← Chapters

လက်ထောက်ဒေသအကြီးအကဲ ကျေးဇူးပြုပြီး ထောက်ပြပေးပါ(က)

Vol. 50 Ch. 764

လက်ထောက်ဒေသအကြီးအကဲ ကျေးဇူးပြုပြီး ထောက်ပြပေးပါ(က)

Vol. 50 Ch. 764

ဤရက်နှစ်ဆယ်ကျော်အတွင်း မရေမတွက်နိုင်သော အကြောင်းပြချက်များဖြင့် သူ့ကိုယ်သူ သွေးဆောင်နေသလို တစ်ချိန်တည်းမှာ ရွှီချင်းသည် ဖြစ်နိုင်ခြေရှိသော ရလဒ်များကို စဉ်းစားနေခဲ့သည်။

သို့ဖြစ်၍ အရှေ့သို့ ခြေတစ်လှမ်း သူတိုးလိုက်သည်နှင့် သူ့ကို ကဒ်ဘေးက စောင့်ဆိုင်းနေလိမ့်မည်ကို အမြဲတမ်း နားလည်ထားပြီး ယင်းကို အခြေခံအားဖြင့် ဖြစ်နိုင်ခြေသုံးမျိုး ခွဲခြားလိုက်သည်။

ပထမဖြစ်နိုင်ခြေသည် သူထွက်ပေါ်လာသည်နှင့်ချက်ချင်း သတ်ဖြတ်ခံရလိမ့်မည်။ သို့သော် ဤဖြစ်နိုင်ခြေသည် အလွန်မမြင့်မားပေ။

မည်သို့ဖြစ်စေ လူတိုင်းက ကြည့်ရှုနေကြခြင်းဖြစ်သည်။ သူက သူတို့ကို ဆန့်ကျင်ခဲ့သည်မှာ မှန်သော်လည်း ယင်းက ငြင်းဆန်ခြင်းမျှသာ ဖြစ်၏။ ပြဿနာရှာခြင်း မဟုတ်ပေ။

ဒုတိယဖြစ်နိုင်ခြေမှာ သူသည် ရာဇဝတ်သားအဖြစ် သတ်မှတ်ခံရပြီး အကျဉ်းချခံရလိမ့်မည်။ ထိုအချိန်ကျလျှင် သူ၏ သေခြင်းရှင်ခြင်းသည် တခြားလူများ၏ အတွေးတစ်ချက်အပေါ်မှာ မူတည်သွားလိမ့်မည်။

တတိယဖြစ်နိုင်ခြေသည်တော့ အရာအားလုံးက အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားလိမ့်မည်။ သို့သော်လည်း ယင်းက အနာဂတ်မှာ ကြီးမားသော လျှို့ဝှက်အန္တရာယ်များကို ဖိတ်ခေါ်နေလိမ့်မည်။

မှန်ပေ၏။ ထိုသို့ဖြစ်လာရန် အရင်ဦးဆုံး သူ၏ အစီအစဉ်က ကျရှုံးသွားရပေမည်။

သို့ဖြစ်၍ ရွှီချင်းက လူအုပ်ကြားထဲမှ တိုးထွက်လာသည်နှင့်ချက်ချင်း ဧကရာဇ်၏ နှလုံးသားအလင်းစစ်ဆေးမှုမှာ ပေးတစ်သိန်းအလင်းတန်းအား ရရှိခဲ့ကြောင်းကို ဦးစွာပထမ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ပထမဖြစ်နိုင်ခြေကို ဖြေရှင်းရန်ဖြစ်သည်။ လက်ထောက်ရုံးတော်သခင်နှင့် တခြားလူများ၏ ပေါ်ထွက်လာမှုနှင့် အကာအကွယ်ပေးမှုသည် သူ၏ မျှော်လင့်ထားမှုထဲမှာ မပါဝင်ခဲ့ပေ။

ထို့ကြောင့် သူက ပထမအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သွားသည်။ ထို့နောက် သူက ရုံးတော်သခင်၏ ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပြီး သက်သေအဖြစ် ကျောက်စိမ်းပြားကို ထုတ်ပြခဲ့သည်။ ထိုသို့ဖြင့် သူသည် ဒုတိယအဆင့်ကိုလည်း ဆက်လက်ကျော်လွှားနိုင်သွားသည်။

