← Chapters

တမလွန်စစ်သည်များ ဖြတ်သန်းလာခြင်း

Vol. 35 Ch. 512

တမလွန်စစ်သည်များ ဖြတ်သန်းလာခြင်း

Vol. 35 Ch. 512

ညတွင် ဆူဇီမိုသည် ရှေ့ဆက်တက်ရင်း မဟာချွမ်အပျက်အစီးနယ်မြေ၏ အလယ်ဗဟိုနားနှင့် နီးသထက်နီးလာ၏။

လမ်းတွင် သူသည် စိတ်ဝိညာဉ်ကျောက်တုံးအချို့နှင့် လက်နက်အချို့ကို တွေ့ခဲ့ရသော်လည်း အဲ့ဒါတွေက ဈေးထဲတွင် တွေ့ရလေ့ရှိပြီး အဖိုးမထိုက်တန်လှပေ။

မဟာချွမ်အပျက်အစီးနယ်မြေပေါ်လာခဲ့သည်မှာ နှစ်တစ်သောင်းရှိပြီဖြစ်ပြီး ဤနေရာသို့ မရေမတွက်နိုင်သော လူများက ဖြတ်သန်းသွားလာခဲ့ကြပြီးဖြစ်၏။

အပြင်ပိုင်းနယ်မြေ၏ ဘေးကင်းစိတ်ချရသော နေရာများမှာ အဖိုးတန်ပစ္စည်းများက အပြောင်ရှင်းခံခဲ့ရသည်မှာ အတော်ကြာခဲ့ပေပြီ။

အကျိုးအမြတ်များများလိုချင်လျှင် အပျက်အစီးနယ်မြေ၏ အနက်ပိုင်းထဲသို့ သွားရောက်ဖို့ လိုလေမည်။

မဟာချွမ်အပျက်အစီးနယ်မြေ၏ အပြင်ဘက်ပတ်လည်မှာကား စွမ်းအားသိပ်မရှိသော တစ္ဆေလေးများသာ နေထိုင်ကြလေသည်။

သူသည် အနက်ပိုင်းထဲသို့ စွန့်စားသွားလာသည်နှင့်အမျှ ဆိုးယုတ်သော မကောင်းဆိုးဝါးတစ္ဆေများနှင့် ကြုံတွေ့ရနိုင်လေသည်။

အပျက်အစီးနယ်မြေ၏ အလယ်ဗဟိုသို့ ထပ်သွားမည်ဆိုလျှင် သူသည် ရွှေအမြုတေများကိုပင် ခြိမ်းခြောက်နိုင်သော အန္တရာယ်များနှင့် တွေ့ကြုံရပေလိမ့်မည်။

ဆူဇီမိုသည် အပျက်အစီးနယ်မြေကို ပိုင်းဖြတ်ထားသော ဧရာမချောက်နက်ကြီးကို လေပေါ်ကနေ ငုံ့ကြည့်ပြီး ရင်ထဲမှာ တလျှပ်လျှပ် ခံစားလာရ၏။

ဆက်သွားပြီး သိပ်မကြာမီ သူသည် တဖြည်းဖြည်း ရပ်တန့်ပြီး လှမ်းမျှော်ကြည့်ကာ တုန်လှုပ်စွာနှင့် ရေရွတ်လိုက်၏။

“အရင်တုန်းက ဒါက နန်းတော်တစ်ခု ဖြစ်ခဲ့တာလား”

ရှေ့တွင် တိမ်တိုက်များထဲသို့ပင် ရောက်နေသော ငွားငွားစွင့်စွင့် မြင့်မားသည့် အနက်ရောင်နန်းမြို့ရိုးတန်းကြီးက ရှိနေ၏။ အဲ့ဒါက အိုမင်းဟောင်းနွမ်းနေပြီဖြစ်သော်လည်း အတိတ်ကာလက ဤနန်းတော်၏ ခမ်းနားထည်ဝါမှုကို ပြသပေးနေ၏။

