လက်ထောက်ဒေသအကြီးအကဲ ကျေးဇူးပြုပြီး ထောက်ပြပေးပါ(ဃ)
Vol. 50 Ch. 767
ဤသို့လုပ်ဆောင်နိုင်ခြင်းသည် ရွှီချင်းက သူ့ဘာသာ သင်ယူလေ့လာခဲ့ခြင်းကြောင့် မဟုတ်ပေ။ ယင်းအစား ဒေသငယ်မြို့တော်ထဲမှာ ဆက်တိုက်ဖြစ်ပွားသွားခဲ့သော အဖြစ်အပျက်များကြောင့်သာ ဖြစ်သည်။ သူက လူထု၏ သဘောထားအား မည်သို့အသုံးပြုရမည်ကို သတ္တမမင်းသားထံမှ သင်ယူလေ့လာခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် အင်မော်တယ်တားမြစ်နယ်မြေထဲ၌ သတ္တမသခင်ကြီးသည် သူ့အတွက် အသိဉာဏ်တံခါးကို ဖွင့်လှစ်ပေးခဲ့သည်။ ယင်းက သူ၏ အသိအမြင်ကို နောက်တစ်ဆင့်သို့ တတ်လှမ်းသွားစေခဲ့ပြီး ပုံရိပ်ကြီးကို မြင်တွေ့ချင်လျှင်၊ ကြည်လင်ပြတ်သားစွာ မြင်နိုင်ပြီး အထွတ်အထိပ်သို့ တကယ်ရောက်ရှိချင်လျှင် ပို၍မြင့်မားသော အသိအမြင်ကို လိုအပ်ကြောင်း သူ့အား နားလည်စေခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် သူသည် ဆင်းရဲသားရပ်ကွက်မှ လူငယ်လေးမှ ယနေ့ ဤနေရာမှာ မတ်တတ်ရပ်လာနိုင်သည်အထိ အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ရသည်။ သူ၏ အကျင့်စရိုက်နှင့် စိတ်သဘောထားသည် မသွေးရသေးသော ကျောက်စိမ်းရိုင်းနှင့် ဆင်တူသည်။ အတွေ့အကြုံများနှင့် သင်ခန်းစာများက အမြဲမပြတ် ပွတ်တိုက်ပေးမှသာ ကျောက်စိမ်းရိုင်းသည် ၎င်း၏ တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နိုင်လိမ့်မည်။
ဆင်းရဲသားရပ်ကွက်ထဲမှ ဆရာသည် သူ့အား မည်သို့စာဖတ်ရမည်ကို သင်ကြားပေးခဲ့ပြီး အသိပညာ၏ အခြေခံအုတ်မြစ်ကို ပေးခဲ့သည်။
ခေါင်းဆောင်လဲ့သည် သူ့အား သည်းခံတတ်အောင် သင်ပြပေးခဲ့ပြီး နွေးထွေးကြင်နာမှုနှင့် မိသားစု၏ အငွေ့အသက်ကို ပေးခဲ့သည်။
ဆရာသခင်ပိုင်သည် သူ့အား အပင်များအကြောင်း သင်ကြားပေးခဲ့ပြီး လူသားများ၏ ဘဝနှင့် သဘာဝတရားကြားမှ တူညီမှုကို ယှဉ်တွဲနားလည်စေခဲ့သည်။ ယင်းက သူ့ကို လူသားတစ်ယောက်၏ လမ်းကြောင်းဆီသို့ ညွှန်ပြပေးခဲ့သည်။
သတ္တမသခင်ကြီးသည် သူ့အား အသိအမြင်ကြောင်း ပြောပြပြီး ကိစ္စရပ်များကို မည်သို့ကိုင်တွယ်ဖြေရှင်းရကြောင်း သင်ကြားပေးခဲ့သည်။ ယင်းက သူ၏ အသိဉာဏ်နယ်နိမိတ်ကို ကျယ်ပြောလာစေသည်။
