရွှေအမြုတေနယ်မြေနှင့် စွမ်းအားအရာမှာ နှိုင်းယှဉ်နိုင်၏။
သက်ရှိများ၏ ကြောက်လန့်တကြား ငိုကြွေးသံများက စွမ်းအားကြီးမားသော တည်ရှိမှုတစ်ခုကို နိုးထလာစေသည်ဟု ထင်ရ၏။
ရုတ်တရက်..
ကြောက်စရာကောင်းသောအော်ရာနှင့်အတူ မြေကြီးအနက်ပိုင်းထဲမှ အလွန်ကြီးမားသည့် သက်ရှိကြီးတစ်ကောင်က တွားသွား၍ ထွက်ပေါ်လာ၏။ ၎င်းက မြေဦးခေါင်းနှင့် အနာကွန်ဒါကိုယ်ကို ပိုင်ဆိုင်ထား၏။ ၎င်းက အနီရောင်ရှိပြီး နီရဲအောင်တောက်လောင်နေသော သံမဏိပြားများကဲ့သို့ ကြေးခွံများက တစ်ခုနှင့်တစ်ခု တန်းစီပြီး ထပ်နေ၏။
ဒါက....
ဆူဇီမို၏ ပါးစပ်က အနည်းငယ် ပွင့်ဟသွား၏။
ဝုန်း..
သူ မတုံ့ပြန်နိုင်ခင်မှာပင်.. ထိုသက်ရှိကြီးက လေထဲသို့ ပျံတက်သွားပြီး ၎င်း၏ ကြီးမားသည့် ကျောပေါ်တွင် ဧရာမမီးတောက်တောင်ပံတစ်စုံက ပေါ်လာ၏။
ဒါက ဘယ်လို မွန်းစတားကြီးပါလိမ့်...
မြွေခေါင်း၊ အနာကွန်ဒါကိုယ်၊ နဂါးကြေးခွံ၊ ဦးချိုမပါ၊ ခြေထောက်မပါ.. ၎င်းက ရှေးကျသော မြွေနဂါးတစ်ကောင်နှင့် တူလေသည်။
သို့သော်လည်း ထိုမြွေနဂါးကြီး၏ အော်ရာက အစစ်အမှန်နဂါးများထက် အောက်မကျပေ။
ကောင်းကင်ထက်သို့ ပျံတက်လာပြီးနောက် မြွေနဂါးကြီး၏ နီရဲနေသော မျက်လုံးများက နေရာတစ်ဝှမ်းကို လှည့်ပတ်ကြည့်လိုက်၏။ မရေမတွက်နိုင်သော သက်ရှိများ၏ အလောင်းများက မီးပင်လယ်အောက်တွင် နစ်မြုပ်သွားသည်ကို တွေ့သောအခါ ၎င်းက အလွန်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
ရွှစ်...
မြွေနဂါးကြီးက ၎င်း၏ ကြီးမားသည့် ပါးစပ်ကြီးကို ရူးသွပ်စွာ စုပ်သွင်းလိုက်၏။
မြေပြင်ပေါ်ရှိ ခြစ်ခြစ်တောက်ပူပြင်းသော ချော်ရည်များသည် ပင်လယ်ထဲသို့ စီးဝင်သော မြစ်များကဲ့သို့ မြွေနဂါးကြီး၏ ပါးစပ်တွင်း၍ ပြောင်းပြန်လှန်၍ စီးဝင်သွားကြ၏။
၎င်းသည် ချော်ရည်များကို ပါးစပ်အပြည့် ဒေါသတကြီး မျိုချလိုက်၏။
မြွေနဂါးကြီးပေါ်ရှိ ကြေးခွံများက ပို၍ တောက်ပနီရဲလာပြီး ၎င်း၏ တောင်ပံများပေါ်ရှိ မီးတောက်များကလည်း သိပ်သည်းအားကောင်းလာ၏။
မြွေနဂါးကြီးက သူတစ်ကောင်တည်းနှင့် မရေမတွက်နိုင်သော သက်ရှိများကို ကယ်တင်ခဲ့လေသည်။
ထိုမြင်ကွင်းကို ကြည့်ပြီးနောက် ဆူဇီမိုသည် အတန်ကြာပြီးမှသာ သူ့ကိုသူ တည်ငြိမ်အောင် လုပ်နိုင်လိုက်၏။
နှစ်ထပ်ကွမ်းအမြုတေနယ်မြေလား..