အပျက်အစီးပုံတစ်ခုတည်းကပင် ဆူဇီမိုကို တုန်လှုပ်သွားစေဖို့ လုံလောက်၏။

ဤနန်းမြို့ရိုးရှေ့တွင် မည်သည့်ကျင့်ကြံသူမဆို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်သွားသည်ဟု ထင်ရပေလိမ့်မည်။

အဆူရာယန်ပေးချန်သာ ဆူဇီမိုကို ပြောပြမထားခဲ့ဘူးဆိုလျှင် ဤမျှ ကြီးမားသည့် မြို့တော်ကြီးက နတ်နဂါးတစ်ကောင်ကြောင့် ညတွင်းချင်း ဖျက်ဆီးခံခဲ့ရသည်ဆိုတာ စဉ်းစားကြည့်ဖို့ ခက်ခဲလေသည်။

ဒီလိုဧကရာဇ်တစ်ယောက်က ဘယ်လောက် သနားဖို့ ကောင်းလိုက်သလဲ..

ဆူဇီမိုသည် စိတ်ထဲကနေ ရေရွတ်၍ ဖြည်းဖြည်းချင်း ဝင်ရောက်လိုက်၏။

နန်းတော်ပရဝဏ်ထဲသို့ သူရောက်လိုက်သည့် အချိန်မှာပင် သူ့အမူအယာက ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်လိုက်၏။

ကြောက်လန့်စရာအအေးဓါတ်က သူ့ခန္ဓာကိုယ်ထဲသို့ ဖောက်ဝင်သွားသည် သူခံစားလိုက်ရ၏။

မကောင်းဆိုးဝါးများကိုပင် ဖယ်ထုတ်ပစ်နိုင်သော ဆူဇီမို၏ သန်မာအားကောင်းသော သွေးချီနှင့်ပင်.. သူက ချမ်းစိမ့်စိမ့် ဖြစ်လာသည်ဟု ခံစားရသည့်အချက်မှာ ဤနန်းတော်၏ အတော်လေး မရိုးရှင်းကြောင်း သက်သေပင်။

ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ဆိုးယုတ်စွမ်းအင်လဲ..

ဆူဇီမိုသည် တွေးတော၍ သူ့ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်၏။

ဤနန်းတော်မှာ အချိန်အတန်ကြာနေမည်ဆိုလျှင် ဆိုးယုတ်ချီများက ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာပေလိမ့်မည်။ အချိန်တစ်ခုကို ကျော်လွန်သွားသည်နှင့် အဲ့ဒါတွေက ခန္ဓာကိုယ်ထဲမှာ ကြီးမားသည့် ပြဿနာတစ်ခု ဖြစ်လာပေလိမ့်မည်။ အဲ့ဒါက သူတို့၏ ဘဝသက်တမ်းကိုပင် လျှော့ချပစ်နိုင်လေသည်။

ဆူဇီမို၏ အံ့မခန်း သွေးချီနှင့်ပင်လျှင် သူသည် ဤနန်းတော်ထဲမှာ သိပ်ကြာကြာ မနေရဲပေ။

“ဒီနန်းတော်ထဲမှာ လူတွေ အများကြီး သေခဲ့ရုံတင်မကဘူး.. သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကပါ အတော်လေး မြင့်မားပုံရတယ်.. မဟုတ်ရင် ဒီလောက်ကြောက်စရာကောင်းတဲ့ ဆိုးယုတ်ချီတွေက ဖြစ်တည်လာမှာ မဟုတ်ဘူး”

သူသည် ရှေ့သို့ တက်လှမ်းတော့မည့်ဆဲဆဲမှာပင် သူ့နားက ရုတ်တရက် လှုပ်သွား၏။

“ဟမ့်”

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး ခြေကို ဖွနင်း၍ ဘေးဘက်သို့ တိတ်တဆိတ် ရှောင်ကာ တောင်ပူစာလေးနောက်မှာ ပုန်းနေလိုက်၏။

ချပ်.. ချပ်.. ချပ်..

