လွတ်မြောက်သွားခြင်း
Vol. 35 Ch. 514
“လျှပ်တပြက်မိုးကြိုး!”
ရုတ်တရက် အသံတစ်သံက ထွက်ပေါ်လာ၏။ တိုက်ပွဲမြေ၏ ဆူညံသံများကြောင့် ထိုအသံက သိပ်ပြီး မပီသပေ။
သို့သော်လည်း ထိုအသံထွက်ပေါ်လာပြီးနောက် တိုက်ပွဲမြေတွင် အလှည့်အပြောင်းက ဖြစ်ပေါ်လာ၏။
ဝုန်း..
စူးရှကျိန်းစပ်အောင် ဝင်းထိန်တောက်ပနေသော မိုးကြိုးများက တိမ်ညိုတိမ်မည်းများကို ဖြတ်၍ တမလွန်စစ်သည်များကြားထဲသို့ ပစ်ချလိုက်၏။
လျှပ်စစ်မြွေများက တဖျတ်ဖျတ်တလက်လက်နှင့် လျှောထိုးဆင်းသက်လာပြီး နေရာတစ်ခုလုံးက လျှပ်စီးပင်လယ်ကြီးတစ်ခု ဖြစ်သွား၏။
ဗျစ်.. ဗျစ်..
အနည်းဆုံး တမလွန်စစ်သားတစ်ထောင်လောက်သည် လျှပ်စီးပင်လယ်၏ ဝါးမျိုခြင်းခံရပြီး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွား၏။
တမလွန်စစ်သားများက အလွန်အန္တရာယ်များရခြင်းမှာ မြောက်များလှစွာသော သူတို့၏ အရေအတွက်ချည်းကြောင့် မဟုတ်ပေ။
အဲ့ဒါထက် သူတို့က ဆိုးယုတ်ချီများကနေ ဖြစ်တည်လာခြင်းဖြစ်၏။ ကျင့်ကြံသူများက သူတို့ကို သတ်ဖြတ်လိုက်လျှင်တောင် သူတို့က ဆိုးယုတ်ချီများအဖြစ် တစ်ဖန်ပြန်လည် ပြောင်းလဲသွားမည်ဖြစ်၏။
အချိန်အတိုင်းအတာတစ်ခု ကြာပြီးလျှင် ထိုဆိုးယုတ်ချီများကနေ တမလွန်စစ်သည်များအဖြစ် ပြန်လည်ဖွဲ့တည်သွားမည်ဖြစ်ပြီး သူတို့က အရေအတွက်က လျော့ကျမသွားဘဲ အတောမသတ်ဟု ပြောလို့ရလေသည်။
သို့သော်လည်း ဆိုးယုတ်ချီများက မိုးကြိုးကိုတော့ ကြောက်ရွံ့လေသည်။
စောစောက မိုးကြိုးသည် တမလွန်စစ်သားပေါင်း တစ်ထောင်ကျော်ကို ရိုက်ခတ်ပြီး ဖုန်မှုန့်များဖြစ်သွားစေကာ သူတို့၏ ဆိုးယုတ်ချီများကိုပါ လောင်ကျွမ်းပစ်လိုက်၏။ သူတို့က နောက်တစ်ဖန် ပြန်လည်ဖွဲ့တည်လာနိုင်တော့မည် မဟုတ်ပေ။
“ပညာရှင်တစ်ယောက်က ငါတို့ကို လာကယ်တာများလား”
အဖြူရောင်ဝတ်ဓါးကျင့်ကြံသူ၏ မျက်လုံးက ဝင်းလက်သွားပြီး တစ်ဖက်ကို လှည့်ကာ လောဆော်လိုက်၏။
“ရွှမ်ယီ.. ပညာရှင်တစ်ယောက်က ဒီကို ရောက်လာပြီ.. လျှိုဟွေ့ကို မင်းနဲ့အတူ ခေါ်လာခဲ့.. ငါတို့ နောက်တစ်ခေါက်လောက် ကြိုးစားပြီး ဖောက်ထွက်လိုက်ကြရအောင်”
“စောစောက အသံလား”
ရွှမ်ယီသည် ဇဝေဇဝါနှင့် မျက်မှောင်ကြုတ်လိုက်၏။
“အဲ့ဒါ ဇီမိုနဲ့ မတူဘူးလား” လျှိုဟွေ့က အားနည်းစွာနှင့် ထင်ကြေးပေးလိုက်၏။
သူမ၏ စကားမဆုံးသေးခင်မှာပင် တဖျပ်ဖျပ် အဝတ်စသံက ရောက်ရှိလာ၏။
