ကျစ်လွီဆဲ့အိမ်ရှေ့စံ၏ တပည့် ပိုင်ရှောင်ကျိုး(ဃ)
Vol. 50 Ch. 771
ကြွင်းကျန်ဝိညာဉ်သည် ရုပ်သေးရုပ်၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာပြီး အပြင်လောကမှာ ထွက်ပေါ်လာသည်။ ၎င်းသည် အလွန်အမင်း ရှည်လျားသော တည်ရှိမှုသို့ အသွင်ပြောင်းလဲသွားသည်။
ရုပ်ခန္ဓာကိုယ်၏ အသွင်သဏ္ဍာန်ကို ဖျက်ဆီးပစ်နိုင်သော်လည်း ဝိညာဉ်၏ အသွင်သဏ္ဍာန်သည်တော့ ထာဝရတည်ရှိနေလိမ့်မည်။
ထိုဝိညာဉ်၏ မျက်နှာသည် ဖုန်းဟိုင်ဒေသငယ်၏ ရုံးတော်သုံးခုထဲမှ တစ်ခုဖြစ်သော တရားရေးရုံးတော်သခင်၏ မျက်နှာမှလွဲ၍ တခြားမဟုတ်ပေ။
ချက်ချင်းပင် ထိုအဖြစ်အပျက်ကို မြင်တွေ့သွားသော မြို့တော်ထဲမှ မည်သူမဆို ဆွံ့အထိတ်လန့်သွားကြသည်။
အကြွင်းအကျန်ဝိညာဉ်သည် ထာဝရမတည်ရှိနိုင်ပေ။ ၎င်းသည် စတင်လွင့်ပြယ်နေပြီ ဖြစ်သည်။ ဝိညာဉ်သည် စကားမပြောနိုင်သော်လည်း ၎င်း၏ အကြည့်က ဖုန်းဟိုင်ဒေသငယ်ပေါ်မှာ တည်မြဲနေသည်။ အတိတ်တွင် ဒေသအကြီးအကဲနှင့် ခုန်းလျှန်ရှို့တို့ ပြုလုပ်ခဲ့သည့်အတိုင်း ၎င်း၏ အကြည့်ထဲမှာ ဆန္ဒမရှိခြင်းတို့ ပေါ်လွင်နေသည်။
မြေပြင်ပေါ်ရှိ တရားရေးရုံးတော်မှ ကျင့်ကြံသူများသည် ဒေါသထွက်သွားကြပြီး လက်ထောက်ဒေသအကြီးအကဲဆီသို့ စိုက်ကြည့်လိုက်ကြသည်။
ဗိုလ်ချုပ်သွေးအိမ်မက်ဆိုးသည် ခေါင်းလှည့်လိုက်ပြီး လက်ထောက်ဒေသအကြီးအကဲကို ကြည့်လိုက်သည်။ ထို့နောက် သူက မျက်နှာဖုံးကို ဖယ်ရှားလိုက်လေရာ လူတိုင်းနှင့် ရင်းနှီးကျွမ်းဝင်သော မျက်နှာက ထွက်ပေါ်လာသည်။
“ လက်ထောက်ဒေသအကြီးအကဲ မတွေ့ရတာကြာပြီနော် ”
“ ယောင်ထျန်းယန် မင်းဘာလို့ ဆက်မပုန်းတော့တာလဲ ”
လက်ထောက်ဒေသအကြီးအကဲသည် ယောင်ထျန်းယန်ကို ကြည့်လိုက်ပြီး ထပ်မံသက်ပြင်းချလိုက်သည်။ သူသည် ယနေ့မှာ အကြိမ်ပေါင်းများစွာ သက်ပြင်းချမိသည်။
စင်မြင့်အောက်မှ သိန်းပေါင်းများစွာသော ကျင့်ကြံသူများ၏ စိတ်ခံစားချက်များသည် ပရမ်းပတာဖြစ်သွားကြသည်။ ဤဗိုလ်ချုပ်သွေးအိမ်မက်ဆိုးသည် စစ်မြေပြင်မှာ ပျောက်ကွယ်သွားပြီး မျိုးနွယ်အပေါ်သစ္စာဖောက်မှုကြောင့် ရာဇဝတ်သားအဖြစ် သတ်မှတ်ခံထားရသော အမတ်ယောင် ဖြစ်သည်။
