← Chapters

လက်ထောက်ဒေသအကြီးအကဲ ကျေးဇူးပြုပြီး ထောက်ပြပေးပါ(ဂ)

Vol. 50 Ch. 766

လက်ထောက်ဒေသအကြီးအကဲ ကျေးဇူးပြုပြီး ထောက်ပြပေးပါ(ဂ)

Vol. 50 Ch. 766

ရွှီချင်း၏ စကားကိုကြားသောအခါ လက်ထောက်ဒေသအကြီးအကဲ၏ သူငယ်အိမ်သည် မသိမသာ ကျဉ်းမြောင်းသွားသည်။ သူ၏ အမူအရာသည် အနည်းငယ် မည်းမှောင်သွားသည်။ သို့သော်လည်း သူက တည်ငြိမ်စွာ ဆက်ပြောသည်။

“ မင်းက အတော်ခေါင်းမာတာပဲ… လီယွမ်ရှန်း သူ့ကို အဝေးခေါ်ထုတ်သွားပြီး ညီအကိုလျှန်ရှို့ကိုယ်စား သင့်တော်တဲ့အပြစ် ပေးလိုက်စမ်း ”

လက်တွေ့သည် အလွန်တရာ ရှင်းလင်းသည်။ လူအများအပြား၏ မျက်လုံးထဲမှာ ရွှီချင်း၏ အပြုအမူသည် လက်ခံပေးနိုင်သော အတိုင်းအတာထက် ကျော်လွန်နေသည်။

ဓားကိုင်ရုံးတော်၏ လက်ထောက်ရုံးတော်သခင်က တုံ့ဆိုင်းနေစဉ် ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ဆက်ပြောသည်။

“ လွန်ခဲ့တဲ့နှစ်ဆယ့်သုံးရက်တုန်းက အင်မော်တယ်တားမြစ်နယ်မြေကနေ ကျုပ်ပြန်ရောက်လာတော့ ဓာတ်ပြယ်ဆေးလုံးတွေထဲကနေ တူညီတဲ့အနံ့ကို ကျုပ်ရခဲ့တယ် ”

‘ ဓာတ်ပြယ်ဆေးလုံး ’ဟူသော စကားလုံးက ရွှီချင်း၏ ပါးစပ်ထဲမှ ထွက်ကျလာသောအခါ လူတိုင်းက မတုံ့ပြန်နိုင်မီ အန္တရာယ်အရှိန်အဝါတစ်ခုသည် လက်ထောက်ဒေသအကြီးအကဲ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ သူက ညာလက်ကို မြှောက်တင်လိုက်ပြီး အင်္ကျီလက်ကို ခါယမ်းလိုက်သည်။

“ ရိုင်းစိုင်းလိုက်တာ ”

သူ၏ စကားသံက မြည်ဟိန်းထွက်သွားသည်နှင့် ဗလာနတ္ထိကျင့်ကြံခြင်းအဆင့် စွမ်းအင်လှိုင်းတစ်ခုသည် လက်ထောက်ဒေသအကြီးအကဲ၏ အင်္ကျီလက်ထဲမှ ပေါ်လျှိုးထွက်လာပြီး ရွှီချင်းကို ချက်ချင်း လွှမ်းခြုံသွားသည်။

လက်ထောက်ရုံးတော်သခင်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက စွမ်းအားကုန်ကို ထုတ်သုံး၍ ခုခံသော်လည်း အနောက်သို့ တွန်းပို့ခံလိုက်ရသည်။ ကမ္မစွမ်းအင်၏ အစွမ်းတိုးမြှင့်ပေးခြင်းခံထားရသော လက်ထောက်ဒေသအကြီးအကဲသည် သူ့ပြိုင်ဘက်မဟုတ်ပေ။ သို့သော်လည်း ထိုအခိုက်အတန့်မှာ တိမ်တိုက်များသည် ပေါက်ကွဲထွက်သွားပြီး သံမဏိချင်းပွတ်တိုက်သံသည် ကောင်းကင်ယံမှ မြည်ဟိန်းထွက်လာသည်။

“ ဂူး ဂူး ”

ဦးခေါင်းသုံးလုံးပါ ဧရာမငှက်တစ်ကောင် ထွက်ပေါ်လာသည်။

၎င်း၏ အလျှင်သည် အလွန်အမင်း မြန်ဆန်ပြီး ရွှီချင်း၏ အောက်မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။ ၎င်း၏ ညာဘက်ဦးခေါင်းက ရွှီချင်း၏ ခြေဖဝါးအောက်သို့ လျှိုဝင်သွားသည်။ ရွှီချင်းကို မတင်ပြီးနောက် ၎င်း၏ ဦးခေါင်းသုံးလုံးသည် လက်ထောက်ဒေသအကြီးအကဲထံသို့ တစ်ပြိုင်နက် စိုက်ကြည့်လိုက်ကြသည်။ ၎င်း၏ တစ်ကိုယ်လုံးကို အချွတ်အတတ်များဖြင့် ဖုံးလွှမ်းထားပြီး ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ ထို့နောက် ၎င်းက နားကွဲလုမတတ် ကျယ်လောင်သော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။

