နှလုံးသား၏ ဦးဆောင်ရာသို့(ခ)
Vol. 50 Ch. 761
“ ဖုန်းဟိုင်ဒေသငယ်က အစောင့်အရှောက်မရှိလို့ မဖြစ်ဘူး… ဒေသအကြီးအကဲတာဝန်ကို ထမ်းဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်အားလုံးက သူရဲကောင်းတွေချည်းပဲ ”
“ ဒီနေ့ ကျုပ်ကူယွဲ့ကျန်းကန်က လူသားဧကရာဇ်ရွှမ်ကျန်းရဲ့ သတ္တမမြောက်သားတော်ဆိုတဲ့ သရုပ်ကို အသုံးပြုပြီး တစ်စုံတစ်ယောက်ကို ဒေသအကြီးအကဲအသစ်အဖြစ် ရာထူးခန့်အပ်ပါမယ်… ကောင်းကင်၊ မြေပြင်နှင့် လူသားတွေကို မေးမြန်းပြီးတဲ့နောက် လူသားဧကရာဇ်ဆီ ကျုပ်တင်ပြပြီး ရာထူးခန့်အပ်ခြင်းကို တောင်းခံပါမယ် ”
“ လက်ထောက်ဒေသအကြီးအကဲ ”
သတ္တမမင်းသားသည် စင်မြင့်အောက်သို့ ငုံ့ကြည့်လိုက်သည်။
လက်ထောက်ဒေသအကြီးအကဲသည် ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါး အရိုအသေပေးလိုက်သည်။
“ သင်က ဓာတ်ပြယ်ဆေးလုံးကို သန့်စင်ပေးခဲ့ပြီး ဒေသငယ်မြို့တော်ထဲက လူသားမျိုးနွယ်အတွက် အကျိုးရှိစေခဲ့တယ်… သင်သန့်စင်ပေးခဲ့တဲ့ ဓာတ်ပြယ်ဆေးလုံးက ဒြပ်နှောတွေ ကျူးကျော်ဝင်ရောက်တာကို ခံစားနေကြရတဲ့ လူသန်းပေါင်းများစွာကို ဝေဒနာလျော့ပါးစေခဲ့တယ်… ဒါက သင့်ရဲ့ ပထမကုသိုလ် ”
“ သင်ဟာ လက်ထောက်ဒေသအကြီးအကဲအဖြစ် တာဝန်ကျေပွန်ခဲ့တယ်… သင်က ဒေသအကြီးအကဲကို ပံ့ပိုးပေးခဲ့ပြီး လူအများအပြားကို ကူညီပေးခဲ့တယ်… သင်က အလုပ်ကြိုးစားပြီး ကြီးမားတဲ့ အကျိုးဆောင်မှုတွေကို ပြုလုပ်ခဲ့တယ်… ဒါက သင့်ရဲ့ ဒုတိယကုသိုလ် ”
“ စစ်ပွဲအတွင်းမှာ သင်က နောက်တန်းကို ကာကွယ်ပေးခဲ့ပြီး ဒေသငယ်ထဲက ပြည်သူပြည်သားတွေကို စိတ်တည်ငြိမ်အောင် စွမ်းဆောင်နိုင်ခဲ့တယ်… ရှေ့တန်းစစ်မြေပြင်အတွက်လည်း သင်က ကြီးမားတဲ့ ထောက်ပံ့မှုတွေကို လုပ်ဆောင်ပေးခဲ့တယ်… ဒါက သင့်ရဲ့ တတိယကုသိုလ် ”
“ အခုချိန်ကစပြီး သင်က ဖုန်းဟိုင်ဒေသငယ်က ကျင့်ကြံသူတွေကို ဦးဆောင်ပြီး ဖုန်းဟိုင်ဒေသငယ် ပြန်လည်နာလန်ထူဖို့အတွက် အင်ပြည့်အားပြည့် လုပ်ဆောင်ရမယ်… အဲ့ဒါက သင်ရဲ့ စတုတ္ထကုသိုလ် ဖြစ်လာလိမ့်မယ် ”
