← Chapters

အမှန်တရားပေါ်ပြီ(က)

Vol. 50 Ch. 754

အမှန်တရားပေါ်ပြီ(က)

Vol. 50 Ch. 754

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးနောက် သူက ခေါင်းပြန်မော့လိုက်သည်။ သူ၏ နှလုံးသားထဲမှ လှိုင်းများသည် စိတ်ထဲသို့ တိုးဝင်လာနေသည်။ လှိုင်းများသည် သူ၏ စိတ်ထဲမှာ အရှေ့သို့ တလိပ်လိပ် မြှောက်တတ်သွားနေသည်။

“ လက်ထောက်ဒေသအကြီးအကဲ… ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။

သူသည် လက်ထောက်ဒေသအကြီးအကဲနှင့် အများကြီး ပြောဆိုဆက်ဆံဖူးခြင်းမရှိသော်လည်း သူ့အပေါ် အလွန်ရိုသေလေးစားသည်။

ထိုလေးစားမှုသည် တစ်ဖက်လူ၏ ဆေးပညာပေါက်မြောက်မှုနှင့် သူ၏ ကိုယ်ပေါ်မှ ကျောင်းတော်သားအရှိန်အဝါထံမှ ဖြစ်သည်။ ထိုအရှိန်အဝါသည် ဆရာသခင်ပိုင်နှင့် ဓားကိုင်ရုံးတော်ခွဲမှ မဟာအကြီးအကဲ၏ အရှိန်အဝါနှင့် တူညီသည်။

ဒေသငယ်မြို့တော်သို့ ပထမဆုံးအကြိမ် သူရောက်လာခဲ့စဉ်က ဓားကိုင်ရုံးတော်ထဲမှ တစ်ဖက်လူ၏ သိမ်မွေ့သော အသံနှင့် အသွင်အပြင်ကို ယခုထိ ရှင်းလင်းစွာ မှတ်မိနေသည်။ ထို့အပြင် စီမံခန့်ခွဲရေးမှူးစွန်း ရှင်းပြခဲ့သော ဓာတ်ပြယ်ဆေးလုံး၏ ကြီးမားသော အကျိုးဆောင်မှုကိုလည်း သူမှတ်မိနေသေးသည်။

စစ်ပွဲစတင်ပြီးသည့်နောက်တွင်ပင် တစ်ဖက်လူ၏ ပင်ပန်းနွမ်းနယ်သော ပုံစံကို အကြိမ်ပေါင်းများစွာ သူမြင်တွေ့ခဲ့သည်။

ကျွင်းရွှင်းမျိုးနွယ်နှင့် သူရင်ဆိုင်ခဲ့စဉ်က အဖြစ်အပျက်ကိုလည်း သူမှတ်မိသည်။ တစ်ဖက်လူသည် ဒေသငယ်မြို့တော်ထဲမှ အပြေးအလွှားရောက်လာခဲ့ပြီး သူ့အား တိတ်တဆိတ် ကူညီပေးခဲ့သည်။

သတ္တမမင်းသားရောက်ရှိလာပြီးနောက် လက်ထောက်ဒေသအကြီးအကဲသည် သတ္တမမင်းသားဘက်သို့ ချောမွေ့စွာ ရောက်ရှိသွားသော်လည်း ယင်းက ထူးခြားသည့်အရာတော့ မဟုတ်ပေ။

ထို့နောက် ဖုန်းဟိုင်ဒေသငယ်အတွက် အကျိုးရှိစေမည့် ကိစ္စအများစုကို လက်ထောက်ဒေသအကြီးအကဲက ဦးစွာအဆိုတင်သွင်းခဲ့သည်။ ထို့အပြင် စစ်မြေပြင်မှ အသက်ရှင်ကျန်ရစ်ခဲ့ကြသော ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများ၏ ဘေးကင်းလုံခြုံရေးအတွက် လက်ထောက်ဒေသအကြီးအကဲသည် ရုံးတော်သုံးခုမှ လက်ထောက်ရုံးတော်သခင်များနှင့်အတူ သတ္တမမင်းသားထံသို့ အသနားခံစာ တင်သွင်းခဲ့သည်။

