ကျစ်လွီဆဲ့အိမ်ရှေ့စံ၏ တပည့် ပိုင်ရှောင်ကျိုး(ခ)
Vol. 50 Ch. 769
ရွှီချင်းထံတွင် ဒေသငယ်မြို့တော်၏ တားမြစ်ဓမ္မရတနာကို တစ်ကြိမ်အသုံးပြုနိုင်သော အခွင့်အာဏာ ရှိသည်။ ရုံးတော်သခင်က သူ့အား ထိုအခွင့်အာဏာကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
တားမြစ်ပိုက်ကွန် ပေါ်ထွက်လာသည်နှင့်ချက်ချင်း မြို့တော်ထဲမှ သေမျိုးအားလုံးသည် ထိတ်လန့်သွားကြသည်။ မြေကွက်လပ်ထဲမှ ကျင့်ကြံသူများသည်တော့ ဤအခိုက်အတန့်မှာ သူတို့၏ စိတ်ထဲ၌ ခံစားချက်ပေါင်းစုံ ရောပြွန်ထွက်လာသည်။ ရွှေရောင်ပိုက်ကွန်သည် အလျှင်အမြန် ကျဆင်းလာနေပြီး အဆက်မပြတ် ကျုံ့ဝင်သွားနေကာ လက်မောင်းပြတ်ကြီးဆီသို့ ဦးတည်သွားနေသည်။
အစေခံအဖိုးအို၏ အမူအရာသည် ထပ်မံပြောင်းလဲသွားပြီး အနောက်သို့ ပိုမိုမြန်ဆန်စွာ ဆုတ်သွားသည်။
ရွှီချင်းသည် လက်မောင်းပြတ်ကြီးထဲမှ ထွက်လျှောက်လာသည်။ သူ၏ မျက်နှာသည် ဖြူဖျော့နေပြီး ပါးစပ်အပြည့် သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရသည်။ သူ၏ ရင်ဘက်သည် အတွင်းဘက်သို့ အနည်းငယ် ချိုင့်ဝင်နေပြီး ပြင်းထန်သော နာကျင်မှုဝေဒနာက သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားနေသည်။ လက်မောင်းပြတ်ကြီး၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်လျှင် သူသည် သေချာပေါက် ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည်။
သို့သော် သူက လက်မောင်းပြတ်ကြီးပေါ်မှာ ဆက်လက်ရပ်နေပြီး ချဉ်းကပ်လာနေသော ရွှေရောင်ပိုက်ကွန်ကို ကြိုဆိုလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ရွှေရောင်ပိုက်ကွန်က သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေရာ ရွှေရောင်မီးတောက်များနှင့် မီးအိမ်တစ်ခုက သူ့အား အကာအကွယ်ပေးနေသည့်ဟန် ဖြစ်ပေါ်လာသည်။
အဝေးမှကြည့်လျှင် အလွန်တရာ ကျယ်ပြောသော ဤလောကကြီးမှာ ထိုမီးတောက်က ယခုမှ အညှောင့်ပေါက်လာဟန် ရသည်။ ယင်းက မီးပွားတစ်ခုနှင့်ဆင်တူပြီး အလွန်တရာ သေးငယ်ကာ အစွမ်းအစမရှိပေ။
အရှေ့သို့ သူထွက်လျှောက်လာခဲ့ကတည်းက ဖုန်းဟိုင်ဒေသငယ်၏ မိုးကောင်းကင်ကို အပေါက်ဖြစ်အောင် လုပ်ခဲ့ပြီးပြီဖြစ်ကြောင်း ရွှီချင်း သိသည်။
