ဘယ်လိုနည်းစနစ်မျိုးလဲ.....
Vol. 3 Ch. 41
ကျန်းချန်ရှန်းထံမှ ပညာသင်ကြားပြီးနောက် ကျင်းဇီယုသည် စစ်ထဲဝင်ရန် စိတ်ကူးကို စွန့်လွှတ်နိုင်ခဲ့သည်။ ထို့နောက် ပို၍ပင် လုံ့လစိုက်ထုတ်ပြီး သိုင်းပညာလေ့ကျင့်ခဲ့သည်။
ထိုလတွင် ဧကရာဇ်က တရားရေးဝန်ကြီး ယန်ချယ်၏မြေးကို ဝေ့ဝမ်နှင့် လက်ထပ်ရန် အမိန့်ပေးခဲ့သည်။ ထိုသတင်းက တစ်မြို့လုံး ပျံ့နှံ့သွားပြီး လူများ ဝိုင်းအုံလာကြသည်။ နှစ်များတစ်လျှောက်တွင် ဧကရာဇ်၏ တည်ရှိမှုက အလွန်အားနည်းခဲ့ပြီး အိမ်ရှေ့မင်းသားကသာ တရားရုံးကို တာဝန်ခံသည်ဟု ဆိုနိုင်သည်။ အံ့ဩစရာမှာ၊ ဧကရာဇ်က ဝေ့ဝမ်အတွက် လက်ထပ်ထိမ်းမြားရန် အမှန်တကယ် စီစဉ်ပေးခဲ့သဖြင့် အားလုံးကိုအတွေးပွားစေခဲ့သည်။
“အိမ်ရှေ့မင်းသားက ပိုပိုပြီး ရိုင်းစိုင်းကြမ်းတမ်းလာတယ်...ဘုရင်မင်းမြတ် သက်တော်ထင်ရှားရှိနေပါလျက်နဲ့ ဂရမ်းမာစတာတွေကိုသူကိုယ်တိုင်သွားဖိတ်နေတယ်....ဒါနဲ့များ သူ့ကိုယ်သူ ဧကရာဇ် အဖြစ်ကြေငြာလိုက်ပါတော့လား....."
ချန်းလီက ဒေါသတကြီးငြူစူနေ၏။
"အရင်အိမ်ရှေ့မင်းသားက အကောင်းဆုံးဖြစ်နေတုန်းပဲ....သူက သိုင်းပညာမတတ်တာကလွဲရင် အုပ်ချူပ်ရေးပိုင်းမှာ ထူးချွန်တယ်...."
ကြမ်းပြင်ကို သုတ်နေတဲ့ ဝမ်ချန်းက ဒါကိုကြားတော့ သူ့နှလုံးသားက နာကျင်သွားပေမယ့် မကျေနပ်ထားမျိုးတော့မဖြစ်ခဲ့ပေ။ လက်ရှိအချိန်တွင် သူသည် ဘုရားရိပ်တရားရိပ်တွင်ခိုလှုံနေပြီဖြစ်သောကြောင့် အရင်ဘဝကိုလွမ်းဆွေးနေခြင်းမျိုးမရှိတော့ပေ။
လက်ရှိတွင် ကျန်းဇီယုက နန်းတော်တွင် ပညာသင်ကြားနေသောကြောင့် ချန်းလီ သည် ကျန်းယွီကို ပို၍ မျက်နှာပြောင်တိုက်ကာ လှောင်ပြောင်ခဲ့သည်။
ကျန်းချန်ရှန်းသည် မြေဝိညာဉ်သစ်ပင်အောက်တွင် တရားထိုင်ပြီး မျက်လုံးကိုမဖွင့်ဘဲ .....
. "ခင်ဗျား ကျန်းယွီကို မကျေနပ်ရင် ဇီယုအတွက်ပိုကြိုးစားပေးလိုက်ပါ..... သူ့လက်ထပ်ပွဲ နောက်ကွယ်က အကြောင်းအရင်းကို အဖြေရှာနိုင်မှဖြစ်မယ်....."
ချန်းလီက မျက်မှောင်ကြုတ်လိုက်ပြီး.....
" ဘုရင်မင်းမြတ်က ဝေ့ဝမ်အတွက် အင်အားစုပေးချင်နေတာလား.....အိမ်ရှေ့စံပြန်လာရင် မကျေမနပ်ဖြစ်နေမှာမြင်ယောင်နေပြီ....."
သူတို့နှစ်ယောက်မှလွဲ၍ ခြံဝင်းထဲတွင် ဝမ်ချန်တစ်ယောက်သာ ကျန်တော့သည်။ ရှုထျန်းကျိ နှင့် ပင်းအန်တို့က အခြားတပည့်များနှင့် သိုင်းပညာကို လေ့ကျင့်နေကြသည်။ ချန်းလီ က ဝမ်ချန်း နဲ့ ရင်းနှီးပြီးသားဖြစ်သည်။ဝမ်ချန်း ၏ နောက်ခံကို မသိသော်လည်း ဝမ်ချန်း သည် ရုပ်ဆိုးလွန်းပြီး အထီးကျန်စွာ နေထိုင်သောကြောင့် ကောလာဟလများ ပျံ့နှံ့နေမည်ကို စိုးရိမ်နေစရာ မလိုပေ။
ကျန်းချန်ရှန်း က မျက်လုံးဖွင့်လိုက်ပြီး....
