← Chapters

ကျားပေါက်လေးအား ယဉ်ပါးအောင် ပြုလုပ်ခြင်း

Vol. 39 Ch. 581

ကျားပေါက်လေးအား ယဉ်ပါးအောင် ပြုလုပ်ခြင်း

Vol. 39 Ch. 581

“ဝိုး … ချစ်ဖို့ကောင်းလိုက်တာ”

မိန်းကလေး နှစ်ယောက်လုံး ပြိုင်တူ ရေရွတ်လာပြီး သူမတို့၏ မျက်လုံးများက အသည်းနှလုံးပုံအဖြစ် ပြောင်းလဲ သွားသည်ဟုပင် ထင်မှတ်ရသည်။

မိန်းကလေးများသည် ပုံမှန်အားဖြင့် ချစ်စရာကောင်းသော တိရစ္ဆာန်လေးများအပေါ် အလွန် ခုခံအားနည်းပြီး ထိုတိရစ္ဆာန်က ကျားတစ်ကောင် ဖြစ်သည်ကိုပင် မေ့သွားတတ်သည်။

ကျားများသည် ရက်စက် ကြမ်းကြုတ်သော်လည်း အကောင်ပေါက်ဘဝ၌ အလွန် ချစ်စရာကောင်းသည်က ငြင်းမရသော အချက်ပင်။ သို့မဟုတ်ပါက ကျားတစ်ကောင်၏ ဦးခေါင်းနှင့် ဦးနှောက် ဟူသော စကားက ရှိလာမည် မဟုတ်ပါ။

(လူတစ်ယောက်၌ မြင့်မြတ်၍ သန်မာသော လက္ခဏာရှိခြင်းကို ဆိုလိုခြင်း ဖြစ်သည်။)

သို့သော် ကျားပေါက်လေး သုံးကောင်ထဲ၌ တစ်ကောင်သည် အလွန် ထူးခြားနေ၏။ မသည် သာမန် ကျားများနှင့် လုံးဝ ကွဲလွဲနေကာ တစ်ကိုယ်လုံး နှင်းကဲ့သို့ ဖြူဖွေးသော အမွေးများနှင့် ဖုံးလွှမ်းနေပြီး နဖူးပေါ်၌ အနက်ရောင်အမွေးနှင့် ဘုရင်ဟူသော သင်္ကေတ ရှိနေလေသည်။

ထို့အပြင် ကျားဖြူလေး၏ မျက်လုံးများက အားအင်အပြည့်နှင့် ဖြစ်နေသော အခြား ကျားပေါက်လေး နှစ်ကောင်နှင့် မတူဘဲ ထိုင်းမှိုင်းကာ လေးတွဲ့နေ၏။

ကျားမကြီးက သူ၏ ကလေး သုံးကောင်ကို နူးညံ့စွာကြည့်ပြီး ငါးကို သူတို့ထံ ပစ်ချလိုက်သည်။

ကျားပေါက်လေး နှစ်ကောင်က ချက်ချင်း ပြေးတက်လာပြီး တစ်တိတိ စားလေသည်။ ကျားဖြူလေးမှာမူ အစာကို အနံ့ခံကြည့်ရုံမျှသာ ခံကြည့်ပြီး တစ်ဖက်လှည့်ကာ မြေကြီးပေါ်၌ မသက်မသာ လှဲချသွားသည်။

ကျားမကြီးက ကျားဖြူလေးကို ကိုက်ချီ၍ ရဲ့လင်းချန်အရှေ့၌ ချလာသည်။ ထို့နောက် အသနားခံနေသကဲ့သို့ ခေါင်းကို မရပ်မနား ညိတ်နေ၏။

“ကျားပေါက်လေးကို ကယ်ပေးဖို့ ငါ့ကို တောင်းဆိုနေတာလား”

ရဲ့လင်းချန်က ကျားမကြီး၏ စိတ်ကို သဘောပေါက်သွားပြီး ကျားဖြူလေးကို ချီကြည့်ကာ သေသေချာချာ စစ်ဆေးလိုက်သည်။

