ကိုးကောင်းကင်၏ပြောင်းလဲမှု......ရှန်းနည်းစနစ်ဖွင့်လှစ်ခြင်း.....
Vol. 2 Ch. 22
အတိဒုက္ခကို အောင်မြင်စွာကျော်ဖြတ်ပြီးနောက်၊ ကျန်းချန်ရှန်းသည် လေထဲတွင် လွင့်မျောနေဆဲဖြစ်ပြီးကျင့်ကြံမှုကို ခိုင်မာစေခဲ့သည်။ နေဝင်သောအခါတွင် ကိုးကွယ်သူများကို မန်ချွဲ့ဆောင်က လူစုခွဲလိုက်သည်။
နေဝင်ရီတရောအချိန်တွင် ကျန်းချန်ရှန်း သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ မျက်ခုံးနှစ်ခုကြားမှ ရွှေရောင်အရိပ်သည်လည်း ပျောက်ကွယ်သွားသည်။ ဤသည်မှာ တာအိုပုံစံဖြစ်ပြီး တာအိုသဘာဝကျင့်စဉ်၏ ပဉ္စမအဆင့် အမှတ်အသားဖြစ်သည်။ ၎င်း၏လုပ်ဆောင်ချက်မှာ ဝိညာဉ်စွမ်းအင်ကို သိမ်းဆည်းထားနိုင်ခြင်းဖြစ်သည်။ ၎င်းတွင် တခုထက်ပိုသေယ လုပ်ဆောင်ချက်များ ရှိနိုင်သည်။ သို့သော် ရှင်းရှင်းလင်းလင်း မသိရသေးပေ။
တာအို ပုံစံများကို များသောအားဖြင့် ဝှက်ထားနိုင်ပြီး အလွန်အဆင်ပြေသည်။
ကျန်းချန်ရှန်း ခြံဝင်းထဲ ရောက်သွားသည့်အထိ တာအို၀တ်လုံသည် မပျက်စီးဘဲအကောင်းတိုင်းရှိနေဆဲပင်....
ဟွာဂျန်ရှင်း ရောက်လာပြီး လက်သီးဆုပ် ဂုဏ်ပြုဟန်ဖြင့်......
"ရှင့်ရဲ့သိုင်းပညာ တိုးတက်လာတဲ့အတွက် ဂုဏ်ယူပါတယ်...."
အတိဒုက္ခကြောင့် ဘာတွေဖြစ်နေသည်ကို သူမ မသိသော်လည်း ကျန်းချန်ရှန်း၏ ခွန်အားတိုးပွားလာမှုနှင့် ဆက်စပ်နေသည်ဟု သူမ ခံစားမိသည်။
ကျန်းချန်ရှန်းက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
“ဒါဟာ ကြီးကြီးမားမား တိုးတက်လာတာ မဟုတ်ပါဘူး....ကောင်းကင်နဲ့ မြေပြင်ရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို ငါနားလည်သွားပြီ.....”
ဟွာဂျန်ရှင်း နားမလည်သော်လည်း ကောင်းသောအရာဟုသာ ခံစားမိသည်။ သူမ ကျန်းချန်ရှန်းကို ပိုသဘောကျလာသည်။
ကျန်းချန်ရှန်းက သူမကို တခြားဘာမှ မပြောဘဲ လှည့်ကြည့်ကာ ပိုင်လုံနှင့်အတူ အိမ်သို့ ပြန်လာခဲ့သည်။ ဟွာဂျန်ရှင်းကတော့ ခြံဝင်းထဲတွင် လေ့ကျင့်ဖို့ကျန်နေခဲ့သည်။
အိမ်ထဲတွင်......
ကျန်းချန်ရှန်း မျက်လုံးရှေ့တွင် စကားတစ်ကြောင်း ပေါ်လာသည်နှင့် ကုတင်ပေါ်တွင် ထိုင်လိုက်သည်။
[မင်းဆက်တည်ထောင်ပြီး ၂၁ နှစ်အကြာ ကျင့်ကြံမှု တိုးတက်လာပြီး ကောင်းကင်နဲ့ မြေပြင်ရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို မနားလည်လာပြီ...သင်သည် သေးငယ်သော ကောင်းကင်အတိဒုက္ခကို ကျော်ဖြတ်ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ်....လျှို့ဝှက်နည်းပညာ၊ 'ကိုးကောင်းကင်ပြောင်းလဲမှုကျင့်စဉ်' ကို ရရှိခဲ့သည်။]
လျှို့ဝှက်ကျင့်စဉ်တဲ့.....