အသံလှိုင်းများသည် ပေါက်ကွဲထွက်သွားပြီး ဘေးပတ်ဝန်းကျင်တစ်လျှောက် ရိုက်ခတ်သွားစေမည့် မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာသည်။ ယင်းက မြို့တော်တစ်ခုလုံးကို လှုပ်ခါသွားစေပြီး ကောင်းကင်၏ အရောင်ကို ပြောင်းလဲသွားစေသည်။

မြို့တော်ထဲမှ သေမျိုးများသည် ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ မြေကွက်လပ်ထဲမှ ကျင့်ကြံသူသိန်းပေါင်းများစွာသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ သတ္တမမင်းသား၏ အမူအရာသည် အေးခဲသွားပြီး လက်ထောက်ဒေသအကြီးအကဲ၏ အမူအရာသည် လှုပ်လှုပ်ရွရွဖြစ်သွားသည်။ ယခင်ကဲ့သို့ မတည်ငြိမ်တော့ပေ။

ငှက်ကြီးချင်းချင်းသည်သာ လူအများ၏ အာရုံစိုက်စရာဖြစ်လာသည်။

၎င်း၏ မိုးခြိမ်းသံပမာ အော်မြည်သံသည် တိမ်တိုက်များတစ်လျှောက် ပဲ့တင်ထပ်နေသည်။

၎င်းထက် ပိုပြီးအာရုံစိုက်ခံရသော လူသည်တော့ ၎င်း၏ ညာဘက်ဦးခေါင်းပေါ်တွင် မတ်တတ်ရပ်နေသော ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက် ဖြစ်သည်။ လူငယ်သည် ဓားကိုင်တာအိုဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး လေတဟူးဟူး တိုက်ခတ်မှုကြောင့် သူ၏ အဝတ်အစားက တဖျပ်ဖျပ်လှုပ်ခတ်နေသည်။

ရောင်ခြည်စက်ဝန်းလေးခုသည် အလွန်တရာ ထွန်းလင်းတောက်ပပြီး မိုဆာဆောသည် မာန်ဖီဟိန်းဟောက်လိုက်သည်။ ကျောက်ရှာအလင်းသည် ပျံ့နှံ့ထွက်လာသည်။ တစ္ဆေအင်ပါယာတောင်ကုန်းသည် သူ၏ ကျောအနောက်မှာ မားမားမတ်မတ်ရပ်နေပြီး မြစ်ကြီးတစ်စင်းသည် သူ၏ ဘေးပတ်ပတ်လည်မှာ စီးဆင်းနေဟန် ရသည်။

ဤအခိုက်အတန့်မှာ လွန်ခဲ့သော နှစ်ဝက်တုန်းက ရုံးတော်သခင်ကို ကိုယ်စားပြုသော သံတော်ဆင့်ရွှီချင်း ပြန်ရောက်လာချေ၏။

ဘေးပတ်ဝန်းကျင်မှ အဖြစ်အပျက်အားလုံးကို စောင့်ကြည့်လေ့လာနေကြသော မျိုးနွယ်အသီးသီးသည် ဤအခိုက်အတန့်မှာ ထိတ်လန့်သွားကြသည်။ အတိတ်တုန်းက ရွှီချင်း၏ ပုံရိပ်သည် သူတို့၏ စိတ်ထဲမှာ ပြန်လည်ထွက်ပေါ်လာလေသည်။

ရွှီချင်းသည် ဆက်လက်ပြောသည်။

“ ဓာတ်ပြယ်ဆေးလုံး… ဟုတ်ပါတယ် မြို့တော်ထဲက သေမျိုးတွေ နှစ်ပေါင်းများစွာကြာအောင် သောက်သုံးခဲ့ကြတဲ့ ဓာတ်ပြယ်ဆေးလုံးတွေပါ ”

“ အဲ့ဒီအချိန်မှာ အဆိပ်ခတ်တဲ့နည်းလမ်းကို ကျုပ်နားလည်သွားခဲ့တယ် ”