သိပ်မကြာမီ တစ်ပြိုင်နက်တည်း ချီတက်လာသော ခပ်ထိုင်းထိုင်းခြေသံများက ထွက်ပေါ်လာ၏။

ဆူဇီမိုလှမ်းချောင်းကြည့်လိုက်သောအခါ အနီးနားလမ်းငယ်လေးတစ်ခုမှ စစ်သည်တစ်ထောင်ကျော်ပါသော တပ်ရင်းတစ်ရင်းက ကင်းလှည့်ချီတက်လာသည်ကို တွေ့လိုက်ရ၏။

စစ်သည်များအားလုံးသည် လက်နက်များ ကိုင်ဆောင်ထားကြပြီး သံချေးတက်နေသော ရှေးဟောင်းချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြ၏။ လူတိုင်းက စစ်ခမောက်များကို ဆောင်းထားကြပြီး အမူအယာကင်းမဲ့နေကာ သူတို့ထံမှ အေးစက်စက်အော်ရာများက ထွက်ပေါ်နေ၏။

တမလွန်စစ်သည်များက ဖြတ်လာကြလေပြီ..

ဆူဇီမိုသည် ရင်ထိတ်သွား၏။

တာဝန်ထမ်းဆောင်နေရင်း အချိန်မတိုင်ခင် သေဆုံးခဲ့ကြသော စစ်သည်တော်များ၏ နောက်ဆုံးအခိုက်အတန့် အငြိုးအတေး၊ မကျေမချမ်းမှုနှင့် အစွဲများသည် ဆိုးယုတ်ချီများနှင့် ပေါင်းစပ်ပြီး တမလွန်စစ်သည်တော်များကို ဖြစ်ပေါ်လာစေ၏။

ဆိုးယုတ်ချီများက အလွန်အားကောင်းလာသောအခါ အဲ့ဒါသည် အတိတ်ကာလက တမလွန်ရောက်စစ်သည်များ၏ ပုံရိပ်များအဖြစ် အစစ်အမှန်ကဲ့သို့ စုဖွဲ့လာလေသည်။

တစ်ကယ်တော့ ဤစစ်သည်များအားလုံးက သေပြီးသွားကြလေပြီ။ သို့သော်လည်း သူတို့မသေဆုံးခင် စွဲထင်ကျန်ခဲ့သော အသိစိတ်တစ်စကြောင့် သူတို့ကို ပေးထားသော အမိန့်အတိုင်း သူတို့၏ တာဝန်များကို ဆက်လက်ထမ်းဆောင်နေကြ၏။

ဥပမာပြောရလျှင် ဤနေရာသို့ ရောက်ရှိလာသော စစ်သည်တစ်ထောင်ကျော်သည် သူတို့မသေခင်က နန်းတော်တစ်ဝိုက် ကင်းလှည့်တာဝန်ကို ထမ်းဆောင်ရသူများ ဖြစ်ကြလေသည်။

ရုတ်တရက်..

အစက တောင်ပူစာလေးကို ဖြတ်သန်းသွားသော တမလွန်တပ်ဖွဲ့သည် ရပ်တန့်လိုက်ကြပြီး သူတို့၏ ခေါင်းဆောင်စစ်သူကြီးက ဆူဇီမိုပုန်းနေရာဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။

တမလွန်ခေါင်းဆောင်စစ်သူကြီးသည် သိပ်ပြီး အားမနည်းလှဘဲ သူ့ထံမှ ထွက်ပေါ်လာသော အော်ရာသည် အနည်းဆုံး အစောပိုင်း-ရွှေအမြုတေတစ်ယောက်နှင့် ဆင်တူသလောက် ရှိလေသည်။

ဒါ့အပြင် သူသည် အရမ်းကို အာရုံခံထက်ရှလှ၏။

ဆူဇီမို၏ ချွေးပေါက်(ချွေးထွက်ရာအပေါက်)များမှ ခပ်ယဲ့ယဲ့ သွေးချီက ဖြာထွက်သွား၏။ ချက်ချင်းပင် ခေါင်းဆောင်စစ်သူကြီးက သတိထားမိသွား၏။