ခေါင်းဆောင်သည် ရက်စက်ကြမ်းကြုတ်ခြင်း၏ သဘောသဘာဝကို သူ့အား သင်ကြားပေးခဲ့ပြီး ကိုယ်လိုချင်သော တစ်စုံတစ်ခုအတွက် လိုအပ်လျှင် ကံကြမ္မာကိုပင် ဆန့်ကျင်တိုက်ခိုက်သင့်ကြောင်း နားလည်စေခဲ့သည်။
သတ္တမမင်းသားသည် လူထု၏ သဘောထားကို အသုံးပြု၍ အမည်းကို အဖြူဖြစ်စေနိုင်ကြောင်း သူ့အား သင်ကြားပေးခဲ့ပြီး အောင်နိုင်သူတစ်ယောက်၏ လမ်းစဉ်တွင် ဘယ်သောအခါမှ အနောက်သို့ လှည့်မကြည့်ရကြောင်း နားလည်စေခဲ့သည်။
ရုံးတော်သခင်သည် ဖြောင့်မတ်တည်ကြည်မှု၏ အဓိပ္ပာယ်နှင့် ဓားကိုင်တစ်ယောက်၏ ကျမ်းကျိန်မှုကို သူ့အား နားလည်စေခဲ့သည်။ ထိုအရာများသည် အသက်ပေး၍ ကာကွယ်ရန် ထိုက်တန်ကြောင်း သူ့အား သိမြင်နားလည်စေခဲ့သည်။
လက်ထောက်ဒေသအကြီးအကဲသည် နည်းဗျူဟာနှင့် တွက်ဆချင့်ချိန်မှုအကြောင်း၊ အခြေအနေထဲမှ အပြောင်းအလဲများကို နားလည်ပြီး တစ်လောကလုံးကို သူ့လက်ခုပ်ထဲမှ ရေကဲ့သို့ မည်သို့ထိန်းချုပ်ရမည်ကို သူ့အား နားလည်စေခဲ့သည်။
ယင်းက တိုက်ရိုက်နည်းဖြင့်သော်လည်းကောင်း သွယ်ဝိုက်နည်းဖြင့်သော်လည်းကောင်း လွန်ခဲ့သော ခုနစ်နှစ်အတွင်း ရွှီချင်းအား ရင့်ကျက်လာအောင် လူအများအပြားက သင်ကြားပေးခဲ့ခြင်းသာ ဖြစ်သည်။
ထိုသို့ဖြင့် ယနေ့ကဲ့သို့ ရွှီချင်းဖြစ်လာရခြင်း ဖြစ်သည်။
ရုတ်တရက် လက်ထောက်ဒေသအကြီးအကဲ၏ ဦးခေါင်းထက်မှ ပန်းဖွားငါးခုကမ္မသရဖူသည် တုန်ခါသွားသည်။
ပမာဏများပြားသော ကမ္မစွမ်းအင်သည် သရဖူထံမှ လွင့်ပြယ်သွားပြီး ရွှိချင်းထံသို့ ဦးတည်သွားသည်။ ထိုကမ္မစွမ်းအင်စီးကြောင်းတွင် အပြင်လူများ အာရုံမခံနိုင်သော အော်ဟစ်ချီးမြှောက်သံများ ပဲ့တင်ထပ်နေသည်။
ကမ္မစွမ်းအင်က ဆက်လက်စုဝေးသွားသည်နှင့် ရွှီချင်း၏ ဦးခေါင်းထက်မှာ လွင့်မျောနေသော ပန်းဖွားငါးခုသရဖူသည် သိသိသာသာ ရုပ်သဏ္ဍာန်ပေါ်လာသည်။
ထိုမြင်ကွင်းကို မြင်လိုက်သော မည်သူမဆို အံ့ဩသွားကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငှက်ကြီးချင်းချင်း၏ ညာဘက်ဦးခေါင်းပေါ်တွင် မတ်တတ်ရပ်နေသော ရွှီချင်းသည် ကိုယ်ရောင်ကိုယ်ဝါတောက်ပနေပြီး သူ၏ ဦးခေါင်းထက်မှ သရဖူသည် ထိတ်လန့်ဖွယ်ကောင်းသော ကမ္မစွမ်းအားကို ထုတ်လွှတ်နေသောကြောင့် ဖြစ်သည်။