အဲ့ဒါကို အရမ်းကို မြန်ဆန်ပြီး ချက်ချင်းနီးပါးပင် ရောက်ချလာလေသည်။
အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်သည် အနက်ရောင်ဆံပင်များ ယိမ်းနွဲ့၍ လေထဲမှာ ရပ်နေ၏။ သူ့မျက်လုံးများက နက်ရှိုင်း၍ ကြယ်များကဲ့သို့ လက်လက်ထနေပြီး ကြောက်စရာကောင်းသည့် အော်ရာတစ်မျိုးကို ထုတ်ပေးနေ၏။
“ဇီမို.. တစ်ကယ်ပဲ မင်းကိုး”
ရွှမ်ယီက အံ့အားတသင့် ရေရွတ်လိုက်၏။
ရောက်ရှိလာသောသူက နန်းတော်ထဲသို့ အတင်းဒုန်းစိုင်း ဝင်ချလာသော ဆူဇီမိုပင် ဖြစ်လေသည်။
ဝီး.. ဝီး.. ဝှီး..
မလှမ်းမကမ်းတွင် လေးသည်တော်များက မြေပြင်ပေါ်မှာ အတန်းလိုက် ဒူးထောက်ထိုင်၍ ဆိုးယုတ်ချီများနှင့်အတူ မြားရှည်များကို ပစ်လွှတ်လိုက်ကြ၏။ ကျိုင်းကောင်အုပ်များကဲ့သို့ သူတို့က တရိပ်ရိပ်နှင့် ချက်ချင်းလိုလို ရောက်ရှိလာကြ၏။
“သတိထား”
ရွှမ်ယီက အော်လိုက်၏။
ပစ်လွှတ်လိုက်သော ဆိုးယုတ်မြားများက အလွန်တရာ မြန်ဆန်၏။ သို့သော် ဆူဇီမိုက ပိုလို့တောင် မြန်သေးလေသည်။
သူသည် အောက်သို့ လျှင်မြန်စွာ ဆင်းသက်လိုက်၏။
ဆိုးယုတ်မြားများအားလုံးက လွဲချော်သွားလေသည်။
မြေပြင်က ဝုန်းကနဲ မြည်သွား၏။ ဆူဇီမိုသည် တောကောင်တစ်ကောင်ကဲ့သို့ ရွှမ်ယီနှင့် အခြားနှစ်ယောက်ရှေ့သို့ ဆင်းသက်လိုက်သောကြောင့် မြေပြင်က တုန်ခါသွား၏။
“ကျုပ်နောက်က လိုက်ခဲ့ကြ”
အခြေအနေက သေရေးရှင်ရေးဖြစ်ပြီး တမလွန်စစ်သားများက နောက်တစ်ဖန် ချီတက်လာကြပြန်၏။ ဆူဇီမိုသည် သွေးသောက်သူကို ဆွဲထုတ်လိုက်ပြီး ဘာစကားမှ ပြောမနေတော့ဘဲ ရှေ့ကနေ ဦးဆောင်ကာ လမ်းဖောက်လိုက်၏။
“ဇီမို.. သတိထား.. အဲ့ဒီတမလွန်စစ်သားတွေက ကိုင်တွယ်ရတာ မလွယ်ဘူး”
ရွှမ်ယီက အလောတကြီး သတိပေးလိုက်၏။
ဆူဇီမိုက အမြုတေတစ်ခု ဖွဲ့တည်ပြီးပြီဆိုတာ သူပြောနိုင်လေသည်။
သို့သော်လည်း တမလွန်စစ်သားများ၏ ခွန်အားက ပိုပို တိုးလာနေပြီး အဖြူရောင်ဝတ်ကျင့်ကြံသူ၏ ရွှေအမြုတေနယ်မြေကိုတောင် ဖျက်ဆီးနိုင်ခဲ့၏။ နောက်ပိုင်း-ရွှေအမြုတေအဆင့်မှာတောင် သူတို့သုံးယောက်သည် ကူကယ်ရာမဲ့သော အခြေအနေသို့ ရောက်ရှိလာခဲ့၏။
ဆူဇီမိုသည် အခုမှ အစောပိုင်း-ရွှေအမြုတေအဆင့်သို့ ကျင့်ကြံနိုင်ကာစဖြစ်၏။ သူ့မှာ အရမ်းကောင်းမွန်သည့် အလားအလာနှင့် သန်မာသော ဝှက်ဖဲများ ရှိပါသော်လည်း တမလွန်စစ်သားများ၏ ဝိုင်းရံပိတ်ဆို့ခြင်းခံရလျှင် ဒီနေရာမှာ နောင်တများနှင့် သေဆုံးသွားရနိုင်လေသည်။
ချွမ်း..
