← Chapters

လူသားမျိုးနွယ်၏ ဒေသစစ်လက်နက် အာရုဏ်ဦးနေမင်း(ဂ)

Vol. 50 Ch. 758

လူသားမျိုးနွယ်၏ ဒေသစစ်လက်နက် အာရုဏ်ဦးနေမင်း(ဂ)

Vol. 50 Ch. 758

သတ္တမမင်းသားသည် နှုတ်ဆိတ်သွားပြီး ခဏအကြာမှာ ခေါင်းညိတ်လိုက်သည်။

“ နောက်သုံးရက်ကြာရင် ဒေသအကြီးအကဲရဲ့ရာထူးကို ကြေညာဖို့ ပွဲအခမ်းအနားကြီးတစ်ခု ရှိတယ်… အဲ့နေ့ပြီးသွားရင် ဖုန်းဟိုင်ဒေသငယ်က မင်းကိုယ်ပိုင်နယ်မြေ ဖြစ်လာလိမ့်မယ်… ပြီးတော့ မင်းစိတ်ကြိုက်လုပ်ဆောင်နိုင်တယ် ”

“ မင်းလိုချင်တဲ့ လူသားဧကရာဇ်ကျင့်ယွင်ရဲ့ အမွေအနှစ်ကတော့ အဲ့ဒါကိုပေးဖို့ သဘောတူညီမှုတွေထဲမှာ သန့်စင်ရေလှိုင်းမျိုးနွယ်က လူသားမျိုးနွယ်ဘက်ကို ပြန်ရောက်လာရမယ်လို့ ပါရှိတယ်… အဲ့ဒီလို စီစဉ်ထားရတဲ့ အကြောင်းအရင်းတွေကလည်း နားလည်ပေးနိုင်ပါတယ် ”

“ တကယ်လို့ ခမည်းတော်က ဒီကိစ္စကို သိသွားမယ်ဆိုရင်တောင် ပိုကြီးမားတဲ့ ပုံရိပ်ကိုဦးစားပေးဖို့ အဲ့ဒါကို သေချာပေါက် သဘောတူလိမ့်မယ်… ဒါကြောင့် သူက ဘိုးဘေးနယ်မြေကို ဖွင့်လှစ်ပြီး အမွေအနှစ်ကို သိမ်းယူလိမ့်မယ်… ဒီကိစ္စကို သူတစ်ယောက်တည်းပဲ လုပ်ဆောင်နိုင်တယ်… တခြားဘယ်သူမှ မလုပ်ဆောင်နိုင်ဘူး ”

“ ဒါပေမဲ့ ငါအရမ်းပဲ သိချင်တယ်… အဲ့ဒါက အိုးလေးတစ်လုံးပဲ မဟုတ်လား… ဘာဖြစ်လို့ မင်းက အဲ့ဒီအတွက် ဒီလောက်ထိ အသေးစိတ် စီစဉ်ထားရတာလဲ ”

သတ္တမမင်းသားသည် လက်ထောက်ဒေသအကြီးအကဲကို ကြည့်လိုက်သည်။

လက်ထောက်ဒေသအကြီးအကဲသည် ပြုံးလိုက်ပြီး နူးညံ့စွာ ပြောသည်။

“ ငါမင်းကို ပြောပြနိုင်ပါတယ်… ဒါပေမဲ့ ငါလည်းပဲ ကိစ္စတစ်ခုကို သိချင်နေတယ်… တကယ်လို့ ဖုန်းဟိုင်ဒေသငယ်ကလူတွေ… သူတို့ရဲ့ကမ္မတွေအပါအဝင် အဲ့ဒါတွေအားလုံးကို ငါ့အရှင့်ဆီပေးလိုက်ပြီးရင် ငါ့အရှင်က ဝါးမျိုပစ်လိမ့်မယ်… အဲ့ဒီအခါ မင်းဘာလုပ်မလဲ ”

