← Chapters

ကျစ်လွီဆဲ့အိမ်ရှေ့စံ၏ တပည့် ပိုင်ရှောင်ကျိုး(က)

Vol. 50 Ch. 768

ကျစ်လွီဆဲ့အိမ်ရှေ့စံ၏ တပည့် ပိုင်ရှောင်ကျိုး(က)

Vol. 50 Ch. 768

ထိုအခိုက်အတန့်မှာ မြို့တော်တစ်ခုလုံး ဆူပူအုံကြွသွားသည်။ လေပွေကြမ်းများသည် တဟူးဟူး တိုက်ခတ်လာပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံများသည် အရပ်ရှစ်မျက်နှာမှ ပျံ့လွင့်ထွက်လာသည်။

လက်သည်းလေးခုရွှေရောင်နဂါး၏ မျက်လုံးထဲမှာ ရွှေရောင်အလင်း ထွန်းလင်းလာသည်။ ၎င်းက လက်ထောက်ဒေသအကြီးအကဲကို ကြည့်ပြီးနောက် အမူအရာကင်းမဲ့စွာ ရပ်နေသော သတ္တမမင်းသားထံသို့ ကြည့်လိုက်သည်။

ရွှေရောင်နဂါးသည် တိတ်ဆိတ်သွားသည်။ ဝမ်းနည်းသော အရိပ်အယောင်က ၎င်း၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်နှင့် ၎င်းသည် တိမ်တိုက်များထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ နဂါးဟိန်းသံသည်သာ ကုန်းမြေတစ်လျှောက် ပဲ့တင်ထပ်သွားပြီး တိမ်တိုက်များကို ဖြိုခွင်းပစ်လိုက်သည်။ ၎င်းက ဤအမှောင်လောကဆီသို့ အလင်းရောင် ပြန်လည်ကျရောက်လာအောင် ကြိုးစားနေသည့်ဟန် ရသည်။

ကံမကောင်းစွာပင် အချိန်သည် နေမွန်းတည့်ချိန်ဖြစ်သော်လည်း မြို့တော်ထဲမှ လှိုင်းဂယက်များသည် ကောင်းကင်ကို ပရမ်းပတာဖြစ်သွားစေပြီး မည်းမှောင်သွားစေသည်။

ထို့အတူ ရှေးဘုရင်ရွှမ်ယုံ၏ ရုပ်တုသည်လည်း အမှိုက်သရိုက်များ၏ ဖုံးလွှမ်းခံလိုက်ရသည့်ပမာ မှေးမှိန်လာသည်။

ရုပ်တု၏ လက်နှစ်ဖက်သည်တော့ မြို့တော်ထဲမှ ကြောက်လန့်တုန်လှုပ်နေကြသည့် သန်းပေါင်းများစွာသော သေမျိုးများကို ပွေ့ဖက်ထားသည့်ဟန် တူ၏။

မျိုးနွယ်ခြားများ၏ အကြည့်သည် တဖျပ်ဖျပ်လှုပ်ခတ်သွားပြီး တစ်ယောက်ပြီးတစ်ယောက် အနောက်ဆုတ်သွားကြသည်။ ဤသည်မှာ လူသားမျိုးနွယ်၏ အကြောင်းကိစ္စဖြစ်၏။ သူတို့သည် ဤအခိုက်အတန့်မှာ ဝင်မပါချင်ကြပေ။

လူတိုင်းသည် စောင့်ဆိုင်းနေကြသည်။

သူတို့က နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

လက်ထောက်ဒေသအကြီးအကဲသည် ကျစ်လွီဆဲ့အိမ်ရှေ့စံကဲ့သို့ သတ္တိမရှိပေ။ သူက သူလုပ်ဆောင်ခဲ့သော ကိစ္စအားလုံးကို ဝန်မခံရဲပေ။ ထို့ကြောင့် သူက အမှန်တရားကို ဖိနှိပ်ရန် ရွေးချယ်ခဲ့သည်။