“ဝေ့ဝမ်ကို ကျွန်တော်ထောက်ခံတယ်”
တာအိုကျင့်စဉ်၏ ဆဋ္ဌမအဆင့်သို့ ဖြတ်ကျော်ပြီးနောက် ဟန်ဆောင်မှုများကို ရပ်တန့်လိုက်လေပြီ......
ဧကရီနှင့် ယန်မိသားစုတို့ကို ချည်နှောင်ထားပြီးဖြစ်သည်။ နောက်တစ်ခုမှာ ချန်မိသားစုဖြစ်သည်။
ကျန်းချန်ရှန်းက သိုင်းပညာထူးချွန်သော်လာ်း ကျန်းဇီယုကို အောင်မြင်စွာနန်းတက်စေချင်ပါက သူ့အတွက် နောက်ခံအင်အားစုဆောင်းပေးထားရမည်။ ကျန်းချန်ရှန်း က သူ့ကို တစ်သက်လုံး စောင့်မနေစေချင်ပေ။
ထို့အပြင် သူ မည်မျှပင် အားကောင်းနေပါစေ ကမ္ဘာကြီးက ကြီးမားလှသည်။အာဏာကို ခိုင်မာအောင်လုပ်ဖို့ သူ့ကိုယ်သူ ဘယ်လိုအားကိုးနိုင်မလဲ။
ချန်လီ၏ နှလုံးခုန်သံ မြန်လာသည်။ ကျန်းချန်ရှန်း၏ စိတ်နေသဘောထား အပြောင်းအလဲကို ယခင်က သူခံစားခဲ့ရသော်လည်း ယခုတစ်ကြိမ်တွင် ဤမျှ စေ့စေ့စပ်စပ်ဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဝမ်ချန်းကတော့ မည်သည့် အတွေးမျှ မရှိတော့ပေ။ ကျန်းဇီယုထံတွင် ဘုရင်တပါးဖြစ်နိုင်သည့် အရည်အချင်းများရှိကြောင်းကိုလည်း သူလည်းခံစားမိသည်။
ချန်းလီက ခဏလောက် တုံ့ဆိုင်းနေပြီး.....
“အခု တကျန်းက ပြိုကျလုနီးဖြစ်နေပြီ...အာဏာသိမ်းလို့ဖြစ်ပါ့မလား....."
ကျန်းချန်ရှန်းက.... "ဒါဆို လက်ရှိ အိမ်ရှေ့မင်းသားရဲ့ ဦးဆောင်မှုအောက်မှာ ရှိနေတဲ့ တကျန်းအတွက် တကယ်မျှော်လင့်ချက်ရှိတယ်လို့ထင်နေသေးတာလား..."
ချန်းလီ၏ အမူအရာ ပြောင်းသွားသည်။ သူသည် အိမ်ရှေ့မင်းသားကို အမှန်တကယ် မကျေနပ်သော်လည်း ဤကိစ္စက အလွန်အရေးကြီးနေသည်။
"အခုအချိန်မှာ ဇီယုက ကြီးထွားနေတုန်းပဲရှိသေးတယ်... ချန်းမိသားစုက ကျူပ်တို့နဲ့ပူးပေါင်းရင် ချန်းမိသားစုရဲ့ ဆက်ဆံမှုဟာ နောင်အနာဂတ် ဇီယု နန်းတက်ချိန်မှာ အခုထက် ဘယ်လိုမှ ယုတ်လျော့သွားစရာမရှိဘူး..... ချန်းလီ....အချိန်သိပ်မကျန်တော့ဘူး..... ချန်းမိသားစုက အရင်တုန်းကလည်း လူရွေးတာ အရမ်းနောက်ကျသွားတယ်မဟုတ်လား...." ကျန်းချန်ရှန်းက သူ့မျက်လုံးတွေကို စိုက်ကြည့်ပြီး အဓိပ္ပါယ်ရှိစွာ ပြောလိုက်သည်။
သူ့ကို အနှစ် 30 နီးပါး သိကျွမ်းပြီးနောက် ကျန်းချန်ရှန်း၏ မျက်လုံးများတွင် ဤကဲ့သို့ ရည်မှန်းချက်ကြီးမားမှုမျိုးကို ချန်းလီ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
ကျန်းချန်ရှန်း၏ စိတ်ရင်းကို ချန်းလီက သံသယဝင်နေဟန်ဖြင့်....
"ချန်ရှန်း....ဝေ့ဝမ်က မင်းရဲ့တပည့်မို့လို့ အဲ့လောက်ထိ ကြိုးစားပေးနေတာလား....."
ကျန်းချန်ရှန်းက....