သတ္တမမင်းသား၏ အသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားလေရာ မြို့တော်၏ နေရာတိုင်းသို့ ရောက်ရှိသွားသည်။ မြေကွက်လပ်ထဲမှ လူသိန်းပေါင်းများစွာနှင့် မြို့တော်ထဲမှ လူသန်းပေါင်းများစွာသည် သူ၏ အသံကို ရှင်းလင်းစွာ ကြားနိုင်ကြသည်။ သူတို့သည် ရိုသေလေးစားသော အကြည့်ဖြင့် လက်ထောက်ဒေသအကြီးအကဲကို ကြည့်လိုက်ကြသည်။
လက်ထောက်ဒေသအကြီးအကဲသည် ကြင်နာနူးညံ့သော အမူအရာကို ထုတ်ဖော်ထားသည်။
ရွှီချင်းသည် ခေါင်းငုံ့ထားသည်။ သူသည် အပေါ်သို့ မကြည့်ချင်ပေ။ တစ်လပြည့်ရန် ခုနစ်ရက်လိုနေသေးသည်ဟု သူ့ကိုယ်သူသာ အကြိမ်ကြိမ် သတိပေးနေသည်။ ခုနစ်ရက်အတွင်း ချီယွဲ့ထုံဂိုဏ်းသို့ သူပြန်ဖြစ်လိမ့်မည်။
‘ ပွဲအခမ်းအနားက မကြာခင် ပြီးတော့မယ် ’
ရွှီချင်းသည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။
ထိုအခိုက်အတန့်မှာ သတ္တမမင်းသားသည် လက်ထောက်ဒေသအကြီးအကဲ၏ ကုသိုလ်အားလုံးကို ပြီးဆုံးအောင် ပြောပြီးသွားပြီ ဖြစ်သည်။ စင်မြင့်အောက်မှ အော်ဟစ်ချီးမြှောက်သံများကြားတွင် သူက ပြုံးလိုက်ပြီး လက်ထောက်ဒေသအကြီးအကဲကို ခေါင်းညိတ်ပြလိုက်သည်။
လက်ထောက်ဒေသအကြီးအကဲသည် တည်ငြိမ်စွာ လျှောက်သွားသည်။ တစ်လှမ်းချင်း တစ်လှမ်းချင်း… လူတိုင်း၏ အကြည့်အောက်မှာ သူက စင်မြင့်ပေါ်သို့ တတ်လှမ်းသွားပြီး သတ္တမမင်းသား၏ ဘေးသို့ လျှောက်သွားသည်။
လေသည် အရပ်ရှစ်မျက်နှာမှ တိုက်ခတ်လာသည်။
ယင်းတို့သည် မန္တန်တစ်ခုမှ ဖြစ်တည်လာကြခြင်းမဟုတ်ပေ။ ယင်းအစား မမြင်ရသော ကမ္မတစ်ခုက ဤနေရာတွင် စုဝေးရောက်ရှိလာခြင်း ဖြစ်သည်။
ဒေသငယ်မြို့တော်ထဲမှ သေမျိုးအားလုံး၊ ကျင့်ကြံသူအားလုံးထံမှ ကမ္မစီးကြောင်းများသည် လေထဲသို့ မြှောက်တတ်သွားကြသည်။
ကောင်းကင်ယံမှ တိမ်တိုက်များသည် အနည်းငယ် မှေးမှိန်သွားကြသည်။ ကမ္မစုစည်းသွားသည်နှင့် ဝဲကတော့ကြီးတစ်ခုသည် ကောင်းကင်ထက်တွင် ထွက်ပေါ်လာသည်။
ယင်းက တဖြည်းဖြည်း ကြည်လင်ရှင်းလင်းလာသည်။
‘ အဲ့ဒါက ဒေသငယ်ရဲ့ ကမ္မကောင်းချီးပဲ… အဲ့ဒါက ငါတို့အတွက် အရမ်းအသုံးမဝင်ပေမဲ့ ဗလာနတ္ထိအဆင့်ကျင့်ကြံသူတွေအတွက်တော့ ဒေသငယ်ရဲ့ ကမ္မကောင်းချီးနဲ့ဆိုရင် သူတို့ရဲ့တိုက်ပွဲစွမ်းအားကို တစ်ဆင့်တိုးမြှင့်ဖို့ဆိုတာ မဖြစ်နိုင်တာမဟုတ်ဘူး… ကမ္မကောင်းချီးနဲ့ဆိုရင် ခြေလှမ်းဝက် ဝိညာဉ်စုစည်းခြင်းအဆင့်ကိုတောင် ရောက်ရှိသွားနိုင်တယ် ’
