ကျား၏ ဒဏ်ရာကို ကုသပေးခြင်း
Vol. 39 Ch. 580
ကျားတစ်ကောင်၏ ရက်စက်ကြမ်းကြုတ်မှုသည် လူတိုင်း၏ ရင်ထဲသို့ ချဉ်းနင်း ဝင်ရောက်လာသည်။ သို့သော် အစပိုင်း၌ ကြောက်ရွံ့နေပြီးနောက် တုန်းမြောင်မြောင်နှင့် ဟောင်ယွင်တို့က ရဲ့လင်းချန်၊ ရှောင်ချင်နှင့် ရှောင်ဟွေတို့ကို လှည့်ကြည့်ပြီး အနည်းငယ် စိတ်တည်ငြိမ်သွားလေသည်။
သူတို့ဘက်၌ ငကြောက်များ မရှိနေ၍ တော်ပါသေးသည်။
“ရှဲ ရှဲ”
သစ်ရွက်များ လှုပ်ရှားသွားလေသည်။
သတိ အနေအထား ဖြစ်နေသော ရှောင်ချင်နှင့် ရှောင်ဟွေတို့သည် ချက်ချင်း ခေါင်းထောင်လာပြီးနောက် မြားတစ်စင်းသဖွယ် တစ်နေရာသို့ ပြေးထွက်သွားသည်။
“အာဝူး …”
သူတို့အနောက်၌ ဝံပုလွေ တစ်အုပ်လုံးက လိုက်ပါသွားသည်။ သူတို့သည် ပစ်မှတ်ကို ချက်ချင်း ဝိုင်းလိုက်ပြီး ခပ်နိမ့်နိမ့်အသံဖြင့် မာန်ဖီလေသည်။
“သူတို့ ကိုက်ကြမှာတော့ မဟုတ်ပါဘူးနော်”
ဟောင်ယွင်သည် စိုးရိမ်ပူပန်နေသော်လည်း တောထဲသို့ စူးစမ်းစွာ စိုက်ကြည့်နေသည်။
“လာလေ၊ တစ်ချက် သွားကြည့်တာပေါ့”
ရဲ့လင်းချန်က ရယ်နေသည်။
“တောထဲက ကျားနဲ့ဆုံဖို့ဆိုတာက တော်တော် ရှားတာ”
ဤကျွန်းပေါ်၌ ကျားတစ်ကောင် ရှိနေသည်က မထူးဆန်းပေ။ ဘယ်နေရာတွင်မဆို ၎င်းတို့၏ ကိုယ်ပိုင် သီးသန့် ဂေဟစနစ် ရှိကြပေသည်။ ရှင်းရှင်းပြောရလျင် ကမ္ဘာပေါ်မှ နိုင်ငံကြီးများသည် ကျွန်းဆွယ်ကြီးများသာ ဖြစ်ကြပြီး ပင်လယ် သမုဒ္ဒရာက ပိုင်းခြားထားသော်လည်း နိုင်ငံများတွင် ကျားများ ရှိကြလေသည်။
ထို့အပြင် ဤကျွန်း၏ ပတ်ဝန်းကျင်သည် အခြားသော နေရာများထက် ပို၍ ကောင်းမွန်သည်။ ၎င်းသည် ဘာအပြစ်အနာအဆာမှ မရှိသေးသော တောအုပ်တစ်ခုလိုပင်။ သူ ခန့်မှန်းကြည့်ရသလောက်ဆိုလျင် ၎င်းသည် အမေရိကားမှ တောအုပ်များနှင့် ကွာခြားချက် မရှိသလိုပင်။
“ဝေါင်း”
သူတို့ သုံးယောက် အနားသို့ လျှောက်သွားသောအခါ နှစ်ဖက်လုံးက စိုက်ကြည့်နေဆဲ ဖြစ်သည်။ သူတို့သည် သတိပေးသည့် မာန်ဖီသံများသာ ပေးနေကြလေသည်။