ရေခဲတမျှ အေးစက်နေသော ပတ်ဝန်းကျင်အရ.. သွေးချီမှ အပူဓါတ်အနည်းငယ်ကလေးက သတိထားမိခံရနိုင်လေသည်။

ဆူဇီမိုသည် အလွန်လျှင်မြန်စွာ တုံ့ပြန်၍ သူ့ချွေးပေါက်များကို ပိတ်ပြီး အသက်အောင့်ထားလိုက်၏။

တစ်ချိန်တည်းမှာပင် သူ့မျက်လုံးနှစ်ဖက်ကိုလည်း ပိတ်ချလိုက်၏။

ဤနည်းဖြင့် သူသည် တမလွန်စစ်သည်ခေါင်းဆောင်၏ အာရုံခံစားမှုမှ ဖြတ်တောက်ပစ်နိုင်ပေမည်။

ထိုတမလွန်စစ်သည်များက အသက်မရှိတော့သည့်အတွက် သူတို့မှာ အာရုံငါးပါးလည်း မရှိတော့ပေ။ သူတို့သည် ပတ်ဝန်းကျင်နေရာအပေါ် ရင်းနှီးကျွမ်းဝင်မှုနှင့် သူတို့၏ အသိစိတ်အကြွင်းအကျန်အပေါ်တွင်သာ မှီခိုနေကြခြင်း ဖြစ်လေသည်။

စစ်သည်ခေါင်းဆောင်သည် ဆူဇီမိုရှိရာဘက်သို့ အတန်ကြာ ကြည့်နေပြီး ထူးခြားတာ တစ်စုံတစ်ရာကို သတိမထားမိတော့မှ ပြန်လှည့်သွားပြီး စစ်သည်များကို ဦးဆောင်ကာ ဆက်လက် ကင်းလှည့်လိုက်ကြ၏။

တမလွန်စစ်သည်များ ထွက်ခွာသွားပြီးမှ ဆူဇီမိုသည် သက်ပြင်းချပြီး တောင်ပူစာနောက်မှ လျှစ်ကနဲ ပြေးထွက်လိုက်၏။

သူ၏ လက်ရှိခွန်အားအရ.. ထိုတမလွန်စစ်သည်များကို သူကြောက်မနေပေ။

သို့သော်လည်း သူသည် သူတို့နှင့် တိုက်ပွဲဖြစ်နေမည်ဆိုလျှင် နန်းတော်၏ အခြားနေရာများမှ တမလွန်စစ်သည်များကို ဆွဲဆောင်မိသွားနိုင်လေသည်။

ကင်းလှည့်နေသော တပ်ရင်းတစ်ရင်းကတောင် စစ်သည်တစ်ထောင်ကျော် ပါရှိ၏။

ထိုသို့သာဆိုလျှင်.. ဤနန်းတော်၏ စစ်တပ်ကြီးက သေချာပေါက် သန်းချီနေပေလိမ့်မည်။

အဲ့ဒါကို အရမ်းကိုများပြားသည့် အရေအတွက် ကိန်းဂဏန်းပင်။

ထိုတမလွန်စစ်သည်များက အတောမသတ် ပြေးဝင်ချလာမည်ဆိုလျှင် ဆူဇီမိုသည် အကြိတ်အနယ် တိုက်ခိုက်ရပေတော့မည်။

အဲ့ဒါက ရပ်တန့်လို့ မရသော တည်ရှိမှု အရေအတွက်ဖြစ်ပြီး သူသည် သေချာပေါက် အန္တရယ်တောထဲသို့ ကျရောက်သွားပေလိမ့်မည်။

သို့သော်လည်း အတွင်းအမြုတေကို စုဖွဲ့ပြီးနောက် ဆူဇီမို၏ အကြားအာရုံက အရမ်းကို ထက်ရှနေပြီး ကင်းလှည့်နေသော တမလွန်စစ်သည်များကို ရှောင်ကွင်းနိုင်လေသည်။

