← Chapters

အပျက်အစီးနယ်မြေသို့ ရောက်ရှိသွားခြင်း

Vol. 34 Ch. 510

အပျက်အစီးနယ်မြေသို့ ရောက်ရှိသွားခြင်း

Vol. 34 Ch. 510

ဆူဇီမိုသည် ကန်းလန်နှင့် အခြားသူများ၏ သိုလှောင်အိတ်များကို နောက်တစ်ကြိမ် လှန်လှောကြည့်ရှုလိုက်၏။

အဲ့ဒီမှာ ပြောရလောက်အောင် ထိုက်တန်သော ရတနာများစွာ မရှိပေ။ ဆေးလုံးများ၊ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် စိတ်ဝိညာဉ်လက်နက်များသာရှိပြီး တစ်ခုမှကို သူစိတ်မဝင်စားပေ။

အခုလောလောဆယ် သူအလိုချင်ဆုံးအရာမှာ အမြုတေတာအိုကို သုံးပြီး ကျင့်ကြံနိုင်သော လျှို့ဝှက်ပညာရပ်များ ဖြစ်လေသည်။

ချီစုဖွဲ့မှုအဆင့်တွင် ချီစုဖွဲ့ခြင်းကျမ်းရှိ၏။

အခြေတည်အဆင့်တွင် အခြေတည်ဆောက်ခြင်းကျမ်းများရှိ၏။

ရွှေအမြုတေအဆင့်အတွက်လည်း သက်ဆိုင်ရာကျင့်ကြံမှုနည်းစနစ်တစ်ခု ရှိသင့်လေသည်။

ကျင့်ကြံရေးနည်းစနစ်များက ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံမှုအမြန်နှုန်းနှင့် ခွန်အားမြင့်တက်ဖို့အတွက် အလွန်အင်မတန်ကို အရေးကြီးလေသည်။

ဥပမာအားဖြင့် လူတစ်ယောက်သည် ဆန်းကြယ်တောင်ထွတ်၏ လျှို့ဝှက်ပညာရပ်သုံးခုထဲမှ တစ်ခုဖြစ်သော ဆန်းကြယ်အခြေတည်ဆောက်ခြင်းကို ကျင့်ကြံမည်ဆိုလျှင် သူတို့သည် စိတ်ဝိညာဉ်မရီးဒါန် ခြောက်ခုထိ ဖွင့်လှစ်နိုင်လာလိမ့်မည်ဖြစ်၏။

သို့သော်လည်း အမြုတေတာအိုအတွက် ဆန်းကြယ်တောင်ထွတ်မှာ ထိပ်တန်းအဆင့်ကျင့်ကြံမှုနည်းစနစ်များ တစ်ခုမှ မရှိပေ။

ဆန်းကြယ်တောင်ထွတ်၌ ကြီးမားသည့် တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီးနောက် ဂိုဏ်းချုပ်လင်းယွမ်သည် ဤအချက်ကို ဆူဇီမိုအား ပြောပြခဲ့လေသည်။

ဆူဇီမို၏ အမြုတေဖွဲ့တည်ခြင်း အခြေအနေကလည်း အတော်လေး ထူးခြား၏။

သူ့ဒါန်ထျန်ထဲမှာ မီးနှင့်ရေ၏ မတူညီသော စွမ်းအင်နှစ်မျိုးက ရိုက်ခတ်နေခဲ့၏။

သူသည် သန်မာသော ဆုံးဖြတ်ချက်ပြတ်သားခိုင်မာမှုနှင့် ကြောက်စရာကောင်းသော ကိုယ်ကာယ၏ ကျေးဇူးဖြင့် မီးနှင့်ရေတို့ကို ဖိနှိမ်၍ နတ်လိပ်နှင့် မြွေနဂါးတို့ကို နှိမ်နင်းနိုင်ခဲ့သော်လည်း အန္တရာယ်က ကျန်ရှိနေဆဲဖြစ်၏။

အမြုတေတာအိုအတွက် သူ့မှာ စွမ်းအားကောင်းသော ကျင့်ကြံမှုနည်းစနစ်တစ်ရပ် မရှိဘူးဆိုလျှင် အနာဂတ်မှာ သူသည် ပြဿနာတက်လာနိုင်ကြောင်း ဆူဇီမို စိုးရိမ်မိ၏။

သူထင်ထားသည့်အတိုင်း ပကတိသက်ရှိကန်းလန်နှင့် အခြားသူများ၏ သိုလှောင်အိတ်များထဲတွင် မည်သည့်လျှို့ဝှက်ကျင့်ကြံမှုနည်းစနစ်မှ မရှိပေ။