ဤမတိုင်ခင်က ဒေသအကြီးအကဲ၏ သေဆုံးမှုနှင့်ပတ်သက်ပြီး ဖြေရှင်းချက်ရှိခဲ့သည်။ ယခု ရွှီချင်း၏ စကားသည် ထိုဖြေရှင်းချက်ကို ပြောင်းပြန်လှန်ရန် သို့မဟုတ် အမတ်ယောင်ကို ကာကွယ်ရန် လုံးဝမဟုတ်ပေ။ ယင်းအစား သူက ပိုပြီးလျှို့ဝှက်နက်နဲစွာ ဖြေရှင်းချင်သည်။ သူက ဖုန်းဟိုင်ဒေသငယ်မှ ပြည်သူပြည်သားများကို အခြေအနေအား ပိုပြီးကောင်းမွန်စွာ နားလည်သဘောပေါက်နိုင်ရန် အသေးစိတ်အချက်အလက်များကို ပိုပြီးထောက်ပံ့ပေးချင်သည်။

ပြည်သူပြည်သားများ၏ နှလုံးသားထဲမှာ လက်ထောက်ဒေသအကြီးအကဲက ရှိနေသော်လည်း သူသည် ယခင်ဒေသအကြီးအကဲဟောင်းနှင့် နှိုင်းယှဉ်၍မရပေ။

ထို့အပြင် ရုံးတော်သခင်၏ သစ္စာတရားနှင့် ဖုန်းဟိုင်ဒေသငယ်အပေါ် သူ၏ အကျိုးဆောင်မှုများသည် အလွယ်တကူ မေ့ပစ်နိုင်သောအရာ မဟုတ်ပေ။

ပထမပုဂ္ဂိုလ်သည် ဒေသငယ်မြို့တော်ထဲမှ သေမျိုးများ၏ ကိုးကွယ်အားထားရာ ဖြစ်သည်။

ဒုတိယပုဂ္ဂိုလ်သည် စစ်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသော ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူတိုင်းအတွက် ကြီးမြတ်သော ပုဂ္ဂိုလ်ဖြစ်သည်။

ဤအကြောင်းအရင်းကြောင့်ပင် လက်ထောက်ဒေသအကြီးအကဲက ရွှီချင်းထံသို့ လေးနက်စွာ လှမ်းကြည့်လိုက်ခြင်း ဖြစ်သည်။ သူက သူ့ကိုယ်သူ ပြန်အသိပေးနေသည့်အလားပင်။

အဘယ့်ကြောင့်ဆိုသော် စောစောက ရွှီချင်း၏ စကားထဲမှာ အမတ်ယောင်ကို ကာကွယ်မည့် သဘောထားနှင့် ယခင်က ဖြေရှင်းချက်ကို ပြောင်းပြန်လှန်ပစ်မည့် အရိပ်အမြွက်သေးသေးလေး ထွက်ပေါ်လာသည်နှင့်ချက်ချင်း ယင်းကို သူက ဖိနှိပ်နိုင်သောကြောင့် ဖြစ်သည်။

ဤအခိုက်အတန့်မှာ တစ်လောကလုံး တိတ်ဆိတ်သွားသည်။

အခွင့်အရေးတစ်ရပ်ရရှိလာသည့်အခါ လူတိုင်း၏ အကြည့်အောက်မှာ ကမ္မသရဖူကိုဆောင်းထားသော ရွှီချင်းသည် လေထဲမှာ မျောလွင့်နေလျက် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

နောက်ဆက်ပြောမည့် သူ့စကားသည် အလွန်အမင်း အရေးကြီးကြောင်း သူသိသည်။ အမှားပါ၍ လုံးဝမဖြစ်ပေ။ အကယ်၍ သူက မှားယွင်းသော တစ်စုံတစ်ရာကို ဆိုခဲ့မိသည်ရှိသော် အလွန်ဆိုးဝါးသော အခြေအနေအောက်သို့ တွန်းပို့ခံရလိမ့်မည်။

သို့ဖြစ်၍ သူက အသက်ရှူချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။ ထို့နောက် သူက လက်ထောက်ဒေသအကြီးအကဲကို စိုက်ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောသည်။