ကျားဖြူလေးကလည်း မျက်တောင် တခတ်ခတ် ဖြစ်လာသည်။ ၎င်းသည် သူ့ကို မကြောက်ဘဲ အားလုံးကို စူးစမ်းစွာ လိုက်ကြည့်လေသည်။

“ဝိုး … ကျားပေါက်လေး …”

“သူက ဘာဖြစ်နေတာလဲ၊ သူ့ပုံက အဆင်မပြေသလိုပဲ”

မိန်းကလေး နှစ်ယောက်၏ ကရုဏာစိတ်က ချက်ချင်း ပြည့်လျှံလာပြီး သနားလာကြသည်။

“ပထမအချက်က သူ့မှာ မွေးရာပါ သွေးအားနည်းရောဂါ ဖြစ်နေတာ၊ ဒီကျားဖြူလေးက မျိုးရိုးဗီဇ ပြောင်းလဲနေတာ၊ မိခင်ရဲ့ ခန္ဓာကိုယ်က သူ့ကို အာဟာရဓာတ် လုံလုံလောက်လောက် မပေးနိုင်လို့ အဲ့ကနေ ဒဏ်ရာ အသေးစားလေး ရနေတာ”

ရဲ့လင်းချန်က လျင်မြန်စွာ ထုတ်ပြောလာသည်။

ရှင်းရှင်းပြောရမည်ဆိုလျင် ဤကျားပေါက်လေးက အလွန် သန်မာပြီး ၎င်း၏ အသက်ဓာတ်က မိခင်ထက်ပင် ပို၍ အားကောင်းသေးသည်။

ဥပမာအားဖြင့် အချို့သော ကလေးများသည် ထွားလွန်းသဖြင့် မီးဖွားချိန်၌ မိခင်ဖြစ်သူအား အခက်အခဲ ရှိစေတတ်သလို မွေးဖွားပြီးလျင်လည်း အခက်အခဲများ ဖြစ်စေတတ်သည်။ သူတို့သည် မိဘများအတွက် ဝန်ပိစေပြီး အခက်အခဲများအား ကျော်ဖြတ်ရတတ်သည်။ ယင်းမှာ သူတို့၏ အားကောင်းသော အသက်ဓာတ်ကြောင့် ဖြစ်ပြီး လောကကြီးက ယင်းဒဏ်ကို မခံနိုင်၍ ဖြစ်လေသည်။

ဤသို့သော အချက်က အလွန် အယူသီးခြင်းပင်။ သိပ္ပံနည်းကျ ပြောရမည်ဆိုလျင် ကျားဖြူလေးသည် သဘာဝ ပြောင်းလဲမှုကြောင့် မွေးရာပါ အားနည်းချက် ရှိလာပြီး ပုံမှန်နည်းလမ်းများဖြင့် မွေးမြူ၍ မရနိုင်ချေ။

“ဥက္ကဋ္ဌရဲ့၊ သူ့ကို ကယ်နိုင်လား”

“ရဲ့နတ်ဘုရား တစ်ခုခု စဉ်းစားပါဦး၊ ဒီကောင်လေးက အရမ်း သနားဖို့ ကောင်းပါတယ်”

“အသေးအဖွဲလေးပါ”

ရဲ့လင်းချန် ပြုံးလိုက်သည်။ သူသည် အခြား မူမမှန်သော လှုပ်ရှားမှုူများ မပြုလုပ်ဘဲ ကျားဖြူလေး၏ ခန္ဓာကိုယ်ကို လက်နှစ်ဖက်ဖြင့် အုပ်မိုးလိုက်သည်။

သူ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ် စွမ်းအင်ကို ထုတ်ဖော်၍ လက်ဝါးမှတစ်ဆင့် ကျားဖြူလေး၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်လေသည်။

မွေးရာပါ ချီစွမ်းအင် မလုံလောက်ခြင်းသည် သာမန်လူများအတွက် အလွန် အန္တရာယ်များသော ပြဿနာပင်။ ယင်းအား ဂျင်းဆင်းကဲ့သို့သော အားဆေးများ သောက်သုံး၍ တိုးတက်အောင် လုပ်နိုင်သော်လည်း ကျားဖြူလေးသည် ခန္ဓာကိုယ်က အားနည်းပြီး အားဆေးများကို မခံနိုင်ချေ။ ထို့အတွက် အဖြေမရှိသော်လည်း ရဲ့လင်းချန်၏ စိတ်ဝိညာဉ် စွမ်းအင်နှင့်ဆိုလျင် ပြဿနာ မဟုတ်တော့ပေ။

