← Chapters

လူသားမျိုးနွယ်၏ ဒေသစစ်လက်နက် အာရုဏ်ဦးနေမင်း(ဃ)

Vol. 50 Ch. 759

လူသားမျိုးနွယ်၏ ဒေသစစ်လက်နက် အာရုဏ်ဦးနေမင်း(ဃ)

Vol. 50 Ch. 759

“ ခေါင်းဆောင်လဲ့ရဲ့ အုပ်ဂူကို ငါသန့်ရှင်းရေးလုပ်ပေးရဦးမယ်… ဆရာသခင်ပိုင်ရဲ့ အုပ်ဂူကို အရိုအသေပေးရဦးမယ်… ပြီးတော့ ဆဌမသခင်ကြီးရဲ့ အုပ်ဂူကိုလည်း သန့်ရှင်းပေးရဦးမယ် ”

“ ငါလုပ်ရမယ့်ကိစ္စတွေ အများကြီးပါလား… အခု ဟွမ်ယန် ဘာလုပ်နေမလဲ ငါသိချင်လိုက်တာ… သူရဲ့ သရုပ်မှန်ကို ငါအတည်မပြုရသေးဘူး ”

“ ဘိုးဘေးရွှယ်လျန်ကျစ်က အသက်ကြီးလာပြီ ”

“ စီနီယာအကိုကြီးကျန်းစန်၊ ယန်ယန်နဲ့ တင်းရွှယ်ကို မတွေ့ရတာ အတော်ကြာသွားပြီ ”

“ ငါလုပ်ရမယ့်ကိစ္စတွေက အများကြီးပဲ… ဒေသငယ်မြို့တော်မှာ ငါဆက်မနေနိုင်သလို အလျင်စလိုလုပ်လို့လည်း မဖြစ်ဘူး ”

ရွှီချင်းသည် သေရည်ကို အကြီးကြီးတစ်ကျိုက် မော့ချလိုက်သည်။

“ ဟုတ်တယ်… အဲ့ဒါကြောင့်ပဲ ”

“ ငါ့ကျင့်ကြံခြင်းအဆင့်က အရမ်းအားနည်းနေတယ်… ဒီတောင်ကို ငါမထမ်းပိုးနိုင်ဘူး… ဖုန်းဟိုင်ဒေသငယ်ရဲ့ စစ်ပွဲမှာ ငါပါဝင်ခဲ့တယ်… ဒီနေရာအတွက် ငါနောင်တမရဘူး ”

“ ဓားကိုင်… အဲ့ဒီနေရာက ငါ့အတွက် မသင့်တော်တော့တာ ဖြစ်လောက်တယ်… ဒါပေမဲ့ ကိစ္စမရှိဘူး… ငါဟာ ငယ်ငယ်လေးကတည်းက ရက်စက်တဲ့ ဒီလောကကြီးထဲမှာ အသက်ရှင်ဖို့အတွက် တစ်ယောက်တည်း ရုန်းကန်ခဲ့ရတယ်… ငါမထိန်းချုပ်နိုင်တဲ့အရာတွေ အများကြီးပဲ ”

“ ငယ်ငယ်လေးကတည်းက ငါ့အိမ်မက်က အသက်ရှင်ပြီး ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ပဲ ”

ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး လကုန်ရန် ခုနစ်ရက်အလိုထိ ဆက်တိုက် သေရည်သောက်နေသည်။

ယနေ့သည် ပွဲအခမ်းအနားကျင်းပမည့်နေ့ ဖြစ်သည်။

အစကတော့ ရွှီချင်းသည် ပွဲမတတ်ရောက်ရန် ရည်ရွယ်ထားသည်။ ခုနစ်ရက်ကြာပြီးနောက် ခေါင်းဆောင်နှင့်အတူ သူထွက်မသွားခင်အထိ ဓားကိုင်အိမ်ယာထဲမှာသာ ရှိနေချင်သည်။

သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ဖုန်းဟိုင်ဒေသငယ်၏ ခေါင်းလောင်းသံက မြည်ဟိန်းသွားပြီး သူ၏ အမိန့်တော်ဓားက တုန်ခါလာသည့်အခါ ရွှီချင်းသည် ဝိုင်ပုလင်းကို ဘေးတွင် အလိုအလျှောက် ချထားလိုက်ပြီး ဓားအိမ်ယာထဲမှ တိတ်တဆိတ် ထွက်လျှောက်လာသည်။ သူသည် မြို့တော်ဆီသို့ ပျံသန်းသွားပြီး တစ်ချိန်က အာဇာနည်ဖြစ်ခဲ့ကြသော ဖုန်းဟိုင်ဒေသငယ်၏ သူရဲကောင်းဝိညာဉ်များအား ဂုဏ်ပြုရာနေရာဖြစ်သော မြေကွက်လပ်ဆီသို့ လျှောက်သွားသည်။

ထိုနေရာတွင် လူအများအပြားသည် အစီအစဉ်တကျ မတ်တတ်ရပ်နေကြသည်။

ရုံးတော်သုံးခုမှ ကျင့်ကြံသူအားလုံး ရောက်ရှိနေကြ၍ ဤနေရာတွင် လူသိန်းပေါင်းများစွာ စုဝေးနေကြသည်။ သူတို့တစ်ဦးချင်းစီသည် စိတ်လှုပ်ရှားသောမျက်နှာဖြင့် အဝတ်အစားအသစ်တစ်စုံကို ဝတ်ဆင်ထားကြသည်။ သူတို့၏ မျက်လုံးထဲတွင် မျှော်လင့်တောင့်တသော အရိပ်အယောင်တချို့ ရှိသည်။

ရုံးတော်သုံးခု၏ လက်ထောက်ရုံးတော်သခင်များသည်လည်း ထို့အတူပင်။ သူတို့၏ စိုးရိမ်သောကသည် လွင့်ပြယ်သွားသည်။ စစ်မြေပြင်တွင် ပါဝင်ဆင်နွှဲခဲ့ကြသော ဓားကိုင်များသည်ပင် စိတ်လှုပ်ရှားမှုက သူတို့၏ မျက်လုံးထဲမှာ အတိုင်းသား ထွက်ပေါ်နေသည်။

လူသားမျိုးနွယ်သည် ကြီးမားသော အောင်ပွဲကိုရရှိခဲ့ပြီး သူတို့ကိုယ်ပိုင် ဒေသစစ်လက်နက်ကို ပိုင်ဆိုင်ထားသည်။ သူတို့သည် သားကောင်နေရာမှာ မရှိတော့ပေ။ ထိုပျော်ရွှင်ဖွယ်သတင်းများက သူတို့ကို အလွန်တရာ စိတ်ဓာတ်တတ်ကြွစေခဲ့သည်။

ထို့အပြင် ယခု သန့်စင်ရေလှိုင်းဒေသကြီး၏ ထက်ဝက်ကို လူသားမျိုးနွယ်က ပိုင်ဆိုင်သွားပြီ ဖြစ်သည်။ လူသားမျိုးနွယ်က ထိုသို့အောင်မြင်မှုမရရှိခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် လာမည့်ဆွေးနွေးညှိနှိုင်းမှုပြီးသွားလျှင် သန့်စင်ရေလှိုင်းမျိုးနွယ်သည် လူသားမျိုးနွယ်နှင့် ပေါင်းစပ်သွားလိမ့်မည်။ ဤသည်မှာ လူသားမျိုးနွယ်က နောက်ထပ်ဒေသကြီးတစ်ခုကို ပိုင်ဆိုင်သွားခြင်းနှင့် မခြားပေ။ ထိုသို့သမိုင်းတွင်မည့်ကိစ္စမျိုးက ဖြစ်ပေါ်မလာခဲ့သည်မှာ နှစ်ထောင်သောင်းများစွာ ကြာမြင့်ခဲ့ချေ၏။

