နှလုံးသား၏ ဦးဆောင်ရာသို့(က)
Vol. 50 Ch. 760
တိမ်တိုက်များက တလိပ်လိပ် ရွေ့လျားသွားပြီး မိုးကုပ်စက်ဝိုင်းတစ်လျှောက် ဖြတ်သန်းသွားနေလေရာ ခမ်းနားမြင့်မြတ်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
တိမ်တိုက်များသည် ရွှေရောင်သို့ ပြောင်းလဲသွားပြီး ကောင်းကင်၏ အမြင့်တစ်နေရာတွင် လွင့်မျောနေကြသည်။ ယင်းတို့က ဤကြီးမြတ်သော ပွဲအခမ်းအနားကို သက်သေထူပေးနေသည့်အလားပင်။
လက်သည်းလေးခု ရွှေရောင်နဂါး၏ ဟိန်းသံသည် ပဲ့တင်ထပ်သွားပြီး ရောင်ခြည်တန်းများကို ပိုမိုထုတ်လွှတ်လာသည်။ ရောင်ခြည်တန်းများကြားတွင် ယခင်ဒေသအကြီးအကဲဟောင်းများ၏ ပုံရိပ်များက ဝေဝေဝါးဝါး ပေါ်ထွက်လာနေကြလေရာ သူတို့က ဤအခိုက်အတန့်ကို သက်သေပြုပေးနေသည့်အလားပင်။
သို့သော်လည်း သူတို့သည် ကမ္မမှဖြစ်တည်လာသော ပုံရိပ်ယောင်များသာ ဖြစ်ကြသည်။
ထို့အပြင် ဝိညာဉ်စွမ်းအင်ရေပန်းများလည်း ရှိသည်။ ယင်းတို့က မြေပေါ်သို့ ကျဆင်းလာပြီး ဒေသငယ်မြို့တော်ထဲတွင် ကျန်ရှိနေသော ဒြပ်နှောများကို လုံးလုံးလွင့်ပြယ်သွားစေသည်။
ဒေသငယ်မြို့တော်ထဲမှ မရေမတွက်နိုင်သော အပင်များသည် ကျန်းမာသန်စွမ်းစွာ ရှင်သန်ကြီးထွားလာကြပြီး သက်ရှိများသည် သူတို့၏ ကျင့်ကြံခြင်းအခြေခံက မသိမသာ တိုးတတ်သွားသည်ကို ခံစားမိကြသည်။ သူတို့၏ နာတာရှည်ရောဂါများနှင့် ဒဏ်ရာတချို့သည်လည်း ဖြည်းဖြည်းချင်း စတင်ပျောက်ကင်းလာကြသည်။
ဤသည်မှာ ရွှေခေတ်သို့ ရောက်ရှိသွားသည့်အလားပင်။
ထိုမြင်ကွင်းသည် ဤနေရာမှ ကျင့်ကြံသူများနှင့် မြို့တော်ထဲမှ လူတိုင်းကို အော်ဟစ်ချီးမြှောက်သွားစေသည်။
ဤနေရာတွင် ဖုန်းဟိုင်ဒေသငယ်၏ မျိုးနွယ်အသီးသီးထံမှ ကိုယ်စားလှယ်များလည်း စုဝေးရောက်ရှိနေကြသည်။ ဤမြင်ကွင်းကို သူတို့မြင်သွားသောအခါ ကြောက်ရွံ့ရိုသေခြင်းကို ခံစားသွားကြရသည်။
ကျွင်းရွှင်းမျိုးနွယ်သည်ပင် ရိုသေလေးစားစွာ ခေါင်းငုံ့ထားကြရသည်။
စင်မြင့်၏ အပြင်ဘက်တွင် သတ္တမမင်းသား၏ နောက်လိုက်များဖြစ်ကြသော နန်းမြို့တော်စစ်တပ်မှ စစ်ဗိုလ်ချုပ်တချို့သည် စိတ်အားထက်သန်သော အမူအရာကို ထုတ်ဖော်လာကြသည်။ သတ္တမမင်းသားသည် သူတို့ကို ဦးဆောင်ပြီး လူသားမျိုးနွယ်အတွက် အောင်မြင်မှုကို ရရှိခဲ့သည်။ သို့ဖြစ်၍ စစ်ဗိုလ်ချုပ်တစ်ဦးချင်းစီသည် ကြီးမားသော အကျိုးဆောင်မှုကို ရရှိခဲ့ကြသည်။