မြို့တော်သည် ထပ်မံဆူပူအုံကြွလာသည်။ ယနေ့တွင် ဆက်တိုက်ဖြစ်ပျက်ခဲ့သော အလှည့်အပြောင်းများက မရေမတွက်နိုင်သော လူများ၏ အသိစိတ်ကို ဟာလာဟင်းလင်းဖြစ်သွားစေရန် လုံလောက်ပေသည်။
ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက ချက်ချင်း ခေါင်းလှည့်လိုက်ပြီး တခြားရုပ်သေးရုပ်ကို ကြည့်လိုက်သည်။ သူက ရုပ်သေးရုပ်ထံမှ ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်ကို ရှာဖွေလိုခြင်း ဖြစ်သည်။ သို့သော်လည်း သူရှာမတွေ့ခဲ့ပေ။ ဒုတိယရုပ်သေးရုပ်သည် ဓားကိုင်ရုံးတော်သခင်မဟုတ်ပေ။
ဤအခိုက်အတန့်မှာ အမတ်ယောင်သည် နူးညံ့စွာ ပြောသည်။
“ အစကတော့ ငါထွက်မလာချင်ဘူး… အရင်ဒေသအကြီးအကဲက ငါ့မိသားစုအပေါ်မှာ သနားကြင်နာတယ်… အတိတ်မှာ သူ့ကို ငါပေးခဲ့တဲ့ ကတိကို မဖြည့်ဆည်းပေးရသေးဘူး… ဒါပေမဲ့ ငါ့မှာ ရွေးချယ်စရာမရှိဘူး… လောကကြီးမှာ မျှော်လင့်မထားတာတွေက တစ်ခါတစ်လေ ဖြစ်လာတတ်တယ် ”
“ ငါက အသက်လည်းကြီးနေပြီ… ပြီးတော့ ငါတို့လူသားမျိုးနွယ်ရဲ့ မျိုးစေ့ကောင်းလေးကို မဆုံးရှုံးစေချင်ဘူး… ငါ့ဘဝတစ်လျှောက်မှာ အတွေ့အကြုံတွေအများကြီး ရပြီးပြီ… ငါဟာ အထွတ်အထိပ်ကိုရောက်ပြီး ချီးမွမ်းခံဖူးသလို ကဲ့ရဲ့ပြစ်တင်တာလည်း ခံဖူးတယ်… ဂုဏ်သတင်းကျော်ကြားခဲ့ဖူးသလို အရှက်တကွဲ အကျိုးနည်းဖြစ်တာကိုလည်း တွေ့ကြုံခဲ့ဖူးတယ်… သေဖို့ကို ငါမကြောက်ဘူး… ပြီးတော့ ကျန်ရစ်ခဲ့တဲ့ ငါ့မိသားစုဝင်တချို့က ဒီကလေးရဲ့ ကယ်တင်ပေးတာခံခဲ့ရတယ်… အဲ့ဒီကျေးဇူးတရားက အတော်လေး ကြီးမားတယ် ”
ထိုသို့ပြောပြီးနောက် သူက ရွှီချင်းကို သိမ်မွေ့ညင်သာသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက လက်ထောက်ဒေသအကြီးအကဲကို ပြန်ကြည့်လိုက်သည်။
“ ပြီးတော့ လက်ထောက်ဒေသအကြီးအကဲ မင်းရဲ့တွက်ဆမှုတွေက တကယ်ချီးကျူးလောက်ပေတယ်… မင်းက ငါတို့အားလုံးကို လှည့်စားပြီး တစ်ယောက်နဲ့တစ်ယောက် အယုံအကြည်ပျက်အောင် သံသယဝင်အောင် လုပ်ခဲ့တယ်… ဒါပေမဲ့ မင်းတစ်ကွက်လွဲသွားတယ်… ရှေ့တန်းစစ်မြေပြင်မှာတုန်းက ညီအကိုဟမ့်ရှင်းရယ် ရုန်ယုရယ် ငါရယ်က တစ်ယောက်ကိုတစ်ယောက် ဝိညာဉ်ချုပ်နှောင်ခြင်းမန္တန်ကို အသုံးပြုခဲ့ကြတယ်… ဒါမှပဲ ငါတို့က နောက်ကျောလုံပြီး စိတ်အေးလက်အေး တိုက်ခိုက်နိုင်ကြမှာ ဖြစ်တယ် ”