"ကျွန်တော်က အင်မော်တယ်တာအိုကိုလိုက်ရှာနေသူမို့ ကံကြမ္မာကို နားလည်ပါတယ်..... ကံကြမ္မာက အိမ်ရှေ့မင်းသားဆီမှာ မဟုတ်ဘဲ ဇီယုဆီမှာပါ.....”
ချန်းလီက မေးခွန်းထုတ်ချင်သော်လည်း ကျန်းချန်ရှန်းသည် မိုးကြိုးအတိဒုက္ခကို နှစ်ကြိမ်ကျော်ဖြတ်ခဲ့ပြီး ယခု အသက် 40 ကျော်နေပြီဖြစ်သော်လည်း အသက် 18 နှစ်အရွယ် လူငယ်တစ်ယောက်လိုပင် ဖြစ်နေသေးသည်ကိုကြည့်ခြင်းဖြင့် သာမာန်လူတစ်ယောက်မဟုတ်တာတော့ အမှန်ပင်။
"ကံကြမ္မာဆိုတာတကယ်ရှိလား" ချန်းလီက မေးလိုက်သည်။
ကျန်းချန်ရှန်းက ...."လူသားတိုင်းမှာ ကံကြမ္မာဆိုတာရှိတယ်..... အိမ်ရှေ့မင်းသားမှာ ဘာရည်မှန်းချက်မှ မရှိဘူး၊ ဇီယုမှာ ဘုရင်မင်းမြတ်နဲ့ ယှဉ်နိုင်တဲ့ ရည်မှန်းချက်တွေရှိတယ်။ သူ့အနာဂတ်က ပစ္စုပ္ပန်ထက် သာလွန်မယ်လို့ ကျွန်တော် တွက်ဆထားတယ်.... ဇီယု နန်းတက်ပြီးရင် စစ်မှန်တဲ့ ချမ်းသာမှုကို မြှင့်တင်ပေးနိုင်လိမ့်မယ်.... ဒါကလည်း သူ့ကို ငါ့တပည့်အဖြစ် ခေါ်ထားဖို့ ဆန္ဒရှိနေရခြင်းရဲ့ အကြောင်းရင်းပါပဲ....”
ချန်းလီက တိတ်ဆိတ်နေ၏။
ဝမ်ချန်း သည် ကျန်းဇီယုမည်မျှ ထူးချွန်သည်ကိုတွေးလိုက်ပြီး ကျန်းချန်ရှန်းကို ပို၍ပင် ရိုသေလေးစားလာသည်။
ဝေ့ဝမ်ကလည်း တကယ်ကို အထင်ကြီးလောက်စရာပင်......
ငါးမိနစ်လောက်ကြာတော့ ချန်းလီက အသက်ပြင်းပြင်းရှူပြီး တင်းမာစွာနှင့်.....
"ချန်ရှန်း၊ ချန်းမိသားစုကို ဝမ့်ဝမ်နဲ့ ချိတ်ဆက်ထားလိုက်တော့မယ်.... ငါတို့ရှုံးရင် မင်း ချန်းမိသားစုကို ကာကွယ်ရမယ်....."
ကျန်းချန်ရှန်းက ပြုံးပြီး....
"အစ်ကိုချန်း၊ နောင်တချိန်မှာ မင်းရဲ့စကားတွေက အရမ်းရယ်စရာကောင်းတယ်လို့ မင်းထင်လာလိမ့်မယ်။ ချန်းမိသားစုအတွက် ကြွယ်ဝချမ်းသာမှုတွေ မကြာခင် ရောက်လာတော့မယ်.......”
ချန်းမိသားစု၏ အကြီးအကဲမှာ အခွန်ဝန်ကြီးဖြစ်ပြီး သူ့တွင် လက်အောက်ငယ်သားများစွာရှိသည်။ ၎င်းတို့၏ထောက်ခံမှုဖြင့် ကျင်းဇီယုသည် ဝှက်ဖဲများပိုမိုရရှိလာမည်ဖြစ်သည်။
ချန်းလီက သူ့စိတ်ကို ရှင်းပြီးတဲ့အခါ စိတ်သက်သာရာရပြီး စိတ်လှုပ်ရှားသွားသည်။ သူသည် ကျန်းချန်ရှန်းနှင့်ဝေ့ဝမ်အတွက် လမ်းခင်းပေးဖို့ကို စတင်ဆွေးနွေးခဲ့သည်။
ဝန်ကြီးဌာနခြောက်ခုတွင် နှစ်ခုက ဝေ့ဝမ်ကို ထောက်ခံသည်။ ယခုအခါ ၎င်းတို့သည် စာပေအဖွဲ့ခွဲ၏ ပံ့ပိုးကူညီမှုရရှိထားပြီး သိုင်းပညာတတ်ကျွမ်းသူများမရှိသဖြင့် ဂိုဏ်းများ အားလုံးမှာ စက္ကူကျားများသာ ဖြစ်သည်။
ကျင်းမင်းဆက်တည်ထောင်ပြီး 41 နှစ်တွင်.....