ထိုအထဲတွင် ရုံးတော်သုံးခုမှ စစ်ဗိုလ်ချုပ်များလည်း ပါဝင်သည်။
လက်ထောက်ဒေသအကြီးအကဲသည် ထိုနေရာတွင် မတ်တတ်ရပ်နေပြီး ကောင်းကင်ပေါ်သို့ ကြည့်နေသည်။ သူ၏ မျက်နှာပေါ်တွင် အတိတ်ကို လွမ်းဆွေးတမ်းတသော အရိပ်အယောင်ရှိသည်။ ဤသည်မှာ တစ်ချိန်တုန်းက ထိုသို့တူညီသော အောင်မြင်မှုမျိုးကို တစ်စုံတစ်ယောက်က ရရှိခဲ့ဖူးသည်ကို သူက မြင်ခဲ့ဖူးသည့်အလားပင်။ ထိုအချိန်တုန်းက ကြီးကျယ်ခမ်းနားမှုသည် သည်ထက် အဆပေါင်းများစွာ ကျော်လွန်သည်။
‘ ကိစ္စမရှိပါဘူး… မကြာခင် အားလုံးက သူ့နေရာတကျ ပြန်ရောက်တော့မှာပဲ… အို ငါ့အရှင်… လာမယ့်သုံးရက်အတွင်းမှာ သန့်စင်ရေလှိုင်းမျိုးနွယ်နဲ့ အပေးအယူပြီးမြောက်ပြီးသွားရင် ဖုန်းဟိုင်ဒေသငယ်က သက်ရှိအားလုံးကို ငါပေးလှူနိုင်တော့မှာ… အဲ့ဒီအခါ သူတို့ရဲ့ကမ္မကနေ ဖြစ်လာမယ့် အထွတ်အမြတ်ကမ္မသစ်သီးကို ငါထုတ်ယူပြီး အရှင့်ကို လက်ဆောင်အဖြစ်ပေးမယ် ’
လက်ထောက်ဒေသအကြီးအကဲသည် ပြုံးလိုက်ပြီး စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ သူ့ကဲ့သို့ အလွန်ဉာဏ်များသည့် ပုဂ္ဂိုလ်သည်ပင် နှလုံးသားထဲ၌ လှိုင်းမထဘဲမနေပေ။ သို့သော်လည်း လွမ်းဆွေးတမ်းတသော အရိပ်အယောင်သည် သူ၏ မျက်နှာပေါ်မှ အမြန်ပျောက်ကွယ်သွားသည်။
သူက ညင်သာစွာ ဆက်လက်ပြုံးထားသည်။ သူ၏ မျက်လုံးထောင့်၌ ဖုံးကွယ်နေသော သရော်လှောင်ပြောင်ခြင်းသည် ပိုပြီးထင်ရှားလာသည်။
လူအုပ်ကြီး၏ အနောက်တွင် ရပ်နေသော ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ကြည့်လိုက်သည်။ သို့သော်လည်း သူ၏ အကြည့်သည် သတ္တမမင်းသားဆီမဟုတ်ဘဲ သူ့အနောက်မှ ရှေးဘုရင်ရွှမ်ယုံ၏ ဧရာမရုပ်တုကြီးဆီသို့ ဖြစ်သည်။
နောက်ထပ်စကားသံတစ်သံသည် သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်နေသည်။
“ ဓားကိုင်တွေ… ဧကရာဇ်အောက်က ဘယ်သူ့ကိုမဆို မင်းတို့တွေ သတ်ပစ်နိုင်တယ် ”