ကျန်းချန်ရှန်းသည် လျှို့ဝှက်ကျင့်စဉ်ကို ပထမဆုံးအကြိမ်ရရှိခြင်းဖြစ်သောကြောင့် စိတ်ဝင်စားမှုအပြည့်ရှိသည်။ ကိုးကောင်းကင်ပြောင်းလဲမှုကျင့်စဉ်၏ အချက်အလက်များကို ချက်ချင်းလက်ခံခဲ့သည်။
ကိုးကောင်းကင်ပြောင်းလဲမှုသည် ပျံလွှား
တစ်ကောင်အဖြစ်ကနေ တောင်တစ်လုံးသို့ ပုံစံကိုးမျိုးပြောင်းလဲနိုင်သော အသွင်ကူးပြောင်းရေးကျင့်စဉ်ဖြစ်သည်။
မဆိုးဘူး... မဆိုးဘူး ....ကောင်းတယ် !
ကိုးကောင်းကင်ပြောင်းလဲမှုကျင့်စဉ်သည် ပုံရိပ်ယောင်နတ်မျက်စိနှင့် ဆင်တူသည်။၎င်းသည် လူတစ်ဦး၏ ခွန်အားကို မြှင့်တင်မပေးနိုင်သော်လည်း၊ ၎င်းတွင် အဆုံးမဲ့သော အသုံးဝင်မှုများရှိသည်။
ကျန်းချန်ရှန်းသည်ကျင့်စဉ်ကိုသေချာဖတ်ရှုပြီးနောက် ပထမအဆင့်ဖြစ်သော ပျံလွှားတစ်ကောင်အဖြစ်အသွင်ပြောင်းမှုကို စတင်လေ့ကျင့်ခဲ့သည်။
ထိုညတွင် လုံချီ ဘုရားကျောင်း၏ တပည့်များ အိပ်ပျော်ရန် ခက်ခဲခဲ့ပြီး မြို့တော်တွင် စူးစမ်းလိုသော လူများစွာလည်း ရှိခဲ့သည်။
နောက်ငါးရက်အကြာတွင်၊ ဘုန်းတော်ကြီး ချန်ရှန်း အတိဒုက္ခ ဖြတ်ကျော်နေသည်ကိုမြင်ခဲ့ကြသည့် ဘုရားဖူးများကြောင့် သတင်းပျံ့နှံ့သွားပြီး တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ နန်းတော်ထဲက မောင်းမမိဿံတွေတောင် ထိုအကြောင်း ဆွေးနွေးနေကြသည်။
ချန်ရှန်းသည် ငယ်ရွယ်စဉ်က တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်ကိုသတ်ခဲ့ပြီး အရွယ်ရောက်သောအခါတွင် အတိဒုက္ခကို ဖြတ်ကျော်နိူင်ခဲ့သည်။
ဘုန်းတော်ကြီးချန်ရှန်း၏ ဤဖြစ်ရပ်နှစ်ခုကို ပေါင်းစပ်လိုက်သောအခါ၊ ၎င်းသည် တကယ်ကို ဒဏ္ဍာရီဆန်ပြီး လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်သူဖြစ်နေလေ၏။
နံ့သာတိုင်ကို မီးညှိပူဇော်ရန် လုံချီတောင်သို့လာရောက်သူခရီးသွားများ ပိုများလာခဲ့သည်။ သူတို့အားလုံးသည် ဘုန်းတော်ကြီး ချန်ရှန်း၏ကျက်သရေကိုမြင်ချင်ကြသည်။ သို့သော်လည်း ကျန်းချန်ရှန်းသည် သူ့ခြံဝင်းထဲမှ ထွက်မလာသောကြောင့် တွေ့ခွင့်မရခဲ့ကြပေ။ ဒီအတွက် ဒေါသမထွက်ကြသည့်အပြင် ယင်းအစား သူတို့သည် မှန်ကန်သည့်လုပ်ရပ်ဟုသာ ယူဆကြသည်။
အင်မော်တယ်များကို အလွယ်တကူတွေ့ဆုံနိုင်ဖို့မဖြစ်နိုင်ပေ။
အိမ်ထဲတွင်......