အိမ်ရှေ့မင်းသားကျင်းယွီသည် စစ်သည်အင်အား 300,000 ဖြင့် ရှန်းဇူပြည်နယ်သို့ ဦးဆောင်ချီတက်ခဲ့သည်။ လအနည်းငယ်ကြာတွင် အောင်ပွဲခံနိူင်ခဲ့သည်။ အဆုံးတွင်၊ ရှေးဟောင်းဟန်မင်းဆက်မှတပ်သား ၅၀၀,၀၀၀ နီးပါးက သူ့ကို ဝိုင်းထားခဲ့သည်။ နှစ်ပေါင်း 50 အတွင်း တွေ့ရခဲသော ကြေကွဲဖွယ် တိုက်ပွဲတစ်ခု ပေါ်ပေါက်လာပြီး သွေးလွင်ပြင်တိုက်ပွဲဟု လူသိများခဲ့သည်။
မင်းဆက်နှစ်ဆက်ဟာ စစ်သားတစ်သန်းနီးပါး တယောက်ပြီးတယောက် ရင်းနှီးမြုပ်နှံခဲ့တယ်။ ရက်အနည်းငယ်ကြာ တိုက်ပွဲအပြီးတွင် လူပေါင်း ၅၀၀,၀၀၀ ကျော် သေဆုံးခဲ့သည်။ နှစ်ဖက်စလုံး ဒဏ်ရာ ပြင်းထန်သည်ဟု ဆိုနိုင်သည်။
ချင်ဝမ်သည် သံမဏိတပ်သား 50,000ဖြင့် အိမ်ရှေ့မင်းသားကို ကယ်ထုတ်ပြီးနောက် တိုက်ပွဲပြီးဆုံးသွားခဲ့သည်။
ဤတိုက်ပွဲသည် အနီးနားရှိ မင်းဆက်များကို ငြိမ်သက်စေခဲ့သည်။တကျန်းနှင့် ရှေးဟောင်းဟန်မင်းဆက်တို့သည် ဆယ်နှစ်ကျော်ကြာ တိုက်ပွဲဝင်ခဲ့ကြသည်။ ဒီတိုက်ပွဲအပြီးမှာတော့ သူတို့ရဲ့ အင်အားများအထိုက်အလျောက်ဆုတ်ယုတ်နေခဲ့ပြီဖြစ်သည်။
တကျန်းတွင်.....
စီရင်စု 13 ခုကလည်း မငြိမ်မသက်ဖြစ်နေသည်။ ယခင်မင်းဆက်များ၏ အကြွင်းအကျန်များ ပြန်လည်လှုပ်ရှားလာခဲ့ပြီး ကောလဟာလမျိုးစုံကလည်း ကမ္ဘာအနှံ့ပျံ့နှံ့သွားခဲ့သည်။
ဒီနှစ်မှာတော့ ကျန်းဇီယုနှင့် ပင်းအန်းတို့အသက်ဆယ့်နှစ်နှစ်အရွယ်ရောက်ခဲ့ပြီ.....
လုံချီ ဘုရားကျောင်းတွင်.......
တရားရေးဝန်ကြီးယန်ချယ်၊ အခွန်ဝန်ကြီးချန်းယုနှင့် ချန်းလီတို့က တရားရုံးတော်နှင့်ပတ်သတ်သော အရေးကြီးကိစ္စများကို ဆွေးနွေးနေကြသည်။ ဇီယုနှင့်ပင်းအန်းတို့လည်း ထိုနေရာတွင် ရှိနေကြပြီး ရှုထျန်းကျိက ဟွမ်းချွမ်ကို သံသယမဖြစ်စေရန် ခေါ်ဆောင်လာခဲ့သည်။
“ကျုပ်တို့ ယန်မိသားစုက ချွမ် ပြည်နယ်၊ယံီ ပြည်နယ်နဲ့ ဖန်းပြည်နယ်မှာ ကိုယ်ပိုင်စစ်သားတွေကို စုဆောင်းထားပြီးသားပါ... အခု မြောက်ပိုင်းမှာ ပရမ်းပတာဖြစ်နေတာကြောင့် အင်ပါယာတရားရုံးတော်က တောင်ပိုင်းကို အာရုံမစိုက်နိူင်ဘူးဖြစ်နေတယ်..... ကျုပ်တို့ကလွဲရင် အခြားသော မင်းမျိုးမင်းနွယ် မိသားစုတွေကလည်း လျှို့ဝှက်တပ်သားတွေစုဆောင်းနေကြပြီ..... ပရမ်းပတာဖြစ်လာမှာပဲကြောက်ရတယ်..."
ယန်ချယ် သက်ပြင်းချလိုက်သည်။
ချန်းယုကလည်း ဒါတွေကို ကြိုတင်မျှော်လင့်ထား သက်ပြင်းချလိုက်ပြီး.....