ထိုမျှတင်မကသေးပေ။ ရွှီချင်းပြန်ရောက်လာသည့်အခါ လက်ထောက်ဒေသကြီးအကဲသည် ယခင်က ရွှီချင်းထုတ်ပြန်ခဲ့သော အမိန့်တော်အပေါ် မကျေနပ်ခဲ့ကြသော မျိုးနွယ်ခြားများ၏ လက်တုံ့ပြန်မှုကို တားဆီးပေးခဲ့သည်။

စစ်ပွဲပြီးဆုံးပြီးနောက် ပြဌာန်းခဲ့သော စည်းမျဉ်းများနှင့် အကာအကွယ်များအပြင် အကျိုးအမြတ်ရရှိမှုနှင့် လဲလှယ်ခွင့်များသည် လက်ထောက်ဒေသအကြီးအကဲက ဓားကိုင်များ၏ အကျိုးအတွက် သတ္တမမင်းသားနှင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့သော ရလဒ်ဖြစ်သည်။

လက်ထောက်ဒေသအကြီးအကဲပါဝင်ခဲ့သော ကိစ္စရပ်များသည် အလွန်များပြားသည်။

ရုံးတော်သခင်က လက်ထောက်ဒေသအကြီးအကဲကို ဒေသငယ်မြို့တော်ထဲတွင် ဆက်ရှိနေစေခဲ့သည့်အချက်သည် သူ့မှာ လက်ထောက်ဒေသအကြီးအပေါ် သံသယတချို့ ရှိကောင်းရှိနေနိုင်သော်လည်း အတိုင်းအတာတစ်ခုထိ ယုံကြည်မှုရှိကြောင်း ဖော်ပြနေသည်။

စစ်ပွဲအတွင်းမှာ လက်ထောက်ဒေသအကြီးအကဲသည် တုံ့ဆိုင်းမှုမရှိဘဲ သူ့ကိုယ်သူ စစ်ပွဲအပေါ်မှာ လုံးလုံးစိတ်နှစ်မြှုပ်ထားခဲ့ပြီး မရေမတွက်နိုင်သော ပြည်သူပြည်သူများ၏ ကျောရိုးမကြီးသဖွယ် ဖြစ်လာခဲ့သည်။

ရှေ့တန်းစစ်မြေပြင်က ထိုမျှအချိန်ကြာကြာ တောင့်ခံနိုင်ခဲ့သည့် အကြောင်းအရင်းများအနက်တစ်ခုသည် လက်ထောက်ဒေသအကြီးအကဲ ဖြစ်သည်။

သူသည် ဖုန်းဟိုင်ဒေသငယ်အတွက် ကြီးမားသော အကျိုးဆောင်မှုများကို ပြုလုပ်ခဲ့သူဖြစ်သည်။

သူသည် စစ်ပွဲအတွင်းမှာ အနောက်မှာကျန်နေခဲ့သော ပြည်သူပြည်သားများကို ကာကွယ်ပေးခဲ့သူဖြစ်သည်။

စစ်ပွဲအဆုံးသတ်သွားပြီး ဖုန်းဟိုင်ဒေသငယ်၏ အုပ်ချုပ်ရေးကို သတ္တမမင်းသားက လက်လွှဲယူသွားပြီးနောက် သူသည် ဖုန်းဟိုင်ဒေသငယ်၏ ကောင်းကျိုးအတွက် သတ္တမမင်းသားထံသို့ အကြိမ်ကြိမ် လျှောက်ထားခဲ့သူ ဖြစ်သည်။

သို့ဖြစ်၍ လက်ထောက်ဒေသအကြီးအကဲကို ဤကိစ္စအားလုံး၏ နောက်ကွယ်မှတရားခံဟု သတ်မှတ်မည်ဆိုလျှင် ယင်းက အနည်းငယ် ယုတ္တိမဆန်ကြောင်း ရွှီချင်း ခံစားမိသည်။