စိတ်ဝိညာဉ် စွမ်းအင်က ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် ကျားဖြူလေး၏ မျက်လုံးများက အနည်းငယ် တောက်ပလာပြီး လူကဲ့သို့ အံ့ဩဟန် ပြလာသည်။ ၎င်းက ရဲ့လင်းချန်အား သိချင်စိတ်ဖြင့် လှမ်းကြည့်လာပြီး လှဲနေရာမှ ထရပ်လာသည်။

“အီ … အီ … အီ”

တစ်ခဏကြာသော် ၎င်းသည် အသံသေးသေးလေးများ ထွက်လာပြီး ခြေလက်များ လှုပ်ရှားလာသည်။ ထို့နောက် ချက်ချင်း ပတ်ပြေးလာလေသည်။

၎င်း၏ ပျော်ရွှင်မှုကို လူသုံးယောက်လုံး ခံစားမိသည်။ ၎င်းသည် မွေးကတည်းက လှုပ်ရှားနိုင်စွမ်း မရှိလုနီးပါး ဖြစ်ခဲ့ပြီး မြေကြီးပေါ်၌သာ ဆက်တိုက် လှဲနေခဲ့ရသည်။

“ကျားဖြူလေး ဖမ်းလိုက်”

ဟောင်ယွင်က ပျော်ရွှင်သွားပြီး ငါးတစ်ကောင်ကို ထုတ်ယူ၍ ပစ်ပေးလိုက်သည်။

ကျားဖြူလေးက အသာ ခုန်ဖမ်း၍ တစ်ကိုက်ချင်းစီ ကိုက်စားလေသည်။ ၎င်း၏ အရွယ်အစားက သေးသော်လည်း အစာစားချင်စိတ်က ကြီးမားလွန်းပြီး ငါးတစ်ကောင်လုံးကို တစ်ကောင်တည်း စားနိုင်လေသည်။

ကျားမကြီး၏ မျက်လုံးတွင်း၌ မေတ္တာတို့နှင့် ပြည်နှက်နေသည်။ ကျားဖြူလေး အနားသို့ လျှောက်သွားပြီး နှစ်ကောင်သား ချစ်ခင်မှုအပြည့်နှင့် ခေါင်းချင်းဝှေ့နေကြသည်။ ထို့နောက် ကျားမကြီးက အနည်းငယ် ဟိန်းသံ ပေးပြီးနောက် ရဲ့လင်းချန်ကို တစ်ချက်ကြည့်ကာ အခြား ကျားပေါက်လေး နှစ်ကောင်ကို ကိုက်ချီ၍ နောက်လှည့်ကာ ထွက်သွားလေသည်။

အကြိမ် အနည်းငယ်မျှ ခုန်လွှားပြီးနောက် ကျားမကြီးသည် ဆယ်မီတာအကွာမှ ကျောက်ဆောင်ပေါ် ခုန်တက်ကာ နောက်လှည့်၍ သူတို့ကို ကြည့်လာပြီးနောက် တောအုပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

“ဒါ … ဒါက …”

တုန်းမြောင်မြောင်နှင့် ဟောင်ယွင်တို့သည် ကျားဖြူလေး ကျန်နေခဲ့သည့်အတွက် နားမလည်နိုင် ဖြစ်နေကြသည်။

“ကျားမကြီးက ကျားဖြူလေးကို သူ မပြုစုနိုင်မှန်း သိနေလို့ ငါ့ဆီမှာ ထားခဲ့လိုက်တာ”

ရဲ့လင်းချန်က တည်တည်ငြိမ်ငြိမ် ပြောနေသော်လည်း စိတ်ထဲ၌ အလွန် ပျော်ရွှင်နေကာ ကျားဖြူလေးအား ချီထားလိုက်သည်။