“ ငါ့ပုဂ္ဂိုလ်ရေးအမြင်ကနေ ကြည့်မယ်ဆိုရင် အဲ့ဒါက မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စပါ… အဲ့ဒါက ငါနဲ့ဘာမှမဆိုင်ဘူး… မျိုးနွယ်တစ်ခုလုံးရဲ့အမြင်ကနေ ကြည့်မယ်ဆိုရင် မင်းကိုဖိနှိပ်ဖို့ ငါရောက်လာမယ် ”

သတ္တမမင်းသားသည် တည်ငြိမ်စွာ ပြောသည်။

လက်ထောက်ဒေသအကြီးအကဲသည် ရယ်မောလိုက်ပြီး အဝေးသို့ လျှောက်သွားသည်။

“ မင်း ငါ့မေးခွန်းကို မဖြေရသေးဘူး ”

သတ္တမမင်းသားသည် အမူအရာကင်းမဲ့စွာ ပြောသည်။

လက်ထောက်ဒေသအကြီးအကဲသည် နောက်ပြန်မလှည့်ဘဲ စကားတစ်ခွန်းသာပြောလျက် အဝေးသို့ ဆက်လျှောက်သွားသည်။

“ တကယ်လို့ အဲ့ဒီအိုးက ငါ့အရှင်ရဲ့ ဦးခေါင်းခွံကနေ ပြုလုပ်ထားတာလို့ ငါပြောရင် မင်းယုံမလား ”

သတ္တမမင်းသား၏ မျက်လုံးသည် ချက်ချင်း ဝင်းလက်သွားသည်။

မဟာနန်းမြို့တော်ဒေသကြီးအတွင်းရှိ နန်းမြို့တော်ကို လူသားဧကရာဇ်ကျင့်ယွင်က ပြန်လည်တည်ဆောက်ခဲ့ကြောင်း သူသိသည်။ ထိုအထဲတွင် ရှေးဟောင်းဆန်းကြယ်မှုအများအပြားကို ထိန်းသိမ်းထားသည်။ ယင်းက ရှေးဘုရင်ရွှမ်ယုံ၏ ခေတ်ကာလဆီသို့ ပြန်လည်ခြေရာခံနိုင်သည်ဟူသော သမိုင်းကြောင်းတစ်ခု ရှိသည်။

လူသားဧကရာဇ်ကျင့်ယွင်သည် သူ့ဘဝတစ်လျှောက်တွင် ချစ်မြတ်နိုးသော ပိုင်ဆိုင်မှုများစွာ ရှိခဲ့သည်။ သို့သော် သူ၏ ဂူဗိမာန်ထဲသို့ အိုးတစ်လုံးကိုသာ ယူဆောင်သွားခဲ့သည်။

ထိုအရိုးအိုးကို သူ၏ ဘေးမှ အရွယ်အစားတူညီသော ခေါင်းတလားထဲသို့ထည့်၍ မြှုပ်နှံခဲ့သည်။ ဤသည်မှာ ဧကရာဇ်နှစ်ပါးကို ဘေးချင်းကပ်လျက် မြှုပ်နှံထားသည့်ဟန် တူသည်။

ထိုအိုးကို ပြုလုပ်ထားသော အရိုးသည် မည်သူ့ဟာဖြစ်ကြောင်း မည်သူမှမသိကြပေ။ သမိုင်းမှတ်တမ်းများထဲတွင်လည်း ဖော်ပြမထားပေ။

အမှန်တရားသည် အချိန်ကာလကုန်ဆုံးသွားသည်နှင့် လုံးလုံးပျောက်ဆုံးသွားသည်။ ယခု မှန်းဆမှုသာ ကျန်ရှိတော့သည်။ လူအများစုကတော့ ထိုအိုးသည် လူသားဧကရာဇ်ကျင့်ယွင်၏ မိတ်ဆွေကောင်းဖြစ်သော ကျစ်လွီဆဲ့တိုင်းပြည်မှ အိမ်ရှေ့စံမင်းသား၏ ဦးခေါင်းခွံဖြစ်သည်ဟု ဆိုကြသည်။