သို့သော် အခြေအနေက သိသာလှသည်။ ရှောင်ချင်နှင့် ရှောင်ဟွေတို့က ဝံပုလွေ အကောင်နှစ်ဆယ်ကို ဦးဆောင်နေပြီး ကျားအား မြဲမြဲ ဝန်းရံထားသည်။ ထို့အပြင် ရှောင်ချင်နှင့် ရှောင်ဟွေတို့၏ ခွန်အားကိုပါ ပေါင်းလိုက်လျင် သူတို့သည် ကျားအား အနိုင်ယူနိုင်စွမ်း ရှိပေသည်။
ကျားသည် ခံစစ်ဘက် ရောက်နေသည့်ပုံပင်။ ၎င်းက ကိုယ်ကိုကိုင်း၍ ထွက်ပေါက် ရှာရန် ကြိုးစားနေကာ အရင်စ၍ မတိုက်ခိုက်ရဲချေ။ တစ်ဖက်တွင်မူ ရှောင်ချင်နှင့် ရှောင်ဟွေတို့သည် ရဲ့လင်းချန်၏ အမိန့် မပါဘဲ တိုက်ခိုက်မည် မဟုတ်ပေ။
ကျားသည် ဘာလုပ်ရမှန်း မသိ ဖြစ်နေ၏။ ၎င်းသည် အချိန်အတိုင်းအတာ တစ်ခုအထိ ဆာလောင်နေပြီး အသံတစ်ချို့ကို ကြားခဲ့ရသည်။ အစက သားကောင်အချို့က တံခါးဝသို့ ကိုယ်တိုင် ရောက်လာသည်ဟု ထင်ကာ ကောင်းကင်ဘုံက ကောင်းချီးပေးသည်ဟု ထင်ခဲ့မိသည်။ ရုတ်တရက် အဝိုင်းခံလိုက်ရမည်ဟု မည်သူက ထင်ထား မည်နည်း။ ယင်းသည် မထင်မှတ်ထားသော အလှည့်အပြောင်းပင်တည်း။
“ဝိုး … ကြီးလိုက်တဲ့ ကျား”
ဟောင်ယွင်သည် ကျားကို စိုက်ကြည့်ပြီး ပါးစပ် အဟောင်းသား ဖြစ်နေ၏။ သူမ၏ ကြောက်စိတ်ပင် လွင့်ပြယ် သွားလေသည်။
“အံ့ဩဖို့ကောင်းလိုက်တာ၊ ဒီကျားရဲ့ အရွယ်အစားက ဆိုက်ဘေးရီးယားကျားတစ်ကောင်နဲ့ အတူတူလောက်ပဲ”
တုန်းမြောင်မြောင်က ပို၍ ပညာရှင်ဆန်ပုံ ပေါ်နေသည်။ သူမ၏ မျက်လုံးတွင် အံ့ဩမှုတို့နှင့် ပြည့်နေ၏။ ဆိုက်ဘေးရီးယားကျားများက ကိုက်အား အပြင်းဆုံးဖြစ်သောကြောင့် ကမ္ဘာပေါ်၌ အသန်မာဆုံးကျားများဟု ကျော်ကြားလေသည်။
ဥပမာအားဖြင့် မိကျောင်းတစ်ကောင်သည် သန်မာသော်လည်း ဆိုက်ဘေးရီးယားကျား၏ အမဲလိုက်ခြင်း ခံရပါက စက္ကန့်ပိုင်းအတွင်း အသတ်ခံရပေလိမ့်မည်။
“အဲ့ဒါတင် မကသေးဘူး၊ ဒါက ကျားမပဲ”
ရဲ့လင်းချန်က နောက်လိုက်သည်။
“ရှင် ဘယ်လိုသိလဲ”
ဟောင်ယွင်က မေးလာသည်။
“ခဏနေရင် သိလာပါလိမ့်မယ်”
ရဲ့လင်းချန်က ဆက်မပြောတော့ချေ။ သူ ကျားကို သေသေချာချာ စစ်ဆေးနေပြီးနောက် မျက်မှောင်ကြုတ် သွားသည်။