“ ပြီးတော့ မင်းက သူတို့ရဲ့ခန္ဓာကိုယ်ကို လိုချင်တပ်မက်တာကြောင့် သူတို့ရဲ့ အလောင်းတွေကို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်ခဲ့တယ်… ရလဒ်အနေနဲ့တော့ ငါတို့ရဲ့ ဝိညာဉ်ချုပ်နှောင်ခြင်းမန္တန်က သူတို့ရဲ့ အကြွင်းအကျန်ဝိညာဉ်ကို နိုးထစေနိုင်တဲ့ သော့ချက်ဖြစ်လာတယ်… အကြွင်းအကျန်ဝိညာဉ်က မပျောက်ကွယ်သွားခင် စက္ကန့်ပိုင်းလောက်လေးပဲ တည်ရှိနိုင်မယ်ဆိုပေမဲ့ အဲ့ဒါက လုံလောက်ပါတယ် ”
အမတ်ယောင်၏ စကားသံထွက်ပေါ်လာသည်နှင့် စင်မြင့်အောက်မှ သိန်းပေါင်းများစွာသော ကျင့်ကြံသူများသည် ယင်းကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ မြို့တော်ထဲမှ သန်းပေါင်းများစွာသော ပြည်သူပြည်သားများသည်လည်း ကြားကြသည်။ ကောင်းကင်သည် ကြားသည်။ မြေပြင်သည် ကြားသည်။
အဆုံးမဲ့သော ဒေါသသည် တစ်မြို့လုံးမှ ပေါက်ကွဲထွက်လာသည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် လူတိုင်းထံမှ ထိတ်လန့်ဖွယ်ကောင်းစွာ ထွက်ပေါ်လာသည်။ တစ်မြို့လုံး၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် တစ်ခါမှမကြုံစဖူး ပေါင်းစည်းသွားပြီး လက်ထောက်ဒေသအကြီးအကဲထံသို့ ဦးတည်သွားသည်။
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အရာအားလုံးကို အာရုံခံလိုက်သည်။ သူက မီးပွားတစ်ခုမျှသာဖြစ်သော်လည်း ဤအခိုက်အတန့်မှာ နောက်ဆုံးတော့ သူသည် လောကကြီးကို အလင်းရောင်ပေးနိုင်သွား၏။
ယခု အရာအားလုံး ရှင်းလင်းသွားပြီ ဖြစ်၏။ သက်သေအားလုံးသည် မငြင်းသာအောင် ခိုင်လုံသည်။
“ ရွှီချင်းပြောသွားသလိုပဲ… လက်ထောက်ဒေသအကြီးအကဲ မင်းရဲ့ အစီအစဉ်က အကျိုးအကြောင်းသင့်တယ်… အဲ့ဒါကြောင့်ပဲ ငါတို့က ဖော်ထုတ်နိုင်ခဲ့တာ… လက်ထောက်ဒေသအကြီးအကဲ မင်းဝန်ခံရဲလား ”
“ ငါပြောတဲ့အထဲမှာ အမှားပါရင် ထောက်ပြပေးပါ ”
အမတ်ယောင်သည် တည်ငြိမ်စွာ ပြောသည်။
လက်ထောက်ဒေသအကြီးအကဲသည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက စောစောတုန်းက ရွှီချင်းလုပ်ခဲ့သကဲ့သို့ ညစ်ညမ်းသောလေကို မှုတ်ထုတ်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးသည် ပြောမပြနိုင်အောင် သက်တောင့်သက်သာရှိသွားဟန် ရသည်။
ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး စင်မြင့်ပေါ်မှ သတ္တမမင်းသားဆီသို့ လှမ်းကြည့်လိုက်သည်။
သတ္တမမင်းသားသည် အမူအရာကင်းမဲ့စွာ ရှိနေ၏။
အမတ်ယောင်သည် သူ့လက်အောက်မှ စစ်ဗိုလ်ချုပ်များထဲတွင် ထွက်ပေါ်လာသည်။ သို့ဖြစ်၍ သတ္တမမင်းသားသည် ဤကိစ္စကို သေချာပေါက် သိထားရပေမည်။ အမှန်မှာတော့ အမတ်ယောင်ကို မြောက်ဘက်စစ်မြေပြင်မှ လျှို့ဝှက်စွာ ကယ်ထုတ်သွားခဲ့သူသည် သတ္တမမင်းသားသာ ဖြစ်သည်။
ထိုသို့လုပ်ဆောင်ရသည့် သူ၏ ရည်ရွယ်ချက်များထဲမှ တစ်ခုမှာ လက်ထောက်ဒေသအကြီးအကဲ၏ လှုပ်ရှားမှုများကို လျှို့ဝှက်စောင့်ကြည့်ရန် ဖြစ်သည်။
ဒုတိယရည်ရွယ်ချက်မှာ ဤကိစ္စကို သူ၏ ခမည်းတော်က ရှာတွေ့သွားမည်ဆိုလျှင် သံသယဝင်ခံရမည့်အခြေအနေကို ဖြေရှင်းနိုင်ရန် ဖြစ်သည်။ ယင်းက သူသည် စိတ်ရင်းအမှန်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမဟုတ်ကြောင်း သက်သေပြုပေးလိမ့်မည်။ သူ၏ လုပ်ဆောင်မှုအားလုံးသည် လူသားမျိုးနွယ်၏ အကျိုးအမြတ်အတွက်သာဖြစ်ပြီး လူသားဧကရာဇ်သည် နည်းလမ်းထက် ရလဒ်ကိုသာ စိတ်ဝင်စား၏။
ခမည်းတော်အပေါ် သူ၏ နားလည်ထားမှုအရ သူသာ ဤအချက်ကို သက်သေပြနိုင်မည်ဆိုလျှင် ဘေးကင်းလုံခြုံလိမ့်မည်။ ဆုံးရှုံးမှုများနှင့် နှိုင်းယှဉ်လျှင် အောင်မြင်မှု၏ ဆုလာဘ်များသည် အဆမတန် များပြားလှသည်။ သူသည် လူသားမျိုးနွယ်၏ သူရဲကောင်းဖြစ်လာပြီး နယ်မြေများကို ချဲ့ထွင်လာနိုင်မည်။ ထို့အပြင် သန့်စင်ရေလှိုင်းမျိုးနွယ်ကို လူသားမျိုးနွယ်ဘက်သို့ ပြန်ရောက်လာစေမည်။ ထိုအရာအားလုံးသည် ထူးခြားသော အောင်မြင်မှုများဖြစ်သည်။
ထို့ကြောင့် သူ့ဘက်မှာ အရှုံးမရှိပေ။
လက်ထောက်ဒေသအကြီးအကဲက သူ့ဘာသာ သရုပ်မှန်ကို ထုတ်ဖော်ခြင်းသည် သူစောင့်မျှော်နေသော အရာဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူက မည်သည့်စကားပြောပါစေ မည်သူမှ သူ့ကို ယုံကြည်ကြတော့မည် မဟုတ်ချေ။ သူ၏ ကိုယ်ပေါ်မှ အမည်းစက်သည်လည်း မည်သည့်အခါမှ ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ချေ။