သွေးသောက်သူက တုန်ခါ၍ သွေးရောင်အလင်းက ထွက်ပေါ်လာ၏။
ဆူဇီမိုသည် သူ့မျိုးဆက်သွေးကို လှည့်ပတ်၍ ခုတ်ပိုင်းချလိုက်သောအခါ သွေးရောင်အလင်းက ပြန့်ကားထွက်သွားပြီး ၎င်းပေါ်တွင် လျှပ်စီးများက ကြောက်စရာကောင်းသည့်ပုံစံဖြင့် တဖျောက်ဖျောက် မြည်နေ၏။
ဘုန်း.. ဘုန်း.. ဝုန်း..
ရှေ့ကနေ ပြေးဝင်ချလာသော မြင်းစီးစစ်သည်များသည် ဆူဇီမို၏ လွှမ်းမိုးခြယ်လှယ်ခြင်းကို ခံလိုက်ရပြီး ချက်ချင်းပင် ပျက်ပြယ်သွားကြ၏။
သူတို့က လုံးဝ ကူကယ်ရာမဲ့ ဖြစ်ကုန်ကြလေသည်။
တမလွန်စစ်သားများသည် ဆူဇီမို၏ ဓါးသွားမှ ထက်ရှမှုကို မည်သို့မှ မခုခံနိုင်ကြပေ။
ဘယ်လောက်တောင် သန်မာလိုက်တဲ့ သွေးချီလဲ.. အထင်ကြီးလောက်ပါပေရဲ့..
အဖြူရောင်ဝတ်ဓါးကျင့်ကြံသူသည် တိတ်တဆိတ် အသိအမှတ် ပြုလိုက်၏။
“ကျေးဇူးပြုပြီး ကျုပ်နောက်က ကပ်လိုက်ခဲ့ကြ”
ဆူဇီမိုသည် သွေးသောက်သူကို လွှဲရမ်း၍ ရှေ့သို့ ဆက်တက်သွား၏။ သူ့အမြန်နှုန်းက လျော့ကျသွားခြင်း မရှိပေ။
သူသည် အလွန်တရာ ကြောက်စရာကောင်းသည့် ဆေဘာနည်းစနစ်တစ်ခုကို ပြသပေးနေ၏။
နေရာတိုင်းမှာ ပုံရိပ်ယောင်များက ပေါ်လာပြီး သွေးချီများက ပြန့်ထွက်သွား၏။
ဆေဘာနည်းစနစ်မှ သတ်ဖြတ်ဆန္ဒက သိပ်သည်းလာပြီး ခုတ်ချက်တစ်ချက်ချင်းစီက သေကွင်းသေကွက်ကိုသာ ချိန်ရွယ်လေသည်။ သွေးသောက်သူကလည်း စွမ်းလှတာကြောင့် သွေးအလင်းတန်းနှင့် ထိတွေ့သည့်နေရာတိုင်း လူဖြစ်စေ၊ မြင်းဖြစ်စေ.. ပြိုလဲကျကုန်ပြီး ဆူဇီမိုကို တစ်ခဏလေးတောင် မတားဆီးနိုင်ကြပေ။
ထိုဆေဘာနည်းစနစ်က အဆူရာယန်ပေးချန် သင်ပေးခဲ့သော အဆူရာဆေဘာပင် ဖြစ်လေသည်။
ဆန်းကြယ်တောင်ထွတ်တိုက်ပွဲပြီးနောက် ဆူဇီမိုသည် အဲ့ဒါကို တိတ်တဆိတ် လေ့ကျင့်ခဲ့သော်လည်း လေကိုသာ ခုတ်ပိုင်းရခြင်း ဖြစ်သောကြောင့် တိုက်ပွဲတွင်းမှ တစ်ကယ့်သတ်ဖြတ်ရခြင်း၏ စိတ်လှုပ်ရှားမှုကို မခံစားရပေ။
ထိုသို့ဖြင့် သူသည် အဆူရာဆေဘာ၏ အနှစ်သာရကိုလည်း နားမလည်နိုင်ခဲ့ပေ။