“ ဒီနှစ် ဧပရယ်လမှာ အရင်ဒေသအကြီးအကဲဟောင်းက ထူးထူးဆန်းဆန်း သေဆုံးသွားခဲ့တယ်… တစ်ချိန်တည်းမှာ သန့်စင်ရေလှိုင်းမျိုးနွယ်က ဖုန်းဟိုင်ဒေသငယ်ဆီ ကျူးကျော်ဝင်ရောက်လာခဲ့တယ်… ဖုန်းဟိုင်ဒေသငယ်ရဲ့ နှစ်ပေါင်းရှစ်ရာကျော် တည်မြဲနေခဲ့တဲ့ ငြိမ်းချမ်းမှုက ဒီအတွက်ကြောင့် ပျက်စီးသွားခဲ့ရတယ်… ကောင်းကင်နက်မျိုးနွယ်က လူသားမျိုးနွယ်ရဲ့ နန်းမြို့တော်ဒေသကြီးကို ကျူးကျော်ဝင်ရောက်လာပြီး လက်ထောက်ဒေသအကြီးအကဲသစ်နဲ့ လူသားမျိုးနွယ်ရဲ့ စစ်ကူတွေကို ရပ်တန့်တားဆီးခဲ့တယ်… ဒါကြောင့် ဖုန်းဟိုင်ဒေသငယ်က သီးခြားဖြစ်တည်သွားပြီး အကူအညီမဲ့သွားခဲ့တယ်… အခြေအနေက မတည်မငြိမ်ဖြစ်လာပြီး လူတိုင်းက ကြောက်ရွံ့တုန်လှုပ်နေခဲ့ကြတယ် ”

“ ဓားကိုင်ရုံးတော်သခင်က ဒေသအကြီးအကဲရဲ့ တာဝန်တွေကို ယာယီလွှဲပြောင်းယူခဲ့ပြီး ဖုန်းဟိုင်ဒေသငယ်ကို ကာကွယ်ပေးခဲ့တယ် ”

“ အဲ့ဒီတစ်လတည်းမှာပဲ သံတော်ဆင့်အနေနဲ့ ကျုပ်က ရုံးတော်သခင်နောက်လိုက်ပြီး တိုက်ပွဲသတင်းတွေကို တင်ပြပေးခဲ့တယ်… ဧပရယ်လကုန်မှာ ဖုန်းဟိုင်ဒေငယ်ရဲ့ ရှေ့တန်းက အရမ်းအရေးကြီးနေပြီလို့ သတင်းပို့လာခဲ့တယ်… ဓားကိုင်ရုံးတော်သခင်က ဖုန်းဟိုင်ဒေသငယ်ရဲ့ စစ်တပ်ကို ဦးဆောင်ပြီး ဖုန်းဟိုင်ဒေသငယ်ကို ကာကွယ်ဖို့ ကျမ်းကျိန်မှုကို ဖြည့်ဆည်းပေးခဲ့တယ်… ရုံးတော်သခင်ကိုယ်တိုင် စစ်မြေပြင်ဆီ သွားရောက်ခဲ့တယ်… အဲ့ဒီအချိန်တုန်းက ကျုပ်ကိုယ်တိုင် ရုံးတော်သခင်ကို စစ်ချပ်ဝတ်တပ်ဆင်ပေးခဲ့တယ် ”

ရွှီချင်း၏ အသံသည် အရပ်မျက်နှာတစ်ခွင်သို့ ပျံ့လွင့်သွားသည်။ ထိုစကားများသည် အဓိပ္ပာယ်မရှိခြင်းမဟုတ်ပေ။ သူက ဤနေရာရှိ သိန်ပေါင်းများစွာသော လူများ၏ မှတ်ဉာဏ်များကို ပြန်လှုံ့ဆော်စေလိုခြင်း ဖြစ်သည်။ သူက မြို့တော်ထဲမှ သေမျိုးများကို လွန်ခဲ့သော နှစ်ဝက်တုန်းက အဖြစ်အပျက်များကို ပြန်အမှတ်ရစေချင်သည်။