သတ္တမမင်းသားသည် ဆက်မမေးတော့ပေ။

လက်ထောက်ဒေသအကြီးအကဲသည် အဝေးသို့ ဆက်လျှောက်သွားပြီး မြင်ကွင်းထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

သတ္တမမင်းသားက တစ်ဖက်လူ၏ ထွက်ခွာသွားသော ပုံရိပ်ကို ငေးကြည့်နေစဉ် အရှိန်အဝါအမျှင်တန်းများသည် သူ၏ ဘေးပတ်ပတ်လည်တွင် ထွက်ပေါ်လာကြပြီး ဝတ်ရုံနက်လူများသို့ ပြောင်းလဲသွားကြသည်။

သူတို့သည် ကျန်းစီယွမ်၏ ဘေးတွင် ထွက်ပေါ်လာခဲ့ကြသော ဝတ်ရုံနက်လူများနှင့် အတူတူဖြစ်ကြသည်။

ထိုအဖွဲ့၏ ခေါင်းဆောင်သည် သတ္တမမင်းသားကို ဦးညွတ်လိုက်သည်။ သူက အေးစက်ပြီး အက်ရှရှလေသံဖြင့် ပြောသည်။

“ အရှင့်သား… အရှင်သာ အမိန့်ပေးလိုက်မယ်ဆိုရင် ကျုပ်တို့တွေ သူ့ကို ဒီနေရာမှာ အပြတ်ရှင်းပစ်နိုင်ပါတယ်… ကျုပ်တို့တွေ သူ့နောက်ခံကို စုံစမ်းစစ်ဆေးပြီးတာ ကြာလှပါပြီ… အဲ့ဒါက အလင်းရောင်လို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုပါ… သူရဲ့သရုပ်ကတော့…. ”

သတ္တမမင်းသားသည် ခေါင်းခါလိုက်သည်။

“ မင်းရှာတွေ့တဲ့ဟာတွေက သူမင်းကို ရှာတွေ့စေချင်တဲ့ဟာတွေပဲ ”

“ ငါသူနဲ့ သဘောတူညီထားတဲ့အတိုင်းပဲ ဆက်သွားမယ် ”

“ ပြီးတော့ ငါ့ညီတော်ဆယ့်နှစ်ကိုရော မင်းတို့ရှာတွေ့ပြီလား ”

သတ္တမမင်းသားသည် နဖူးကို ပွတ်သပ်လိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။

“ အရှင့်သား… ကျုပ်တို့တွေ ဒေသငယ်တစ်ခုလုံးကို ပိုက်စိပ်တိုက် စစ်ဆေးပြီးပါပြီ… ဒါပေမဲ့ ဆယ်နှစ်ယောက်မြောက်မင်းသားရဲ့ ဘာသဲလွန်စကိုမှ ရှာမတွေ့ပါဘူး… ဖုန်းဟိုင်ဒေသငယ်ဆီ လမ်းညွှန်နေတဲ့ သဲလွန်စတွေတော့ အရင်တုန်းက ရှာတွေ့ခဲ့ပေမယ့် အခု ဘာမှရှာမတွေ့တော့ပါဘူး ”

ဝတ်ရုံနက်အဖွဲ့ခေါင်းဆောင်သည် ခေါင်းငုံ့လိုက်သည်။

သတ္တမမင်းသား၏ မျက်နှာပေါ်မှာ အတွေးနက်နဲသော အမူအရာ ထွက်ပေါ်လာသည်။ တစ်ခဏကြာပြီးနောက် သူက ခေါင်းခါလိုက်ပြီး အနောက်သို့လှည့်ကာ ထွက်ခွာသွားသည်။

မကြာမီလာမည့် ပွဲအခမ်းအနား၏ သတင်းသည် သတ္တမမင်းသား၏ ပြန်ရောက်လာမှုနှင့်အတူ တောမီးသဖွယ် ပျံ့နှံ့သွားသည်။ သတင်းသည် ဝမ်ကူးကုန်းမြေ၏ နေရာတိုင်းသို့ ရောက်ရှိသွားသည်။