ထို့အပြင် သရဖူထဲမှာ လူငယ်လေးတစ်ယောက်က ပျော်ရွှင်စွာ မြူးတူးခုန်ပေါက်နေသော ပုံရိပ်သည်လည်း ဝေဝေဝါးဝါး ဖြစ်ပေါ်နေသည်။
ဤသည်မှာ လူငယ်လေးက လူတိုင်းကို မည်သူက ရွေးချယ်ခံဖြစ်ကြောင်း ပြောပြနေသည့်ဟန် ရသည်။
ရွှီချင်းသည်သာ ဖုန်းဟိုင်ဒေသငယ်၏ ကမ္မစွမ်းအင်ဖြင့် ထိုက်တန်၏။
ရွှီချင်းသည်သာ ဖုန်းဟိုင်ဒေသငယ်၏ စစ်မှန်သော သားတော်ဖြစ်၏။
ကမ္မ၏ ကောင်းချီးပေးမှုနှင့် လူအများ၏ တူညီသော စိတ်ဆန္ဒကြောင့် လောကကြီး၏ အရောင်သည် ပြောင်းလဲသွားသည်။ တိမ်စိုင်တိမ်ခဲများသည် တရွေ့ရွေ့ ရွေ့လျားသွားကြပြီး လေပွေကြမ်းများ တိုက်ခတ်လာသည်။ ယင်းက ကောင်းကင်၊ မြေပြင်နှင့် လူသားများ၏ စိတ်ဆန္ဒကို စုဝေးသွားစေပြီး အစွမ်းထက် အရှိန်အဟုန်တစ်ခု ဖြစ်ပေါ်လာစေသည်။
လက်ထောက်ဒေသအကြီးအကဲ၏ အမူအရာသည် ပြောင်းလဲသွားသည်။
ရွှီချင်းကို ကြည့်နေသော သတ္တမမင်းသား၏ မျက်လုံးသည် တလက်လက် ဝင်းလက်တောက်ပသွားသည်။ လက်ထောက်ဒေသအကြီးအကဲနည်းတူ ဤအချိန်တိုအတွင်းမှာ သူသည် ရွှီချင်းကို ထပ်ခါတလဲလဲ အကဲဖြတ်ခဲ့သည်။
“ ဒီကောင်လေးက သာမန်မဟုတ်ဘူး ”
သတ္တမမင်းသားက အတွေးနက်နေစဉ် လက်ထောက်ဒေသအကြီးအကဲက စကားပြောတော့မည့်အချိန် ရွှီချင်းသည် လက်သီးဆုပ်လိုက်ပြီး လေးနက်စွာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ အခုလိုအရိုအသေပေးရတာက အရင်တုန်းက ခင်ဗျား ကျုပ်ကို သင်ကြားပြသပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်တာပဲ… အခုလို အရိုအသေပေးလိုက်ရတဲ့အတွက် ကျုပ်ရင်ထဲမှာ အတော်လေး စိတ်သက်သာရာရသွားတယ်… အခုချိန်ကစပြီး ကျုပ်ဆန္ဒရှိတာတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောလို့ရပြီ ”
“ လက်ထောက်ဒေသအကြီးအကဲ… ခင်ဗျားက အလင်းရောင်အဖွဲ့အစည်းကဆိုတာ ကျုပ်သိတယ် ”