ငါးရက်ကြာ ကျင့်ကြံပြီးနောက် ကျန်းချန်ရှန်းသည် ပျံလွှားတစ်ကောင်အဖြစ် အသွင်ပြောင်းမှုကို အောင်မြင်စွာလေ့ကျင့်နိုင်ခဲ့သော်လည်း ငါးမိနစ်ကြာသည်အထိသာအသွင်ပြောင်းနိုင်သေးသည်။ ကိုးကောင်းကင်ပြောင်းလဲမှုသည် ဝိညာဉ်စွမ်းအားကို အလွန်အကျွံသုံးစွဲရသဖြင့် အလွယ်တကူ အသုံးမပြုနိုင်ပေ။
ကျန်းချန်ရှန်းသည် မူလအသွင်အပြင်သို့ ပြန်ပြောင်းလိုက်ချိန်တွင် ပိုင်လုံ အံ့အားသင့်သွားသည်။
ထိုအချိန်မှာပင်
ကျန်းချန်ရှန်း ရှေ့မှာ စကားတန်းသုံးခုပေါ်လာသည်။
[ရှန်းများ ရရှိထားကြောင်း တွေ့ရှိရသည်။ မသင်၏ ကျင့်ကြံနည်းက ကောင်းကင်နှင့်မြေပြင်းတာအိုနှင့်မသက်ဆိုင်သာကြောင့် သင့်ထံတွင်ရွေးချယ်စရာနှစ်ခုအနက်မှတစ်ခုကိုရွေးချယ်နိုင်သည်။]
[1....ကျင့်ကြံခြင်းကို စွန့်လွှတ်လိုက်လျှင် သင်၏ ဝိညာဉ်စွမ်းအားကို ဤကမ္ဘာရှိသိုင်းပညာ၏—စစ်မှန်သောနတ်ဘုရားနယ်ပယ်အဖြစ် ပြောင်းလဲပေးမည်]
[2....ဆက်လက်ကျင့်ကြံမည်ဆိုပါက အင်မော်တယ်များသည် သက်ရှိအားလုံးထက် သာလွန်သဖြင့် လေးစားခံရမည်။ကျင့်ကြံခြင်းလမ်းစဉ်သည် ကောင်းကင်တာအိုကို လိုက်ခြင်းဖြစ်သည်။ထို့ကြောင့် သင်သည် ရှန်းနည်းစနစ်ကိုဖွင့်လှစ်နိုင်သည်။]
[TN/ ရှန်း...incense..မြန်မာလိုတိုက်ရိုက်ပြန်ရင် နံ့သာအိုး၊နံ့သာတိုင်ဆိုတော့ ဖတ်ရတာတမျိုးဖြစ်နေလို့ပါ....]
စစ်မှန်သောနတ်ဘုရားနယ်ပယ်.....
သူအရင်က မကြားဖူးခဲ့ပေ။ ထိုအဆင့်သည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်၏အထက်အဆင့် ဖြစ်နိုင်သည်။
ကျန်းချန်ရှန်းသည် ဒုတိယရွေးချယ်မှုကို တိုက်ရိုက်ရွေးချယ်ခဲ့ပြီး ဆက်လက်ကျင့်ကြံခဲ့သည်။
အင်မော်တယ်များအတွက် သာမာန်သိုင်းပညာ လေ့ကျင့်သူအား တိုက်ခိုက်ခြင်းသည် ကလေးကစားနေသလိုပင်.....
သူသည် သိုင်းပညာကို လေ့ကျင့်လျှင် ကမ္ဘာပေါ်တွင် နံပါတ်တစ်ဖြစ်လာလျှင်ပင် ကမ္ဘာပေါ်ရှိ သိုင်းပညာရှင်အားလုံးကို ဖိနှိပ်ရန် မဖြစ်နိုင်ပေ။ မည်သို့ပင်ဆိုစေ သူသည် ကျင့်ကြံမှုလမ်းစဉ်ကိုလျှောက်လမ်းနေပြီဖြစ်သည်။သို့သော် အဆင့်သတ်မှတ်ချက်များကိုမသိရသေးပေ။
[ရှန်းနည်းစနစ်ကို အသက်သွင်းခြင်း..... ရှန်းသည် အတိဒုက္ခကိုအားနည်းစေနိုင်သည်။ ရှန်းအရေအတွက်မည်မျှရနိုင်သည်ကို ကိုယ်တိုင်ရှာဖွေပါ....]
“လက်ရှိ ရှန်းအရေအတွက်...၂မှတ်....."
အတိဒုက္ခကို လျှော့ချနိုင်ပါသတဲ့လား.....