ယခု လူသားမျိုးနွယ်၏ လှုပ်ရှားမှုတိုင်းသည် မျိုးနွယ်စုတိုင်း၏ အာရုံစိုက်စရာဖြစ်လာချေ၏။

ထို့အပြင် ယင်းက ရာထူးခန့်အပ်ခြင်း အခမ်းအနားဖြစ်သည်။

ထိုပွဲအခမ်းအနားတွင် ဒေသအကြီးအကဲအသစ်ကို သတ္တမမင်းသားကိုယ်တိုင် ရာထူးခန့်အပ်မည်ဖြစ်သည်။

ထိုအချိန်မှစ၍ ရာထူးခန့်အပ်ခံရမည့် ဒေသအကြီးအကဲသည် ဖုန်းဟိုင်ဒေသငယ်၏ အထွတ်အမြတ် တည်ရှိမှုဖြစ်လာလိမ့်မည်။ သူ၏ စကားတိုင်းနှင့် လှုပ်ရှားမှုတိုင်းသည် ဒေသငယ်ထဲမှ မရေမတွက်နိုင်သော ပြည်သူပြည်သားများ၏ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်သည်။ ရုံးတော်သုံးခု၊ ဒေသအတွင်းမှ ကျင့်ကြံသူများနှင့် ဓားကိုင်တိုင်းသည် သူ၏ လက်အောက်မှာ တာဝန်ထမ်းဆောင်ကြရမည်။

ဖုန်းဟိုင်ဒေသငယ်၏ ပြည်နယ်ဆယ်သုံးခုအတွင်းမှ မည်သည့်ဂိုဏ်းအဖွဲ့အစည်းမဆို သို့မဟုတ် မည်သည့်အင်အားစုမဆို ဒေသအကြီးအကဲထံမှ အမိန့်တော်တစ်ခု ထုတ်ပြန်ရုံမျှဖြင့် အမြစ်ဖြတ်ဖျက်ဆီးခံရလိမ့်မည်။

ထို့အပြင် ဒေသအကြီးအကဲသည် ဒေသငယ်၏ ကမ္မဖြင့် ကောင်းချီးပေးခြင်းခံရလိမ့်မည်။ ယင်းက သူ့ကျင့်ကြံခြင်း၏ ကန့်သတ်ချက်များကို ချိုးဖြတ်နိုင်စေပြီး သက်ဆိုင်ရာအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားစေလိမ့်မည်။

ထိုအထွတ်အထိပ်သည် ဒေသငယ်၏ အထွတ်အထိပ်ဖြစ်သည်။

စွမ်းအားနှင့် အခွင့်အာဏာကို ပိုင်ဆိုင်ထားရင်း ထိုပုဂ္ဂိုလ်သည် ဖုန်းဟိုင်ဒေသငယ်နှင့် လူသားမျိုးနွယ်၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးရန် တာဝန်ယူရလိမ့်မည်။

ဒေသအကြီးအကဲအသစ်ကို တရားဝင် ထုတ်ပြန်မကြေညာရသေးသော်လည်း ဖုန်းဟိုင်ဒေသငယ်ထဲမှ လူတိုင်းသည် ရွေးချယ်ခံရမည့် ကိုယ်စားလှယ်လောင်းကို အလွယ်တကူ ခန့်မှန်းနိုင်ကြသည်။

အဘယ့်ကြောင့်ဆိုသော် ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးတွင် ကံကြမ္မာ၏ အလှည့်အပြောင်းများစွာကို တွေ့ကြုံပြီးနောက် ဒေသအကြီးအကဲဖြစ်လာရန် အရည်အချင်းပြည့်မီသူသည် လက်ထောက်ဒေသအကြီးအကဲတစ်ဦးတည်းသာ ကျန်ရှိတော့သောကြောင့် ဖြစ်သည်။