“ အလင်းရောင်အဖွဲ့အစည်းက ကျင့်ကြံသူတွေက လိမ်ညာတာကို ရှုံ့ချတယ်… အကျိုးအကြောင်းဆီလျော်တာကို အလေးပေးတယ်… ကျုပ်တို့ကို ခင်ဗျားသင်ခန်းစာပို့ချခဲ့တဲ့ အချိန်တုန်းကလိုမျိုးပေါ့ အဖြေကို လူတိုင်းသိအောင် ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့တယ်… ခင်ဗျားကိုယ်တိုင်ပဲ ခင်ဗျားရဲ့ အစီအစဉ်ကို အကြောက်အရွံ့မရှိ ထုတ်ဖော်ပြောခဲ့တယ်… ဒါကြောင့်ပဲ ခင်ဗျားရဲ့ အစီအစဉ်က အခုလိုမျိုး ထွက်ပေါ်လာရတာ ”
“ လက်ထောက်ဒေသအကြီးအကဲ ကျုပ်ပြောတဲ့စကားတွေထဲမှာ အမှားပါသွားခဲ့ရင် ကျေးဇူးပြုပြီး ထောက်ပြပေးပါ ”
ရွှီချင်းက လက်ထောက်ဒေသအကြီးအကဲကို စူးစိုက်ကြည့်လိုက်သည်။
ထိုစကားများကို ရွှီချင်းက ပြောလိုက်သည်နှင့် သတ္တမမင်းသား၏ မျက်လုံးထဲမှ အလင်းသည် ပိုပြီးတောက်ပလာသည်။ အစောနက လက်ထောက်ဒေသအကြီးအကဲသည် ရွှီချင်း၏ ပေတစ်သိန်းအလင်းတန်းရှိသော ရောင်ခြည်စက်ဝန်းကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့သည်။ ယခု ရွှီချင်းက တဖန်ပြန်လည်၍ လက်ထောက်ဒေသအကြီးအကဲ၏ ဘေးပတ်ဝန်းကျင်မှ ရောင်ခြည်စက်ဝန်းကို ဖျက်ဆီးပစ်ရန် ကြိုးစားနေသည်။
လက်ထောက်ဒေသအကြီးအကဲနှင့် သူပူးပေါင်းခဲ့သည့်အချိန်မှစ၍ ယခုအချိန်ထိ တစ်ဖက်လူသည် လိမ်ညာရသည်ကို အမှန်တကယ် ရှုံ့ချသည်။ အရာအားလုံးသည် အကြောင်းတရားပေါ်မှာ အခြေခံသည်။
‘ မင်းဘာမေးမေး ငါဖြေမယ် ’
ဤသည်မှာ အလင်းရောင်အဖွဲ့အစည်း၏ မူဝါဒဖြစ်သည်။
သို့သော် ယခု လက်ထောက်ဒေသအကြီးအကဲက ဝန်ခံလိုက်မည်ဆိုလျှင် သူ၏ သရုပ်မှန်သည် ပေါ်ပေါက်သွားလိမ့်မည်ဖြစ်ပြီး သူ၏ အစီအစဉ်အားလုံးသည် သဲထဲရေသွန်သကဲ့သို့ ဖြစ်သွားလိမ့်မည်။
သို့သော်လည်း အကယ်၍ သူက ဝန်မခံပြန်လျှင် ယင်းက သူ၏ မူဝါဒနှင့် ဆန့်ကျင်နေလိမ့်မည်ဖြစ်ပြီး သူ၏ အတွင်းစိတ်နှင့် သူကိုယ်တိုင် ပြန်လည်တိုက်ခိုက်ရချေလိမ့်မည်။
လက်ထောက်ဒေသအကြီးအကဲသည် နှုတ်ဆိတ်သွားသည်။
အချိန်အတော်ကြာပြီးနောက် သူက ရွှီချင်းကို လေးနက်စွာ ကြည့်လိုက်ပြီး သက်ပြင်းချလိုက်လေသည်။ ဤအခိုက်အတန့်မှာ ပင်ပန်းနွမ်းလျသော အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့လွင့်ထွက်လာသည်။ ထို့နောက် သူက ဓာတ်ပြယ်ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး တစ်မြို့လုံးမြင်နိုင်အောင် သူ၏ ခန္ဓာကိုယ်ကို ကြီးထွားစေသည်။ လူတိုင်း၏ အရှေ့မှာ သူက ဓာတ်ပြယ်ဆေးလုံးကို မျိုချလိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ဓာတ်ပြယ်ဆေးလုံးမှာ အဆိပ်မရှိဘူး ”