ကျန်းချန်ရှန်းသည် လွန်ခဲ့သည့်ရက်အနည်းငယ်က မိုးကြိုးအတိဒုက္ခကို ပြန်အမှတ်ရသောအခါတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ရှိနေသေးသည်။
သူ၏ယခင်ဘဝတွင် ဂိမ်းထဲတွင် ရှန်းနည်းစနစ်ကိုအမှန်တကယ်ထည့်သွင်းထားထားသည်။ နတ်ဘုရားဖြစ်ဖို့ ကျင့်ကြံသော
အခါ လူ့လောကမှာပူဇော်ပသသော အမွှေးနံ့သာကို(ရှန်း) သဘာဝအတိုင်း ခံစားကြရသည်။ နံ့သာတိုင်ပူဇော်ခြင်းသည် အင်မော်တယ်နတ်ဘုရားများ၏ ကံကောင်းခြင်းများနှင့် ဆက်စပ်နေသည်။ ရှင်သန်မှုစနစ်သည် ဂိမ်း၏ အခြားလုပ်ဆောင်ချက်များကို ဤကမ္ဘာသို့ ယူဆောင်လာမည်ဟုမမျှော်လင့်ခဲ့မိပေ။
အမွှေးတိုင်နှစ်တိုင်ကို လူနှစ်ဦးက သူ့အတွက် ရည်းစူးပြီး ထွန်းညှိပူဇော်ပေးခြင်းသည် သူ့အား ယုံကြည်ထိုက်သော အပူဇော်ခံပုဂ္ဂိုလ်အဖြစ်သတ်မှတ်လိုက်ခြင်းပင်......
နေစမ်းပါဉီး... ရှန်းနည်းစနစ်ပေါ်လာပြီဆို အတခြားလုပ်ဆောင်ချက်တွေလည်း......
ကျန်းချန်ရှန်း၏ နှလုံးသားသည် ပြင်းပြစွာ ပူလောင်သွားသည်။ စနစ်သည် လျှို့ဝှက်ဆန်းကြယ်ပုံပေါက်သော်လည်း ဆော့ဖ်ဝဲရေးသားသူအနေဖြင့် ၎င်းနှင့်ပတ်သက်သည့်အရာအားလုံးကို သိရှိထားသည်။
ဂိမ်းအတွင်းရှိ လုပ်ဆောင်ချက်အားလုံးသည် တိုက်ရိုက်ပေးသော နည်းလမ်းမဟုတ်ဘဲ ကစားသမား ကျင့်ကြံခြင်းလမ်းစဉ်လျှောက်ရင်းဖြင့်သာရရှိနိုင်သည်။
ထို့အပြင် ကျင့်ကြံခြင်းသည် ဤကမ္ဘာနှင့် မသက်ဆိုင်ပါ။ သူသည်ဤကမ္ဘာတွင် တစ်ယောက်တည်းသော ကျင့်ကြံသူဖြစ်နိုင်သည်။
“ရှန်းနည်းစနစ်က တကယ်တန်ဖိုးရှိတယ်....ဒါပေမယ့် အလျင်လိုလို့မရဘူး....တာအိုဘုရားကျောင်းမှာ ဖြစ်စဉ်အချို့ကို ဖန်တီးနိုင်ပြီး လည်ပတ်မှုကို တိုးမြှင့်နိုင်တယ်..... ဒီလိုလုပ်ခြင်းအားဖြင့် ရှန်းအရေအတွက် တိုးလာမယ်... တစ်ယောက်ယောက်က ငါ့ကို မကျေနပ်လို့လာသတ်ရင်တောင် ရှင်သန်ခွင့် ဆုလာဘ် ရနိုင်သေးတယ်....."
ကျန်းချန်ရှန်း တကိုယ်တည်း တွေးနေမိသည်။ တကျန်းမင်းဆက်တွင် စစ်မှန်သောနတ်ဘုရားများ ရှိမရှိကို သူမသိသောကြောင့် သတိထားရမည်ဖြစ်သည်။ သူ့ဘေးကင်းမှုအတွက် သူသည် လောကီလောကထဲသို့ မ၀င်ခဲ့ပေ။
သူ့ဘဝရဲ့ အစောပိုင်းကာလတွေမှာ အလုပ်ကြိုးစားရမည်။ မည်သို့ပင်ဆိုစေကာမူ သူ၏သက်တမ်းသည် အကန့်အသတ်မရှိပေ။ သူသည် လုံလောက်အောင်သန်မာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာကို အုပ်စိုးမည်ဖြစ်သည်။
အဲ့ဒီမတိုင်ခင်မှာ သူ နန်းတော်ဆီ ခရီးထွက်ရပေဉီးမည်.....