"ဖရိုဖရဲဖြစ်မှုတွေက ရှောင်လွှဲလို့ မရဘူး။ ချူမင်းဆက်ရဲ့ အကြွင်းအကျန်တွေ လှုပ်ရှားလာပြီး သိုင်းလောကသားတွေကိုစုဆောင်းနေကြတယ်လို့ ကြားသိရတယ်...သိုင်းလောကထဲက ဂန္တဝင်ဆရာကြီးတွေလည်း ထွက်သွားတော့မယ်လို့ ကြားတယ်....”
ထိုအခါ ကျင်းဇီယုက လှောင်ပြောင်လိုက်သည်..... "ကျွန်တော်ကြီးပြင်းလာတဲ့အခါ စကြဝဠာကြီးကို ဖြိုခွင်းပြီး လူရိုင်းတွေကို မောင်းထုတ်ပစ်မှာ....!"
ကျင်းဇီယုက အသက် ဆယ့်နှစ်နှစ်နှင့်မလိုက်အောင် စိတ်ဓာတ် ပြင်းထန်သူဖြစ်သည်။ သမိုင်းတွင် ငယ်ရွယ်သော ဧကရာဇ်ပေါင်းများစွာရှိခဲ့ဖူးသောကြောင့် သူသည် အလွန် ရည်မှန်းချက်ကြီးပြီး တောင်ပေါ်မှ ချက်ချင်း ထွက်ခွာနိုင်စေရန် ဆန္ဒရှိခဲ့သည်။
မနီးမဝေးတွင်ထိုင်နေသော ပင်းအန်းက ကျင်းဇီယုထက်ပင် ပိုဆိုးနေသည်။ သူသည် အသက်ဆယ့်နှစ်နှစ်သာရှိသေးသော်လည်း သူ၏ရုပ်ရည်သည် အရွယ်ရောက်ပြီးသူနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ နတ်ဘုရားခန္ဓာကျင့်စဉ်ကိုကျင့်ကြံပြီး ကြီးမားသောအောင်မြင်မှုသို့ရောက်ရှိပြီးနောက်၊သူ၏ကိုယ်လုံးကိုယ်ထည်သည် တစ်နှစ်အတွင်း ကြီးမားသောအရှိန်ဖြင့် ကြီးထွားလာသည်။ သူသည် လူသားအသွင်ယူထားသော ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်နှင့်တူသည်။
ပင်းအန်းသည် ယခုအခါ ထိပ်တန်းပညာရှင်စစ်စစ်တစ်ဦးဖြစ်နေပြီဖြစ်သည်။ သူသည် အသက်ဆယ့်နှစ်နှစ်သာရှိသေးပြီး အနာဂတ်တွင် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ ရောက်ရှိလာမည်မှာ သေချာသည်။ ထို့အပြင်၊ သူသည် စစ်မြေပြင်တွင် တိုက်ခိုက်ရန် သင့်လျော်သော ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးဖြစ်လိမ့်မည်။
ချန်းလီက ကျန်းချန်ရှန်းကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ချန်ရှန်း.....ငါတို့ဘယ်တော့စမှာလဲ"
ကျန်းချန်ရှန်း နံ့သာတိုင်အရေအတွက်ကိုစစ်ဆေးကြည့်သည့်အခါ တစ်ထောင်ကျော်နေပြီဖြစ်သည်။ မဟာယာန နဂါးမျှော်စင်၏ အစွမ်းသတ္တိကို တွက်ဆရလျှင် ချီတုံချတုံ ဖြစ်နေသော်လည်း နံ့သာတိုင်အရေအတွက် ၁၀၀၀ ကုန်ကျနိုင်သည်။ နံ့သာတိုင်အရေအတွက် ၂၀၀၀ ကျော်ကို စားသုံးပြီးနောက် အတိဒုက္ခ၏ တစ်ဝက်ကျော်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ ဆိုလိုသည်မှာ မဟာယာနနဂါးမျှော်စင်သည် သူ့အတွက် မိုးကြိုးအတိဒုက္ခထက် အန္တရာယ်နည်းပါးသည်ဟု ဆိုလိုသည်။
သူ စတင်ပြီး ကောက်ချက်ချနေသည်။
မဟာယာနနဂါးမျှော်စင်ကို အလွယ်တကူ အနိုင်ယူနိုင်မလား......
ကျန်းချန်ရှန်းက ....“အချိန်မကျသေးဘူး။ တပ်သားအရေအတွက်က အရမ်းနည်းတယ်။ အနည်းဆုံး သံမဏိတပ်သား 100,000 လိုအပ်တယ်....."
[တောင်းဆိုချက်အတွက် နံ့သာတိုင်အရေအတွက် 1,000 လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]
ဆက်လုပ်မယ်.....
“သံမဏိတပ်သား 100,000 လေ့ကျင့်ရတာ မလွယ်ဘူး။ မြင်းကောင်ရေ 100,000 အတွက် ရိက္ခာတွေ သယ်ယူဖို့ လှည်းတွေကို ပြင်ဆင်ရဉီးမယ်..... မြင်းကောင်ရေ 300,000 အနည်းဆုံး လိုအပ်ပြီး မြင်းတပ်မှာလည်း ရေရှည်လေ့ကျင့်မှုတွေ လိုအပ်နေသေးတယ်...."