‘ ကမ္မကောင်းချီးရဲ့ အစွမ်းတိုးမြှင့်ပေးမှုနဲ့ဆိုရင် အဲ့ဒီလူက ဖုန်းဟိုင်ဒေသငယ်ရဲ့ တကယ့်အထွတ်အမြတ်တည်ရှိမှုလို့ သတ်မှတ်နိုင်တယ် ”
ခေါင်းဆောင်သည် မနာလိုသော အသံဖြင့် တိုးတိုးကလေး ပြောသည်။
ရွှီချင်းသည် ခေါင်းငုံ့လျက် ဆက်လက် တိတ်ဆိတ်နေသည်။
ဤအခိုက်အတန့်မှာ သတ္တမမင်းသားသည် လက်ထောက်ဒေသအကြီးအကဲကို ကြည့်လိုက်သည်။
လက်ထောက်ဒေသအကြီးအကဲသည် ညင်သာစွာ ပြောသည်။
“ ကောင်းကင်ကို ကျုပ်မေးမယ်… ကျုပ်က ဖုန်းဟိုင်ဒေသငယ်ရဲ့ အစောင့်အရှောက်ဖြစ်ထိုက်သလား ”
ဒေသအကြီးအကဲခန့်အပ်ပွဲတွင် ကောင်းကင်၊ မြေပြင်နှင့် လူသားကို မေးမြန်းခြင်းအပိုင်းများ ပါဝင်သည်။ ဤသည်မှာ ရှေးဘုရင်ရွှမ်ယုံက စတင်ပြဌာန်းခဲ့သော ဓလေ့ကျင့်ဝတ်ဖြစ်သည်။
ကောင်းကင်သည် ရှေးဘုရင်ရွှမ်ယုံကို ရည်ညွှန်းသည်။ တော်ဝင်မိသားစု၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သော သတ္တမမင်းသားသည် ဤနေရာမှ ကောင်းကင်နေရာတွင် အစားဝင်နိုင်သည်။ သို့ဖြစ်၍ သူက လက်ထောက်ဒေသအကြီးအကဲကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ အင်း ”
သတ္တမမင်းသား၏ စကားသံဆုံးသွားသည်နှင့် ကျယ်လောင်သော မိုးထစ်ချုန်းသံသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ ယင်းမှာ ထောင်ပေါင်းများစွာသော မိုးကြိုးသွားများက တစ်ပြိုက်နက် ပေါက်ကွဲထွက်သွားသည့်အလားပင်။ ကျယ်လောင်သော မိုးခြိမ်းသံက ပဲ့တင်ထပ်သွားသည်နှင့် ကမ္မဝဲကတော့သည် ပိုပြီးကြည်လင်လာပြီး သရဖူပုံစံ ဝေဝေဝါးဝါး ဖြစ်ပေါ်လာသည်။
ဧကရာဇ်၏ သရဖူတွင် ပန်းဖွားဆယ့်နှစ်ခုရှိပြီး ဒေသကြီးအုပ်ချုပ်သူ၏ သရဖူတွင် ပန်းဖွားဆယ်ခုရှိသည်။ မင်းညီမင်းသားများ၏ သရဖူတွင် ပန်းဖွားကိုးခုရှိပြီး ဒေသအကြီးအကဲ၏ သရဖူတွင် ပန်းဖွားငါးခုရှိသည်။
ဤသည်မှာ ဟိုးယခင်ကတည်းက ယခုအထိ လက်ဆင့်ကမ်းလာသော ရှေးဟောင်းစည်းမျဉ်းတစ်ခု ဖြစ်သည်။
ဤအခိုက်အတန့်မှာ ကောင်းကင်ပေါ်တွင် ပန်းဖွားငါးခုပါသော သရဖူတစ်ခုက ဖုန်းဟိုင်ဒေသငယ်၏ ကမ္မစီးကြောင်းမှတဆင့် ဒြပ်ထည်ဖြစ်ပေါ်လာနေသည်။