မိုးကောင်းကင်ကို ထိုးဖောက်သည့်လူသည် မိုးကောင်းကင်၏ အလေးချိန်ကို သေချာပေါက် ခံရလိမ့်မည်။
လက်ထောက်ရုံးတော်သခင်နှင့် စီမံခန့်ခွဲရေးမှူးများက သူ့အတွက် အရှေ့တတ်လာကြမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် ငှက်ကြီးချင်းချင်းကိုလည်း သူမဆင့်ခေါ်ခဲ့ပေ။
သို့သော်လည်း သူတို့သည် တစ်ယောက်ပြီးတစ်ယောက် အရှေ့ထွက်လာကြသည်။
ရဲဘော်ရဲဘက်တစ်သိန်းကျော်လည်း ရှိသေးသည်။ သူတို့အားလုံးသည် စိတ်ပိုင်းဖြတ်ထားသော အကြည့်ဖြင့် သူ့အား ကြည့်နေကြသည်။ သူတို့သည် သူ့ကို ယုံကြည်ကြသည်။
ရွှီချင်းသည် သူ၏ ပါးစပ်ထောင့်မှ သွေးစကို သုတ်ပစ်လိုက်သည်။ ရုတ်တရက် သူသည် အားအင်ပိုရှိလာသည်ဟု ခံစားမိသွားသည်။
ဤနေရာတွင် စုဝေးရောက်ရှိနေကြသည့် သိန်းပေါင်းများစွာသော ကျင့်ကြံသူများကြားတွင် ဓားကိုင်များသည် (၃၀)ရာခိုင်နှုန်းသာ ရှိသည်။ ကျန်ရှိသော (၇၀)ရာခိုင်နှုန်းသည် တခြားရုံးတော်နှစ်ခုနှင့် လက်ထောက်ဒေသအကြီးအကဲ၏ စံအိမ်တော်မှ ဖြစ်သည်။ သူတို့အားလုံး၏ အမူအရာတွင် တုံ့ဆိုင်းသော အရိပ်အယောင်ဖြင့် ပြည့်နှက်နေကြသည်။
သို့သော်လည်း ရွှီချင်းသည် မည်သည်ကိုမှ မကြောက်တော့ပေ။
လူသားများသည် ထိုအတိုင်းပင် ဖြစ်သည်။ သူတို့သည် မည်မျှတုံ့ဆိုင်းနေပြီး ကောင်းကျိုးဆိုးကျိုးကို ချင့်ချိန်စဉ်းစားနေပါစေ သူတို့၏ သတိတရားကို လေထဲသို့ လွှတ်ပစ်လိုက်သည်နှင့် သူတို့ဆီမှာ ကိုယ့်ကိုယ်ကို ချုပ်တည်းထားရန် မည်သည့်အကြောင်းအရင်းမှ မရှိတော့သည်ကို ရှာတွေ့သွားကြလိမ့်မည်။
စိတ်မကောင်းစရာမှာ စောစောက သူ့နားသို့ ချဉ်းကပ်လာသည့်သူသည် လက်ထောက်ဒေသအကြီးအကဲမဟုတ်ဘဲ အစေခံအဖိုးအို ဖြစ်နေသည်။ သို့ဖြစ်၍ ရွှီချင်းသည် သူ၏ ဝှက်ဖဲကတ်ကို ထုတ်မသုံးနိုင်ခဲ့ပေ။ ထို့ကြောင့် သူ၏ အစီအစဉ်ကို ပြောင်းလဲပစ်ရလိမ့်မည်။
ထို့အပြင် ဗလာနတ္ထိစတုတ္ထအဆင့် ရုပ်သေးရုပ်သည်လည်း သူ၏ မျှော်လင့်ထားမှုထဲမှာ မပါဝင်ပေ။
“ ငါ့မှာ အခွင့်အရေးတစ်ခုပဲ ရှိတယ် ”