ဖုန်းဟိုင်ဒေသငယ်တွင် ဒေသအကြီးအကဲသစ်ကြိုဆိုခြင်းသည် လူတိုင်း လိုချင်တောင့်တနေသော အရာဖြစ်သည်။ အရာအားလုံးသည် ပျော်ရွှင်လှပစွာ ဆက်လက်သွားနေဟန် ရသည်။

ခေါင်းဆောင်၊ ခုန်းရှန်းလုံ၊ ချင်းချိုးနှင့် နင်ယန်သည် လူအုပ်ထဲမှာ ရှိကြသည်။

ရွှီချင်းကိုမြင်လိုက်သောအခါ ခေါင်းဆောင်သည် အရှေ့သို့ တိုးသွားပြီး ရွှီချင်း၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။ သူက အနံ့ခံကြည့်လိုက်သည့်အခါ အံ့အားသင့်သော အမူအရာ ထွက်ပေါ်လာသည်။

“ ဘာဖြစ်တာလဲ… အရင်တစ်ခေါက်က ငါမင်းဆီ အသံပို့လိုက်တော့ မင်းတံခါးပိတ်ကျင့်ကြံနေတယ်လို့ ငါ့ကိုမပြောဘူးလား… ဘာလို့ အခု မင်းကိုယ်ကနေ အရက်နံ့တထောင်းထောင်း ထွက်နေတာလဲ ”

ရွှီချင်းသည် ခေါင်းခါလိုက်ပြီး ပြုံးသည်။

“ ငါအဆင်ပြေပါတယ် ”

ခေါင်းဆောင်သည် ဇဝေဇဝါဖြစ်သွားသည်။ သူက ဆက်မေးတော့မည့်အချိန် ခေါင်းလောင်းသံမြည်ဟိန်းသွားပြီး ကောင်းကင်ပေါ်မှ ရွှေရောင်နဂါးသည် ရောင်စုံအလင်းကို အန်ထုတ်လိုက်သည်။ သတ္တမမင်းသားသည် ဝတ်ရုံအဝါကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းပန်းဖွားကိုးခုဖြင့် တန်ဆာဆင်ထားသော သရဖူကို ဆောင်းထားလျက် မြင့်မြတ်ထည်ဝါသော အရှိန်အဝါဖြင့် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။

သူ၏ ခြေလှမ်းတစ်လှမ်းစီတိုင်းသည် ကြီးကျယ်ခမ်းနားပြီး ကျက်သရေရှိသည်။ သူ၏ ရှည်လျားသော ပုံရိပ်က ယခုအချိန်မှာ ထူးခြားသာလွန်သော ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ်နေသည်။

သူ၏ ရောက်ရှိလာမှုသည် မြေကွက်လပ်ထဲမှ လူသိန်းပေါင်းများစွာကို ချက်ချင်း အော်ဟစ်ချီးမြှောက်သွားစေသည်။

“ အမြဲတမ်းနိုင်ရမယ် ”

“ အမြဲတမ်းနိုင်ရမယ် ”

“ အမြဲတမ်းနိုင်ရမယ် ”

သတ္တမမင်းသားသည် ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။ သူက စင်မြင့်ပေါ်သို့ ဆက်လျှောက်သွားသည်။ သူ၏ အနောက်တွင် လူဒါဇင်ခန့် လိုက်ပါလာကြပြီး သူတို့တစ်ဦးချင်းစီသည် အရာရှိဝတ်စုံကို ဝတ်ဆင်ထားကြသည်။