သို့သော်လည်း တစ်ဖက်လူသည် ထိုသို့လုပ်လိမ့်မည်မဟုတ်ကြောင်း သူသေချာသည်။ အဘယ့်ကြောင့်ဆိုသော် သန့်စင်ရေလှိုင်းမျိုးနွယ် ပြန်ရောက်လာရမည့် အပေးအယူက လုံးလုံးမပြီးမြောက်သေးသလို တစ်ဖက်လူသည် သူလိုချင်သော အိုးကိုလည်း မရရှိသေးပေ။
ထို့အပြင် ယေဘုယျအားဖြင့်ဆိုရလျှင် သူသည် သဘောတူညီမှုကို မချိုးဖောက်ခဲ့ပေ။ တစ်ဖက်လူက အခွင့်အရေးကို မဖမ်းဆုပ်နိုင်ခဲ့ခြင်းသာ ဖြစ်သည်။
ဖြစ်လာသမျှအားလုံးသည် သူနှင့်မသက်ဆိုင်ပေ။
သို့ဖြစ်၍ အစမှအဆုံး သူသည် လက်ထောက်ဒေသအကြီးအကဲဖြစ်စေ ရွှီချင်းဖြစ်စေ မည်သူ့ဘက်ကိုမှ မကူညီပေးခဲ့ခြင်း ဖြစ်သည်။ သူက ယင်းကို ပြဇာတ်တစ်ပုဒ်အနေဖြင့်သာ ရပ်ကြည့်နေသော်လည်း ရွှီချင်း၏ ပုံရိပ်က သူ၏ စိတ်ထဲမှာ လေးနက်စွာ တံဆိပ်ရိုက်နှိပ်လာသည်။
သတ္တမမင်းသားကို တစ်ချက်စိုက်ကြည့်ပြီးနောက် လက်ထောက်ဒေသအကြီးအကဲသည် ခေါင်းလှည့်လိုက်သည်။ သတ်ဖြတ်ချင်သောစိတ်ဆန္ဒဖြင့် သူ့အား ဝိုင်းကြည့်နေသော လူသန်းပေါင်းများစွာ၏ အကြည့်အောက်မှာ လက်ထောက်ဒေသအကြီးအကဲ၏ အကြည့်သည် ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းထံသို့ ဖြတ်သန်းသွားသည်။ အဆုံးမှာတော့ သူက ရွှီချင်းကို လေးနက်စွာ ကြည့်လိုက်သည်။
သူ၏ အရှေ့မှ ကောင်လေးသည် ယခုမတိုင်ခင်အထိ တစ်ခါမှ သူအလေးမထားခဲ့သောလူ ဖြစ်သည်။ သို့သော်လည်း ထိုကောင်လေးက အရာအားလုံးကို ဖော်ထုတ်ခဲ့ပြီး သူ၏ နှလုံးသားကို သတ်ဖြတ်ခဲ့သည်။
ရွှီချင်းကို သူသိသည်။ ဓားကိုင်ရုံးတော်ထဲမှာ သူ့ကို ပထမအကြိမ် မြင်လိုက်ကတည်းက သူမှတ်မိခဲ့သည်။
ဤဘဝ၌ သူ၏ အရှင်ဆီမှာ ညီငယ်လေးတစ်ယောက်ရှိကြောင်း သူကြားထားသည်။ သို့သော်လည်း ယင်းကို သူက လုံးဝဂရုမထားခဲ့ပေ။ ဧရာမနဂါးတစ်ကောင်ကို မြင်ဖူးထားသော သူ့အတွက် အဘယ့်ကြောင့် မြွေတစ်ကောင်ကို အလေးထားရမည်နည်း။
အစကတော့ သူသည် တစ်ဖက်လူ၏ အသွင်အပြင်က သူ၏ အရှင်နှင့် အနည်းငယ် ဆင်တူရုံမှလွဲ၍ သူတို့နှစ်ယောက်က လုံးဝမနှိုင်းယှဉ်နိုင်ဘူးဟု တွေးထင်ခဲ့သည်။ သို့သော်လည်း ယခုတော့ ထိုသို့သူမတွေးတော့ပေ။
ရွှီချင်းထံမှ သူ့အရှင်၏ ကိုယ်ရောင်ကိုယ်ဝါတောက်ပမှုကို သူမြင်နေရပေသည်။
ထို့ကြောင့် သူက နူးညံ့စွာ ပြောသည်။
“ ရွှီချင်း ငါ့နာမည်နဲ့ သရုပ်မှန်ကို စောစောက မင်းမေးသွားခဲ့တယ်မလား… ကောင်းပြီ အခု ငါမင်းကို ပြောပြမယ် ”
