လိပ်.. မြွေတို့ တစ်ဖန် ပြန်ပေါ်လာခြင်း
Vol. 34 Ch. 509
ဆူဇီမိုသည် ဆက်လက်ဖတ်ရှုလိုက်၏။
‘လူသားဧကရာဇ်သည် အန္တိမအခြေတည်အဆင့်သို့ ဝင်ရောက်လာပြီးနောက် စကြာဝဠာ၏ စတင်ရာနောက်သို့ လိုက်ရင်း ကောင်းကင်နှင့် မြေကြီးတို့၏ လျှို့ဝှက်ချက်များကို သူလေ့လာတွေ့ရှိရသမျှနှင့် သူသင်ယူခဲ့ဖူးသမျှ အရာရာတိုင်းကို အသုံးပြု၍ ကစင်ကလျားသမုဒ္ဒရာကို ဖန်တီးခဲ့၏။ ၎င်းသည် ထောင်နှင့်ချီသော အမြုတေနယ်မြေများကြားထဲတွင် ထိပ်ဆုံးဖြစ်ပြီး သမိုင်းတစ်လျှောက်မှာ နံပါတ်တစ် ဖြစ်ခဲ့လေသည်။’
ထောင်နှင့်ချီသော အမြုတေနယ်မြေများကြားထဲတွင် ထိပ်ဆုံးဖြစ်ပြီး သမိုင်းတစ်လျှောက်မှာ နံပါတ်တစ်..
ဘယ်လောက်တောင် အဆင့်အတန်း မြင့်မားလိုက်ပါသလဲ..
ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွား၏။
သူသည် အန္တိမအခြေတည်အဆင့်ကို ကျင့်ကြံနိုင်ခဲ့သော်လည်း သူကျင့်ကြံသော ရွှေအမြုတေနယ်မြေ၏ အဆင့်အတန်းက မရီးဒါန်အရေအတွက်အပေါ် မူတည်မနေဘဲ.. ကျင့်ကြံမှုအပေါ် သူ၏ နားလည်သဘောပေါက်မှုနှင့် အတွေ့အကြုံများအပေါ် မူတည်လေသည်။
ဤရွှေအမြုတေအဆင့်သတ်မှတ်ချက်သည် လွန်ခဲ့သည့် နှစ်တစ်ရာလောက်ကဟာ ဖြစ်ဖို့များလေသည်။
ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးနေရာ ရယူထားနိုင်သူများက သွားနောက်လို့ရသောသူများ မဟုတ်ပေ။
ယန်ပေးချန်၏ နည်းလမ်းများကို နမူနာယူနိုင်လေသည်။
ဆူဇီမိုသည် ဆက်ဖတ်လိုက်၏။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်.. နံပါတ် ၂။
နှလုံးသားမဲ့ ယဲ့.. အလောင်းတောင်သွေးပင်လယ်။
အလောင်းတောင်သွေးပင်လယ်ကို မြင်သောအခါ ထိုကျင့်ကြံသူသည် အဆူရာဂိုဏ်းမှ အရိုက်အရာဆက်ခံသူ ဖြစ်လိမ့်မည်ဆိုတာကို ဆူဇီမို သိလိုက်၏။
ဆန်းကြယ်တောင်ထွတ်တိုက်ပွဲမှာ.. အဆူရာယန်ပေးချန်၏ နောက်၌ တူညီသော ထိုနယ်မြေက ပေါ်လာခဲ့ဖူး၏။ ရိုက်ချက်တစ်ချက်တည်းဖြင့် သူသည် မူလနတ္ထိအဆင့်နှစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့၏။
ဆူဇီမိုသည် ဆက်လက်ဖတ်ရှုလိုက်၏။
အလောင်းတောင်သွေးပင်လယ်.. စတင်ဖန်တီးသူ-ရှေးဟောင်းခေတ်မှ ပထမအဆူရာ။
တစ်ကယ်တော့ အဲ့ဒါက အလောင်းတောင်နှင့် သွေးပင်လယ်ဟူသော ရွှေအမြုတေနယ်မြေနှစ်ခု ဖြစ်၏။ အဆူရာဂိုဏ်းတွင် များစွာသော မိစ္ဆာအမွေဆက်ခံသူများ ပေါ်ထွက်ခဲ့သော်လည်း ထိုနှစ်ခုကို အတူတကွ ပေါင်းစပ်ကျင့်ကြံနိုင်သူက သိပ်များများစားစား မရှိပေ။
ပေါင်းစပ်လိုက်သည်နှင့် အဲ့ဒါက ကြောက်စရာကောင်းသည့် စွမ်းပကားကို ပိုင်ဆိုင်လာမည်ဖြစ်ပြီး အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးအဆင့်တစ်ဆယ်သို့ ဝင်ရောက်နိုင်မည် ဖြစ်လေသည်။
ဆူဇီမိုသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