ထိုအချိန်တုန်းက လူတိုင်းကို မည်သူက အကာအကွယ်ပေးခဲ့ကြောင်း သူတို့ကို သိစေချင်သည်။

“ ရုံးတော်သခင်က သူမသွားခင်မှာ ကျုပ်ကို သူ့နောက်လိုက်ဖို့ ခွင့်မပြုခဲ့ဘူး… အဲ့ဒီအစား သူက ကျုပ်နေရာမှာအစားထိုးဖို့ တစ်စုံတစ်ယောက်ကို ခေါ်သွားခဲ့တယ်… ကျုပ်ကိုတော့ ဒေသအကြီးအကဲရဲ့ သေဆုံးမှုအကြောင်း လျှို့ဝှက်စုံစမ်းနိုင်အောင် ကျောက်ရှာပြည်နယ်ဆီ စေလွှတ်ခဲ့တယ် ”

“ ဒေသအကြီးအကဲရဲ့ သေဆုံးမှုက အသက်ကဒ်ဘေးအလင်းဆေးလုံးကြောင့် ဖြစ်မယ်လို့ ရုံးတော်သခင်က သံသယဝင်ခဲ့တယ်… အဲ့ဒီဆေးလုံးက ရှေးခေတ်ကာလကတည်းက အတော်လေး ကျော်ကြားပြီး သမိုင်းထဲမှာ မှတ်တမ်းတင်ထားတယ်… အဲ့ဒါရဲ့ အလုပ်လုပ်ပုံက ကမ္မကို ပေါက်ကွဲစေတာပဲ… ကမ္မက ပိုပြီးသိပ်သည်းလာလေ ပိုပြီးအသက်အန္တရာယ်ရှိလေပဲ ”

“ ဒေသအကြီးအကဲမှာက ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးရဲ့ ကမ္မစွမ်းအင်ရှိတယ်… ဒါကြောင့် သူ့ရဲ့သေဆုံးမှုက အသက်ကဒ်ဘေးအလင်းဆေးလုံးနဲ့ သက်ဆိုင်နေတယ်လို့ ဖော်ပြလိုက်တာပဲ ”

“ ဘာဖြစ်လို့ ရုံးတော်သခင်က အသက်ကဒ်ဘေးအလင်းဆေးလုံးကို သံသယဝင်ရလဲဆိုတော့ ဓားကိုင်ရုံးတော်ထဲမှာ သီးသန့်စာရွက်စာတမ်း(၁၉)လို့ခေါ်တဲ့ မှတ်တမ်းတစ်ခုရှိတယ်… အခု အဲ့ဒါက ဓားကိုင်ရုံးတော်ထဲမှာ ဆက်ရှိနေသေးလား ကျုပ်မသိဘူး… ဒါပေမဲ့ တကယ်လို့ အဲ့ဒါက မရှိတော့ရင်တောင်မှ ဒေသအကြီးအကဲ မသေဆုံးခင် သန့်စင်ရေလှိုင်းမျိုးနွယ်ထဲက သူလျှိုကို ကယ်ဆယ်ရမယ်ဆိုတဲ့ တာဝန်တစ်ခုကို ဓားကိုင်ရုံးတော်က လက်ခံရရှိခဲ့တယ်… အဲ့ဒီတာဝန်မှာ ကျုပ်တို့ ဗလာဆန္ဒသေတ္တာတစ်လုံးကို ရရှိခဲ့ကြတယ်… အဲ့ဒီတုန်းက လူတွေအများကြီး ပါဝင်ခဲ့ကြတယ်… သူတို့က သက်သေလုပ်ပေးနိုင်တယ် ”

“ ဒါပေမဲ့ အသက်ကဒ်ဘေးအလင်းဆေးလုံးကို အသုံးပြုဖို့ဆိုရင် အခြေအနေတစ်ခုကို လိုအပ်တယ်… အဲ့ဒါက ကျောက်ရှာအလင်းပဲ… အဲ့ဒါကို တခြားပြည်နယ်တွေကနေ ရရှိနိုင်တယ်ဆိုပေမဲ့ ကျောက်ရှာအလင်းက ကျောက်ရှာပြည်နယ်တစ်ခုတည်းမှာပဲ ပေါ်ထွက်လာလေ့ရှိတယ်… ဒါကြောင့် ရုံးတော်သခင်က ကျုပ်ကို ကျောက်ရှာပြည်နယ်ဆီ စေလွှတ်ပြီး မှတ်တမ်းမတင်ထားတဲ့ ကျောက်ရှာအလင်းရှိမရှိ စုံစမ်းစစ်ဆေးခိုင်းခဲ့တယ် ”

“ ကျုပ်ပြောတာအားလုံးက အမှန်ဆိုတာ ဒီကျောက်စိမ်းပြားက သက်သေပြုပေးနိုင်တယ် ”