သို့သော်လည်း အက်ကွဲရာတစ်ခုသည် သူ၏ နှလုံးသားထဲမှာ ဖြစ်တည်လာချေသည်။

ထိုအက်ကွဲရာသည် ရွှီချင်း၏ လက်ချက်ဖြစ်သည်။

ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ မည်းမှောင်နေသော ကောင်းကင်အောက်မှာ လက်ထောက်ဒေသအကြီးအကဲက အမိန့်တော်ထုတ်ပြန်လိုက်သည်နှင့်ချက်ချင်း ဝဲကတော့ထဲမှ ထွက်ပေါ်လာသော ဗလာနတ္ထိစတုတ္ထအဆင့် ရုပ်သေးရုပ်သည် ရွှီချင်းထံသို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ဗလာနတ္ထိစတုတ္ထအဆင့်သည် လုံးဝသာမန်မဟုတ်ပေ။

ထိုကျင့်ကြံခြင်းအဆင့်သည် ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးတွင်ပင် အတော်လေး ရှားပါးသည်။ သူတို့ထဲမှ မည်သူမဆို ဂုဏ်သတင်းကြီးမားသူများ ဖြစ်ကြသည်။

ထိုသို့သော တည်ရှိမှုမျိုးကို ရုပ်သေးရုပ်အဖြစ် အမှန်တကယ် သန့်စင်ပစ်ခဲ့သည်။ ဤသည်မှာ အလွန်တရာ ခြောက်ခြားဖွယ်ကောင်းသော ကိစ္စဖြစ်သည်။

အထူးသဖြင့် ရုပ်သေးရုပ်၏ မျက်နှာသည် အတော်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောကြောင့် ၎င်း၏ အစစ်အမှန်အသွင်အပြင်ကို မည်သူမှမမြင်နိုင်ပေ။ ၎င်း၏ သရုပ်သည် လျှို့ဝှက်ဆန်းကြယ်မှု ဖြစ်လာသည်။

ရုပ်သေးရုပ်က လမ်းလျှောက်ထွက်လာသည်နှင့်တစ်ပြိုင်နက် မိုးကြိုးသည် ပေါက်ကွဲထွက်သွားသည်။ မရေမတွက်နိုင်သော တာအိုအမှတ်အသားများသည် ငှက်ကြီးချင်းချင်း၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာကြပြီး ထပ်ဆင့်ပုံရိပ်များသို့ ပြောင်းလဲသွားကြသည်။ ထို့နောက် ယင်းတို့က အဆုံးမဲ့သော ကမ္ဘာငယ်များသို့ ပြောင်းလဲသွားကြပြီး တောင်တန်းကြီးတစ်ခုနှယ် ဖြစ်ပေါ်လာသည်။

ကမ္ဘာငယ်များ၏ အလယ်တွင် ရုပ်သေးရုပ်ရှိသည်။

၎င်းက ခေါင်းမော့လိုက်ပြီး ရွှီချင်းကို အသက်မဲ့သော မျက်လုံးဖြင့် ကြည့်လိုက်သည်။ ၎င်းက လက်တစ်ဖက်ကို မြှောက်လိုက်လေရာ ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခတ်စေမည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါ်လျှိုးလာသည်။ ယင်းက ငှက်ကြီးချင်းချင်းကို လျစ်လျူရှုထားပြီး ရွှီချင်းဆီသို့ လွှမ်းမိုးဖိနှိပ်စွာ ပျံသန်းသွားသည်။

ငှက်ကြီးချင်းချင်း၏ ကြီးမားသော ဧရာမခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ မရေမတွက်နိုင်သော ကမ္ဘာငယ်များသည် ၎င်း၏ ဘေးပတ်ပတ်လည်သို့ တစ်ပြိုက်နက် ဆင်းသက်လာကြသည်။ ထိုကမ္ဘာငယ်များထဲတွင် ပြင်ပသက်ရှိများကို ဖိနှိပ်နိုင်သော နိယာမတစ်မျိုးပါရှိနေသည့်အလား ငှက်ကြီးချင်းချင်း၏ လှုပ်ရှားမှုများကို ယာယီရပ်တန့်သွားစေသည်။

