နှလုံးသား၏ ဦးဆောင်ရာသို့(ဂ)
Vol. 50 Ch. 762
ထိုအချိန်မှစ၍ ဖုန်းဟိုင်ဒေသငယ်၏ ကောင်းကင်နှင့်မြေပြင်သည် အလင်းရောင်အဖွဲ့အစည်း၏ စီမံအုပ်ချုပ်မှုအောက်သို့ ကျရောက်သွားလိမ့်မည်။
အကယ်၍ ထိုသို့ဖြစ်လာမည်ဆိုလျှင် ခေါင်းဆောင်လဲ့၏ သေဆုံးမှု၊ ဆရာသခင်ပိုင်၏ သေဆုံးမှုနှင့် ဆဌမသခင်ကြီး၏ သေဆုံးမှုသည် နောင်တရစရာဖြစ်လာလိမ့်မည်။
ထို့အပြင် အင်မော်တယ်တားမြစ်နယ်မြေ၌ ကျောက်စိမ်းဖြူလက်ကို အသုံးပြုခဲ့သော သတ္တမသခင်ကြီးသည်လည်း ဒေသငယ်တစ်ခုလုံး၏ စုံစမ်းစစ်ဆေးမှုမှ လွတ်မြောက်နိုင်လိမ့်မည်ဟု သေချာပေါက် မပြောနိုင်ပေ။
“ အဆင်ပြေမှာပါ… ဆရာ သေချာပေါက် အဆင်ပြေမှာပါ… ဒါပေမဲ့ တကယ်လို့များ…. ”
ရွှီချင်း၏ သူငယ်အိမ်သည် အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူက လက်သီးဆုပ်လိုက်ပြီး ပြန်ဖြေလျှော့လိုက်သည်။ မကြာမီ သူက လက်သီးပြန်ဆုပ်လိုက်သည်။ ထိုစဉ် ခေါင်းဆောင်၏ လက်သည် ရွှီချင်း၏ ပခုံးပေါ်သို့ ကျရောက်လာသည်။
“ ဂျူနီယာညီလေး… ခဏနေကျရင် ငါတို့ပြန်ကြမလား ”
ခေါင်းဆောင်သည် နူးညံ့စွာ ပြောသည်။ ရွှီချင်း၏ ပခုံးပေါ်သို့ ဖိထားသော သူ၏ လက်သည် အတော်လေး အားပါသည်။
စင်မြင့်ပေါ်မှ လက်ထောက်ဒေသအကြီးအကဲသည် သိမ်မွေ့ညင်သာစွာ ပြုံးထားသည်။ သူက စင်မြင့်အောက်မှ ရွှီချင်းအပါအဝင် လူသိန်းပေါင်းများစွာသို့ လှမ်းကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူက အဝေးသို့ လှမ်းမျှော်ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ လူတွေကို ကျုပ်မေးမယ်… ဖုန်းဟိုင်ဒေသငယ်ရဲ့ သားတော်တစ်ပါးဖြစ်တဲ့ ကျုပ်က အစောင့်အရှောက်ဖြစ်ထိုက်သလား ”
ဤသည်မှာ နောက်ဆုံးဓလေ့ထုံးတမ်းဖြစ်သည်။ ဤမေးခွန်းကိုဖြေရန် သတ္တမမင်းသားဆီမှာ အခွင့်အာဏာမရှိပေ။ ဤမေးခွန်းကို ဖြေခွင့်ရှိသူသည် ဖုန်းဟိုင်ဒေသငယ်မှ ပြည်သူပြည်သားများသာ ဖြစ်ကြသည်။
“ ဖြစ်ထိုက်ပါတယ် ”
“ ဖြစ်ထိုက်ပါတယ် ”
“ ဖြစ်ထိုက်ပါတယ် ”
လက်ထောက်ဒေသအကြီးအကဲက ပြောလိုက်သည်နှင့် အော်ဟစ်သံများသည် စင်မြင့်အောက်ရှိ လူသိန်းပေါင်းမြောက်များစွာထံမှ မြည်ဟိန်းထွက်လာသည်။ ထို့အပြင် မြို့တော်ထဲမှ သေမျိုးများ၏ ပါးစပ်ထဲမှလည်း အော်ဟစ်သံများ မြည်ဟိန်းထွက်လာပြီး လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။