ထိုကျား၏ ခန္ဓာကိုယ်က တစ်ခုခု မှားယွင်းနေပြီး ယင်းက အသေးအမွား ကိစ္စလေး မဟုတ်ချေ။ ၎င်း၏ ချီဓာတ်က အားနည်းနေသည်။ ၎င်းသည် သန်မာပုံပေါ်သော်လည်း တကယ်တမ်း၌ အလွန်အမင်း အားနည်းနေသည်။ ထို့အပြင် ၎င်းသည် မကြာသေးခင်ကမှ သားပေါက်ထားခဲ့သည်။
ဟောင်ယွင် ရဲ့လင်းချန်ကို စိုက်ကြည့်နေဆဲမှာပင် သူက ကျား၏ အနားသို့ ဖြည်းဖြည်းချင်း လျှောက်သွား နေသည်ကို တွေ့လိုက်ရသည်။
“ဟေး … ရှင် ရူးနေလား”
ဟောင်ယွင် စိုးရိမ်သွားသည်။
“ဒါရိုက်တာရဲ့ သတိထားပါ”
“ဒါရိုက်တာရဲ့ သတိထား”
တုန်းမြောင်မြောင်သည်လည်း မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး သူ့အား ခပ်မြန်မြန် သတိပေးလေသည်။
ရဲ့လင်းချန်က လက်ကာ၍ သူတို့ကို စိတ်ငြိမ်ငြိမ်ထားရန် အချက်ပြလိုက်ပြီး ရှောင်ချင်နှင့် ရှောင်ဟွေတို့အား နောက်ဆုတ်ရန် အချက်ပြလိုက်သည်။ ထို့နောက် သူ့ဘာသာသူ ရှေ့တက်သွားလိုက်လေသည်။
တင်းမာသော အခြေအနေက ချက်ချင်း ပြေလျော့သွားသည်။ သို့သော် တုန်းမြောင်မြောင်နှင့် ဟောင်ယွင်တို့က ပို၍ စိုးရိမ်လာ၏။ သူမတို့သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ချွေးပြန်နေကြသည်။
“စိတ်ကိုလျော့၊ စိတ်အေးအေးထား”
ရဲ့လင်းချန်က စိတ်အေးပုံပေါ်နေပြီး ကျားအား ခြေဟန်လက်ဟန် ပြနေသည်။ အဆင့်မြင့် သားရဲယဉ်ပါးခြင်း စွမ်းရည်က လက်ရှိ၌ အပြည့်အဝ ပေါ်လာသည်။ သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးသော်လည်း ရဲ့လင်းချန်သည် သူ၏ ကြင်နာမှုအား ကျားက သိလာအောင် ဆက်သွယ်နိုင်သဖြင့် ကျားက အနည်းငယ် တည်ငြိမ်လာသည်။
ထိုအခိုက်တွင် ရှောင်ချင်နှင့် ရှောင်ဟွေက အနီးအနား၌ ရှိနေပြီး သွားဖြဲ၍ ကျားအား စိုက်ကြည့်နေသည်။ တစ်ဖက်က ရုတ်တရက်ဆန်သည့် လှုပ်ရှားမှုမျိုးမဆိုအား ပြုလုပ်လိုက်သည်နှင့် သူတို့က ချက်ချင်း ဝင်အုပ်မည် ဖြစ်သည်။
“ဟုတ်တယ် စိတ်အေးအေးထား”
ရဲ့လင်းချန်၏ အသံ၌ ဩဇာတို့ ပါဝင်နေလေသည်။
“ငါက မင်းရဲ့ မိတ်ဆွေပါ၊ ငါ မင်းဒဏ်ရာတွေကို ကုပေးနိုင်တယ်”