လက်ထောက်ရုံးတော်သခင် လီယွမ်ရှန်း၊ စီမံခန့်ခွဲရေးမှူးစစ်မာနှင့် စီမံခန့်ခွဲရေးမှူးစွန်းသည် ထိုသို့ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့် ရင်ဆိုင်ရသောအခါ ဒေါသထွက်သွားကြပြီး စိုးရိမ်လာကြသည်။ သူတို့သည် ရုပ်သေးရုပ်၏ ပစ်မှတ်မဟုတ်သော်လည်း သူတို့အနားသို့ မချဉ်းကပ်နိုင်ကြပေ။

ရွှီချင်းသည်တော့ ဝဲကတော့ထဲမှ ရုပ်သေးရုပ်ထွက်လျှောက်လာသည်နှင့် သူ၏ အတွေးကို သိုလှောင်အိတ်ထဲသို့ ပို့လွှတ်ထားပြီးပြီ ဖြစ်သည်။ ဤအခိုက်အတန့်မှာ ဧရာမလက်မောင်းပြတ်ကြီးတစ်ခုသည် သူ၏ အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာသည်။

ဤသည်မှာ ရွှီချင်းနှင့် ခေါင်းဆောင်တို့ အင်မော်တယ်တားမြစ်နယ်မြေထဲမှ ရရှိလာခဲ့သော ရတနာဖြစ်သည်။

ယင်းသည် လွန်ခဲ့သော နှစ်ဆက်သုံးရက်အတွင်း ရွှီချင်းတွေ့ကြုံခဲ့ရသော စိတ်ချင်းလွန်ဆွဲပွဲတွင် အရေးပေါ်အခြေအနေများအတွက် သူကြိုပြင်ဆင်ထားသော အရာများထဲမှ တစ်ခုဖြစ်သည်။

ထိုစဉ် အရှိန်အဝါသည် ဆင်းသက်လာသည်။

ပေါက်ကွဲသံများကြားတွင် လက်မောင်းပြတ်ကြီးသည် လှုပ်ခါသွားပြီး ၎င်း၏ အသွေးအသားများက အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။ ၎င်း၏ လက်ငါးချောင်းသည် တိုက်ရိုက် ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများသည် လက်ဖဝါး၏ အနောက်ဘက်မှာ ထွက်ပေါ်လာကြသည်။ သို့သော်လည်း လက်မောင်းပြတ်ကြီးသည် လုံးလုံးပျက်စီးမသွားခဲ့ပေ။

ထိုအချိန်တိုလေးအတွင်းမှာ ငှက်ကြီးချင်းချင်းသည် အချုပ်အနှောင်များထဲမှ ရုန်းထွက်သွားပြီး ၎င်း၏ ညာဘက်ဦးခေါင်းကို ဝှေ့ယမ်းလိုက်ကာ လက်မောင်းပြတ်ကြီးကို ကျောအနောက်သို့ ပင့်တင်လိုက်သည်။ ထို့နောက် ၎င်းသည် ဦးခေါင်းသုံးလုံးကို တစ်ပြိုင်နက် ဦးမော့လိုက်ပြီး တိမ်တိုက်များတစ်လျှောက် ပဲ့တင်ထပ်သွားမည့် ကျယ်လောင်သော ဟိန်းသံကို ထုတ်ဖော်လိုက်သည်။

“ ဂူး ”

ထိုဟိန်းသံသည် မြောက်များစွာသော ကမ္ဘာငယ်များ၏ ပုံရိပ်များကို တိုက်ရိုက် ပေါက်ကွဲထွက်သွားစေသည်။ ငှက်ကြီးချင်းချင်း၏ ဧရာမခန္ဓာကိုယ်သည် အရှေသို့ တစ်ဟုန်ထိုး ပျံသန်းသွားပြီး ရုပ်သေးရုပ်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