ယန်ပေးချန်၏ စကားများအရ.. သူသည် ဤအလောင်းတောင်စိတ်ဝိညာဉ်ပင်လယ်အပေါ် မှီခိုပြီး လွန်ခဲ့သည့်နှစ်တစ်ထောင်က အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ် ဖြစ်လာခဲ့ဖူးလေသည်။
ကစင်ကလျားသမုဒ္ဒရာက သမိုင်းတစ်လျှောက်တွင် နံပါတ်တစ်အမြုတေနယ်မြေ ဖြစ်သော်လည်း အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က လူတစ်ယောက်၏ အမြုတေနယ်မြေတစ်ခုတည်းအပေါ်တွင်သာ မူတည်သည် မဟုတ်ဘဲ ထိုကျင့်ကြံသူ၏ ခွန်အားနှင့်လည်း သက်ဆိုင်လေသည်။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်.. နံပါတ် ၃။
ကိုယ်တော်ဖူကျန့်.. မီးအိမ်စိမ်းရှေးဟောင်းဗုဒ္ဓ။
အဲ့ဒီမှာ ဆူဇီမို တစ်ခုမှ မကြားဖူးသော အမြုတေနယ်မြေများလည်း များစွာ ရှိလေသည်။
အမြုတေနယ်မြေတစ်ခုချင်းတိုင်းကို အသေးစိတ်မိတ်ဆက်ပြထား၏။
ဆူဇီမိုသည် ဖတ်ကြည့်နေရင်းနှင့် အချို့သောဂိုဏ်း သို့မဟုတ် အဖွဲ့အစည်းများ၏ အမြုတေနယ်မြေများသည် သူတို့၏ နာမည်နှင့် ဖော်ပြချက်ကို ကြည့်ရုံနှင့် ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့အစည်းက ပိုင်ဆိုင်သည်ဆိုတာကို အကြမ်းဖျင်း ကောက်ချက်ချနိုင်လာလေသည်။
ဥပမာအားဖြင့် ဖန်သားနတ်ဘုရားအလင်းသည် ဖန်သားနန်းတော်မှ ရွှေအမြုတေတစ်ယောက်၏ အမြုတေနယ်မြေ ဖြစ်ရပေမည်။
ခုနှစ်လွှာစေတီနှင့် ဗုဒ္ဓရောင်ခြည်တော်တို့ကတော့ ဗုဒ္ဓကျောင်းတော်များမှ အမြုတေနယ်မြေများ ဖြစ်ရပေမည်။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နေရာအများစုကို အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများကဲ့သို့ ထိပ်သီးဂိုဏ်းကြီးများနှင့် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ စွမ်းအားကြီးသော အဖွဲ့အစည်းများက နေရာယူထားကြကြောင်း တဖြည်းဖြည်းနှင့် ဆူဇီမို နားလည်သဘောပေါက်လာ၏။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ၁၀၈ နေရာတွင် တစ်ကယ်တမ်း ရွှေအမြုတေနယ်မြေအမျိုးအစားက ၆၀ ဝန်းကျင်လောက်သာ ရှိလေသည်။
သူတို့ထဲမှ အများစုက ထပ်နေပြီး တူညီသောဂိုဏ်း၏ မတူညီသော ကျင့်ကြံသူများထံမှ လာကြခြင်း ဖြစ်လေသည်။
ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကို ဖတ်ပြီးနောက် ဆူဇီမိုသည် သူ့ဟာနှင့် ဆင်တူသော မည်သည့်ရွှေအမြုတေနယ်မြေကိုမှ ရှာမတွေ့ပေ။
သူသည် မသိမသာ မျက်မှောင်ကြုတ်ပြီး နည်းနည်းတော့ စိတ်ပျက်သွားမိ၏။
“အာ”
ရုတ်တရက် ဆူဇီမို၏ အမူအယာက ပြောင်းလဲသွား၏။
ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက် အဆုံးသတ်သွားပြီးနောက် နောက်ထပ်စာမျက်နှာ ကျန်နေသေးလေသည်။
ဆူဇီမို လှန်ကြည့်လိုက်သောအခါ နောက်ဆုံးစာမျက်နှာ၌ ရွှေအမြုတေနယ်မြေအချို့ကို မှတ်တမ်းပြုစုထား၏။
ထိုအမြုတေနယ်မြေများက တစ်ခါပေါ်လာပြီးနောက် ပြန်ပေါ်မလာတော့သော သို့မဟုတ် ဆိတ်သုန်းပျောက်ကွယ်သွားသော အရာများ ဖြစ်လေသည်။
ပထမစာကြောင်း..