ဤမတိုင်ခင် သူသည် လက်ထောက်ဒေသအကြီးအကဲနှင့်ပတ်သက်ပြီး မည်သည့်အမှားအယွင်းမှ မမြင်ခဲ့ပေ။ ထို့အပြင် သူ့မှာ မည်သည့်သက်သေမှ မရှိခဲ့ပေ။

ရွှီချင်းသည် သူ၏ စိတ်ထဲမှ လှိုင်းအမျိုးမျိုးကို ဖိနှိပ်လိုက်သည်။

ဤသည်မှာ ကိစ္စကြီးဖြစ်သည်။ သို့ဖြစ်၍ သူသည် အလျှင်စလို ဆုံးဖြတ်ချက်မချသင့်ပေ။ ယင်းအစား ဤကိစ္စကို သဲလွန်စတစ်ခုဟု သတ်မှတ်ပြီး ထိုထဲသို့ သူ၏ အခြားသုံးသပ်မှုများကို ထပ်ပေါင်းထည့်ရမည်။

ထို့နောက် သူသည် ရုံးတော်သခင်၏ ကျောက်စိမ်းပြားထဲတွင် ပါဝင်သော သတင်းအချက်အလက်များနှင့် ကျောက်ရှာတောင်ပေါ်မှ သူ၏ စုံစမ်းစစ်ဆေးမှုရလဒ်များကို သေချာပြန်တွေးတောလိုက်သည်။

“ သီးသန့်စာရွက်စာတမ်း(၁၉)အရ ဗလာဆန္ဒသေတ္တာထဲမှာ တစ်ခါက အသက်ကဒ်ဘေးအလင်းဆေးလုံး ရှိနေခဲ့ဖူးတယ်… ရုံးတော်သခင်က အဲ့ဒါကိုသိတယ်… ဒါကြောင့် ဒေသအကြီးအကဲသေဆုံးရတာ အသက်ကဒ်ဘေးအလင်းဆေးလုံးနဲ့ ပတ်သက်နေမယ်လို့ ရုံးတော်သခင်က တွေးခဲ့တာဖြစ်မယ် ”

“ ဘာဖြစ်လို့လဲဆိုတော့ ဒေသအကြီးအကဲလို အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ကို တိတ်တဆိတ် လုပ်ကြံဖို့နည်းလမ်းက အနည်းအကျဉ်းပဲ ရှိတယ်… ဝိညာဉ်စုစည်းခြင်းအဆင့်က ပုဂ္ဂိုလ်ကပဲ အဲ့လိုလုပ်ဆောင်နိုင်စွမ်း ရှိတယ်… ဒါပေမဲ့ တကယ်လို့ အဲ့ဒီလိုသာဆိုရင် စစ်ပွဲဖြစ်လာဖို့ မလိုအပ်ဘူးလေ ”

“ ဒါကြောင့် ဖြစ်နိုင်ခြေအားလုံးက အသက်ကဒ်ဘေးအလင်းဆေးလုံးကို ညွှန်ပြနေတယ် ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး သဲလွန်စအမျိုးမျိုးကို သူ၏ စိတ်ထဲမှာ စုစည်းလိုက်သည်။

“ ဒါပေမဲ့ အသက်ကဒ်ဘေးအလင်းဆေးလုံးကို သန့်စင်မယ်ဆိုရင် ကျောက်ရှာအလင်းကို အဓိကလိုအပ်တယ်… ဒါကြောင့် ရုံးတော်သခင်က ငါ့ကို ကျောက်ရှာပြည်နယ်ဆီ စုံစမ်းစစ်ဆေးဖို့ စေလွှတ်လိုက်တာ… ပြီးတော့ ဒုတိယအချက်က အဆိပ်ခတ်တဲ့နည်းလမ်းပဲ ”