ကျန်းချန်ရှန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
…................................
တစ်လကြာပြီးနောက် ကျန်းချန်ရှန်းသည် ကိုကောင်းကင်၏ပြောင်းလဲမှုကို လုံးလုံးလျားလျား ကျွမ်းကျင်ခဲ့သည်။
ဆေးလုံးတောင်းချင်သည့်အပြင် အတိဒုက္ခအကြောင်းသိချင်သည့်အတွက် ထိုနေ့မှာပဲ ကျန်းယွမ်က သူ့ဆီ အလည်လာခဲ့ပြန်သည်။
ကျန်းချန်ရှန်းက ကျင့်ကြံမှုအကြောင်းတခွန်းမှမဟဘဲ အိမ်မက်ထဲကအင်မော်တယ်ကိုသာလွှဲချလိုက်သည်။ ထိုစကားကိုကြားသောအခါ ကျန်းယွမ် ထိတ်လန့်သွားသည်။
ကျန်းယွမ် ထွက်သွားပြီးနောက် ထိုညတွင် ကျန်းချန်ရှန်းသည် သစ်သားမျက်နှာဖုံးကို ၀တ်ဆင်ကာ အနက်ရောင်ဝတ်စုံလဲလှယ်ဝတ်ဆင့်ပြီး နန်းတော်ဆီ ခရီးနှင်ခဲ့သည်။
သူသည် တိုင်ဟန်ဓားကို စီးနင်းပြီး တောင်ထိပ်မှ နန်းတော်ထဲသို့ တိုက်ရိုက်ပျံသန်းခဲ့သည်။
သူ၏ အာရုံငါးပါးသည် သာမန်လူများထက် သာလွန်သည်။ အဝေးကနေပင် နန်းတော်အပြင်ဘက်မှာ ကင်းလှည့်နေတဲ့ တော်ဝင်အစောင့်တွေကို မြင်နေရသည်။ ထို့ကြောင့် မည်သူမျှ သတိမထားအောင် နန်းတော်ထဲသို့ဝင်ရောက်နိုင်ခဲ့သည်။ မြေပြင်ပေါ် ဆင်းသက်ပြီးနောက် တိုင်ဟန်ဓားကိုကျစ်ကျစ်ဆုပ်ကာ နန်းတော်ထဲတွင် စတင်လှုပ်ရှားလေတော့သည်။
ညဉ့်နက်သောအခါ နန်းတော်တခုလုံးတိတ်ဆိတ်နေပြီး ရံဖန်ရံခါ မိန်းမစိုးများသည် မီးအိမ်များဖြင့် ကင်းလှည့်နေကြသည်ကိုမြင်လိုက်ရသည်။
ကိုးကောင်းကင်နဂါး ခြေလှမ်းကို အားကိုး၍ ကျန်းချန်ရှန်းသည် ထိုမိန်းမစိုးများကို အလွယ်တကူ ရှောင်တိမ်းခဲ့သည်။ လမ်းတစ်လျှောက်တွင် သူသည် စစ်မှန်သောချီ၏ အတက်အကျများကို စူးစမ်းလေ့လာပြီး နန်းတော်တွင် ကျွမ်းကျင်သူများစွာရှိကြောင်း တွေ့ရှိခဲ့သည်။ ထိပ်တန်းကျွမ်းကျင်သူ အနည်းဆုံးငါးဆယ်ခန့်ရှိပြီး ထိုသူများထဲတွင် မောင်းမမိဿံများ၊ နန်းတွင်းအစေခံများနှင့် မိန်းမစိုးများပင်ပါဝင်နေသည်။
တကျန်း နန်းတော်သည် ဝပ်နေသောကျားများ ပုန်းအောင်းနေသောနဂါးများနှင့် ပြည့်နှက်နေသည်။
ကျန်းချန်ရှန်း လမ်းလျှောက်ရင်း သက်ပြင်းချလိုက်မိသည်။
ပန်းခြံတစ်ခုကို ဖြတ်သွားသောအခါ အသံတစ်ခုကြားလိုက်ရသည်။ သေချာနားထောင်ကြည့်သောအခါ ထိုအသံသည် ဥယျာဉ်၏ အနက်ပိုင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
“စိတ်ပျက်စရာကောင်းလိုက်တာ....”