ဤသည်မှာ ပြည်သူများ၏ သဘောဆန္ဒဖြစ်သည်။
လူတိုင်းသည် တစ်ညီတစ်ညာတည်း ထောက်ခံကြသည်။
ဤသည်မှာ ကောင်းကင်၊ မြေပြင်နှင့် လူသားများ၏ အသိအမှတ်ပြုခြင်း ဖြစ်သည်။
ကောင်းကင်ပေါ်မှ ကမ္မသည် တုန်လှုပ်သွားသည်။ လျှပ်စီးရောင်က တဝင်းဝင်း လင်းလက်သွားသည့်အခါ ဒေသငယ်၏ အစောင့်အရှောက်ကို ကိုယ်စားပြုသော ပန်းဖွားငါးခုသရဖူသည် လျှပ်တစ်ပြက်အတွင်း ရုပ်လုံးပေါ်လာသည်။ ကမ္မသည် စုဝေးသွားပြီး မြေပြင်သည် တုန်လှုပ်သွားကာ ကောင်းကင်သည် တအိအိလှိုင်းထသွားသည်။
အသနားခံသော ငိုကြွေးသံများသည် လုံးလုံးပျောက်ကွယ်မသွားမီ ရွှီချင်း၏ နားထဲမှာ တဖြည်းဖြည်း တိုးညင်းသွားသည်။
ဤအခိုက်အတန့်မှာ သရဖူကို ရှေးဘုရင်ရွှမ်ယုံ၏ လက်နှစ်ဖက်က ဆုပ်ကိုင်ထားသည့်အလား ယင်းက လက်ထောက်ဒေသအကြီးအကဲ၏ ဦးခေါင်းထက်သို့ တဖြည်းဖြည်း ကျဆင်းလာနေသည်။
ရွှီချင်း၏ နှလုံးသားထဲမှ ခံစားချက်ပြိုင်ဆိုင်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ အဆုံးမှာတော့ သူ၏ ခံစားချက်များက ကောင်းကင်ဘုံမိုးကြိုးသို့ အသွင်ပြောင်းလဲသွားပြီး ပေါက်ကွဲထွက်သွားသည်။ ပေါက်ကွဲသံသည် အလွန်တရာ ကျယ်လောင်ပြီး သူ၏ စိတ်ထဲမှ အတွေးအားလုံးကို အက်ကွဲထွက်သွားစေသည်။ သူက ခေါင်းမော့လိုက်ပြီး ညင်သာစွာ သက်ပြင်းချလိုက်လေသည်။
သူက သက်ပြင်းချလိုက်သည်နှင့် ဤနှစ်ဆယ့်သုံးရက်အတွင်း သူ၏ ခန္ဓာကိုယ်ထဲမှာ အတင်းအကျပ် ဖိနှိပ်ထားခဲ့သော ညစ်ညမ်းလေကိုပါ တစ်ခါတည်း မှုတ်ထုတ်ပစ်လိုက်သည်။
သေချာသော တချို့ကိစ္စများကို သူမလုပ်ဆောင်သင့်ကြောင်း သိသည်။ ဤရက်နှစ်ဆယ်ကျော်တွင် နှုတ်ဆိတ်နေခြင်းသည် မှန်ကန်သော လုပ်ဆောင်မှုဖြစ်ကြောင်း သူ့ကိုယ်သူယုံကြည်စေရန် အကြောင်းပြချက်အမျိုးမျိုးကို ရွှီချင်း အသုံးပြုခဲ့သည်။
‘ ဒါပေမဲ့ နောက်ဆုံးမှာတော့ ငါ့ကိုယ်ပိုင်နှလုံးသားကို မလှည့်စားနိုင်ခဲ့ဘူးပဲ ’
‘ ထောက်ခံတယ်လို့ ငါမပြောနိုင်ဘူး… ’
“ စီနီယာအကိုကြီး ငါနောက်ထပ် မဖိနှိပ်နိုင်တော့ဘူး ”