လောကရှင်းသန့်ပဒုမ္မာကြာစိမ်း.. ဖာဟွားကျောင်းတော်မှ စတင်ခဲ့သော အမြုတေနယ်မြေ..
အဲ့ဒါက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးနံပါတ်စဉ်ဆယ်ခုထဲ ဝင်သည်ဟု ဆုံးဖြတ်နိုင်လေသည်။
သို့သော်လည်း လွန်ခဲ့သည့် နှစ်တစ်သောင်းက မြောက်ပိုင်းဒေသသည် ကပ်ဆိုးတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး မဟာချွမ်အင်ပါယာနှင့်အတူ ဖာဟွားကျောင်းတော်ပါ ဖျက်ဆီးခံလိုက်ရကာ လောကရှင်းသန့်ပဒုမ္မာကြာစိမ်းက ပျောက်ကွယ်သွားခဲ့လေတော့သည်။
ထိုနေရာအရောက်၌ ဆူဇီမိုသည် နားလည်သဘောပေါက်သွား၏။
“ဒါဆို.. လွန်ခဲ့တဲ့နှစ်တစ်သောင်းက ကပ်ဆိုးမှာ ဖျက်ဆီးခံလိုက်ရတဲ့ မဟာကျောင်းတော်နှစ်ကျောင်းထဲက တစ်ကျောင်းက ဖာဟွားကျောင်းတော်ပေါ့”
ဆူဇီမိုသည် ခေါင်းခါရမ်း၍ အနည်းငယ် ကြောင်အသွား၏။
ဆူဇီမိုသည် ဆက်လက်ဖတ်ရှုလိုက်ရင်း တစ်နေရာအရောက်၌ သူ့မျက်လုံးက ဝင်းလက်၍ တသိမ့်သိမ့် တုန်သွား၏။
ကမ္ဘာဦးနတ်လိပ်.. ပျောက်ကွယ်သွားပြီဖြစ်သော ကုန်းနေရေနေ နတ်ဘုရားသက်ရှိတစ်မျိုး။
ကမ္ဘာဦးမိုးပျံမြွေနဂါး.. ပျောက်ကွယ်သွားပြီဖြစ်သော မီးနတ်ဘုရားသက်ရှိတစ်မျိုး။
ကမ္ဘာဦးခေတ်က ဒဏ္ဍာရီများအရဆို.. မျိုးနွယ်စုပေါင်းတစ်ထောင်ကျော်က တစ်စုနှင့်တစ်စု တိုက်ခိုက်နေခဲ့ကြပြီး သက်ရှိများအားလုံးက ဖရိုဖရဲနှင့် ဝရုန်းသုန်းကား ဖြစ်နေကြ၏။ နေရာတိုင်းက သွေးလွှမ်း၍ မြေပြင်မှာ အလောင်းများက ပုံထပ်နေခဲ့၏။
ထိုကြီးမားသည့် တိုက်ပွဲကြီးက ကောင်းကင်ကို စုတ်ပြဲသွားစေပြီး မြေပြင်ကို ပြိုကျသွားစေ၏။ နေရာတိုင်းမှာ လေဟာနယ်စီးကြောင်းများက တလိပ်လိပ်တက်၍ ဥက္ကာခဲများက ကြေမွကုန်၏။ မြေပြင်က ချိုင့်ဝင်သွားပြီး ချော်ရည်များက ပန်းထွက်လာကာ မရေမတွက်နိုင်သော သက်ရှိများကို သေကြေစေကုန်၏။
ထိုနေရာအရောက်၌ ဆူဇီမိုသည် အတွေးနက်လာ၏။
ကမ္ဘာဦးခေတ်က အသေအကြေ မဟာတိုက်ပွဲအကြောင်းကို ယန်ဆေးဂိုဏ်းမှ ဦးလေးလျန့်ပြောတာကို သူကြားဖူးခဲ့၏။ သို့သော်လည်း ထိုစစ်ပွဲ၏ အကြောင်းရင်းကို သူမသိရပေ။
သူသိခဲ့ရသည်မှာ ထိုတိုက်ပွဲအပြီး၌ မျိုးနွယ်စုပေါင်းတစ်ထောင်ကျော်က မျိုးတုန်းပျောက်ကွယ်သွားကြပြီး မျိုးနွယ်စုတစ်ရာသာ ကျန်ရှိခဲ့လေသည်။ ထို့ကြောင့်ပင် လူသားမျိုးနွယ်က တစ်ဖန်ပြန်လည် ဦးမော့လာခဲ့ခြင်း ဖြစ်၏။