လူတစ်ယောက်တည်းက မတူညီတဲ့ နယ်မြေနှစ်ခုကို ပိုင်ဆိုင်နိုင်လို့လား..
ဆူဇီမိုသည် အသက်ပြင်းပြင်းရှိုက်ပြီး သူကြုံတွေ့ခဲ့ရသည့် မတူညီသော အမြုတေနယ်မြေနှစ်ခုကို ပြန်လည်စဉ်းစားပုံဖော်ကာ အလေးအနက် ဆင်ခြင်သုံးသပ်နေလိုက်၏။
အချိန်ကာလတစ်ခုက ကုန်ဆုံးသွား၏။
ရုတ်တရက်..
လျှပ်စီးအကြည့်နှင့်အတူ သူ့မျက်လုံးများကို ဖွင့်လိုက်၏။
သူ့နောက်တွင် ခမ်းနားထည်ဝါသော အော်ရာနှင့်အတူ ပုံရိပ်တစ်ခုက မြင့်တက်လာ၏။
ကောင်းကင်က ကြေမွသွားပြီး လေဟာနယ်စီးကြောင်းများက အဘက်ဘက်သို့ စီးဆင်းကာ ဥက္ကာခဲများကလည်း ပြုတ်ကျလာ၏။ ကောင်းကင်နှင့် မြေကြီးအကြားတွင် နတ်လိပ်ကြီးက ပေါ်လာပြီး သူ့ခြေလေးဖက်နှင့် လေဟာနယ်စီးကြောင်းများကို တည်ငြိမ်စေပြီး ကျောပေါ်မှာ ကောင်းကင်ကို ထမ်းထားကာ ဟိန်းဟောက်အော်ဟစ်လိုက်၏။
ထို့နောက် ချက်ချင်းပင် အခြားတစ်ဖက်မှာ နယ်မြေတစ်ခုက ပေါ်လာ၏။
မြေပြင်က ချိုင့်ဝင်သွားပြီး မီးတောက်များက ပေါက်ကွဲလာကာ ချော်ရည်များက ထွက်လာပြီး မရေမတွက်နိုင်သော သက်ရှိများသည် နစ်မြုပ်ကုန်ကြ၏။
မြေကြီးထဲမှ မြွေနဂါးကြီးက ထွက်လာပြီး မော်တယ်ဘုံသို့ ဆင်းသက်လာ၏။
ဆူဇီမို၏နောက်တွင် ရွှေအမြုတေနယ်မြေနှစ်ခုက အတူတကွ ပေါ်လာပြီး ကြောက်စရာကောင်းသောအော်ရာက ဖြာထွက်လာ၏။
အတန်ကြာပြီးနောက် ဆူဇီမိုသည် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး သူ့မျက်လုံးများထဲရှိ နတ်ဘုရားအလင်းကလည်း ပျောက်ကွယ်သွား၏။ တဖြည်းဖြည်းနှင့် သူ့အော်ရာက ဆုတ်ခွာလာပြီး သူ့ဒါန်ထျန်တွင်းမှာ စုဝေးသွား၏။
ရွှေအမြုတေနှစ်ခုက တဖြည်းဖြည်းနှင့် ပျက်ပြယ်သွားလေသည်။
အောင်မြင်ပြီ..
ဆူဇီမိုသည် ဤမျှထိ သန်မာပြီး ကြောက်စရာကောင်းသည့် ရွှေအမြုတေနယ်မြေနှစ်ခုကို ကျင့်ကြံနိုင်ခဲ့သည့်အတွက် ကျေနပ်နှစ်ခြိုက်သွား၏။
သို့သော်လည်း သူ့မှာ မေးခွန်းပေါင်းများစွာ ရှိနေသေးလေသည်။
သူ၏ အမြုုတေနယ်မြေများ၏ ဇာစ်မြစ်တွေက ဘာလဲ.. သူတို့ရဲ့နာမည်ကရော ဘာလဲ..