သို့သော် အခုအခါမှာတော့ ပတ်ဝန်းကျင်ရှိ တမလွန်စစ်သားများ၏ အကူအညီဖြင့် ဆူဇီမိုသည် သူ၏ နည်းစနစ်ကို လေ့ကျင့်ရင်းနှင့် ဝိုင်းရံပိတ်ဆို့ထားမှုကနေ ဖောက်ထွက်နေ၏။
တစ္ဆေညည်းသံများ၊ စီးဆင်းနေသော သွေးများ၊ ငရဲ၊ အရိုးဖြူများ၊ ပုံရိပ်ယောင်များ၊ အလောင်းများ....
တိုက်ခိုက်မှုတစ်ခုစီတိုင်းကို ပို၍ ရင်းနှီးလာသလို ခံစားလာရ၏။
ဆူဇီမိုသည် တိုက်ခိုက်မှု၏ အနှစ်သာရကို ဂရုတစိုက်စောင့်ကြည့်ရင်း ဆေဘာနည်းစနစ်ပြောင်းလဲလာပုံကို ခံစားမိလာ၏။
“တာအိုရောင်းရင်း အဲ့ဒီဘက် မဟုတ်ဘူး ထင်တယ်နော်”
ခဏကြာပြီးနောက် အဖြူရောင်ဝတ်ဓါးကျင့်ကြံသူသည် မျက်မှောင်ကြုတ်ပြီး လေးနက်စွာ ပြောလိုက်၏။
“ကျုပ်တို့က အခု နန်းတော်ရဲ့ အတွင်းပိုင်းထဲကို သွားနေကြတာ.. အပြင်ဘက်ပိုင်းနဲ့ ပိုပို ဝေးလာနေပြီ”
ဆူဇီမိုက ပြန်ဖြေပေးလိုက်၏။
“ဒီနေရာမှာ ရုတ်ရုတ်သဲသဲက ကြီးမားသွားတဲ့အတွက် စစ်သည်တွေ စုဝေးလာတာ အပြင်ဘက်မှာ အနည်းဆုံး သန်းချီနေပြီ.. သူတို့အကုန်လုံးကို သတ်ပြီး ဖောက်ထွက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”
တစ်ကယ်တော့ သူ၏ ခွန်အားအရ.. သူ့လမ်းတစ်လျှောက် သတ်ဖြတ်ခြင်းနှင့် ဖောက်ထွက်ဖို့က သိပ်ပြီး ပြဿနာမရှိပေ။
ဆူဇီမိုသည် ဒီနေရာထိ သတ်ဖြတ်ပြီး ဝင်လာနိုင်မှတော့ အဲ့ဒါကို တူညီစွာ ပြန်လုပ်နိုင်လေသည်။
သို့သော် ယခုအခါ သူတို့အုပ်စုတွင် လျှိုဟွေ့က ဒဏ်ရာပြင်းထန်စွာ ရရှိထားသောကြောင့် ကိစ္စက ခက်ခဲလာလေပြီ။
ဆူဇီမိုသည် တည်ငြိမ်စွာနှင့်ပင် သုံးသပ်ပြလိုက်၏။
“အဲ့ဒီတမလွန်စစ်သားတွေမှာ လွန်ခဲ့တဲ့ နှစ်တစ်သောင်းက မှတ်ဉာဏ်က ရှိနေဦးမယ်ဆို.. နန်းတော်တွင်းမှာ သူတို့ဝင်ခွင့်မရှိတဲ့ နေရာတွေ ရှိမှာပဲ”
“အဲ့ဒီနေရာကို ကျုပ်တို့ ရှာတွေ့တာနဲ့ ယာယီတော့ ကျုပ်တို့ ဘေးကင်းပြီ”
ရွှမ်ယီက ခေါင်းညိတ်၍ လျှိုဟွေ့ကို ပွေ့ဖက်ထားပြီး ဓါးဝင်္ကပါကို ထုတ်ဖော်ကာ ဝင်ရောက်လာသော တမလွန်စစ်သားများကို ခုခံပေးနေ၏။
“ဇီမို ပြောတဲ့အတိုင်း လုပ်ကြတာပေါ့”
ဒုန်း.. ဒုန်း.. ဒုန်း..