ယန်ချယ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ကျန်းချန်ရှန်း ရှေ့မှာ စကားတစ်ခွန်းပေါ်လာတယ်။
[လုပ်ဆောင်နေပါသည်.....]
ဒီစကားလုံးက အလေးချိန်နဲ့ပြည့်နေပြီး ကျန်းချန်ရှန်း ပြုံးသွားသည် ။
“အချိန်လေးနှစ်ရှိသေးတယ်..ဇီယု အသက် 16 နှစ်မပြည့်ခင် လူတိုင်း ကောင်းကောင်း ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ပါတယ်.
.အဲ့အချိန်ကျရင် လျှို့ဝှက်နဂါးက တွင်းနက်ကြီးထဲက ထွက်ပေါ်လာပြီး စကြာဝဠာကြီးလည်း ပြောင်းလဲသွားလိမ့်မယ်.... အဲဒီမတိုင်ခင်မှာ ပင်းအန်းကို ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူအဖြစ် ပြုစုပျိုးထောင်ပေးပါ့မယ်....."
ယန်ချယ်၊ ချန်းယုနှင့် ချန်းလီတို့တွေ ပင်းအန်းဿိကြည့်ပြီး သူတို့၏ မျက်ခွံများ လှုပ်ယမ်းလာသည်။
ဒီကလေးက ဘယ်လိုလူစားမျိုးဖြစ်လာမလဲ....
အသက်ဆယ့်ခြောက်နှစ်အရွယ်နှင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သူ မဖြစ်နိုင်ဟု ထင်ရသော်လည်း ပင်းအန်း၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ဝိညာဉ်ဆေးလုံးသောက်သုံးခြင်းတို့ကြောင့်မဖြစ်နိုင်စရာမရှိပေ။
ချန်လီနှင့် ကျန်နှစ်ယောက် ထွက်ခွာမသွားမီ ၎င်းတို့လေးဦး အတန်ကြာ စကားပြောဖြစ်
ခဲ့ကြသည်။
ကျန်းချန်ရှန်းသည် ကျန်းဇီယုကို စကြဝဠာ၏ ကောင်းကင်ဘုံကျမ်းဂန်ကို လေ့ကျင့်နိုင်ရန် စတင်လမ်းညွှန်ခဲ့သည်။ကျန်းဇီယု၏ သိုင်းပညာ အားကောင်းလေလေ၊ သူသည် အနာဂတ်တွင် ပိုလုံခြုံလေလေဖြစ်သည်။
နွေဦးပေါက်ပြီး ဆောင်းဦးရောက်လာသည်။
နှစ်နှစ်ခန့်ကြာမြင့်သွားခဲ့ချိန်တွင်.....ကျင်းမင်းဆက်တည်ထောင်ပြီး ၄၃နှစ်တိုင်အောင်ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဂျင်မင်းဆက်သည် ရှေးဟောင်းဟန်မင်းဆက်နှင့် မဟာမိတ်ဖွဲ့ကာ ရှန်ကျိုးနှင့်မြောက်ပိုင်းဒေသများကို ကျူးကျော်တိုက်ခိုက်ခဲ့သည်။ထို့ကြောင့် အိမ်ရှေ့မင်းသားက ဆုတ်ခွာပြီး မြို့တော်ကို ပြန်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။
တကျန်းသည် ကြိုးအဆုံးတွင်ရှိနေပြီဟု ကမ္ဘာပေါ်ရှိလူတိုင်း သိနိုင်သည်။ နေရာတိုင်းတွင် အစီအစဥ်များ ပိုမိုရှုပ်ထွေးလာပြီး ဓားပြများ သောင်းကျန်းလာသည်။ သာမန်ပြည်သူတွေ ရှင်သန်ဖို့ ရုန်းကန်နေကြရသည်။
ထိုနှစ် သြဂုတ်လက အရင်နှစ်များထက်ပိုမိုပူပြင်းလှသည်။
လုံချီ ဘုရားကျောင်းကို စိန်ခေါ်ဖို့ နောက်ထပ် ဉာဏ်ရည်မမီတဲ့ ပညာရှင်တစ်ယောက် ရောက်လာခဲ့ပြန်သည်။
"ထျန်းရှန်တောင်ရဲ့ ဂျိချွဲ့က မင်းကို စိန်ခေါ်ဖို့ လာပြီ ငါသေရင် သူရဲကောင်းသင်္ချိုင်းမှာ မြှုပ်နှံပေးပါ....."
လုံချီ ဘုရားကျောင်းတစ်ခွင်တွင် ကျယ်လောင်သော ခေါင်းလောင်းသံကဲ့သို့ကြီးကြီးကျယ်ကျယ် ကြွေးကြော်သံက လူတိုင်းကို တုန်လှုပ်စေခဲ့သည်။
ရှုထျန်းကျိ လှုပ်လှုပ်ရှားရှားဖြစ်သွားသည် ။ သူက ကျန်းချန်ရှန်းကို လှည့်ကြည့်လိုက်ပြီး....