"မောင်လေး...အောက်နည်းနည်းဆင်းပေးဉီး…”
“ဒီမှာ ခြင်တွေ အရမ်းများတယ်.... ငါတို့ တခြားတစ်နေရာကို မသွားကြမယ်လေ....
“အင်း၊တခြား နေရာရှိရင် မြန်မြန်သွားကြမယ်.... စိတ်ပူလို့ သေတော့မယ်…”
….......................
ကျန်းချန်ရှန်း ဆွံ့အနေရှာသည်။
နန်းတော်ထဲမှာ ဘာတွေလဲ........
ရွံစရာတွေကွာ......
ကျန်းချန်ရှန်း ခဏရပ်ပြီး အာရုံစိုက် နားထောင်နေသည်။ ခဏအကြာတွင်၊ သူသည် သူတို့၏ အထောက်အထားများကို မှတ်မိလိုက်သည်။ မိန်းမအသံသည် နန်းတော်အစေခံဖြစ်၍ ယောက်ျားအသံသည် မိန်းမစိုးတစ်ယောက်ဖြစ်နေသည်။
မိန်းမစိုးက ဒီလိုမျိုး လုပ်နိုင်ပါ့မလား......
ကျန်းချန်ရှန်းသည် ယခင် မင်းဆက်အချို့ကို လုံးလုံးလျားလျား အမြစ်ပြတ်ချေမှုန်းခြင်းမပြုခဲ့ကြောင်း သတိရမိသည်။
သူ ခေါင်းခါလိုက်သည်။ သူ့မယား နောက်မီးလင်းနေသည့်ကိစ္စမဟုတ်သည့်အတွက် ဂရုစိုက်နေစရာမလိုပေ။
နန်းတော်သည် အလွန်ကျယ်ဝန်းသည်။ ကျန်းချန်ရှန်းသည် လမ်းတစ်လျှောက်တွင် စူးစမ်းရန် နတ်ဘုရားအာရုံကို အသုံးပြုခဲ့သည်။ သူရှာဖွေနေသည့်အရာမှာ အစစ်အမှန်ချီ အတက်အကျဖြစ်သောကြောင့် သူသည် ကိုယ်လုပ်တော်များ နှင့် နန်းတော်တွင်းအစေခံများ၏အဆောင်ထဲသို့ ဝင်စရာမလိုပေ။
စစ်မှန်သောချီ အတက်အကျများစွာရှိခဲ့သော်လည်း မည်သူမျှ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ဟုတ်မနေခဲ့ပေ။
ကျန်းချန်ရှန်း နန်းတော်၏ မြောက်ဘက်သို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏အကြည့်များသည် လူသူကင်းမဲ့သော နန်းတော်ဝင်းတစ်ခုဆီသို့ ရောက်သွားသည် ။ နန်းတွင်းအစေခံများနှင့် မိန်းမစိုးများမရှိသောကြောင့် နန်းတော်ဝင်းတစ်ခုလုံးတွင် သူတစ်ယောက်တည်းသာရှိနေသည်။
ဒါက ဒဏ္ဍာရီလာ အအေးနန်းအဆောင်လား....
ဘယ်လိုမှမဖြစ်နိုင်ဘူး.....
ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူတစ်ဦးကို ဧကရာဇ်က အအေးနန်းဆောင်ဆီ နှင်ထုတ်ထားပါ့မလား.....
ကျန်းယွမ် ဘယ်လိုများ လွှမ်းမိုးနိုင်ရတာလဲ....
ကျန်းချန်ရှန်းသည် သစ်သားမျက်နှာဖုံးကို ဝတ်ဆင်ထားသောကြောင့် သူ၏အထောက်အထားကို ဖော်ထုတ်ရန် မကြောက်ခဲ့ပေ။ ဂရုတစိုက်ဖြင့် ထိုနန်းဆောင်ဆီသို့ လျှောက်လာခဲ့သည်။
ခြံထဲသို့ ဝင်သောအခါ နေရာတိုင်းတွင် ပေါင်းပင်များ ရှိနေသည်ကို သတိပြုမိသည်။ ဘယ်သူကမှ ဂရုမစိုက်တာကြာပြီဆိုတာ ထင်ရှားနေသည်။ သို့သော် ခန်းမနံရံတွင် ထိတ်လန့်ဖွယ်ရာ လက်ဖဝါးရာများစွာ ရှိနေသည်။
ကျန်းချန်ရှန်းသည် အနှောက်အယှက်ဖြစ်စေမည်ကို မကြောက်ဘဲ ပင်မခန်းမဆီသို့ လျှောက်သွားသည်။
ဒီကိုရောက်ပြီးတဲ့ နောက်မှာတော့ သူက တစ်ဖက်လူရဲ့ စစ်မှန်တဲ့ စွမ်းအင်အဆင့်ကို ဆုံးဖြတ်ပြီးသားပင်.....