ထိုအချက်ကို ယခင်က ရွှီချင်းသည် ခုန်းရှန်းလုံနှင့် ဆွေးနွေးဖူးသည်။ သို့သော်လည်း ကံတရား၏ ကောင်းချီးပေးခြင်းကို ရရှိထားပြီး ခြေလှမ်းဝက် ဝိညာဉ်စုစည်းခြင်းအဆင့်ကို ရောက်ရှိနေသော ဒေသအကြီးအကဲအား သူသတိမထားမိဘဲ အဆိပ်ခတ်နိုင်မည့်နည်းလမ်းကို ရွှီချင်း မစဉ်းစားနိုင်ခဲ့ပေ။

“ ငါ့စုံစမ်းစစ်ဆေးမှုအရ အဲ့ဒီမှာ မှတ်တမ်းမတင်ရသေးတဲ့ ကျောက်ရှာအလင်းတစ်ခု ရှိနေတယ်… အဲ့ဒီအချက်က အသက်ကဒ်ဘေးအလင်းဆေးလုံးကို အသုံးပြုခဲ့ပြီးပြီလို့ ဖော်ပြလိုက်တာပဲ ”

“ အဆိပ်ခတ်တဲ့နည်းလမ်းကတော့… ”

ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး မြေပြင်ပေါ်မှာ ပြန့်ကျဲနေသော ဆေးမှုန့်များကို ကြည့်လိုက်သည်။ ထို့နောက် သူက ဆေးပုလင်းထဲမှ နောက်ဆုံးဓာတ်ပြယ်ဆေးလုံးကို ထုတ်လိုက်ပြီး လက်ဖဝါးပေါ်တင်ကာ သေချာဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။

ရွှီချင်းသည် ဓာတ်ပြယ်ဆေးလုံးကို ယခင်က တစ်ကြိမ်လေ့လာဖူးသည်။ ထိုအချိန်တုန်းက သူ၏ သုံးသပ်မှုအရ ဓာတ်ပြယ်ဆေးလုံးသည် ဒြပ်နှောများကို ဖယ်ရှားရာတွင် ဆေးလုံးအဖြူများထက် အမှန်တကယ် သာလွန်သော အကျိုးသက်ရောက်မှုရှိသည်။

ဆေးလုံးသန့်စင်သော နည်းလမ်းသည် ထူးခြားသောကြောင့် သူ၏ ဆေးပညာနားလည်သဘောပေါက်မှုဖြင့်ပင် ယင်းကို မသုံးသပ်နိုင်ပေ။

ထိုအထဲတွင် ပါဝင်သော ဆေးဖက်ဝင်အပင်များသည် လိုက်ဖက်ညီမှုမရှိဟန် ရသည်။ ယင်းအစား ဆေးဖက်ဝင်အပင်များ၏ အကျိုးအာနိသင်ကို ပြုပြင်မွမ်းမံပြီးနောက် ဆေးလုံးကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ လက်ထောက်ဒေသအကြီးအကဲ၏ ပြိုင်ဘက်ကင်း ဆေးပညာတာအို ဖြစ်သည်။ ဆေးဖက်ဝင်အပင်များ၏ ပြင်ပပတ်ဝန်းကျင်ကို ပြောင်းလဲခြင်းနည်းဖြင့် သူတို့၏ မူလအကျိုးအာနိသင်ကို သူလိုချင်သော အကျိုးအာနိသင်အဖြစ် ပြောင်းလဲထုတ်လုပ်စေသည်။

ထိုအချက်ကို တွေးမိသောအခါ ရွှီချင်း၏ မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။

ထိုအခိုက်အတန့်မှာ ဧရာမလက်ကြီးတစ်ဖက်က သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာပြီး မြူခိုးအားလုံးကို အဝေးသို့ ဖယ်ရှားပစ်လိုက်သည်။ ယင်းသည် လက်ထောက်ဒေသအကြီးအကဲက အသစ်ရောက်လာသော သူတို့ဓားကိုင်အုပ်စုအား သင်ကြားပေးခဲ့သော သင်ခန်းစာကို မြူခိုးအောက်တွင် ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာစေသည်။