သူသည် နောက်ထပ် သားရဲများအား လေ့ကျင့်ရန် တွေးတောနေခဲ့ပြီး နတ်ဘုရားတို့က ကျားပေါက်လေးကို သူ့ထံ ပို့၍ သူ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့လေပြီ။ ထို့အပြင် ကျားဖြူလေးသည် အနည်းငယ် ဗီဇပြောင်းလဲနေ၏။ ၎င်းကို ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးလျင် လိပ်အိုကြီးအဆင့်သို့ သို့မဟုတ် လိပ်အိုကြီးထက်ပင် သာလွန် သွားလောက်သည်။

လက်ရှိတွင် သူ့၌ ဒဏ္ဍာရီလာ သားရဲလေးကောင်ထဲမှ နှစ်ကောင်ဖြစ်သော ကျားဖြူနှင့် လိပ်နက်တို့ ရှိနေပြီ ဖြစ်သည်။

“ဒီကျားဖြူလေးကို ငါတို့ဆီ ပေးလိုက်တာလား”

ဟောင်ယွင် ပြုံးလာသည်။

“ဒါဆို ငါတို့ ကျားဖြူလေးကို ငါတို့ တိရစ္ဆာန်လေးအဖြစ် ထားလို့ ရလာတော့မှာ ဟုတ်တယ်မလား၊ ဝါး … သိပ်ကောင်းတာပဲ”

“အတိအကျပြောရရင် ငါတို့ မဟုတ်ဘူး၊ ငါပဲ”

ရဲ့လင်းချန်က ပြန်ပြင်ပြောလိုက်သည်။

“အား … ကျားဖြူလေး၊ နောက်ဆို ငါနဲ့ လာနေနော်၊ ငါ နင့်ကို စားဖို့ သောက်ဖို့ ကောင်းတာတွေ ပေးမယ်”

ဟောင်ယွင်သည် ကျားပေါက်လေးကို ချစ်လွန်းသဖြင့် ရဲ့လင်းချန်ထံမှ လုယူချင်နေ၏။

“ကျားဖြူလေး၊ အဲ့မမကြီးကို ခေါက်ထားလိုက်၊ ဖေဖေက မင်းကို ပြန်ခေါ်သွားမယ်”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

ဟောင်ယွင်သည် တစ်ခဏမျှ မှင်တက်သွားပြီးမှ တစ်စုံတစ်ရာကို သတိပြုမိသွားသည်။

“ဟွန်း … နင်က ငါ့ကို အသားယူရဲတယ်ပေါ့လေ”

တောင်ပေါ်မှ ဆင်းသော လမ်းက တောင်ပေါ်တက်ခြင်းထက် ပို၍ ခက်လေသည်။ လူတစ်ယောက်သည် မြေဆွဲအားကို သတိထား၍ ထိန်းလျှောက်ရလေသည်။ ရှောင်ချင်နှင့် ရှောင်ဟွေသည် လမ်းရှင်းပေးပြီး သူတို့အားလုံး တောင်အောက်သို့ မရပ်မနား ဆင်းလာကြသည်။

“ဝေါင်း”

သူတို့ တောအုပ်ထဲမှ ထွက်လာချိန်တွင် အဝေးမှ ကျားဟိန်းသံ ထွက်ပေါ်လာ၏။

အနောက်သို့ လှည့်ကြည့်လိုက်သောအခါ ကျားတစ်ကောင်က တောင်ပေါ်မှနေ၍ သူတို့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ရှောင်ပိုင်၊ရှောင်ချင်၊ရှောင်ဟွေ၊ အခုကစပြီး မင်းတို့က မိသားစုတွေ ဖြစ်သွားပြီ၊ မင်းတို့ အချင်းချင်း ချစ်ချစ်ခင်ခင် နေရမယ် နားလည်လား”

ရဲ့လင်းချန်က ကျားပေါက်လေးနှင့် ဝံပုလွေ နှစ်ကောင်ကို ပြောလိုက်သည်။

ရှောင်ချင်နှင့် ရှောင်ဟွေတို့က ခေါင်းညိတ်ပြီး သူတို့၏ လက်များကို ရှောင်ပိုင်၏ ပခုံးပေါ် ပြိုင်တူတင်ကာ ကာကွယ်ဟန် ပြုလုပ်လာသည်။