နတ်ဆိုးသခင်ထက် ဆယ်ဆသာနိုင်သည်။
ကျန်းချန်ရှန်း တံခါးနားရောက်လာပြီး ညင်သာစွာ တွန်းဖွင့်လိုက်သည်။
သူတွန်းဖွင့်လိုက်သည့်အခိုက်တွင် လေပြင်းတိုက်ခတ်ပြီး တံခါးနှစ်ချပ်စလုံး ဝုန်းကနဲပွင့်ထွက်သွားသည်။ထ်ို့ကြောင့် ကျန်းချန်ရှန်း၏ ၀တ်စုံသည် တဖျပ်ဖျပ်ခတ်နေသော်လည်း သူ့ခန္ဓာကိုယ်သည် တိုင်တောင်တန်းကဲ့သို့ လေးလံနေပြီး လုံးဝမလှုပ်ရှားပေ။
"ဒီလောက် ညဉ့်နက်နေမှ နန်းတော်ထဲဘာလာလုပ်တာလဲ....."
အေးစက်ပြီးအက်ရှရှနိုင်သော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာပြီး သူမ၏ လေသံထဲတွင် သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသည်။
ကျန်းချန်ရှန်းက သူ့လည်ချောင်းထဲက ဝိညာဉ်စွမ်းအားတွေကို နှိုးဆွပြီး ခပ်သြသြအသံဖြင့်ပြန်ဖြေလိုက်သည်။
"ကမ္ဘာပေါ်မှာ ယှဉ်လို့မရတဲ့ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်အဆင့်ကျွမ်းကျင်သူတစ်ယောက် နန်းတော်မှာ ရှိတယ်ဆိုတယ်လို့ လာတွေ့တာ..... မင်းရဲ့အရည်အချင်းတွေက အရမ်းနက်ရှိုင်းတယ် ဒါပေမယ့် မင်းက ဘယ်သူမှဂရုမစိုက်တဲ့ ဒီအေးစက်တဲ့နန်းဆောင်မှာ ဘာလို့နေနေတာလဲ....."
“ဒါ နင့်ကိစ္စမဟုတ်ဘူး..ရောက်လာပြီးရင် ထွက်သွားဖို့စိတ်မကူးနဲ့....."
သူမပြောပြီးသည်နှင့် အမှောင်ထဲမှ လေပြင်းတသုတ် ထပ်ထွက်လာသည်။ ကျန်းချန်ရှန်း သည် သူ၏ညာခြေကို ညင်သာစွာ လှုပ်ရှားလိုက်ပြီး ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ကာ နောက်သို့ ပျံသန်းသွားသဖြင့် နံရံကို ပြင်းထန်စွာကန်ကျောက်လိုက်သည့်အသံကိုသာကြားလိုက်ရသည်။
“ဒါ… ဒါ... ဘယ်လိုဖြစ်နိုင်မှာလဲ… နင်က ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်မဟုတ်ဘူး....… ပိုမြင့်တဲ့ နယ်ပယ်မှာ ရှိနေတယ်!”
နန်းတော်ထဲကို ဖောက်ထွင်းဝင်ရောက်လာတဲ့ ပညာရှင်ကို ဘယ်သူက ခုခံနိုင်မလဲ။
ကျန်းချန်ရှန်း စိတ်ထဲကနေသာ သက်ပြင်းချလိုက်သည်။
"ငါက သန်မာလွန်းတယ်....မင်းနဲ့ ဧကရာဇ် ဘာတော်လ ငါ့ကိုပြောပါ၊ မင်းသေချာရှင်းပြရင် မင်းရဲ့အသက်ကို ချမ်းသာပေးပြီး နန်းတော်မှာရှိတဲ့လူတိုင်းကို မနှောင့်ယှက်ဘူး။ ရှင်းရှင်းလင်းလင်း မရှင်းပြရင်၊ တကျန်းမင်းဆက်ကို တညတည်းနဲ့အမြစ်ဖြတ်ပစ်မယ်......"