သိပ်မကြာမီ အလွန်ကျယ်လောင်သော မြင်းခွာသံများက ချောက်ချားဖွယ်ရာပုံစံနှင့် ထွက်ပေါ်လာ၏။ ချက်ချင်းပင် အပျက်အစီးများနှင့် ကျောက်ခဲများက လွင့်ကန်ထွက်ကုန်ကြ၏။
အသံသည် ရှေ့မှ၊ နောက်မှ ထွက်ပေါ်လာခြင်းပင်။
ရွှမ်ယီနှင့် အခြားသူများသည် သူတို့၏ မျက်လုံကို မှေးကျဉ်း၍ ကြည့်လိုက်ကြ၏။
သူတို့နောက်ကနေ ပြေးလိုက်လာကြသော တမလွန်စစ်သားများသည် လူစုခွဲလိုက်ကြပြီး ကြောက်စရာကောင်းသည့် အော်ရာတစ်ခုနှင့်အတူ ညိုမည်းနေသော တိမ်စိုင်တစ်ခုက ဖုံးလွှမ်းလာ၏။ အဲ့ဒါက လေးလံထိုင်းမှိုင်း၍ မွန်းကျပ်ဖွယ်ရာပင်။
ထိုတိမ်ညိုတိမ်မည်းများက တဖြည်းဖြည်းနှင့် မြင်းစီးစစ်သည်များအဖြစ် စုဖွဲ့သွားလေသည်။
လှံတိုများကို ကျောမှာ ချိတ်ထားသော မြင်းစီးစစ်သည်များက လှံရှည်များကို ကိုင်စွဲထားကြပြီး တင်းကျပ်ခိုင်မာသော ရှေးဟောင်းချပ်ဝတ်တန်ဆာများကို ခန္ဓာကိုယ်အပြည့် ဝတ်ဆင်ထားကြ၏။
သူတို့သည် သွေးနီရောင်တစ္ဆေမျက်လုံးများကိုသာ ထုတ်ဖော်ထားကြလေသည်။
“သံမဏိချပ်ဝတ်မြင်းစီးစစ်သည်တွေ”
အဖြူရောင်ဝတ်ကျင့်ကြံသူ၏ အမူအယာက ဆိုးဆိုးရွားရွား ဖြစ်သွား၏။
သန်းနှင့်ချီသော သံမဏိချပ်ဝတ်မြင်းစီးစစ်သည်များက ပြင်းထန်ကြမ်းကြုတ်သော အဟုန်ဖြင့် ပြေးဝင်ချလာကြ၏။
“မကြောက်ကြနဲ့.. ကျုပ် ကိုင်တွယ်လိုက်မယ်”
ဆူဇီမို၏ အသံက တစ်ဖန် ထွက်ပေါ်လာ၏။ ထိုအသံက တည်ငြိမ်နေပြီး စိတ်ခံစားချက်များ မပါဘဲ ဣန္ဒြေရနေ၏။
ဘာကြောင့်ရယ်မသိ.. ထိုအသံကို ကြားသောအခါ အဖြူရောင်ဝတ်ကျင့်ကြံသူ၏ နှလုံးသားထဲမှ မသက်မသာဖြစ်မှုက ချက်ချင်း တည်ငြိမ်လာလေသည်။