၎င်းသည် ဒေသငယ်မြို့တော်အတွင်းတွင် ရွှီချင်းကို ကာကွယ်ပေးမည်ဟု ၎င်း၏ အကိုကြီးကို ကတိပေးထားခဲ့သည်။ ၎င်းသည် ရှေ့တန်းစစ်မြေပြင်သို့ သွားရောက်ရန် ဆန္ဒမရှိခဲ့ပေ။ သို့သော်လည်း ယခုသည် ဒေသငယ်မြို့တော်ဖြစ်ပြီး ၎င်း၏ ပိုင်နက်ထဲမှာ ဖြစ်သည်။ ထို့အပြင် အလင်းတန်းအား မည်သို့ပစ်လွှတ်ရမည်ကိုသိသော ဤကောင်လေးကို ၎င်းက နှစ်သက်သဘောကျသည်။ သူက စားကောင်းသောက်ဖွယ်များကိုလည်း ခေါ်ကျွေးသေးသည်။

ထို့အပြင် ရွှီချင်းကဲ့သို့ တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်နေစဉ် တည်တည်ငြိမ်ငြိမ် အပြင်ထွက်လျှောက်ဝံ့သော လူမျိုးကို ယခင်က ၎င်းတစ်ခါမှ မမြင်တွေ့ဖူးပေ။ ၎င်း၏ ကျင့်ကြံခြင်းအဆင့်က ရုပ်သေးရုပ်ကဲ့သို့ မသန်မာသော်လည်း ရွှီချင်းကို ကာကွယ်ရန် အရှေ့သို့ ထွက်လာသေး၏။

ကျယ်လောင်သော ပေါက်ကွဲသံသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

ငှက်ကြီးချင်းချင်း၏ ကျောပေါ်မှ ရွှီချင်းနှင့်ပေါင်းစပ်ထားသော လက်မောင်းပြတ်ကြီးသည်တော့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

လက်ထောက်ဒေသအကြီးအကဲ၏ အစေခံအဖိုးအိုသည် အရှေ့သို့ ပြေးထွက်လာသည်။

လက်ထောက်ရုံးတော်သခင်သည် အဖိုးအို၏ အရှေ့တွင် ဝင်ရပ်လိုက်ပြီး အော်လိုက်သည်။

“ နောက်ဆုတ်စမ်း… ဒါက ငါတို့ဓားကိုင်ရုံးတော်ရဲ့ ကိစ္စ ”

အစေခံအဖိုးအိုက မျက်လုံးမှေးကျဉ်းလိုက်စဉ် စီမံခန့်ခွဲရေးမှူးစစ်မာနှင့် စီမံခန့်ခွဲရေးမှူးစွန်းတို့က အမြန်ရောက်ရှိလာကြသည်။

တစ်ချိန်တည်းမှာ စစ်ပြန်ဓားကိုင်များသည် လက်မောင်းပြတ်ကြီး၏ ဘေးပတ်ပတ်လည်တွင် အလျှင်အမြန် စုဝေးသွားကြသည်။

ထိုမြင်ကွင်းသည် ဘေးပတ်ပတ်လည်မှ လူအုပ်ကြီးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ လက်ထောက်ဒေသအကြီးအကဲ၏ လက်အောက်ငယ်သားများသည် ချက်ချင်း ပြေးထွက်လာကြပြီး လက်မောင်းပြတ်ကြီးဆီသို့ ချဉ်းကပ်သွားကြသည်။ သူတို့က ထိုနေရာမှ ဓားကိုင်များနှင့် တိုက်ပွဲဖြစ်သွားကြသည်။

ဤအခိုက်အတန့်မှာ ကောင်းကင်နှင့် မြေပြင်သည် ရှားစောင်းစေးနှင့် မျက်ချေးသဖွယ် ရန်ဘက်ဖြစ်သွားကြဟန် ရသည်။ စင်မြင့်ပေါ်မှ လက်ထောက်ဒေသအကြီးအကဲသည် ထိုအဖြစ်အပျက်အားလုံးကို စိတ်ပျက်သော အမူအရာဖြင့် ကြည့်ရှုနေပြီး နူးညံ့စွာ ပြောသည်။