ရွှီချင်းသည် စိတ်ထဲမှာ တွေးတောလိုက်သည်။ လက်ထောက်ဒေသအကြီးအကဲ သူ့အနားသို့ ချဉ်းကပ်လာရန် နောက်ထပ် အခွင့်အရေးတစ်ခုကို သူဖန်တီးရလိမ့်မည်။
ထိုသို့တွေးမိသောအခါ ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်ထောက်ဒေသအကြီးအကဲကို ကြည့်လိုက်သည်။
“ လက်ထောက်ဒေသအကြီးအကဲ… ခင်ဗျားက အလင်းရောင်အဖွဲ့အစည်းကဆိုတာ ဝန်မခံဘူးဆိုမှတော့ ခင်ဗျားကို လက်ထောက်ဒေသအကြီးအကဲလို့ပဲ ကျုပ်ဆက်ခေါ်မယ်… တကယ်တော့ ခင်ဗျား ကျုပ်ကို ဖမ်းဆီးချင်တယ်ဆိုရင် တခြားဘယ်သူ့ကိုမှ လွှတ်နေစရာမလိုပါဘူး… ခင်ဗျားက အစွမ်းကြီးမားတဲ့ ဗလာနတ္ထိအဆင့်က ပုဂ္ဂိုလ်ပါ… ကျုပ်ကတော့ အတုယောင် ဝိညာဉ်နတ်သူငယ်အဆင့်မှာပဲ ရှိပါသေးတယ်… ကျုပ်က ခင်ဗျားလက်ထဲမှာ အသက်ဆက်ရှင်နိုင်မယ်လို့ မစဉ်းစားထားပါဘူး ”
ထိုနေရာသို့ရောက်သည့်အခါ သွေးသည် ရွှီချင်း၏ ပါးစပ်ထောင့်မှ ထပ်မံစီးကျလာသည်။ သို့သော်လည်း သူက ဆက်ပြောသည်။
“ လက်ထောက်ဒေသအကြီးအကဲ… အလင်းရောင်အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေက တစ်ဖက်စွန်းရောက်ပြီး သွေးလွှမ်းလေ့ရှိတယ်… ဒါက ခင်ဗျားရဲ့ သွေးလွှမ်းစေမယ့် လုပ်ရပ်လား ”
“ ဒါပေမဲ့ ကျုပ်ကတော့ အရမ်းညံ့တယ်လို့ ခံစားရတယ် ”
ရွှီချင်းသည် ခေါင်းခါလိုက်သည်။
“ အဲ့ထက်ပိုဆိုးဝါးတာက ခင်ဗျားကိုယ်တိုင်ပဲ… ခင်ဗျားက ကိုယ့်နှလုံးသားကို ဖိနှိပ်ပြီး အကြောင်းတရားကို လိုက်နာတဲ့ မူဝါဒကို ချိုးဖောက်ခဲ့တယ်… ခင်ဗျားက အလင်းရောင်အဖွဲ့အစည်းကလို့ မခေါ်ထိုက်ဘူး ”
လက်ထောက်ဒေသအကြီးအကဲသည် ရွှီချင်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ရွှီချင်းစကားပြောနေစဉ်တစ်လျှောက် သူ၏ အမူအရာသည် လုံးဝမပြောင်းလဲသွားပေ။ သူက တည်ငြိမ်စွာ ပြောသည်။
“ ဖုန်းဟိုင်ဒေသငယ်အပေါ် မင်းရဲ့ အကျိုးဆောင်မှုတွေနဲ့ ဧကရာဇ်ရဲ့ နှလုံးသားအလင်းစစ်ဆေးမှုမှာ ပေတစ်သိန်းအလင်းတန်းကို ရရှိခဲ့တာကြောင့် ငါမင်းကို မသတ်ရက်ဘူး… လမ်းမှားကို ဆက်လျှောက်ပြီး သေလမ်းမရှာနဲ့တော့ ”
ဤသည်ကို ရွှီချင်းကြားသောအခါ ပြုံးလိုက်သည်။ သူ၏ အကြည့်သည် ကန်ရေပြင်ပမာ တည်ငြိမ်သည်။