အဲ့ဒါထက်.. သူက ဘာကြောင့် အမြုတေနယ်မြေနှစ်ခုကို ကျင့်ကြံနိုင်ရတာလဲ။
သူတို့က.. ကမ္ဘာဦးခေတ်ကတည်းက ဆိတ်သုန်းပျောက်ကွယ်သွားတဲ့ သက်ရှိတွေများ ဖြစ်နေမလား။
ဆူဇီမိုသည် နှလုံးခုန်မြန်လာ၏။
သူတို့က ကမ္ဘာဦးခေတ်ကတည်းက ဆိတ်သုန်းပျောက်ကွယ်သွားတာဆို ရှေးဟောင်းခေတ်ကျမ်းစာအုပ်တွေထဲမှာ သူတို့နှင့်ပတ်သတ်သည့် မှတ်တမ်း မရှိလောက်ပေ။
ရှေးကျသော ထိပ်သီးဂိုဏ်းကြီးအချို့မှာတော့ သူတို့နှင့် ပတ်သတ်သည့် သတင်းအချက်အလက်အချို့ ရှိနိုင်၏။
ဆူဇီမိုသည် ရွှေအမြုတေနယ်မြေများနှင့် ပတ်သတ်၍ သိပ်ပြီး မသိလှပေ။
“ဥပစာရှေးဟောင်းတိုက်ပွဲမြေကို ဝင်ရောက်ပြီးရင်တော့ ငါ ပိုပြီးတော့ နားလည်သဘောပေါက်လာနိုင်လောက်ပါရဲ့”
ဘာပဲပြောပြော ဥပစာရှေးဟောင်းတိုက်ပွဲမြေမှာ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက် ရှိလေသည်။
အဲ့ဒါက ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ လက်ရွေးစင်ရွှေအမြုတေများ စုဝေးကြမည့်နေရာတစ်ခု ဖြစ်လေသည်။
ရုတ်တရက် ဆူဇီမိုသည် တစ်စုံတစ်ရာကို သတိရသွား၏။
ကန်းလန်နှင့် ပါလာသော ရွှေအမြုတေလေးယောက်တွင် စီမာကျီကလွဲလျှင် ကျန်သုံးယောက်သည် မဟာကျိုးမှ ဟုတ်ပုံ မရပေ။
ကောင်းကင်အမြုတေဓါးကို ကျင့်ကြံသော ရွှေအမြုတေထံမှ အသုံးဝင်သော သတင်းအချက်အလက်အချို့ကို သူရကောင်းရနိုင်၏။
ဆူဇီမိုသည် ထိုလူ၏ သိုလှောင်အိတ်ကို ထုတ်ပြီး အထဲသို့ စိတ်ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းလိုက်၏။ ခဏမျှ စစ်ဆေးပြီးနောက် သူသည် အထဲကနေ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်၏။
ထိုစာအုပ်ပေါ်မှာ စာတန်းတစ်ခု ရေးထိုးထား၏။ - ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်..
ဥပစာရှေးဟောင်းတိုက်ပွဲမြေက နှစ်တစ်ရာတိုင်း တစ်ခါဖွင့်လေသည်။
ဆိုလိုသည်မှာ ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က နှစ်တစ်ရာမှာတစ်ခါ ပြန်လည်မွမ်းမံပြင်ဆင်ပေလိမ့်မည်။
ဆူဇီမိုသည် ရှေးဟောင်းစာအုပ်ကို ဖွင့်ကြည့်လိုက်၏။
အဲ့ဒီမှာ စာလုံးများစွာ ရေးသားထားပြီး တစ်ယောက်ယောက်က အဲ့ဒါကို မှတ်တမ်းတင်ထားသည်မှာ သိသာလေသည်။
ပထမဆုံးစာတန်းက စာလုံးအကြီးဆုံးဖြစ်ပြီး အထင်ရှားဆုံးလည်း ဖြစ်လေသည်။
အမြုတေနယ်မြေသတ်မှတ်ချက်.. နံပါတ် ၁။
သီယင်း.. ကစင်ကလျားသမုဒ္ဒရာ။
ရှေ့ပိုင်းက သူ့အမည်ဖြစ်ပြီး နောက်ပိုင်းကတော့ သူ့ကျင့်ကြံသော ရွှေအမြုတေနယ်မြေ ဖြစ်လေသည်။
အောက်ဘက်တွင် သူ၏ ရွှေအမြုတေနယ်မြေ စတင်ရာ ဇာစ်မြစ်ကို ဖော်ပြသည့် စာသားအချို့လည်း ပါရှိလေသည်။
ပထမဆုံးစာကြောင်းကို မြင်ရသောအခါ ဆူဇီမိုသည် တုန်လှုပ်သွား၏။
ကစင်ကလျားသမုဒ္ဒရာ.. ရှေးဟောင်းအမြုတေနယ်မြေ.. စတင်ဖန်တီးသူ-လူသားဧကရာဇ်။