ထိုစဉ် တိရစ္ဆာန် ဘာသာစကား၏ အကျိုးကျေးဖူးက သိသာလာသည်။ သူသာ ကျားနှင့် တိုက်ရိုက် ဆက်သွယ် ပြောဆိုနိုင်ပါက သားရဲ ယဉ်ပါးခြင်း စွမ်းရည်ကို သုံးချိန်၌ ကျား၏ ယုံကြည်မှုကို အသာလေး ရနိုင်ကာ ဤမျှ ဒုက္ခခံစရာ မလိုပေ။
ကျား၏ သတိထားနေသော အကြည့်အောက်၌ ရဲ့လင်းချန်က အနားသို့ ဖြည်းဖြည်းချင်း ကပ်သွားပြီး ၎င်း၏ ကိုယ်ပေါ်သို့ လက်တင်လိုက်သည်။ ယင်းက ကျား၏ အမွေးများကို ထောင်သွားစေပြီး ခန္ဓာကိုယ်က တောင့်ခနဲ ဖြစ်သွားကာ ခပ်တိုးတိုး မာန်ဖီသံ ထွက်လာသည်။
“ဖြီး”
ရှောင်ချင်နှင့် ရှောင်ဟွေတို့က သတိအပြည်နှင့် ချက်ချင်း အနားသို့ ကပ်သွားသည်။
တုန်းမြောင်မြောင်နှင့် ဟောင်ယွင်သည် ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရဲ့လင်းချန်ကို မျက်တောင်မခတ်တမ်း ကြည့်နေကာ ကျယ်လောင်စွာ ထအော်မိမည်ကို စိုးရိမ်နေ၏။
*ဒါ အရူးထတာပဲ၊ ဒီလို ရူးနေတဲ့လူမျိုး ဘယ်လိုလုပ် ရှိနေတာလဲ*
“ရှူး…”
ရဲ့လင်းချန်က ပါးစပ်နားသို့ လက်ညှိုးကပ်၍ တိတ်တိတ်နေရန် အချက်ပြသည်။ ထို့နောက် သူက ကျား၏ အမွေးကို ဖြည်းဖြည်းချင်း ပွတ်ပေးလေသည်။
ကျား၏ မျက်လုံးက နူးညံ့လာပြီး သတိလျှော့လိုက်သည်ကို မြင်သောအခါတွင်မှ ရဲ့လင်းချန်က အနားသို့ တိုးသွားသည်။ တို့နောက် သူသည် လက်ကိုမြှောက်၍ လက်ညှိုးနှင့် လက်ခလယ်ကို သုံး၍ ကျား၏ ကျောမှ သွေးကြော ဆုံမှတ်များအား နှိပ်နယ်ပေးလိုက်သည်။
ထို့နောက် နှိပ်နယ်ပေးခြင်း ကျောရိုးမှ ဝမ်းဗိုက်သို့ ရောက်လာသည်။
“ဟူး”
ကျားက သက်တောင့်သက်သာ မျက်လုံးမှိတ်၍ ကိုယ်ကို မြေကြီးပေါ် လှဲချကာ သမ်းပင် သမ်းဝေလာသည်။
“ဒ…ဒ…ဒါက …”
ဟောင်ယွင်၏ မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်လာပြီး ရဲ့လင်းချန်ကို လက်ညှိုးထိုးကာ ဆွံ့အနေ လေသည်။
“သူ့ရဲ့ ဖော်ရွေမှုက နည်းနည်း … များလွန်းမနေဘူးလား”
တုန်းမြောင်မြောင် ပင့်သက်ရှိုက်မိသွားသည်။ အစောပိုင်းက ရဲ့လင်းချန် ဟန်ထုတ်နေစဉ်က ပြောခဲ့သော ညှို့ဓာတ်ရနံ့ကို သူမ တွေးမိသွားလေသည်။
“ဒါ ကျား၊မရွေး ဆွဲဆောင်နိုင်ရုံတင် မဟုတ်ဘူးပဲ၊ သူက အခု တိရစ္ဆာန်တွေကိုပါ ညှို့ယူနိုင်နေပြီ၊ ကျားမက နူးညံ့လာတာပဲ”