"ထျန်းရှန်းဂျိချွဲ့က ဂရမ်းမာစတာ ငါးယောက်ထဲက တစ်ယောက်ပဲ.... သူ သိုင်းလောကကနေ အနားယူခဲ့တာ နှစ်ပေါင်း 50 ရှိပြီ ....သူ့အသက်က အသက်တစ်ရာနီးပါးရှိနေပြီမို့ မင်းသတိထားရလိမ့်မယ်...."
ဂရမ်းမာစတာငါးယောက်ထဲက တစ်ယောက်တဲ့လား.......
ကျန်းချန်ရှန်း တရားထိုင်နေရာကနေ မျက်လုံးဖွင့်လိုက်သည်။ တကျန်း၏ သိုင်းလောကရှိ အသန်မာဆုံးဂရမ်းမာစတာ နောက်ဆုံးတွင် ရောက်လာပြီ...ထိုသူသည် မြင့်မြတ်သောနယ်ပယ်သို့ ခြေလှမ်းသင့်နေပြီဟု သဘောပေါက်ခဲ့ပြီး သူ၏စစ်မှန်သောချီ သည် ရှုထျန်းကျိထက် ပိုမိုအားကောင်းနေသည်ကို အာရုံခံမိနေသည်။
သူ မတ်တပ်ထရပ်ပြီး ....“သူရဲကောင်းသင်္ချိုင်းရဲ့ ဂုဏ်သတင်းက လုံးဝပျံ့နှံ့သွားပုံပါပဲ...မြေပုံအသစ် တူးဖော်ဖို့ပြင်ထားကြတော့...!"
အားလုံးက စိတ်လှုပ်ရှားစွာဖြင့် သူ့နောက်ကို လိုက်လာကြသည်။ ဂရင်းမာစတာငါးဦးစလုံးသည် ဒဏ္ဍာရီလာပုဂ္ဂိုလ်များဖြစ်ကြပြီး ၎င်းတို့ကို သိုင်းလောက၏ဒဏ္ဍာရီများအဖြစ် သတ်မှတ်နိုင်သည်။
ဒါဟာ ဆယ်စုနှစ်များစွာကြာအောင် အမှတ်ရစေမည့် တိုက်ပွဲတစ်ခုပင်.....
ကျန်းချန်ရှန်းက လူတိုင်းကို တောင်ရဲ့အဝင်ပေါက်ဆီ ခေါ်သွားခဲ့သည်။၎င်းတို့ထဲတွင် ဘုရားဖူးသူအချို့လည်း ပါဝင်နေသည်။
ဂျိချွဲ့သည် အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး လက်ကို နောက်ပစ်ကာခန့်ညားစွာမတ်တပ်ရပ်နေသည်။ သူ့ခန္ဓာကိုယ်က သန်မာပေမယ့် သူ့မျက်နှာကဇရာကြောင့် ပါးရည်နားရည်တွန့်နေပြီး ဆံပင်တွေ ဖြူနေသည်။ သူသည် အသက် ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်လောက်ရှိပုံရသည်၊ သို့သော် အမှန်တကယ်တော့ အသက်တစ်ရာနီးပါးရှိနေပြီဖြစ်သည်။ ကောင်းကင်ပြိုကျရင်တောင်မှ ခံနိုင်ရည်ရှိတဲ့ ဂရမ်းမာစတာ တစ်ယောက်ရဲ့ အရိပ်အယောင်ကို သာမန်မျက်စိနှင့်ပင် မြင်နိုင်ပါသည်။
ကျန်းချန်ရှန်းကိုမြင်တော့ ဂျိချွဲ့က သေချာအကဲခတ်လိုက်ပြီး....
" ဆရာတော်ချန်ရှန်း .... မင်းက ရုပ်ရည်ကို ထိန်းသိမ်းတဲ့နေရာမှာ ကျွမ်းကျင်နေပုံပဲ....."
ကျန်းချန်ရှန်းက ပြုံးပြီး..... " အဲ့လိုလဲမဟုတ်ပါဘူးဗျာ.... ဒီနေ့ သူရဲကောင်းသချိုင်းရဲ့ နာမည်ဂုဏ်သတင်းကို ခိုင်ခံ့အောင် လာပေးလို့ စီနီယာကို ကျေးဇူးတင်ပါတယ်"
ဂျိချွဲ့က..... "ငါ့ရဲ့သက်တမ်းက ကုန်ဆုံးတော့မယ်။ တောင်တန်းတွေထဲမှာ လူမသိသူမသိ သေဆုံးမယ့်အစား လက်ရှိ သိုင်းလောကရဲ့ ဒဏ္ဍာရီတွင်မယ့် ကျွမ်းကျင်သူကို စိန်ခေါ်လိုက်တာက ပိုကောင်းပါတယ်.... မင်းက အရမ်းသန်မာတယ်၊ မင်းရဲ့ခွန်အားကို ငါမမြင်နိုင်ဘူး...မင်းလို လူရဲ့လက်ထဲမှာ သေဆုံးမယ်ဆိုရင် ငါအေးအေးချမ်းချမ်းနဲ့ထွက်သွားနိုင်မှာပါ...."