“ လူသတ်သမားက ဒေသအကြီးအကဲကို တိုက်ရိုက်အဆိပ်ခတ်သွားခဲ့တာမဟုတ်ဘူး… နှစ်ပေါင်းများစွာကြာတဲ့အထိ သူက အသက်ကဒ်ဘေးအလင်းဆေးလုံးကို မရေမတွက်နိုင်တဲ့ အချိုးအစားတွေအဖြစ် ခွဲထုတ်လိုက်ပြီး ဓာတ်ပြယ်ဆေးလုံးတွေထဲ ရောနှောခဲ့တယ်… ပြီးတော့ မြို့တော်ထဲက လူသားအားလုံးကို သောက်သုံးစေခဲ့တယ် ”

ထိုစကားကို သူပြောလိုက်သည်နှင့်ချက်ချင်း ကျယ်လောင်သော မိုးခြိမ်းသံသည် မြို့တော်ထဲမှ မရေမတွက်နိုင်သော သေမျိုးများ၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။ မြေကွက်လပ်ထဲရှိ သိန်းပေါင်းများစွာသော ကျင့်ကြံသူများသည် နှလုံးတုန်သွားကြသည်။

ရွှီချင်း၏ စကားသည် အလွန်တရာ ကြီးလေးလှသည်။

ဆွံ့အသွားသောအသံများ၊ အာမေဋိတ်သံများ၊ ပရမ်းပတာအသံများနှင့် ဆူညံသံများသည် နေရာတိုင်းမှ ပျံ့လွင့်ထွက်လာသည်။

“ မရေမတွက်နိုင်တဲ့ လူတွေကို အဆိပ်ခတ်ပြီး တစ်မြို့လုံးက သက်ရှိတွေအားလုံးရဲ့ ကမ္မကို ပြောင်းလဲစေခဲ့တယ်… မြို့တော်ထဲက လူတိုင်းက ဓာတ်ကူပစ္စည်းသဖွယ် ဖြစ်လာကြတယ်… အဆိပ်ပါဝင်တဲ့ ကမ္မက ဒေသအကြီးအကဲနဲ့ တစ်ချိန်လုံး အတူရှိနေခဲ့တယ်… အဲ့ဒီလိုနဲ့ ဒေသအကြီးအကဲက တိတ်တဆိတ် အဆိပ်မိလာခဲ့တယ် ”

ရွှီချင်းက ဆက်ပြောသည်။ ထိုအခါ တစ်မြို့လုံး ဆူပူအုံကြွလာသည်။ စင်မြင့်အောက်မှ သိန်းပေါင်းများစွာသော ကျင့်ကြံသူများ၏ အသက်ရှူသံသည် မြန်ဆန်လာကြသည်။ ဤသည်မှာ ကြီးမားသော မုန်တိုင်းက သူတို့၏ စိတ်ထဲသို့ ဝင်ရောက်တိုက်ခတ်သွားသည့်အလားပင်။

“ ဓာတ်ပြယ်ဆေးလုံးက အဆိပ်ရှိတယ်လား ”

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

“ ဒါပေမဲ့ အားလုံးက အကျိုးအကြောင်းဆီလျော်ပြီး ယုတ္တိရှိတယ် ”

“ ဓာတ်ပြယ်ဆေးလုံးတွေကို လက်ထောက်ဒေသအကြီးအကဲက ပြုလုပ်ခဲ့တာ… သူတစ်ယောက်ပဲ ဓာတ်ပြယ်ဆေးလုံးကို ဖန်တီးနိုင်တယ်… မြို့တော်ထဲက ဆေးဆိုင်တွေအားလုံးက ဓာတ်ပြယ်ဆေးလုံးကို ဝယ်ယူဖို့ လက်ထောက်ဒေသအကြီးအကဲရဲ့ စံအိမ်တော်ဆီ သွားကြရတယ်လေ ”

“ ဘယ်ဟာက အတု ဘယ်ဟာက အစစ်လဲ ”

“ ဒီမှာ… ဘယ်ဟာက အမှန်တရားလဲ ”

ဆူပူအုံကြွမှု ဖြစ်ပေါ်လာသည်။

ရွှီချင်းပြောသွားသော စကားများသည် လူတိုင်းအတွက် အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။ သူတို့၏ ဦးရေပြားက ထုံကျင်သွားကြပြီး စိတ်ထဲမှာ လှိုင်းတံပိုးများ မြှောက်တတ်လာကြသည်။

ခုန်းရှန်းလုံသည် ဆွံ့အသွားပြီး ဓားကိုင်အားလုံးသည် တုန်လှုပ်သွားကြသည်။ လက်ထောက်ရုံးတော်သခင်များ၏ မျက်နှာသည်လည်း သိသာစွာ ပျက်ယွင်းသွားကြသည်။

အထူးသဖြင့် လက်ထောက်ဒေသအကြီးအကဲပင်။ သူက ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။ တစ်ဖက်လူက ဤမျှထိ စုံစမ်းစစ်ဆေးနိုင်ခဲ့မည်ဟု သူမျှော်လင့်မထားပေ။