သူတို့သည် ရုံးတော်သုံးခုမှ စစ်ဗိုလ်ချုပ်များ၊ နန်းမြို့တော်မှ စစ်ဗိုလ်ချုပ်များနှင့် တပ်မှူးများဖြစ်ကြသည်။ အင်မော်တယ်တားမြစ်နယ်မြေအား စစ်ဆေးတူးဖော်ခြင်းကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်သွေးအိမ်မက်ဆိုးသည်ပင် ထိုအဖွဲ့ထဲမှာ ရှိသည်။

သူတို့အပြင် လက်ထောက်ဒေသအကြီးအကဲလည်း ရှိသည်။

သူသည် ယခင်အတိုင်း တည်ငြိမ်နေပြီး သူ၏ မျက်နှာပေါ်တွင် ညင်သာသော အပြုံးရှိသည်။ သူ၏ မျက်လုံးထဲမှ ကရုဏာအကြည့်သည် ပြောင်းလဲမသွားပေ။ သူက လူသားမျိုးနွယ်၏ ကြီးမားသော အောင်ပွဲအတွက် ကြည်နူးဝမ်းသာဖြစ်မိပြီး စိတ်သက်သာရာရသွားသည့်ပုံ ထင်ရသည်။

သူတို့သည် ကောင်းကင်ပေါ်တွင် တစ်လှမ်းချင်းလျှောက်နေပြီး စင်မြင့်နားသို့ ချဉ်းကပ်သွားကြသည်။ နောက်ဆုံးတွင် သူတို့သည် စင်မြင့်နားမှာ ရပ်လိုက်ကြသည်။ သတ္တမမင်းသားတစ်ယောက်တည်းသာ အရှေ့သို့ ဆက်လျှောက်သွားပြီး စင်မြင့်၏ အမြင့်ဆုံးနေရာဆီသို့ တတ်လှမ်းသွားသည်။ သူက ကြီးမြတ်သော ရှေးဘုရင်ရွှမ်ယုံ၏ ရုပ်တုကို ကျောပေးပြီးလျှင် စင်မြင့်အောက်မှ ကျယ်ပြောသော မြေကွက်လပ်ဆီသို့ ငုံ့ကြည့်လိုက်သည်။

ချက်ချင်းဆိုသလို စင်မြင့်အောက်မှ သိန်းပေါင်းများစွာသော ကျင့်ကြံသူများသည် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ သူတို့အားလုံးသည် တည်ကြည်လေးနက်သော အမူအရာဖြင့် သတ္တမမင်းသားနှင့် သူ၏ အနောက်မှ ရှေးဘုရင်ရွှမ်ယုံ၏ ရုပ်တုကို ကြည့်လိုက်ကြသည်။

ရွှီချင်းသည် ခေါင်းမော့လိုက်သည်။ ထိုမြင်ကွင်းကို မြင်သွားသည့်အခါ သူ၏ နှလုံးသည် တုန်ယင်သွားသည်။ သူ၏ နှလုံးသားထဲမှာ ခံစားချက်ပေါင်းစုံက ပရမ်းပတာ ထွက်ပေါ်လာသည်။

ရွှီချင်းသည် ထိုအဖြစ်နှင့် နေသားကျသွားပြီ ဖြစ်သည်။ ဤနှစ်ဆယ့်သုံးရက်အတွင်းမှာ သူသည် ထိုပုံစံဖြင့် နေနေခဲ့ရသည်။ ဤအခိုက်အတန့်မှာ သူသည် သေရည်သောက်ချင်လာသည်။ သို့သော် သူ့မှာ ဝိုင်ပုလင်း မရှိချေ။ သို့ဖြစ်၍ သူက စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။

‘ ပွဲအခမ်းအနားပြီးသွားရင် ဆေးပင်တွေအများကြီး ငါဝယ်ရမယ် ’

‘ ကျန်ရှိတဲ့ စစ်ရေးအကျိုးပြုအမှတ်တွေကို လာမယ့်ရက်တွေမှာ ငါလဲလှယ်ရမယ်… ဒီကို နောက်တစ်ခေါက် ပြန်လာဖြစ်ဖို့ အချိန်အတော်ကြာသွားရင်လည်း ကြာသွားနိုင်တယ် ’