“ ဓားကိုင်ရုံးတော်က အမိန့်တော်ကို မနာခံဘဲ လမ်းမှန်ပေါ်ရောက်ဖို့ ငြင်းဆန်နေမှတော့ ဒီအဖိုးကြီးက ညီအကိုလျှန်ရှို့ရဲ့ သံတော်ဆင့်ကို သူ့ကိုယ်စား သွန်သင်ဆုံးမပေးရတာပေါ့ ”

စင်မြင့်ပေါ်မှ လက်ထောက်ဒေသအကြီးအကဲသည် စကားဆုံးသွားသည်နှင့် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ကောင်းကင်ယံသို့ ပျံတတ်သွားသည်။ ထို့နောက် သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။

ဖုန်းဟိုင်ဒေသငယ်၏ ကမ္မစွမ်းအင်တစ်ဝက်က သူ့ထံမှာ စုဝေးနေပြီး သူကိုယ်၌က ဗလာနတ္ထိစတုတ္ထအဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ သို့ဖြစ်၍ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် မြေပြင်သည် တုန်လှုပ်သွားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ရွေးချယ်စရာမရှိဘဲ အနောက်ဆုတ်သွားကြရသည်။ ယင်းက လက်ထောက်ရုံးတော်သခင်နှင့် တခြားလူများအပေါ်တွင်လည်း သက်ရောက်မှုရှိသည်။

လက်ထောက်ဒေသအကြီးအကဲ၏ အစေခံအဖိုးအိုသည် မည်သည့်အတားအဆီးနှင့်မှ မတွေ့ဆုံရတော့ပေ။ သူက ခန္ဓာကိုယ်ကိုတစ်ချက်လှုပ်ရှားလိုက်လေရာ ချက်ချင်းဆိုသလို လက်မောင်းပြတ်ကြီး၏ အပေါ်မှာ ထွက်ပေါ်လာသည်။

သူက လက်မောင်းပြတ်ကြီးကို ကောက်ကိုင်လိုက်သည်နှင့် ထူးဆန်းသော အလင်းတန်းသည် သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

ထိုအခါ လူတိုင်း၏ စိတ်သည် လှိုင်းတံပိုးထသွားသည်။ သူတို့က အလွန်ဒေါသထွက်သွားကြပြီး စိုးရိမ်ပူပန်သွားကြစဉ် ခေါင်းဆောင်၏ တစ်ကိုယ်လုံးပေါ်မှာ အပြာရောင်အလင်းက ပြိုးပြိုးပြတ်ပြတ် လင်းလက်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ နဖူးကို ဖိကပ်လိုက်လေရာ တစ်စုံတစ်ရာကို ဆုတ်ဖြဲပစ်ချင်နေဟန် ရသည်။

ထိုစဉ် အစေခံအဖိုးအို၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ သူငယ်အိမ်သည် ကျုံ့သွားသည်။ သူက အနောက်သို့ အမှန်တကယ် ဆုတ်သွားသည်။

ကြီးမားသော ရွှေရောင်ပိုက်ကွန်သည် ကောင်းကင်ယံမှာ ရုတ်ချည်း ထွက်ပေါ်လာသည်။

ကောင်းကင်ယံသည် မိုးထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားသည်။ ရွှေရောင်ပိုက်ကွန်သည် ကောင်းကင်တစ်ခွင် ပြည့်နှက်သွားပြီး မြေပြင်ကို လွှမ်းခြုံသွားသည်။ ပိုက်ကွန်ထံမှ အလင်းရောင်သည် အလွန်အမင်း ထွန်းလင်းတောက်ပသည်။

စစ်ပွဲပြီးဆုံးပြီးနောက် ဖုန်းဟိုင်ဒေသငယ်ထဲတွင် ရွှေရောင်ပိုက်ကွန်ကို မမှတ်မိသည့်သူဟူ၍ တစ်ယောက်တစ်လေမှ မရှိပေ။ ယင်းသည် ဒေသငယ်မြို့တော်၏ တားမြစ်ဓမ္မရတနာဖြစ်သည်။

All Chapters