ရွှီချင်းသည် မြေပြင်သို့ ငုံ့ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ မြို့တော်ထဲက လူတိုင်းက အဆိပ်မိနေကြတယ်… အနာဂတ်မှာ အဲ့ဒီအဆိပ်က ဘယ်လိုအလုပ်လုပ်မလဲ အဆိပ်ထကြွလာတာနဲ့ ဘယ်လိုကဒ်ဘေးကို ဖြစ်စေမလဲ ကျုပ်မသိဘူး ”

“ ဧကရာဇ်ရဲ့ နှလုံးသားအလင်းစစ်ဆေးမှုမှာ ပေတစ်သိန်းအလင်းတန်းကို ရရှိခဲ့တဲ့ ကျုပ် ဓားကိုင်ရွှီချင်းက စောစောက ကျုပ်ပြောသွားတဲ့ စကားလုံးတိုင်းကို တာဝန်ယူတယ် ”

“ လက်ထောက်ဒေသအကြီးအကဲ ကျုပ်ရဲ့တင်ပြမှုက ပြီးသွားပြီ… ကျေးဇူးပြုပြီး ကျုပ်ကို ထောက်ပြပေးပါ ”

ရွှီချင်း၏ အသံသည် အရပ်မျက်နှာပေါင်းစုံသို့ ဆက်လက်ပဲ့တင်ထပ်သွားသည်။ သူ့စကားကို သူတို့ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ မြေကွက်လပ်ထဲရှိ လူတိုင်း၏ အကြည့်က လက်ထောက်ဒေသအကြီးအကဲထံသို့ တစ်ပြိုက်နက် ကျရောက်သွားကြသည်။

သူတို့ချည်းသာလျှင် မဟုတ်ပေ။ ဤအခိုက်အတန့်မှာ သေမျိုးအားလုံးသည် တူညီသော ဦးတည်ရာဆီသို့ ထိတ်လန့်ခြင်း ဒေါသထွက်ခြင်း အစရှိသော ခံစားချက်ပေါင်းစုံဖြင့် ကြည့်လိုက်ကြသည်။

အဘယ့်ကြောင့်ဆိုသော် ဤကိစ္စသည် သူတို့တစ်ဦးချင်းစီ၏ ဘေးကင်းလုံခြုံမှုနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။

မည်မျှသေးငယ်ကိစ္စဖြစ်ပါစေ လူတစ်ဦးချင်းစီတိုင်းနှင့် ဆက်စပ်နေသောအရာသည် ကိစ္စကြီးဖြစ်နေဆဲပင်။

ဤအခိုက်အတန့်မှာ လူအနည်းစုသာ တခြားကိစ္စကို စဉ်းစားနေကြလိမ့်မည်။ သူတို့ထဲမှ အများစုသည်တော့ ဤအခိုက်အတန့်မှာ အဖြေတစ်ခုကိုသာ လိုချင်နေကြသည်။

‘ ခင်ဗျား ကျုပ်တို့ကိုပေးခဲ့တဲ့ ဓာတ်ပြယ်ဆေးလုံးတွေထဲမှာ အဆိပ်ပါလား မပါဘူးလား ’

ရွှီချင်းသည် လူထု၏ သဘောထားကို သူ့ဘက်သို့ပါအောင် နောက်တစ်ကြိမ် ဆွဲဆောင်နိုင်ခဲ့သည်။

ပထမအကြိမ်မှာ သူသည် ဒေသအကြီးအကဲနှင့် ရုံးတော်သခင်၏ ဩဇာအာဏာကိုအသုံးပြု၍ လက်ထောက်ဒေသအကြီးအကဲအပေါ် လူထု၏ သဘောထားကို ပျက်ပြယ်စေခဲ့ပြီး သူ့အား စကားပြောခွင့်ပြုရန် အရည်အချင်းပြည့်မီစေသည်။

မကြာမီ ယင်းက လက်ထောက်ဒေသအကြီးအကဲကြောင့် ပျက်ပြယ်သွားခဲ့သည်။

ဤတစ်ကြိမ်မှာတော့ သူသည် လူတိုင်း၏ ဘေးကင်းလုံခြုံရေးကို အသုံးပြု၍ လူထုကို သူ့ဘက်သို့ပါအောင် ဆွဲဆောင်နိုင်ခဲ့ပြန်သည်။ သူက အရှိန်အဟုန်ကို စုစည်းပြီး လက်ထောက်ဒေသအကြီးအကဲကို ချောင်ထဲသို့ တွန်းပို့နိုင်ခဲ့သည်။

All Chapters