‘ အင်း… ဓမ္မအသုံးအဆောင်တချို့နဲ့ တခြားပစ္စည်းတွေကိုလည်း ဝယ်ရဦးမယ် ’

ရွှီချင်းသည် သူထွက်မသွားခင် လုပ်ဆောင်ရမည့်အရာများကို အကောင်းဆုံးကြိုးစား၍ စဉ်းစားနေသည်။ သူက နှလုံးသားထဲမှ ပရမ်းပတာဖြစ်နေသော ခံစားချက်များကို ဖိနှိပ်နေစဉ် စင်မြင့်ပေါ်တွင် မတ်တတ်ရပ်နေသော သတ္တမမင်းသားသည် လက်သီးဆုပ်လိုက်ပြီး မြေပြင်ပေါ်မှ သိန်းပေါင်းများစွာသော လူများကို အရိုအသေပေးလိုက်သည်။

“ လက်ရှိဖုန်းဟိုင်ဒေသငယ်က ဘေးကင်းလုံခြုံသွားပြီ… အဲ့ဒါက ကျုပ်တစ်ယောက်တည်းကြောင့်မဟုတ်ဘူး… ခင်ဗျားတို့အားလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ… အဲ့ဒါက ကျုပ်တို့တွေ အတူတကွကြိုးစားပြီး ကာကွယ်စောင့်ရှောက်ရမယ့်အရာပဲ ”

“ အောင်ပွဲက ကျုပ်တစ်ယောက်တည်းပိုင်တဲ့အရာ မဟုတ်ဘူး… ခင်ဗျားတို့အားလုံး ပိုင်ဆိုင်တဲ့အရာ… ရှေ့တန်းစစ်မြေပြင်မှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြတဲ့ စစ်သည်တော်တွေပိုင်ဆိုင်တဲ့အရာပဲ ”

“ ဒါကြောင့် ဒီနေ့ပွဲအခမ်းအနားမှာ ခင်ဗျားတို့တတွေကို ဦးစွာပထမ ကျုပ်အရိုအသေပေးချင်တယ်… ဒီက သူရဲကောင်းဝိညာဉ်တွေကို ကျုပ်နဲ့အတူတူ ခင်ဗျားတို့ လိုက်အရိုအသေပေးကြပါ ”

သတ္တမမင်းသား၏ အမူအရာသည် တည်ကြည်လေးနက်သည်။ သူက စကားဆုံးသည်နှင့် စစ်မြေပြင်၏ ဦးတည်ရာသို့ လှည့်လိုက်ပြီး လေးနက်စွာ အရိုအသေပေးလိုက်သည်။

သူ၏ စကားသည် ဤနေရာတွင် စုဝေးရောက်ရှိနေကြသော လူတိုင်း၏ စိတ်နှလုံးကို လှုပ်ခတ်သွားစေသည်။ သူတို့သည် ချက်ချင်း လက်သီးဆုပ်လိုက်ကြပြီး အရိုအသေပေးလိုက်ကြသည်။

“ လူသားမျိုးနွယ်က အခုလိုမျိုး အမြဲတမ်း ဘေးကင်းလုံခြုံနေမယ်လို့ ကျုပ်မျှော်လင့်တယ်… လူသားမျိုးနွယ်က ယခင်တုန်းက ဂုဏ်ကျက်သရေကို ပြန်လည်ရယူနိုင်မယ်လို့ ကျုပ်မျှော်လင့်တယ် ”

သတ္တမမင်းသား၏ အသံသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားပြီး ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခါသွားစေသည်။ ကောင်းကင်ပေါ်တွင် မင်္ဂလာရှိသော အတိတ်နိမိတ်များက ဖြစ်ပေါ်လာကြသည်။

All Chapters