“ခစ်ခစ် ပျော်ဖို့ကောင်းလိုက်တာ၊ နင်တို့ ဒီလောက် စိတ်ဝင်စားဖို့ ကောင်းအောင် လုပ်ဖို့ လိုလို့လား”

ဟောင်ယွင်က ထိုမြင်ကွင်းကို ကြည့်ပြီး တခစ်ခစ် ရယ်ကာ ရှောင်ပိုင်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ရှောင်ပိုင်၊ ဒီကိုလာ၊ ငါ့မှာ ငါးကင် ရှိတယ်”

သို့သော် ရှောင်ပိုင်က သူမကို တစ်ချက်သာ ကြည့်ပြီး ဘာမှမတုံ့ပြန်ဘဲ တစ်ဖက်လှည့်သွားသည်။

“ရှောင်ပိုင် လာဦး”

ရဲ့လင်းချန်က တစ်ချက်ခေါ်လိုက်သည်နှင့် ရှောင်ပိုင်က အပြေးလှမ်းသွားပြီး ရဲ့လင်းချန်အား ချစ်စရာကောင်းသော မျက်လုံးများနှင့် ကြည့်လာသည်။

“လှဲလိုက်”

ရှောင်ပိုင်က ချက်ချင်း လှဲချသည်။

“ထိုင်”

ရှောင်ပိုင်က ချက်ချင်း ထထိုင်သည်။

“အဲ့ငါးကို ငါ့ဆီ ယူလာခဲ့”

ရှောင်ပိုင်က ချက်ချင်း ပြေးသွားပြီး ငါးကို ကိုက်ချီလာပေးသည်.

ရဲ့လင်းချန်က ဟောင်ယွင်ကို တစ်ချက် ခိုးကြည့်လိုက်သောအခါ သူမ ကြက်သေ သေနေသည်ကို တွေ့လိုက် ရသည်။ သူ၏ မသိမသာ မခံချင်အောင် လုပ်လိုက်ခြင်းက သူမရင်အား တည့်တည့်မတ်မတ် ထိမှန်သွားလေသည်။

“ဒါ လုံးဝ ယုတ္တိမရှိဘူး၊ နင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

ဟောင်ယွင်က မကျေမနပ် မေးလာသည်။ သူမသည် ဆံပင်များ ထောင်မတတ် ဒေါသထွက်လာသည်။

“ဒါကို မွေးရာပါ ညှို့ဓာတ်လို့ ခေါ်တယ်၊ မင်း မနာလိုဖြစ်လဲ မရနိုင်ဘူး”

ရဲ့လင်းချန်က အားပါးတရ ပြုံးနေသည်။

နောက်တစ်နေ့တွင် ရဲ့လင်းချန်က ကျွန်းမှာ ဆက်နေလေသည်။ သူသည် ကျောမှီထိုင်ခုံပင် ပြုလုပ်ပြီး ပင်လယ်လေကို ခံစားကာ ပင်လယ်စာစားလိုက်၊ ကစားလိုက်နှင့် သက်တောင့်သက်သာ အနားယူလေသည်။

သူ၏ အားလပ်သော အချိန်၌ ရှောင်ပိုင်အား စိတ်ဝိညာဉ်စွမ်းအင်ကို သုံး၍ တစ်နေ့ တစ်ကြိမ် အားဖြည့် ပေးလေသည်။ ထို့အပြင် သူသည် ရှောင်ပိုင်အတွက် သင့်တော်သော လေ့ကျင့်ရေး အစီအစဉ် စီစဉ်ကာ ရှောင်ပိုင်အား အရည်အချင်း တိုးတက်လာစေရန် ဝံပုလွေများနှင့် တောထဲသို့ မကြာခဏ လိုက်ခွင့် ပြုထားသည်။

အချိန်များ ကုန်လွန်လာပြီးနောက် Gala နွေဦးပွဲတော်ရက်က နီးကပ်သထက် နီးကပ်လာလေသည်။

All Chapters