သို့သော်လည်း လျန့်ဟမ်၏ သိုလှောင်အိတ်ထဲမှာ ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အပြင်.. နောက်ထပ် စိတ်ဝင်စားစရာ သတင်းအချက်အလက်ပါသည့် စက္ကူကြိုးကြာတစ်ခုကိုလည်း တွေ့ရလေသည်။

အထဲရှိ အကြောင်းအရာက သူ့ရင်ကို လှုပ်ခတ်သွားစေ၏။

အဲ့ဒီမှာ ဖော်ပြထားသည်မှာ မဟာချွမ်အပျက်အစီးနယ်မြေဟု ကျော်ကြားသော အန္တရာယ်များသည့် နယ်မြေတစ်ခု ရှိလေသည်။

လွန်ခဲ့သည့်နှစ်တစ်သောင်းက မဟာချွမ်အင်ပါယာသည် ညတွင်းချင်း ဖျက်ဆီးခံလိုက်ရပြီး အပျက်အစီးပုံဘဝသို့ ရောက်ကာ မရေမတွက်နိုင်သော သက်ရှိများလည်း ဝမ်းနည်းဖွယ်ကောင်းစွာ သေကြေပျက်စီးခဲ့ကြရ၏။

မဟာချွမ်မြို့တော်နှင့်အတူ ဖာဟွားကျောင်းတော်နှင့် တာမင်းကျောင်းတော်တို့သည်လည်း အတူယှဉ်တွဲ၍ ရပ်တည်ခဲ့ကြ၏။

ထိုအပျက်အစီးနယ်မြေမှာ များစွာသော ရတနာများက မြှုပ်နှံ့ခံခဲ့ရလေသည်။

အဲ့ဒီမှာ အံ့မခန်းဆေးလုံးများနှင့် စိတ်ဝိညာဉ်လက်နက်များအပြင် ပျောက်ဆုံးသွားပြီဖြစ်သော ကျင့်ကြံရေးနည်းစနစ်များလည်း ရှိလေသည်။

ပြောကြသည်မှာ အမြုတေတာအို၏ နံပါတ်တစ်လျှို့ဝှက်ပညာရပ်ဖြစ်သော ဂမ္ဘီရဓမ္မကြာပန်းသုတ္တန်သည် ဖာဟွားကျောင်းတော်နှင့်အတူ အပျက်အစီးနယ်မြေမှာ မြှုပ်နှံခံလိုက်ရသည်ဟုပင်။ သို့သော်လည်း မည်သူမှ အဲ့ဒါကို ရှာမတွေ့ကြသေးပေ။

တစ်ကယ်တော့ အပျက်အစီးနယ်မြေက ရင်းနှီးဖော်ရွေသော နေရာတစ်ခု မဟုတ်ဘဲ ချောက်ချားဖွယ်ရာ အန္တရာယ်များနှင့် ပြည့်နှက်နေလေသည်။

ထိုနေရာသို့ စွန့်စားသွားလာ ရှာဖွေဖော်ထုတ်ကြသော ကျင့်ကြံသူများက နှစ်တိုင်းလိုလိုရှိပြီး အသက်ရှင်လျက် ပြန်မလာနိုင်တော့သည့်သူများလည်း များစွာ ရှိလေသည်။

မဟာချွမ်မြို့တော်က ဖျက်ဆီးခံရပြီး အပျက်အစီးပုံဘဝသို့ ရောက်ရှိသွားပြီးဖြစ်သော်လည်း အဲ့ဒီမှာ မငြိမ်းသေသေးဘဲ ယခုထိ လောင်ကျွမ်းနေဆဲဖြစ်သော မူလစိတ်ဝိညာဉ်မီးတောက်ရှိသည်ဆိုသော ကောလာဟလများလည်း ရှိ၏။

ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် ဆူဇီမိုသည် မဟာချွမ်အင်ပါယာသို့ သွားကြည့်ဖို့ ဆုံးဖြတ်ချက်ချလိုက်၏။

ဆူဇီမိုသည် ဆန်းကြယ်တောင်ထွတ်မှာ သူ၏ ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့သော်လည်း တစ်ကယ်တမ်း သူ၏ စွမ်းအားကောင်းသော အင်မော်တယ်လမ်းစဉ်နည်းစနစ်များကို ဆန်းကြယ်တောင်ထွတ်မှ သင်ယူခဲ့ရသည် မဟုတ်ပေ။