ရဲ့လင်းချန်က နောက်လှည့်ကြည့်၍ ဟောင်ယွင်အား လက်ပြလိုက်သည်။
“ငါ့ကို ဆွဲပုံးထဲက ငါးနှစ်ကောင် ပစ်ပေးပေးပါဦး”
“ဟင်”
ဟောင်ယွင်သည် တစ်ခဏမျှ မှင်တက်နေပြီးနောက် ငါးနှစ်ကောင်ကို ပစ်ပေးလိုက်သည်။
ကျားက တစ်ကောင်ကို အငမ်းမရ စားပြီး တစ်ကောင်အား မထိချေ။ ၎င်း၏ အပြုအမူက ရုတ်တရက် ပို၍ ညင်သာ လာ၏။
ဆယ်မိနစ်ကြာသော် ရဲ့လင်းချန်က နှိပ်နယ်ရာမှ ရပ်၍ ထရပ်လိုက်သည်။ ကျားတွင် သူ့အား တိုက်ခိုက်လိုက်စိတ် မရှိတော့ဘဲ အခြားသူများအား ခေါင်းလှုပ်ပြနေသည်။
“ဒါရိုက်တာရဲ့ ဘာတွေ ဖြစ်ကုန်တာလဲ”
တုန်းမြောင်မြောင်သည် တံတွေးကို မနည်းမျိုချနေပြီး အနားမကပ်ရဲချေ။
“ဒီကျားမက မကြာသေးခင်ကမှ သားပေါက်ထားတာ၊ သူ့ဗိုက်ထဲမှ သွေးကြောတွေ ပိတ်ပြီး ကျန်းမာရေးက ဆိုးနေတာ၊ ပြီးတော့ ကျားပေါက်လေးတွေကို သူ ဂရုစိုက်ဖို့ လိုတာကြောင့် ဗိုက်ဆာနေတာလဲ နည်းနည်း ကြာပြီ”
ရဲ့လင်းချန်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
“စိတ်မပူနဲ့၊ ငါ သူ့ကို ကုပြီးပြီ၊ အခု သူက ငါနဲ့ မိတ်ဆွေ ဖြစ်နေပြီလေ”
“သားပေါက်တယ် ဟုတ်လား၊ သူက ကျားပေါက်လေးတွေ မွေးထားတာလား”
ဟောင်ယွင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
သူတို့ စကားပြောနေချိန်တွင် ကျားမက မြေကြီးပေါ်မှ ငါးကို ကောက်ချီ၍ ရဲ့လင်းချန်ကို တစ်ချက်ကြည့်ကာ အဝေးသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
“လာ … သူက ငါတို့ကို နောက်က လိုက်လာစေချင်တာ”
ရဲ့လင်းချန်က ရယ်ပြီး အနောက်မှ လိုက်သွားသည်။
ငါးရာမီတာဝန်းကျင်လောက် ရောက်သောအခါ သူတို့သည် သစ်ပင်တစ်ပင်အောက်မှ မြက်ခြောက်ပုံရှေ့၌ ရပ်သွားလေသည်။ မြက်ခြောက်ပုံအတွင်းတွင် ကျားပေါက်လေး သုံးကောင်က အပြင်လောကအား သတိထား၍ ချောင်းကြည့်နေသည်။
ကျားပေါက်လေး သုံးကောင်ကို မြင်သောအခါ ဟောင်ယွင်နှင့် တုန်းမြောင်မြောင်တို့၏ နှလုံးသားက ချက်ချင်း ပျော့ပျောင်းသွားလေသည်။