ထိုသို့ပြောပြီး ဂျိချွဲ့ကညာလက်ဖဝါးကို မြှောက်ပြီး မြေပြင်ကို ပုတ်လိုက်သည်။ သူ၏ အစစ်အမှန်ချီဓာတ်များ ပေါက်ကွဲသွားပြီး အစိမ်းရောင် ဓားရိပ် ဆယ့်နှစ်စင်းက သူ့နောက်တွင် လွှမ်းခြုံသွားသည်။
သူ အသက်မရှုဘဲ ကျန်းချန်ရှန်းကို လှမ်းရိုက်လိုက်သည့်အခါ စိမ်းလန်းသော ဓားရိပ်ဆယ့်နှစ်ခုက လေထဲသို့ လွင့်ထွက်သွားသည်။ ဓားအလင်းတန်းများ လင်းလက်သွားသဖြင့် မြို့တော်ထဲကပင် မြင်နိုင်ကြသည်။
ကျန်းချန်ရှန်းက ချီလင်မြင်းမြီးသားယပ်ကို ဝှေ့ယမ်းပြီး ဓားရိပ်ဆယ့်နှစ်ခုကို ပျက်ပြယ်စေခဲ့သည်။
ဘယ်သူက သန်မာပြီး ဘယ်သူက အားနည်းတယ်ဆိုတာ သိသာအောင်ပြသလိုက်လေပြီ.....
'အဲဒီတုန်းက သူ နောက်ပြန်ဆုတ်သွားတယ်'
ရှုထျန်းကျိက တိုက်ပွဲကိုကြည့်နေရင်း တီးတိုးရေရွတ်လိုက်သည်။
သူသည် လုံချီ ဘုရားကျောင်းတွင် ကိုးနှစ်ကြာနေထိုင်ခဲ့ပြီး ကျင့်ကြံခြင်းကို မရပ်တန့်ခဲ့ပေ။ သူအရင်ကထက် ပိုသန်မာနေပေမယ့် ဂျိချွဲ့နဲ့ ယှဉ်ရင် သူက အများကြီး ညံ့နေပါသေးသည်။ သို့သော်လည်း ထိုကဲ့သို့ အားကောင်းသည့် ဂျိချွဲ့သည် ကျန်းချန်ရှန်း၏ ရှေ့တွင် မည်သည့် အင်အားမဲ့နေသူပမာပင်.....
ဂျိချွဲ့ တုန်လှုပ်သွားသည်။ သူ့ရဲ့ အဆုံးစွန်သောတိုက်ကွက်က ဒီလောက် အားနည်းလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။ သူ၏ ညာလက်ကို နောက်ကျောနောက်သို့ ချထားကာ ကျန်းချန်ရှန်းဆီသို့ အပြေးအလွှား သွားနေစဉ် သူ့မျက်လုံးများက အေးစက်သွားသည်။
ဝုန်းးးးးးးး
သူ့ရဲ့အစစ်အမှန်ချီဓာတ်များ ပေါက်ကွဲသွားပြီး ဂျိချွဲ့ဟာ မျက်လုံးတစ်မှိတ်အတွင်းမှာ ကျန်းချန်ရှန်းကို ထိုးဖောက်တော့မယ့် အစိမ်းရောင်ဓားအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်ရှန်းက လက်ကို မြှောက်လိုက်ပြီး ဘယ်လက်နဲ့ လက်ညိုးညွှန်လိုက်ရာ ဝိညာဉ်စွမ်းအင်တွေ ထွက်ပေါ်လာသည်။
ဖန်းးးးး
အစိမ်းရောင်ဓား ကွဲကြေသွားကာ ဂျိချွဲ့ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားပြီး သွေးတလဟော အန်ထွက်ကုန်သည်။ ထို့နောက် မျက်လုံးများ ပြူးကျယ်လာပြီး ခန္ဓာကိုယ် တုန်ယင်လာသည်။ သူက ကျန်းချန်ရှန်းကို စိုက်ကြည့်ရင်း....
"ဒါ... ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ... ..."
ကျန်းချန်ရှန်းက ..."ချန်းမိသားစုရဲ့ ချီလက်ချောင်းပညာရပ်....."
ဝုန်းးးး
ဂျိချွဲ့ မြေပြင်ပေါ်သို့ လဲကျသွားပြီး နာကျည်းစွာဖြင့် သေဆုံးသွားခဲ့သည်။ သူ့အောက်တွင် သွေးများအိုင်ထွန်းနေ၏။
သူမသေခင်မှာ သူ့ရဲ့နောက်ဆုံးအတွေးက.....
ချန်းမိသားစုမှာ ဒီလိုအစွမ်းထက်တဲ့သိုင်းပညာရှိနေတာ ဘာလို့ မသိခဲ့ရတာလဲ.....