ရွှီချင်းသည် နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။ ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်စဉ် ခုန်းရှန်းလုံက ဆွံ့အသွားစဉ် ချင်းချိုးက အံ့အားသင့်စွာ စိုက်ကြည့်လိုက်စဉ် ရွှီချင်း၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်မှ အပေါ်သို့ မြှောက်တတ်သွားသည်။ သူ၏ လုပ်ရပ်သည် သူ့ဘေးပတ်ပတ်လည်မှ လူများကို လုံးဝဇဝေဇဝါဖြစ်သွားစေသည်။
မြေကွက်လပ်ထဲတွင် လူသိန်းပေါင်းများစွာ စုဝေးနေသော်လည်း ရွှီချင်းတစ်ယောက်တည်းသာ လေထဲသို့ မြှောက်တတ်သွားသည်။
သူ၏ တစ်ကိုယ်လုံးကို ရောင်စုံအလင်းများက သိုင်းခြုံထားပြီး မိုဆာဆောက သူ၏ ဦးခေါင်းထက်တွင် ထွက်ပေါ်လာသည်။ ရောင်ခြည်စက်ဝန်းများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြပြီး လွန်စွာမှ ထွန်လင်းတောက်ပသည်။
ယင်းက လူသိန်းပေါင်းများစွာ၏ အာရုံကို ဖမ်းစားသွားသည်။
သတ္တမမင်းသားသည် သူ့ထံသို့ လှမ်းကြည့်လိုက်သည်။
လက်ထောက်ဒေသအကြီးအကဲသည်လည်း သူ့ကို စိုက်ကြည့်လာသည်။
သိန်းပေါင်းများစွာသော ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် အပေါ်သို့ မော့ကြည့်လိုက်ကြသည်။
ကမ္မစွမ်းအင်သရဖူက အောက်သို့ ကျဆင်းလာတော့မည့်အချိန် ကလေးငယ်၏ ငိုကြွေးသံက ပျောက်ကွယ်သွားတော့မည့်အချိန် ရွှီချင်းသည် လေထဲမှာ မတ်တတ်ရပ်နေလျက် လောကကြီးကို ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ သူ၏ လုပ်ရပ်က မှန်သည်မှားသည်ကို မစဉ်းစားတော့ပေ။ သူ၏ နှလုံးသားထဲမှ ဆန္ဒအတိုင်းသာ သူလုပ်ချင်သည်။
ဤရက်များတွင် သူ့ကိုယ်သူသွေးဆောင်ရန် စကားလုံးပေါင်း မြောက်များစွာကို ပြောကြားခဲ့သော်လည်း ဤအခိုက်အတန့်မှာ သူ၏ ကြိုးစားအားထုတ်မှုများသည် အချည်းနှီးသာ ဖြစ်သွား၏။ သူ၏ နှလုံးသားထဲမှ တိုးထွက်လာနေသော ခံစားချက်များနှင့် စိတ်ထဲမှ အတွေးများကို ဆက်လက်ပြီး သူမဖိနှိပ်နိုင်တော့ပေ။
နောက်အခိုက်အတန့်မှာ သူ၏ အတွေးများက ပြောင်းလဲသွားကောင်းပြောင်းလဲသွားနိုင်သည်။ အကယ်၍ နောက်တစ်ကြိမ် အခွင့်အရေးရမည်ဆိုလျှင် သူသည် ဤနည်းလမ်းအတိုင်း ထပ်မံလုပ်ဆောင်လိမ့်မည်မဟုတ်ချေ။
သို့သော်လည်း လက်ရှိအချိန်မှာတော့ ယင်းကို သူမစဉ်းစားချင်ပေ။
သူ၏ အသံသည် အရပ်မျက်နှာတစ်ခွင်သို့ ပဲ့တင်ထပ်သွားသည်။