“ အဲ့ဒီနောက် ကျုပ်က ရုံးတော်သခင်ရဲ့ အမိန့်တော်အတိုင်း ကျောက်ရှာပြည်နယ်ဆီ သွားရောက်ခဲ့တယ်… ပြီးတော့ ကျောက်ရှာပြည်နယ်က ဓားကိုင်ရုံးတော်ခွဲရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးခဲ့တယ်… အဲ့ဒီမှာ ကျုပ်က စုံစမ်းစစ်ဆေးခဲ့ပြီး လိုချင်တဲ့အရာကို ရှာတွေ့ခဲ့တယ်… အဲ့ဒီကိစ္စကို ကျောက်ရှာပြည်နယ်က ဓားကိုင်ရုံးတော်ခွဲက သက်သေပြုပေးနိုင်တယ်… ခရီးစဉ်တစ်လျှောက် သဲလွန်စတွေကို ဒီကျောက်စိမ်းပြားထဲမှာ မှတ်တမ်းတင်ထားခဲ့တယ်… ရလဒ်အနေနဲ့ အဲ့ဒီမှာ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ကျောက်ရှာအလင်းတစ်ခု အမှန်တကယ် ထွက်ပေါ်လာခဲ့တယ်… ကျောက်ရှာပြည်နယ်က ဓားကိုင်ရုံးတော်ခွဲက အဲ့ဒီအကြောင်းကို မှတ်တမ်းမတင်ထားဘူး ”

ရွှီချင်း၏ စကားဆုံးသည်နှင့် ခုန်းရှန်းလုံသည် ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ကျယ်လောင်စွာ အော်ပြောသည်။

“ သူလျှိုကို ကယ်ဆယ်တဲ့ တာဝန်မှာ ကျုပ်လည်းပါဝင်ခဲ့တယ်… သီးသန့်စာရွက်စာတန်း(၁၉)က တကယ်ရှိကြောင်းနဲ့ ဗလာဆန္ဒသေတ္တာကို ရရှိခဲ့ကြောင်း ကျုပ်သက်သေပြုပေးနိုင်ပါတယ်… အားလုံးက ရွှီချင်းပြောသွားခဲ့တာနဲ့ အတူတူပါပဲ ”

ချက်ချင်းပင် မြေကွက်လပ်ထဲမှ သိန်းပေါင်းများစွာသော ကျင့်ကြံသူများသည် ထိတ်လန့်သွားကြသည်။ မြို့တော်တစ်ခုလုံးသည်လည်း လှုပ်ခါသွားသည်။

သတ္တမမင်းသား၏ အကြည့်သည် လှုပ်ရှားသွားသည်။ ထိုစဉ် လက်ထောက်ဒေသအကြီးအကဲသည်တော့ အမူအရာကင်းမဲ့စွာ ရှိနေသည်။

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဆက်ပြောသည်။

“ အဲ့ဒီအကြောင်းတွေကို ရုံးတော်သခင်ဆီ ကျုပ်တင်ပြခဲ့တယ်… အဲ့ဒီလမှာပဲ ရုံးတော်သခင်က စစ်မြေပြင်မှာ ကျဆုံးသွားခဲ့တယ်… ဒါပေမဲ့ ဒီကိစ္စကို လျှို့ဝှက်ပြီး ကျုပ်ဆက်စုံစမ်းခဲ့တယ် ”

ရွှီချင်းက ထိုသို့ပြောသည့်အခါ လက်ထောက်ဒေသအကြီးအကဲက နူးညံ့စွာ သက်ပြင်းချလိုက်လေသည်။

“ ညီအကိုလျှန်ရှို့ မင်းလည်း ကျုပ်လိုမျိုးတွေးခဲ့တာပါလား ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။

လက်ထောက်ဒေသအကြီးအကဲ၏ အကြည့်သည် ရွှီချင်းထံမှ ပြောင်းရွှေ့သွားပြီး စင်မြင့်အောက်မှ သိန်းပေါင်းများစွာသော စစ်သည်တော်များထံသို့ ကျရောက်သွားသည်။ သူ၏ အသံထဲတွင် ဝမ်းနည်းကြေကွဲသော အရိပ်အယောင်တစ်စွန်းတစ်စ ပါရှိသည်။

All Chapters