အခြားသူများအတွက်သာဆိုလျှင် ဤနေရာသည် နေရာတိုင်းမှာ အန္တရာယ်များအပြည့်နှင့် အလွန်ကို သွေးပျက်ချောက်ချားဖွယ်ရာ နေရာတစ်ခု ဖြစ်နေပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုအတွက်တော့ ဘာမှ ပြောပလောက်စရာ မရှိပေ။

တဖြည်းဖြည်းနှင့် သူသည် နန်းတော်၏ အနက်ပိုင်းထဲသို့ ဝင်ရောက်လာ၏။

ဤနန်းတော်တွင် များပြားလှစွာသော တမလွန်စစ်သည်များ ရှိနေသောကြောင့် သာမန်ရွှေအမြုတေများသည် အနက်ပိုင်းထဲသို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ဘဲ အတွင်းမှာ ပုန်းကွယ်နေသော ရတနာများ ရှိနေဖို့ အခွင့်များလေသည်။

သူသည် ရှေ့ဆက်တက်လာရင်း တစ်ခုခု လွဲမှားနေတာကို သတိထားမိလာ၏။

နန်းတော်တွင်းမှာ တစ်ခုခု ဖြစ်ပွားနေပုံရ၏။

အဲ့ဒီမှာ တမလွန်စစ်သည်များသည် မြောက်ဘက်သို့ အတောမသတ် သွားစုနေကြ၏။

ဒုန်း.. ဒုန်း.. ဒုန်း..

မိုးကြိုးသံကဲ့သို့ မြင်းခွာပေါက်သံများက ထွက်ပေါ်လာပြီး မြေကြီးက တုန်ခါလာ၏။ အဲ့ဒီမှာ ထောင်ချီသော မြင်းစီးစစ်သည်များက ဒေါသူပုန်ထနေသော သတ်ဖြတ်လိုစိတ်များနှင့်အတူ မြောက်ဘက်သို့ ဒုန်းစိုင်းချီတက်သွားကြကြောင်း ဆူဇီမို တွေ့လိုက်ရ၏။

အဲ့ဒီမှာ တမလွန်စစ်သည်တော်များကို နှိုးဆွပေးလိုက်သော အခြားကျူးကျော်သူများ ရှိနေလေပြီ။

ဆူဇီမိုသည် ချက်ချင်းပင် ကောက်ချက်ချလိုက်၏။

အဲ့ဒီဘက်မှာ သတ်ဖြတ်သံများ၊ အော်ဟစ်သံများနှင့် မြင်းခွာသံများက ရောထွေးနေ၏။

သတ်ဖြတ်တိုက်ခိုက်သံများက မိုးထိတိုင်ညံလာ၏။

သူတို့မှာ သာမန်ထက်လွန်ကဲ့သော နည်းလမ်းများ မရှိပါက ဒီလောက်များပြားလှသည့် တမလွန်စစ်သည်များ ဝိုင်းရံခံရမှုကနေ အသက်ရှင်နိုင်ဖို့ကတော့ ဆုတောင်းနေရုံသာ ရှိလေတော့သည်။

ဆူဇီမိုသည် သူနှင့်မသိသော အခြားသူများကို ကယ်တင်ဖို့အတွက် စွမ်းအင်အပို ရှိမနေပေ။ သူသည် ဦးတည်ဘက်ကိုပြောင်း၍ အခြားလမ်းသို့ ဦးတည်တော့မည့်ဆဲဆဲမှာပင် လန့်ဖျပ်သွားသော အမူအယာနှင့် အံ့အားတသင့် ရေရွတ်လိုက်၏။

“မကောင်းတော့ဘူးဟ”

သူ့နားရွက်နှစ်ဖက်က အနည်းငယ် လှုပ်သွားပြီး ထိတ်လန့်သွားကာ မြောက်ဘက်သို့ တုံ့ဆိုင်းခြင်းမရှိ ပြေးချသွားလေတော့သည်။

All Chapters