“ တကယ်လို့ မင်းက ဆေးဖက်ဝင်အပင်တွေရဲ့ အခြေအနေကို ပြောင်းလဲချင်တယ်ဆိုရင် ပြင်းထန်တဲ့ ချဉ်းကပ်မှုကို သုံးစရာမလိုသလို ပြင်ပကနေ ယင်ယန်သဟဇာတဖြစ်အောင် လုပ်ပေးစရာလည်း မလိုဘူး… ငါ့အမြင်မှာတော့ ပြောင်းလဲဖို့အတွက် လိုအပ်တာက သိမ်မွေ့ညင်သာတဲ့ နည်းလမ်းပဲ ”

“ ဘယ်လိုသိမ်မွေ့ညင်သာရမလဲဆိုတော့ မင်းက ဆေးဖက်ဝင်အပင်တွေ ရှင်သန်ပေါက်ရောက်တဲ့ ပတ်ဝန်းကျင်နဲ့ အဲ့ဒါတွေရဲ့ အာဟာရဖြည့်စာတွေကို ပြောင်းလဲပစ်ရမယ်… အဲ့ဒါတွေကို သူတို့မသိစေဘဲ ဖြည်းဖြည်းချင်း စုပ်ယူစေပြီး သူတို့ရဲ့ ကိုယ်တွင်းထဲမှာ လွှမ်းမိုးလာစေမယ် ”

“ အတိအကျဆိုရရင် ဆေးဖက်ဝင်အပင်တွေရဲ့ အခြေအနေကို ပြောင်းလဲစေတဲ့သူက ငါမဟုတ်ဘူး… သူတို့ရဲ့ ကိုယ်ပိုင်အစွမ်းသတ္တိကပဲ သူတို့ရဲ့ အခြေအနေကို ပြောင်းလဲသွားစေခဲ့တာ… ငါလုပ်ခဲ့တာဆိုလို့ သူတို့ကို ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးပြီး လိုချင်တဲ့ လမ်းကြောင်းအပေါ်ရောက်အောင် အာဟာရဖြည့်စာတွေ တိုက်ကျွေးပေးရုံပါပဲ ”

ဤသည်မှာ အတိတ်တုန်းက လက်ထောက်ဒေသအကြီးအကဲ သူတို့ကို သင်ကြားပို့ချခဲ့သောအရာ ဖြစ်သည်။

အတိတ်တွင် ထိုအကြောင်းကို ရွှီချင်းမည်သို့တွေးပါစေ လက်ထောက်ဒေသအကြီးအကဲအပေါ် ချီးကျူးလိုစိတ်သာ ရှိသည်။ ထိုသို့နည်းလမ်းမျိုးကို စဉ်းစားနိုင်သည့် လက်ထောက်ဒေသအကြီးအကဲအပေါ် အလွန်အမင်း သူရိုသေလေးစားသည်။

အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူသည် ဆေးလုံးအဖြူများကို အမှန်တကယ် အောင်မြင်စွာ ပြုပြင်မွမ်းမံနိုင်ခဲ့သောကြောင့် ဖြစ်သည်။ သူက ထိုနည်းလမ်းကိုအသုံးပြု၍ ဒေသငယ်မြို့တော်ထဲမှ လူသားများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဓာတ်ပြယ်ဆေးလုံးများကို ဖန်တီးနိုင်ခဲ့သည်။

သို့သော် ယခု ထိုသင်ခန်းစာကို အသေအချာ သူပြန်တွေးကြည့်လိုက်သည့်အခါ ကျယ်လောင်သော မိုးထစ်ချုန်းသံသည် ရွှီချင်း၏ စိတ်ထဲမှာ ဝုန်းခနဲ မြည်ဟိန်းသွားသည်။

“ တကယ်လို့ အတန်းချိန်မှာ လက်ထောက်ဒေသအကြီးအကဲပြောတဲ့ ( ဆေးဖက်ဝင်အပင် )နေရာမှာ ဒေသအကြီးအကဲကို ပြောင်းလဲလိုက်မယ်ဆိုရင် အားလုံးက… ယုတ္တိရှိသွားလိမ့်မယ် ”

All Chapters