ဆူဇီမိုသည် ဆက်လက်ဖတ်ရှုနေ၏။
နောက်ဆုံး၌ ထိုတိုက်ပွဲက ကမ္ဘာဦးခေတ်၏ နတ်ဘုရားတောကောင်နှစ်မျိုးကို နှိုးဆော်မိသွားပြီး နတ်လိပ်နှင့် မိုးပျံမြွေနဂါးတို့က တစ်ပြိုင်နက်တည်း ဆင်းသက်လာခဲ့ကြ၏။
နတ်လိပ်နှင့် မိုးပျံမြွေနဂါးတို့၏ ပေါ်ပေါက်လာမှုက သက်ရှိများအားလုံးကို ကယ်တင်လိုက်နိုင်၏။
အဲ့ဒါကို မြင်တွေ့ခဲ့သော လူသားမျိုးနွယ်မှ ပညာရှင်အချို့က သူတို့ကို နားလည်သဘောပေါက်သွားပြီး အမြုတေနယ်မြေနှစ်ခုကို ဖန်တီးနိုင်ခဲ့လေသည်။
သမိုင်းတစ်လျှောက်တွင် ကမ္ဘာဦးခေတ်၏ ထိုအမြုတေနယ်မြေနှစ်မျိုးကို နားလည်ကျင့်ကြံနိုင်သည့် ကျင့်ကြံသူများက ရံဖန်ရံခါမှသာ ပေါ်ထွက်လာခဲ့၏။ ထိုသို့ဆိုလျှင်တောင် အတိတ်ကာလ၏ တူညီသောစွမ်းအားကို မည်သူမှ မဖော်ထုတ်နိုင်ခဲ့ကြပေ။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကို ဖန်တီးခါစအချိန်တုန်းက ထိုရွှေအမြုတေနယ်မြေနှစ်ခုသည် ထိပ်ဆုံးဆယ်ခု စာရင်းဝင်ခဲ့သည်ဟူသော ကောလာဟလများလည်း ရှိခဲ့ဖူး၏။
ဤသည်ကို ကြည့်ပြီးနောက် ဆူဇီမိုသည် ကျေနပ်သွား၏။
နောက်ဆုံးမှာတော့ အမြုတေနယ်မြေနှစ်ခု၏ နောက်ကွယ်က အဓိပ္ပါယ်ကို သူနားလည်သဘောပေါက်ခဲ့လေပြီ။
နတ်လိပ်က ရေဓါတ်ကို ကိုယ်စားပြုပြီး မိုးပျံမြွေနဂါးက မီးဓါတ်ကို ကိုယ်စားပြုလေသည်။
ကမ္ဘာဦးနတ်လိပ်နှင့် ကမ္ဘာဦးမိုးပျံမြွေနဂါးသည် ပြီးခဲ့သည့် ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၌ ပါမလာခဲ့သည်မှာ သူတို့က လုံလောက်အောင် မသန်မာသောကြောင့် မဟုတ်ပေ။ သူတို့က ဆိတ်သုန်းပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်တာကြောင့်ပင်။
ဆူဇီမိုသည် မသိမသာ ပြုံးလိုက်ပြီး ဂုဏ်ယူဝင့်ကြွားမှုကို ခံစားလိုက်ရ၏။
ထိုရွှေအမြုတေနယ်မြေနှစ်ခုက အတိတ်မှာ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့.. ယခု သူတို့နှစ်ခုစလုံးက ဒီဘက်မျိုးဆက် သူ့လက်ထဲသို့ ပြန်ရောက်လာခဲ့လေပြီ။ သူသည် သူတို့ကို အံ့မခန်းစွမ်းအားနှင့် ထုတ်ဖော်နိုင်လိမ့်မည်ဆိုတာ သေချာပေါက် ပြောနိုင်လေသည်။