မိုးခြိမ်းသံများပဲ့တင်ထပ်သွားသည်နှင့် ကလေးငယ်အော်ငိုသံသည် ဖုန်းဟိုင်ဒေသငယ်၏ ကမ္မစွမ်းအားမှ ဖြစ်တည်လာသော သရဖူထံမှ ရွှီချင်း၏ အသိစိတ်ထဲသို့ ပဲ့တင်ဝင်ရောက်လာသည်။
ရွှီချင်းသည် ရုတ်ချည်း ခေါင်းမော့လိုက်ပြီး ကောင်းကင်ယံသို့ ကြည့်လိုက်သည်။ ကလေးအော်ငိုသံသည် ရှင်းရှင်းလင်းလင်း ထွက်ပေါ်နေသော်လည်း သူ၏ ဘေးပတ်ဝန်းကျင်မှ လူများ၏ တုံ့ပြန်မှုများမှတဆင့် ယင်းကို မည်သူမှ မကြားမိကြဟန် ရသည်။
‘ စီနီယာအကိုကြီး မင်းတစ်ခုခုကို ကြားလိုက်လား ’
ရွှီချင်းသည် ရုတ်တရက် မေးသည်။
ခေါင်းဆောင်၏ အမူအရာသည် ပြောင်းလဲသွားခြင်း အလျင်းမရှိပေ။ သူက ရွှီချင်းကို လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
‘ ငါ ဘာအသံမှမကြားဘူး… ပြီးတော့ မင်းလည်း ဘာမှမကြားခဲ့ဘူး ’
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ယင်းက ကမ္မ၏ ငိုကြွေးသံဖြစ်ကြောင်း (ဃ၁၃၂)မှ လူငယ်လေး၏ ငိုကြွေးသံဖြစ်ကြောင်း သူသိသည်။ စီနီယာအကိုကြီးသည် သူ့ကဲ့သို့ ကောင်းကင်ဘုံတာအိုအဆင့်တွင် ရှိသည်။ သို့ဖြစ်၍ သူသည်လည်း ထိုအသံကို သေချာပေါက် ကြားမိလိမ့်မည်။
ထိုအခိုက်အတန့်မှာ ငိုကြွေးသံက မြင့်တတ်လာပြီး သူ၏ နားထဲသို့ ဝင်ရောက်သွားကာ သူ့နှလုံးသားကို လှိုင်းထသွားစေသည်။
‘ ငါ့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်… ချီယွဲ့ထုံဂိုဏ်းဆီ ငါပြန်ရဦးမယ်… ငါ့ကျင့်ကြံခြင်းအဆင့်က အရမ်းမမြင့်သေးဘူး… ငါ အသက်ရှင်ချင်သေးတယ်… အနာဂတ်မှာ ငါ့ကျင့်ကြံခြင်းအဆင့်က မြင့်မားလာတော့မှ အားလုံးကို ဖြေရှင်းမယ်ဆိုလည်း နောက်မကျသေးဘူး ”
ရွှီချင်းသည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ သူက သူ့ကိုယ်သူနှစ်သိမ့်နေစဉ် အော်ဟစ်သံတစ်သံသည် သူ၏ စိတ်ထဲမှာ ပေါ်ထွက်လာသည်။ ထိုအသံက သူ့အား သူ့အရှေ့မှ ပုဂ္ဂိုလ်သည် ဒေသအကြီးအကဲနှင့် ရုံးတော်သခင်ကို သေဆုံးစေခဲ့သော တရားခံဖြစ်ကြောင်း ပြောပြနေသည်။
ထိုပုဂ္ဂိုလ်သည် ဖုန်းဟိုင်ဒေသငယ် ကဒ်ဘေးဆိုက်အောင် နှစ်ပေါင်းများစွာ ကြံစည်ခဲ့သူလည်း ဖြစ်သည်။
ထိုအသံသည် ရွှီချင်း၏ ကိုယ်ပိုင်အသံဖြစ်သည်။ သို့သော်လည်း ယင်းကို သူက ထပ်မံဖိနှိပ်လိုက်လေသည်။