“ ခင်ဗျားလို ဉာဏ်များတဲ့ အဖိုးကြီးက ကျုပ်ကို စကားတွေအများကြီး ပြန်ပြောနေကတည်းက ကျုပ်အနားကို ခင်ဗျားချဉ်းကပ်လာအောင်လို့ စကားလုံးတွေနဲ့ ကျုပ်တမင်သွေးဆောင်နေတယ်ဆိုတာ ခင်ဗျားရိပ်မိသွားလောက်ပြီပေါ့… ကျုပ်က အလင်းရောင်အဖွဲ့အစည်းက မဟုတ်ပေမဲ့ အလင်းရောင်အဖွဲ့အစည်းရဲ့ ပွင့်ပွင့်လင်းလင်း ဖြေရှင်းတတ်တဲ့ အကျင့်စရိုက်ကို သဘောကျတယ်… ကျုပ်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်… ကျုပ်အနားကို ခင်ဗျားချဉ်းကပ်လာတာနဲ့ ခင်ဗျားကို သတ်ပစ်ဖို့ ကျုပ်မှာ နည်းလမ်းရှိတယ် ”
“ ဒီတော့ လက်ထောက်ဒေသအကြီးအကဲ ကျုပ်လို အတုယောင် ဝိညာဉ်နတ်သူငယ်အဆင့်က သာမန်ကျင့်ကြံသူလေးကို ခင်ဗျားကြောက်သွားပြီလား… ခင်ဗျား ကျုပ်အနားကို တိုးလာရဲလား ”
“ ခင်ဗျားမလာရဲဘူးဆိုတာ ကျုပ်သိပါတယ်… ခင်ဗျားက ကိုယ့်နာမည်နဲ့ သရုပ်အမှန်ကိုတောင် ထုတ်မပြောရဲတဲ့ ငကြောက်ပဲဟာ ”
ရွှီချင်းသည် ခေါင်းခါလိုက်သည်။
“ ဒါနဲ့ ခင်ဗျား ဘယ်သူ့အတွက် ဒီလိုလုပ်ဆောင်တာလဲ… ကျစ်လွီဆဲ့အိမ်ရှေ့စံအတွက်လား… ခင်ဗျားရဲ့ အခုလို သူရဲဘောကြောင်တဲ့လုပ်ရက်ကို သူမြင်သွားရင်တော့ ခေါင်းခါသွားလိမ့်မှာ သေချာတယ်… ဘာကြောင့်လဲဆိုတော့ ခင်ဗျားက လုပ်ရဲတဲ့သတ္တိရှိပေမဲ့ ဝန်ခံရဲတဲ့သတ္တိမှမရှိတာ… ဒီတော့ ကျစ်လွီဆဲ့အိမ်ရှေ့စံရဲ့ လူတွေက သူရဲဘောကြောင်တဲ့လူတွေပါလား… ကျစ်လွီဆဲ့အိမ်ရှေ့စံကလည်း အဲ့လိုလူစားမျိုးပဲ ဖြစ်ရလိမ့်မယ်လို့ ကျုပ်ထင်တယ်… ဒါကြောင့် သူက ပုပ်သိုးဆွေးမြေ့သွားပြီး ထင်ပေါ်မကျော်ကြားရတာကို ”
ရွှီချင်းသည် ပြုံးလိုက်သည်။
“ ဒါမှမဟုတ် ခင်ဗျားက ကျစ်လွီဆဲ့အိမ်ရှေ့စံနောက်လိုက်ဖို့ အရည်အချင်းမပြည့်မီတာများလား ”
လက်ထောက်ဒေသအကြီးအကဲသည် ရွှီချင်း၏ စကားတိုင်းကို တည်ငြိမ်စွာ နားထောင်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးစာကြောင်းနှစ်ကြောင်းကို သူကြားလိုက်ရသောအခါ အေးစက်စက်အလင်းသည် သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။
လက်ထောက်ဒေသအကြီးအကဲသည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ယံသို့ ကြည့်လိုက်သည်။ ထို့နောက် သူက အက်ရှရှအသံဖြင့် ပြောသည်။