ဘေးပတ်ဝန်းကျင်မှ လူတိုင်းသည် ထိတ်လန့်သွားကြသည်။
“ ရွှီချင်း မင်းဘာကြောင့် ဒီအဖိုးကြီးကို လူတွေရှေ့မှာ အပုပ်ချရသလဲ ငါမသိဘူး… ဒါပေမဲ့ အရင်က မင်းရရှိခဲ့တဲ့ တိုက်ပွဲကုသိုလ်တွေကြောင့် ငါမင်းကို မသတ်ရက်ဘူး… ငါမင်းကို ဓားကိုင်ရုံးတော်ထဲမှာ ဖမ်းချုပ်ထားပြီး နောက်ကွယ်က အကြောင်းအရင်းကို မေးမြန်းမယ်… လီယွမ်ရှန်း ဒါက ငါ့ရဲ့နောက်ဆုံးစည်းပဲ… မင်းက ရွှီချင်းကို စောင့်ကြပ်ပြီး စစ်ဆေးမေးမြန်းဖို့ တာဝန်ယူပါ ”
“ ငါ့လူတွေ ”
လက်ထောက်ဒေသအကြီးအကဲ၏ စကားဆုံးသည်နှင့် ပေါက်ကွဲသံများသည် မြေပြင်ပေါ်မှ ထွက်ပေါ်လာပြီး ပုံရိပ်အများအပြားသည် လေပေါ်သို့ ရုတ်တရက် မြှောက်တတ်သွားကြသည်။ သူတို့ထဲမှတစ်ယောက်သည် ယခင်က ရွှီချင်းမြင်တွေ့ဖူးသော လက်ထောက်ဒေသအကြီးအကဲ၏ ဘေးမှ အစေခံအဖိုးအို ဖြစ်သည်။
သူက ရွှီချင်းကို နောင်တရစွာ ကြည့်လိုက်သည်။ ဗလာနတ္ထိဒုတိယအဆင့်၏ စွမ်းအင်အတတ်အကျသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။
လက်ထောက်ဒေသအကြီးအကဲသည်တော့ သူက လက်ဝှေ့ယမ်းလိုက်လေရာ ဝဲကတော့တစ်ခုသည် သူ၏ ဘေးတွင် ထွက်ပေါ်လာသည်။ ကျယ်လောင်သော မိုးထစ်ချုန်းသံနှင့်အတူ အနက်ရောင်သံချပ်ကာဝတ် ရုပ်သေးတစ်ရုပ်သည် တစ်လှမ်းချင်း အရှေ့သို့ လျှောက်လှမ်းလာသည်။ သို့သော် ရုပ်သေးရုပ်၏ မျက်နှာသည်တော့ ရှင်းလင်းပြတ်သားခြင်းမရှိဘဲ ဝေဝါးနေသည်။
သေခြင်းအရှိန်အဝါသည် လေထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားပြီး ၎င်း၏ မျက်လုံးထဲမှ အေးစက်စက်အလင်း ထွက်ပေါ်နေသည်။ ဗလာနတ္ထိစတုတ္ထအဆင့်၏ စွမ်းအင်အတတ်အကျသည် ၎င်း၏ ရုပ်သေးကိုယ်ထည်ထဲမှ ပျံ့လွင့်ထွက်လာသည်။
“ ဒီတော့ ခင်ဗျားက ကျစ်လွီဆဲ့မဟုတ်ဘူးပေါ့ ”
ရှီချင်းက နူးညံ့စွာ ပြောသည်။
လက်ထောက်ဒေသအကြီးအကဲသည် အမူအရာကင်းမဲ့စွာ ဆက်လက်ရှိနေပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ သူ့ကို ဖမ်းချုပ်လိုက်ကြစမ်း ”