ထိုစကားသံသည် ဤနှစ်ဆယ့်သုံးရက်လုံးလုံး သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်နေပြီး ရွှီချင်း၏ ကြိမ်ဖန်များစွာ ဖိနှိပ်ခံခဲ့ရသည်။
“ စီနီယာအကိုကြီး နောင်ကျရင် ဒီကနေ ငါတို့ထွက်လို့ရအောင် ဘယ်လိုအကြောင်းပြချက်မျိုး ရှာရမလဲ ”
ရွှီချင်းသည် သူ၏ ဘေးမှ ခေါင်းဆောင်ဆီသို့ တိုးညင်းစွာ အသံပို့လွှတ်လိုက်သည်။
“ ရိုးရှင်းပါတယ်ကွာ… အဲ့ဒီကိစ္စကို ငါစဉ်းစားထားပြီးပြီ… ငါတို့ ဒီကိုရောက်တာ နှစ်နှစ်ရှိသွားပြီ… ငါတို့တွေ စစ်ရေးအကျိုးပြုအမှတ်တွေကို အသုံးပြုပြီး ဓားကိုင်အသစ်တွေက မြို့တော်ထဲမှာ သုံးနှစ်ပြည့်အောင်နေရမယ်ဆိုတဲ့ လိုအပ်ချက်ကို လျှော့ချနိုင်တယ်လေ… အဲ့ဒီအခါ ငါတို့တွေ တစ်နေရာရာကို တပ်ဖြန့်ဖို့ ရွေးချယ်နိုင်တယ်… ပြီးသွားရင် ယင်ဟွမ်ပြည်နယ်ဆီပြန်ဖို့ နည်းလမ်းတစ်ခုခုကို ငါစီစဉ်လိုက်မယ် ”
ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
“ နှစ်နှစ်တောင် ရှိသွားပြီလား ”
အချိန်ကုန်မြန်သည်ဟု ရွှီချင်း ခံစားမိသွားသည်။
“ ဟုတ်တယ်… နှစ်နှစ်ရှိသွားပြီ ”
ခေါင်းဆောင်သည် အနည်းငယ် စိတ်ခံစားချက်ပြင်းသွားသည်။
“ ဒါဆို ဒီနှစ်မှာ ငါ့အသက်က နှစ်ဆယ်ဖြစ်မယ် ”
“ ဟုတ်တယ် ချင်းလေး… မင်းက လုံးလုံးအရွယ်မရောက်သေးတာ မဟုတ်သေးဘူး ”
ခေါင်းဆောင်သည် သဘောကျစွာ ရယ်မောလိုက်သည်။
“ ငါက အသက်နှစ်ဆယ်ရှိသွားပြီ ”
ရွှီချင်းသည်လည်း ပြုံးလိုက်သည်။
ထိုအခိုက်အတန့်မှာ ဘေးပတ်ပတ်လည်မှ အော်ဟစ်ချီးမြှောက်သံများကြား၌ စင်မြင့်ပေါ်မှ သတ္တမမင်းသားသည် သူ၏ လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို မြေကွက်လပ်ထဲရှိ လူသိန်းပေါင်းများစွာသည် တိတ်ဆိတ်သွားကြသည်။ မြို့တော်သည်လည်း ဖြည်းဖြည်းချင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
“ ဖုန်းဟိုင်ဒေသငယ်က ပြည်သူပြည်သားတွေ… ခင်ဗျားတို့တတွေ ပြီးခဲ့တဲ့နှစ်ဝက်အတွင်းမှာ အတော်လေး ဒုက္ခကြုံခဲ့ကြရတယ် ”
သတ္တမမင်းသားသည် နူးညံ့စွာ ပြောသည်။
“ ခင်ဗျားတို့ကိုယ်ပေါ်က သွေးချွေးတွေကို ကျုပ်မြင်တယ်… လူသားဧကရာဇ်က ခင်ဗျားတို့ရဲ့ စတေးခံမှုကို မြင်တယ်… လူသားမျိုးနွယ်က ခင်ဗျားတို့ရဲ့ အနစ်နာခံမှုကို မြင်တယ် ”