သူသည် ရှေးဟောင်းနဂါးအသွင်ပြောင်းပညာရပ်ကို လူသားဧကရာဇ်၏ နန်းတော်မှ သင်ယူခဲ့ရ၏။

ဖယောင်းမီးဓါးဝင်္ကပါကို အဆုံးစွန်မီးတာအိုအရှင်ထံမှ ရရှိခဲ့၏။

သူ၏ တည်ငြိမ်ပင်လယ်ကျမ်း၊ ဒီလှိုင်းကျမ်းနှင့် အဆူရာဆေဘာ.. စသည်တို့မှာလည်း ထို့အတူပင်။

ထို့ကြောင့် ဆူဇီမိုသည် အဖိုးထိုက်တန်တာ တစ်ခုခု ရရှိလို့ ရရှိငြား မဟာချွမ်အပျက်အစီးနယ်မြေနားသို့ တစ်ချက်လောက် သွားကြည့်ဖို့ ဆုံးဖြတ်ချက်ချလိုက်၏။

အဲ့ဒီမှာ စိတ်ဝိညာဉ်မီးတောက်နှင့် ပတ်သတ်သော ကောလာဟလများလည်း ရှိ၏။

သူသည် မူလစိတ်ဝိညာဉ်မီးတောက်ကို ရှာတွေ့နိုင်ခဲ့လျှင် ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကို ပြန်ပြင်ဆင်ရန် ကြိုးပမ်းကြည့်နိုင်လေသည်။

အခြေခံရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက သူသည် မူလစိတ်ဝိညာဉ်လက်နက် ဖြစ်ခဲ့ဖူးသော မဟူရာရွှေမြားအချို့ကို ရရှိလာခဲ့၏။ သို့သော်လည်း သူတို့၏ ဆဋ္ဌမမြောက်စိတ်ဝိညာဉ်အင်းကွက်များက ပျက်စီးနေ၏။ သူသည် အဲ့ဒါတွေကို ပြန်ပြင်ဆင်ဖို့ ကြိုးစားကြည့်နိုင်လေသည်။

ဒါ့အပြင် သူသည် ဖယောင်းမီးဓါးဝင်္ကပါ၏ အဆင့်-၃ ကို ဖော်ထုတ်ဖို့အတွက် ဓါးပျံ ၂၇လက် လိုလေသည်။

သူသည် သူ့ဓါးပျံများကို မူလစိတ်ဝိညာဉ်မီးတောက်ဖြင့် သွန်းလုပ်နိုင်မည်ဆိုလျှင် သူ့ဓါးပျံများ၏ စွမ်းအားက နောက်တစ်ဆင့်သို့ မြင့်တက်သွားပေလိမ့်မည်။

ဆူဇီမိုသည် သူ့အဝတ်ကို သေသပ်အောင်ပြုပြင်၍ ထကာ သူ့အိမ်ပတ်လည်ရှိ ဝင်္ကပါများကို ပယ်ဖျက်လိုက်ပြီး တံခါးကိုတွန်းဖွင့်ကာ ထွက်သွားလိုက်၏။

သူသည် ဝင်ပေါက်ဝနားမှာ ခဏမျှ ရပ်ပြီး နောက်ပြန်လှည့်ကြည့်လိုက်၏။ သူ့အကြည့်က ရီဝေနေပြီး ခြံဝန်းထဲရှိ မက်မွန်ပင်မှ ဝဲကျလာသော ပွင့်ဖတ်ပွင့်ချပ်များကို ငေးကြည့်လိုက်၏။

တစ်ခဏအတွင်းမှာ ရှစ်နှစ်တာက ကုန်ဆုံးခဲ့လေပြီ။

ဒီတစ်ခေါက် ထွက်သွားပြီးနောက် သူသည် ဒီနေရာသို့ တော်တော်နှင့် ပြန်လာနိုင်ဦးမည် မဟုတ်ပေ။

အတန်ကြာပြီးနောက် ဆူဇီမိုသည် လေများကို တစ်ဝကြီး ရှူရှိုက်ကာ တံခါးကိုပိတ်ပြီး လှည့်ထွက်သွားလိုက်၏။

. . .