လက်ထောက်ဒေသအကြီးအကဲသည် ဓာတ်ပြယ်ဆေးလုံးကို ဖန်တီးပေးခြင်းဖြင့် လူပေါင်းများစွာ၏ ချီးကျူးလေးစားမှုကို ရရှိခဲ့သည်။ စစ်ပွဲအတွင်းမှာ သူသည် နေ့မနားညမနားဘဲ နောက်တန်းကို ဘေးကင်းလုံခြုံအောင် ကာကွယ်ပေးခဲ့သည်။ သတ္တမမင်းသားရောက်ရှိလာပြီးနောက် သူသည် ဖုန်းဟိုင်ဒေသငယ်အတွက် အကျိုးရှိစေမည့် ကိစ္စများကို အဆိုတင်သွင်းခဲ့သည်။

ထိုအောင်မြင်မှုများသည် လူတိုင်း၏ နှလုံးသားနှင့် မျက်လုံးထဲမှာ ကျန်နေခဲ့ပြီး လေးနက်သော ချီးကျူးလေးစားခြင်းခံရသည်။

အကယ်၍ ဓားကိုင်ရုံးတော်သခင်သာ အသက်ရှင်နေသေးမည်ဆိုလျှင် သူသည် ရာထူးအတွက် ပထမဦးစားပေးဖြစ်လိမ့်မည်။ တခြားရုံးတော်သခင်နှစ်ယောက်သည်ပင် အရည်အချင်းပြည့်မီကြသည်။ သို့သော်လည်း ယခုတော့ လက်ထောက်ဒေသအကြီးအကဲ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။

ယခု သူသည် လူတိုင်း၏ ကျောရိုးမကြီးသဖွယ် ဖြစ်နေရုံသာမက ဖုန်းဟိုင်ဒေသငယ်၏ ယခင်အစိုးရအဖွဲ့၏ ကိုယ်စားလှယ်လည်း ဖြစ်သည်။

သို့ဖြစ်၍ လူတိုင်း၏ အမြင်တွင် သူတစ်ဦးတည်းသာ ဒေသအကြီးအကဲရာထူးကို လက်ခံရန် အရည်အချင်းပြည့်မီသည်။

ရွှီချင်းသည်လည်း ဤသတင်းကို ရရှိသွားသည်။ သူသည် သေရည်ကိုသာ ဆက်လက်သောက်နေသည်။ ဝိုင်ပုလင်းသည် တစ်ပုလင်းပြီးတစ်ပုလင်း ကုန်ဆုံးသွားသည်။

“ တစ်လပြည့်ဖို့ ကိုးရက်ကျန်နေသေးတယ်… ဒီကိုးရက်ထဲမှာ ချီယွဲ့ထုံဂိုဏ်းကို ငါပြန်မယ် ”

“ နတ်မိမယ်ကျစ်ရွှမ်းဆီကို ငါသွားလည်ရဦးမယ်… ပြီးတော့ လင်းအာ… ငါဒီကနေ ထွက်မသွားခင် သူနိုးလာပြီလားဆိုတာ တစ်ခေါက်တော့ သွားကြည့်သင့်တယ် ”

“ ပြီးတော့ ဆရာက ဘာကိုသန့်စင်နေလဲ ငါမသိပေမဲ့ အဲ့ဒါက သေချာပေါက် ကြီးမားတဲ့ ရတနာတစ်ခုဖြစ်ရမယ် ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။

“ စီနီယာအကိုကြီးက အနာဂတ်မှာ ကိစ္စကြီးတွေကို ဆက်လက်လုပ်ဆောင်ဦးမှာ… နောက်တစ်ခုက ဘယ်ဟာဖြစ်မလဲ ငါသိချင်မိတယ်… ငါသေချာကြိုးစားပြီး ကျင့်ကြံရမယ်… ဒါမှ ငါတို့ပြောထားတဲ့အတိုင်း ဒီဘဝမှာ အတူတူ ခရီးထွက်နိုင်မှာ… အနောက်မှာ ငါကျန်နေခဲ့လို့မဖြစ်ဘူး ”

All Chapters