“ စစ်ပွဲက ပြီးဆုံးသွားပြီ ”
“ ကျုပ်တို့လူသားမျိုးနွယ်က ကြီးမားတဲ့ အောင်ပွဲကို ရရှိခဲ့တယ် ”
“ ကောင်းကင်နက်မျိုးနွယ်က ကျုပ်တို့လူသားမျိုးနွယ်အပေါ် နှစ်ထောင်းသောင်းချီကြာအောင် အနိုင်ကျင့်ဗိုလ်ကျခဲ့တယ်… အဲ့ဒီအတွက် အခု သူတို့ပြန်ပေးဆပ်လိုက်ရပြီ… နန်းမြို့တော်ဒေသက စစ်မြေပြင်မှာ ကောင်းကင်နက်မျိုးနွယ်ဝင်တွေ သန်းရာနဲ့ချီအောင် သေဆုံးသွားခဲ့ကြတယ်… အာရုဏ်ဦးနေမင်းက သူတို့ရဲ့ ဒေသကြီးနှစ်ခုမှာ ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်တဲ့ မျိုးနွယ်ဝင်တွေကို သေကြေပျက်စီးစေခဲ့တယ် ”
“ ကျုပ်တို့လူသားမျိုးနွယ်ရဲ့ ဒေသစစ်လက်နက်က အတော်လေး အံ့ဩဖွယ်ကောင်းတယ်… အဲ့ဒါရဲ့ ကြောက်စရာအကောင်းဆုံး အပိုင်းကတော့ အကျိုးသက်ရောက်မှုက အချိန်တိုအတွင်း ပျောက်ကွယ်မသွားတာပဲ… အဲ့ဒါက ကောင်းကင်နက်မျိုးနွယ်ရဲ့ ပိုက်နက်ထဲမှာ နှစ်ပေါင်းခြောက်ဆယ်ကြာအောင် ဆက်လက်လောင်ကျွမ်းနေလိမ့်မယ် ”
“ အဲ့ဒီနှစ်ခြောက်ဆယ်အတွင်းမှာ ကောင်းကင်နက်မျိုးနွယ်ဝင်တွေ မရေမတွက်နိုင်အောင် သေဆုံးသွားကြလိမ့်မယ်… သူတို့မွေးဖွားလာမယ့် နောင်မျိုးနွယ်ဝင်အသစ်တွေရဲ့ ပုံပန်းသဏ္ဍာန်ကလည်း ပြောင်းလဲသွားကြလိမ့်မယ်… သူတို့မှာလည်း ဒေသစစ်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားကြပေမယ့် အဲ့ဒါက တစ်ခုတည်းပဲ ရှိတယ်… ပြီးတော့ သူတို့မှာ ဒေသစစ်လက်နက်ရဲ့ အစွမ်းအားလုံးကို ထုတ်သုံးရဲတဲ့သတ္တိ မရှိကြဘူး… ဒါကြောင့် သူတို့က သည်းခံနေရုံကလွဲပြီး ဘာမှမလုပ်နိုင်ကြဘူး… သူတို့ကိုးကွယ်အားထားကြတဲ့ နီလာနတ်သမီးကတောင် နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေတယ် ”
“ ကျုပ်တို့လူသားမျိုးနွယ်ဘက်မှာတော့ စစ်ပွဲအတွင်းမှာ ဒေသစစ်လက်နက်သုံးခုကို ပစ်လွှတ်ခဲ့ပြီးပြီ… ပြီးတော့ သုံးခုထက်လည်း အများကြီးပိုရှိတယ် ”
“ ကျုပ်တို့လူသားမျိုးနွယ်က သမိုင်းသစ်ကို ဖွင့်လှစ်နိုင်ခဲ့တယ်… အခု တစ်လောကလုံးက လူသားဧကရာဇ်ရွှမ်ကျန်းကို သိသွားကြပြီ ”