‘ အဲ့ဒါ ငါနဲ့ဘာဆိုင်လို့လဲ… ဟုတ်တယ် အဲ့ဒါ ငါနဲ့ဘာမှမဆိုင်ဘူး… ငါက ကောင်းကောင်းမွန်မွန် အသက်ရှင်ချင်တဲ့ သာမန်လူငယ်လေးတစ်ယောက်ပါ… ငါ့မှာ ဆရာနဲ့ စီနီယာအကိုကြီးရှိတယ်… သူတို့ကို ပါဝင်ပတ်သက်စေလို့ မဖြစ်ဘူး ’
ရွှီချင်းသည် လက်သီးဆုပ်လိုက်သည်။
စင်မြင့်ပေါ်တွင် လက်ထောက်အကြီးအကဲ၏ အမူအရာသည် တည်ငြိမ်နေမြဲပင်။ ပြောင်းလဲသွားခြင်း စိုးစဉ်းမျှမရှိပေ။ သူက ဆက်လက်ပြောသည်။
“ မြေပြင်ကို ကျုပ်မေးမယ်… ကျုပ်က ဖုန်းဟိုင်ဒေသငယ်ရဲ့ အစောင့်အရှောက်ဖြစ်ထိုက်သလား ”
မြေပြင်သည် ဖုန်းဟိုင်ဒေသငယ်၏ နယ်မြေကို ရည်ညွှန်းပြီး ယင်းက ပွဲအခမ်းအနား၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သတ္တမမင်းသား၏ သရုပ်ဖြင့် မြေပြင်ကိုယ်စား ယင်းကို သူအဖြေပေးနိုင်သည်။
“ အင်း ”
လျှပ်စီးသည် တဝင်းဝင်း လင်းလက်သွားပြီး မိုးခြိမ်းသံသည် ကျယ်လောင်စွာ မြည်ဟိန်းသွားသည်။ အားကောင်းသော လေလှိုင်းများသည် အရပ်မျက်နှာပေါင်းစုံမှ ပျံ့လွင့်ထွက်လာကြသည်။ တိမ်တိုက်များက တလိပ်လိပ် ရွေ့လျားသွားကြပြီး ကောင်းကင်က လှုပ်ခါသွားသောအခါ ပိုမိုများပြားသော ကမ္မစီးကြောင်းများက ထွက်ပေါ်လာကြသည်။ ကောင်းကင်ပေါ်မှာ မျောလွင့်နေသော သရဖူသည် ပိုပြီးထင်ရှားလာပြီး အောက်ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းလာသည်။
အော်ငိုသံသည် ပိုပြီးကျယ်လောင်လာသည်။ ယင်းက အသနားခံနေသည့်အလားပင်။
ရွှီချင်း၏ ရင်ဘက်သည် နိမ့်ချည်မြင့်ချည်ဖြစ်လာပြီး သူ့နှလုံးသားသည် ပရမ်းပတာဖြစ်လာသည်။ သူက ခေါင်းမော့လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ စိုက်ကြည့်လိုက်သည်။
သူ၏ အမြင်မှာတော့ ရှေးဘုရင်ရွှမ်ယုံ၏ လက်နှစ်ဖက်သည် ကမ္မစွမ်းအင်၏ သရဖူကို ဆုပ်ကိုင်ထားပြီး လက်ထောက်ဒေသအကြီးအကဲ၏ ဦးခေါင်းထက်သို့ စွပ်ပေးတော့မည့်ဟန် ရသည်။
သူက သရဖူကို စွပ်ပေးလိုက်သည်နှင့် လက်ထောက်ဒေအကြီးအကဲသည် ဒေသအကြီးအကဲဖြစ်လာလိမ့်မည်။ ကမ္မစွမ်းအား၏ ထောက်ပံ့မှုကို ရရှိသွားသည့်အခါ ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံး သူ့လက်အောက်သို့ ကျရောက်သွားလိမ့်မည်။