ခန်းမထဲတွင် တစ်ဖက်လူ၏ ငိုသံက ပဲ့တင်ထပ်သွားသည်။ ကျန်းချန်ရှန်း မျက်လုံးတွေကို မှိတ်ထားလိုက်မိသည်။
ထိအမျိုးသမီးသည် ဆံသားများရှုပ်ပွနေပြီး တကိုယ်လုံး ညစ်ပတ်ပေရေနေသဖြင့် မူလရုပ်ရည်ကိုပင်မှန်းဆမရပေ။
“ဟားဟား… နင်က ငါ့ကိုခြိမ်းခြောက်ဖို့အသုံးချခဲ့တာ.... ခြိမ်းခြောက်ဖို့ အသုံးချခဲ့တာ…”
ထိုအမျိုးသမီး၏ အသံသည် တဖြည်းဖြည်း ပျက်ယွင်းလာပြီး ဒေါသူပုန်ထသည့် ခံစားချက်ကို ခံစားလာရသည်။
ကျန်းချန်ရှန်း မျက်နှာဖုံးအောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ သူမ ရူးနေပြီလား?
သူမကို အအေးနန်းဆောင်သို့ နှင်ထုတ်ထားသည်မှာ အံ့သြစရာမဟုတ်ပေ။
ဤသည်မှာ မှန်းဆရုံမျှသာဖြစ်ပြီး သူမကို အလွယ်တကူ မယုံခဲ့ပေ။ အကယ်၍ သူမသည် သေခြင်းကိုမကြောက်ဘဲ ဧကရာဇ်ကိုပင်ဂရုမစိုက်ပါက အအေးနန်းဆောင်၏ သေမင်းတံခါးဝ၌ အဘယ်ကြောင့် ရုန်းကန်နေရသနည်း......
သူရုတ်တရက် ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်မှာ တစ်ဖက်လူရှေ့မှာ ပေါ်လာခဲ့သည်။ သူသည် တစ်ဖက်လူ၏နဖူးပေါ်တွင် လက်ဖဝါးကို ဖိထားပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် လှုပ်မရအောင်ဖိနှိပ်ထားလိုက်သည်။
“ဒီခွန်အား…”
တဖက်လူ မျက်လုံးပြူးသွားသည်။ ရှုပ်ပွနေသော သူမ၏ဆံပင်များကြားမှ သွေးကြောများဖြင့် ပြည့်နေသော မျက်လုံးတစ်စုံကိုမြင်လိုက်ရချိန်တွင် အလွန်ထိတ်လန့်သွားလေသည်။
ကျန်းချန်ရှန်းက သူ့ကို ငုံ့ကြည့်ပြီး.....
“လွန်ခဲ့တဲ့ 21 နှစ်တုန်းက ဧကရီက ကလေးမွေးပြီး လီကုန်းကုန်းက ကလေးချင်းလဲခဲ့တယ်.... ဒီအကြောင်း မင်းသိလား"
တစ်ဖက်လူ၏ မျက်ဆံများ လှုပ်ခတ်သွားသည်။
သူမက အံတင်းတင်းကြိတ်ကာ....
"သိပါတယ်!"
"ဧကရာဇ်က ဘာလို့ဒီလိုလုပ်တာလဲ ယန်မိသားစုကို ဖိနှိပ်ဖို့လား....."
“မသိဘူး…ဒါပေမယ့် သေချာပေါက်တော့ မဟုတ်ဘူး…”
ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်ပြီး.
“မင်းသားအတုရဲ့ အစစ်အမှန်အထောက်အထားက ဘာလဲ”
တဖက်လူက ပြန်မဖြေဘဲ နှုတ်ဆိတ်နေသည်။
"အတင့်ရဲလှချည်လား.... မင်းငါ့နန်းတော်ထဲကို ဘယ်လိုဝင်ရဲတာလဲ..... မင်းကို ဒီမှာ ထာဝရနေခိုင်းမယ်!"
ခန်းမအပြင်ဘက်မှ ကျယ်လောင်သောအော်သံတစ်ခု ထွက်ပေါ်လာသော်လည်း ကျန်းချန်ရှန်းက လျစ်လျူရှုထားဆဲပင်....
ကျန်းယွမ် ရောက်ရှိလာတာကို သူ သတိထားမိပြီး သူ့မှာ မေးစရာတစ်ခုရှိနေသည်။