သတ္တမမင်းသား၏ စိတ်အားထက်သန်သော အသံသည် ကောင်းကင်တစ်ခွင်သို့ ပဲ့တင်ထပ်သွားသည်။
“ ကျုပ်တို့ရဲ့ စည်းလုံးညီညွတ်မှုအောက်မှာ ဖုန်းဟိုင်ဒေသငယ်ကို ကာကွယ်နိုင်ခဲ့တယ် ”
“ အဲ့ဒါတင်မကဘူး ကျုပ်တို့ဆုံးရှုံးသွားခဲ့တဲ့ ပြည်နယ်သုံးခုကိုပါ ပြန်လည်သိမ်းယူနိုင်ခဲ့တယ် ”
“ ကျုပ်က ပြည်နယ်သုံးခုတင်မကဘူး သန့်စင်ရေလှိုင်းဒေသကြီးရဲ့ တစ်ဝက်ကိုတောင် ပြန်လည်သိမ်းယူခဲ့တယ် ”
“ အဲ့ဒီဒေသကြီးတစ်ဝက်မှာ ဒေသငယ်ကိုးခုနဲ့ ပြည်နယ်တစ်ရာကျော်ရှိတယ် ”
စိတ်လှုပ်ရှားသော အော်ဟစ်ချီးမြှောက်သံများသည် နေရာတိုင်းမှ နောက်ထပ်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
သတ္တမမင်းသားသည် မြေပြင်ပေါ်သို့ ဆုံးဖြတ်ချက်ပြတ်သားသော မျက်လုံးဖြင့် ကြည့်လိုက်သည်။ သူ၏ အသံသည်လည်း အနည်းငယ် လေးနက်လာသည်။
“ ဒါပေမဲ့ ကျုပ်ရဲ့လုပ်ရက်က အနည်းငယ် ရက်စက်ကြမ်းကြုတ်တယ်လို့ တချို့လူတွေက တွေးထင်နေကြတယ်ဆိုတာ ကျုပ်သိတယ်… ကျုပ်က ဖုန်းဟိုင်ဒေသငယ်ကို ကျုပ်ကိုယ်ပိုင်ပိုက်နက်အဖြစ် ပြောင်းလဲချင်နေတယ်လို့ သူတို့က ထင်မြင်နေကြတယ် ”
“ ဒီကိစ္စနဲ့ပတ်သက်ပြီး လူသားဧကရာဇ်ဆီ ကျုပ်တင်ပြပြီးပြီ… ပြီးတော့ ဧကရာဇ်ရဲ့ ခွင့်ပြုမိန့်ကိုလည်း ကျုပ်ရရှိပြီးပြီ… ဒါကြောင့် ဒီနေ့မှာ ခင်ဗျားတို့နဲ့ရင်းနှီးကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဖုန်းဟိုင်ဒေသငယ်ရဲ့ ဒေသအကြီးအကဲဖြစ်လာဖို့ ကျုပ်ရွေးချယ်မယ် ”
“ အခုကစပြီး ဖုန်းဟိုင်ဒေသငယ်ကနေ ကျုပ်ထွက်သွားမယ်… ကျုပ် ဘယ်တော့မှ ပြန်မလာတော့တာလဲ ဖြစ်နိုင်တယ်… ကျုပ်က သန့်စင်ရေလှိုင်းမျိုးနွယ်ဆီ ဦးတည်သွားပြီး လူသားမျိုးနွယ်ရဲ့ နယ်စပ်ကို စောင့်ကြပ်ကာကွယ်မယ် ”
သတ္တမမင်းသားသည် စကားဆုံးအောင် ပြောပြီးနောက် မည်သူမှ မတုံ့ပြန်နိုင်ခင် ရှေးဘုရင်ရွှမ်ယုံ၏ ရုပ်တုကို မျက်နှာမူလိုက်သည်။ ရုပ်တုကို အရိုအသေပေးပြီးနောက် သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ ယခင်ဒေသအကြီးအကဲဟောင်းများ၏ ပုံရိပ်များကို ကြည့်လိုက်သည်။ ထို့နောက် သူက လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်ပြန်သည်။