“ ဒီဟာသပြဇာတ်ကို အဆုံးသတ်ဖို့ အချိန်ကျပြီ… သတ္တမအရှင့်သားကို ဒီလိုရယ်စရာကောင်းတဲ့ ပြဇာတ်ကို မြင်စေမိတဲ့အတွက် ကျုပ်တောင်းပန်ပါတယ် ”
သတ္တမမင်းသားသည် မည်သည့်စကားမှမပြောပေ။ သူက အားလုံးကို ပြုံးလျက် ရပ်ကြည့်နေသည်။
လက်ထောက်ဒေသအကြီးအကဲသည် စကားဆုံးသည်နှင့် သူ၏ ညာလက်ကို မြှောက်တင်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို နောက်ထပ်ဝဲကတော့တစ်ခုသည် သူ၏ ဘေးမှာ ထွက်ပေါ်လာသည်။ ဗလာနတ္ထိစတုတ္ထအဆင့်၏ ကျင့်ကြံခြင်းစွမ်းအားသည် ဝဲကတော့ထဲမှ ပေါက်ကွဲထွက်လာသည်။ ခြေလှမ်းသံများနှင့်အတူ ဒုတိယရုပ်သေးရုပ်သည် ဝဲကတော့ထဲမှ ထွက်လျှောက်လာသည်။
၎င်းသည် ပထမရုပ်သေးရုပ်ကဲ့သို့ အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားသည်။ ၎င်းတို့၏ ဒီဇိုင်းသည် အတူတူဖြစ်ပြီး အရှိန်အဝါအတတ်အကျသည်လည်း တူညီသည်။ ထို့အပြင် ၎င်း၏ မျက်နှာသည် ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးခံထားရသည်။
၎င်း၏ ထွက်ပေါ်လာမှုသည် လူတိုင်း၏ နှလုံးကို ပြင်းပြင်းထန်ထန် တုန်လှုပ်သွားစေသည်။
ပထမရုပ်သေးရုပ်ဖြင့်ပင် အတော်လေး အံ့ဖွယ်ကောင်းနေ၏။ သို့သော် ယခုတော့ ဗလာနတ္ထိစတုတ္ထအဆင့် ဒုတိယရုပ်သေးရုပ် ထွက်ပေါ်လာပြန်သည်။ လူတိုင်း စိတ်အေးအေးမထားနိုင်ခင်မှာ လက်ထောက်ဒေသအကြီးအကဲ၏ အသံသည် မြို့တော်ထဲရှိ မရေမတွက်နိုင်သော သေမျိုးများ၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။
“ ဓားကိုင်ရွှီချင်းက တစ်စုံတစ်ယောက်ရဲ့ လှည့်စားခံထားရပြီး မဟုတ်မမှန် ကောလဟာလသတင်းတွေကို လျှောက်ဖြန့်တယ်… ပြီးတော့ မြို့တော်ကိုလည်း ဆူပူအုံကြွစေတယ်… သူ့လုပ်ရပ်က ပုန်ကန်တဲ့သဘောသက်ရောက်ပြီး နှလုံးသားအလင်းစစ်ဆေးမှုတုန်းက ရလဒ်နဲ့ ထိုက်တန်မှုမရှိဘူး… ဒါကြောင့် သူ့ရဲ့ ဓားကိုင်ရာထူးကို ပြန်ရုပ်သိမ်းပြီး မြို့တော်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိအောင် သူ့ကို နေရာမှာတင် ကွပ်မျက်ရလိမ့်မယ် ”
လက်ထောက်ဒေသအကြီးအကဲ၏ စကားက အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားသည်နှင့် ဒုတိယရုပ်သေးရုပ်သည် အပြင်သို့ ခြေချလိုက်သည်။