ကြည်ညိုလေးစားသော အကြည့်သည် လက်ထောက်ဒေသအကြီးအကဲ၏ မျက်လုံးထဲတွင် ပေါ်လျှိုးလာသည်။
“ ငါက ကျစ်လွီဆဲ့တိုင်းပြည်က ဖုန်းဟိုင်ဒေသငယ်ရဲ့ အုပ်ချုပ်သူ ပိုင်ရှောင်ကျိုးပဲ ”
“ လွန်ခဲ့တဲ့ နှစ်ထောင်သောင်းများစွာတုန်းက ငါက ဒီနယ်မြေရဲ့ ဒေသအကြီးအကဲဖြစ်ခဲ့တယ်… ဒီနယ်မြေက အစကတည်းက ငါ့ဟာပဲ ”
ထိုစကားများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဖုန်းဟိုင်ဒေသငယ်ထဲမှ လူတိုင်းသည် နှလုံးတုန်သွားကြသည်။ ရွှီချင်း၏ အကြည့်သည် အေးခဲသွားသည်။
သန့်စင်ရေလှိုင်းဒေသကြီး၏ နာမည်ကို သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီးက လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီးနောက် ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်သည်။ ထိုမတိုင်ခင်က ယင်းကို ကျစ်လွီဆဲ့ဒေသကြီးဟု ခေါ်တွင်ခဲ့သည်။ လူသားဧကရာဇ်ကျင့်ယွင်ထက် ပိုပြီးရှေးကျသော အချိန်ကာလတွင် ထိုဒေသကြီးကို ကျစ်လွီဆဲ့တိုင်းပြည်ဟု ခေါ်ခဲ့သည်။
ကျစ်လွီဆဲ့တိုင်းပြည်၏ ဧကရာဇ်ကျဆုံးသွားပြီးနောက် အိမ်ရှေ့စံမင်းသားသည် တိုင်းပြည်ကို စီမံအုပ်ချုပ်ခဲ့သည်။
ထိုအချိန်တုန်းက ဖုန်းဟိုင်ဒေသငယ်ကို ဖုန်းဟိုင်ဒေသငယ်ဟုသာ သိကြသေးသည်။
ကျစ်လွီဆဲ့ပြက္ခဒိန်(၉၃၂၅)ခုနစ် ဆောင်းဦးရာသီ၌ အိမ်ရှေ့စံမင်းသားသည် နန်းဟွမ်ကုန်းမြေမှာ သေဆုံးသွားခဲ့သည်။
ထိုတစ်နှစ်တည်းမှာပင် ကျစ်လွီဆဲ့တိုင်းပြည်သည် ဖျက်ဆီးခံလိုက်ရသည်။
ကျစ်လွီဆဲ့အိမ်ရှေ့စံ၏ တပည့် ဖုန်းဟိုင်ဒေသငယ်၏ နောက်ဆုံးဒေသအကြီးအကဲဖြစ်သော ပိုင်ရှောင်ကျိုးသည် ဝမ်းနည်းပက်လက် ငိုကြွေးခဲ့သည်။ ဒေသငယ်တစ်ခုလုံးမှ ကျင့်ကြံသူများက သူ၏ အရှေ့မှာ သေဆုံးသွားကြသည်ကို မြင်လိုက်ရသောအခါ သူကိုယ်တိုင် ခန္ဓာကိုယ်မှ အသွေးအသားများကို လှီးထုတ်ဖောက်ထုတ်ပစ်ခဲ့သည်။ နောက်ဆုံးမှာတော့ နတ်ဘုရားမျက်နှာပျက်ကြီးနှင့်ဆင်တူသော မျက်နှာတစ်ခြမ်းသာလျှင် ကျန်ရစ်ခဲ့တော့သည်။
သူက မသေဆုံးခင်မှာ ထိုသို့ပြောခဲ့သည်။
“ ငါက အိမ်ရှေ့စံနောက်ကိုလိုက်ပြီး သူ့ကို ကာကွယ်ဖို့ အိမ်ရှေ့စံထက်အရင် နှစ်တစ်ထောင်ပိုစောပြီး နိုးထလာမယ် ”