လေထဲ၌ ဆူဇီမိုသည် မဟာချွမ်အပျက်အစီးနယ်မြေရှိရာဘက်သို့ ခြေထောက်အောက်မှာ ဘာမှ မပါဘဲ ပျံသန်းသွားပြီး ရွှေအမြုတေအဆင့်ကနေ ယူဆောင်လာပေးသော စွမ်းအားများနှင့် ပြောင်းလဲမှုများကို ခံစားနေ၏။

မဟာချွမ်အပျက်အစီးနယ်မြေက မဟာကျိုးအင်ပါယာအတွင်းမှာ မတည်ရှိပေ။

သူသည် မအိပ်၊ မနားဘဲ တစ်လလောက် ခရီးသွားပြီးနောက် နောက်ဆုံး သူလိုရာခရီးသို့ ရောက်ရှိသွားလေသည်။

ရှေ့လှမ်းလှမ်းတွင် ရှေးဟောင်းအော်ရာတစ်မျိုး ဖြာထွက်နေသည့် ပျက်စီးကျိုးပဲ့နေသော မြို့ရိုးတစ်ခုကို တွေ့လိုက်ရ၏။

တစ်ချက်မျှော်ကြည့်လိုက်ရုံနှင့် အပျက်အစီးနေရာများက အကန့်အသတ်မဲ့ ကျယ်ပြောနေသည်ကို တွေ့ရလေသည်။

သူ့ခေတ်သူ့အခါက ကျက်သရေထွန်းတောက်၍ ကြီးမားကျယ်ပြန့်ခဲ့သည့် အင်ပါယာနယ်မြေကြီးတစ်ခုကို စဉ်းစားကြည့်နိုင်လေသည်။

အနည်းဆုံးတော့ အဲ့ဒါက လက်ရှိမဟာကျိုးအင်ပါယာ၏ ဆယ်ဆကျော်လောက် ရှိပေမည်။

နီးကပ်လာသောအခါ ဆူဇီမိုသည် အာရုံစိုက်ငေးကြည့်လိုက်၏။

အပျက်အစီးနယ်မြေ၏ အလယ်တွင် ကြောက်စရာကောင်းလောက်အောင် ကြီးမားသော ချောက်ကြီးတစ်ခု ရှိနေပြီး အဲ့ဒါက နေရာတစ်ခုလုံးကို နှစ်ပိုင်းပိုင်း၍ ကန့်လန့်ဖြတ် ဆန့်တန်းထွက်သွား၏။

ငုံ့ကြည့်လိုက်မည်ဆိုလျှင် အဲ့ဒါက ဧရာမတောကောင်ကြီးတစ်ကောင်သည် သူ၏ ကြီးမားသည့် ပါးစပ်ကြီးကို ဟပြီး သက်ရှိအားလုံးကို ဝါးမျိုဖို့ အဆင်သင့်ဖြစ်နေသည့်အလား ထင်ရ၏။

ဘာကြောင့်ရယ်မသိ ဆူဇီမိုသည် ထိုချောက်ကြီး၏ အနက်ပိုင်းထဲမှ ရင်းနှီးသောအော်ရာတစ်ခုကို ခံစားမိနေ၏။ အသံတစ်မျိုး သို့မဟုတ် စွမ်းအားတစ်မျိုးက သူ့ကို လှမ်းခေါ်နေသလိုပင်။

တစ်ကယ်ကို မသိုးမသန့်စရာပဲ..

သူသည် ရေရွတ်၍ ခေါင်းခါလိုက်၏။

တစ်ချိန်တည်းမှာပင်.. ချောက်နက်ကြီးထဲ၌..

ထိုမသတီစရာကောင်းသော ချောက်နက်ကြီးထဲမှ အလွန့်အလွန် လေးလံထုံထိုင်းသော ချိန်းကြိုးသံများက ထွက်ပေါ်လာ၏။

ကြမ်းကြုတ်ခက်ထန်သော အလင်းနှင့်အတူ မျက်လုံးတစ်စုံကလည်း ပွင့်လာ၏။

ထိုချောက်နက်ကြီးတွင်းမှာ ခေတ္တခဏမျှ လင်းလက်သွားပြီး အလွန်တရာအိုမင်း၍ ခြောက်ကပ်နေသော မျက်နှာတစ်ခုကိုလည်း ခပ်ရေးရေး မြင်လာရပြီး အဲ့ဒါက အလွန်တရာ ကြောက်စရာကောင်းနေလေသည်။

ထိုမျက်နှာက သွားဖြဲ၍ စူးစူးရှရှ ရယ်မောလိုက်၏။

“ဟီးဟီး... ရေစက်ပါတဲ့ လူတစ်ယောက်တော့ ရောက်လာပြီပဲ”

All Chapters