“ ဧကရာဇ်ရဲ့ နှလုံးသားအလင်းစစ်ဆေးမှုမှာ ပေတစ်သိန်းအလင်းတန်းကို ရရှိခဲ့တဲ့ ကျုပ်ရွှီချင်းက ငြင်းဆန်ပါတယ် ”
နောက်ဆုံးတော့ သူပြောနိုင်သွား၏။ သူက ‘ နှလုံးသားအလင်းစစ်ဆေးမှုမှာ ပေတစ်သိန်းအလင်းတန်းကို ရရှိခဲ့တဲ့အကြောင်း ’ကိုပါ ထည့်ပေါင်းပြောဆိုခဲ့သည်။ ယင်းသည် သူအရည်အချင်းပြည့်မီကြောင်း ထောက်ခံချက်ဖြစ်သည်။
စကားဆုံးအောင်ပြောပြီးနောက် ဖော်မပြနိုင်သော သက်တောင့်သက်သာခံစားမှုသည် ရွှီချင်း၏ တစ်ကိုယ်လုံးဆီသို့ ပျံ့နှံ့သွားသည်။ ဤရက်နှစ်ဆယ်ကျော်လုံး သူ့ကို ညှဉ်းပန်းနှိပ်စက်နေခဲ့သော စိတ်မသက်မသာဖြစ်မှုသည် လုံးဝပျောက်ကွယ်သွားသည်။
စိတ်ကျဉ်းကျပ်တဲ့ ခံစားမှုဟုတ်လား…
ကောင်းကျိုးဆိုးကျိုး ချင့်ချိန်စဉ်းစားခြင်းဟုတ်လား…
ဘယ်ဟာက အမှား ဘယ်ဟာက အမှန်လဲဟုတ်လား…
သွားစမ်းပါကွာ… မင်းတို့အားလုံး မြောင်းထဲကို သွားလိုက်…
လူတစ်ယောက်ရဲ့ ခံစားချက်ကို သူ့နှလုံးသားထဲမှာ မြှုပ်နှံထားလို့မရဘူး…
အခြေခံရပ်တည်မှုက သူ့ဝိညာဉ်ကို မဖိနှိပ်နိုင်ဘူး…
ဤအခိုက်အတန့်မှာ ရွှီချင်း၏ မျက်လုံးသည် အလွန်ထွန်းလင်းတောက်ပသည်။ သူ၏ ခန္ဓာကိုယ်က အလင်းရောင်ကို ထုတ်လွှတ်နေဟန်ရပြီး ကောင်းကင်ပေါ်မှ ကမ္မစွမ်းအားသည် စတင်ဆူပွက်လာသည်။ ဒြပ်ထည်ဖြစ်တည်ပြီးသော ပန်းဖွားငါးခုသရဖူထံမှ ဝေဝါးသော ပုံစံတူသရဖူတစ်ခု ခွဲထွက်လာပြီး ရွှီချင်း၏ ဦးခေါင်းထက်သို့ ဖြည်းဖြည်းချင်း ကျဆင်းသွားသည်။
ရွှီချင်း၏ ဦးခေါင်းထက်မှ ဝေဝါးသော ပန်းဖွားငါးခုသရဖူသည် မူလသရဖူထက် အနည်းငယ် သေးငယ်သည်။
ဤသည်မှာ ဖုန်းဟိုင်ဒေသငယ်၏ ကမ္မမှ အသိအမှတ်ပြုခြင်းနှင့် ကောင်းကင်ဘုံတာအိုမှ အသိအမှတ်ပြုခြင်း ဖြစ်သည်။
ယင်းကို လူအများအပြားက မမြင်နိုင်သော်လည်း မြင်နိုင်သော တချို့လူများရှိသည်။
ဤအခိုက်အတန့်မှာ ရွှီချင်း၏ စကားက ထိတ်လန့်ဖွယ်ကောင်းသော မိုးကြိုးသွားတစ်ခုပမာ အရပ်ရှစ်မျက်နှာဆီသို့ ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ ယင်းက သူ့စကားကိုကြားလိုက်သော လူတိုင်း၏ စိတ်နှလုံးကို တုန်ယင်သွားစေသည်။ ထိုအခါ မြေကွက်လပ်ထဲမှ လူသိန်းပေါင်းများစွာသည် ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ချက်ချင်းဆိုသလို ပင့်သက်ရှိုက်သံများသည် အရပ်ရှစ်မျက်နှာထံမှ လေပွေကြမ်းတစ်ခုပမာ မြည်ဟိန်းထွက်လာသည်။
ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားသည်။
သတ္တမမင်းသားက ရွှီချင်း၏ ဦးခေါင်းထက်သို့ ကြည့်လိုက်သည့်အခါ သူ၏ အကြည်သည် အေးခဲသွားသည်။ ကြီးမားသော လှိုင်းဂယက်တစ်ခုသည် သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ရွှီချင်းကို သူသိသည်။
ရွှီချင်းကို သူမှတ်မိနေရသည့်အကြောင်းအရင်းမှာ စစ်ပွဲအတွင်း ရွှီချင်း၏ အကျိုးဆောင်မှုများကြောင့်မဟုတ်သလို ဓားကိုင်ရုံးတော်သခင်၏ သံတော်ဆင့်ဟူသော သူ၏ သေးငယ်သော ရာထူးအဆင့်ကြောင့် မဟုတ်ပေ။ ယင်းအစား ဧကရာဇ်၏ နှလုံးသားအလင်းစစ်ဆေးမှုတွင် ပေတစ်သိန်းအလင်းတန်းကို ရရှိခဲ့သော သူ၏ အံ့ဖွယ်မှတ်တမ်းကြောင့်သာ ဖြစ်သည်။
ပေတစ်သိန်းအလင်းတန်းကို ရရှိခဲ့သော ရွှီချင်း၏ အောင်မြင်မှုသည် ဖုန်းဟိုင်ဒေသငယ်၏ သမိုင်းကြောင်းတစ်လျှောက်တွင် တစ်ခါမှမဖြစ်ဖူးသော မှတ်တမ်းအသစ် ဖြစ်သည်။ တခြားလူများသည်တော့ ဤအဖြစ်က အလွန်အမင်း ရှားပါးပြီး အရေးကြီးကြောင်းသာ သိနားလည်ကြလိမ့်မည်။ ယင်းက ရွှီချင်းသည် ယုံကြည်အားကိုးထိုက်သူဖြစ်ကြောင်း ဖော်ပြပြီး သူ၏ အနာဂတ်ရာထူးတိုးခြင်းအပေါ် ကြီးကြီးမားမား အကျိုးရှိစေလိမ့်မည်။
သို့သော်လည်း မင်းသားတစ်ပါးအနေဖြင့် သူသည် တခြားလူများထက် အများကြီး ပိုသိသည်။ ဧကရာဇ်၏ နှလုံးသားအလင်းစစ်ဆေးမှုဟူသည် သူ၏ နာမည်ကို နန်းမြို့တော်မှ မဟာဧကရာဇ်၏ ရုပ်တုအပေါ် ချန်ရစ်ရခြင်း ဖြစ်သည်။
မဟာဧကရာဇ်၏ ရုပ်တုသည် ဒေသစစ်လက်နက်တစ်ခုမဟုတ်သော်ငြားလည်း ယင်းက အမွှေအနှစ်ပစ္စည်းတစ်ခု ဖြစ်နေသေးပေသည်။ ၎င်းက လူသားမျိုးနွယ်ကို အကြိမ်ပေါင်းများစွာ ကာကွယ်ပေးခဲ့ပြီး လူသားဧကရာဇ်အားလုံးသည် ၎င်းကို အရိုအသေပေးကြရသည်။
လူသားဧကရာဇ်သည်ပင် မဟာဧကရာဇ်၏ ရုပ်တုအပေါ်မှာ နာမည်ချန်ရစ်နိုင်ခဲ့သူများကို တန်ဖိုးထားရလိမ့်မည်။ သို့ဖြစ်၍ မင်းသားတစ်ပါးဖြစ်သော သူသည်ပင် ထိုသို့သော လူမျိုးကို အလွယ်တကူ မထိပါးနိုင်ပေ။
နှလုံးသားအလင်းစစ်ဆေးမှုတွင် ပေတစ်သိန်းအလင်းတန်းအား ရရှိခဲ့သောလူကို သတ်ဖြတ်ခြင်းသည် သူ၏ ဂုဏ်သိက္ခာအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ဖြစ်စေလိမ့်မည်။