← Chapters

နန်းတော်၏ တားမြစ်နေရာ

Vol. 35 Ch. 515

နန်းတော်၏ တားမြစ်နေရာ

Vol. 35 Ch. 515

“သတ်”

မြင်းစီးစစ်တပ်၏ ခေါင်းဆောင်က သူ၏ လှံရှည်ကို မြှောက်ပြီး ဝမ်းခေါင်းသံဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်၏။ သူ့မျက်လုံးများက နီရဲနေ၏။

“သတ်.. သတ်.. သတ်”

ကျန်ရှိသော သံမဏိချပ်ဝတ်မြင်းစီးစစ်သည် တစ်သန်းကျော်ကလည်း စွမ်းအားအပြည့်အော်ရာနှင့် အော်ဟစ်၍ သူတို့ကျောပေါ်က လှံတိုများကို တစ်ပြိုင်နက်တည်း ဆွဲထုတ်ပြီး ဆူဇီမိုနှင့် အခြားသူများ ရှိရာသို့ အားမာန်အပြည့်နှင့် ပစ်ထုတ်လိုက်ကြ၏။

ဝှီး.. ဝှီး..

လှံတိုပေါင်း တစ်သန်းကျော်က လေထုကို ဖြတ်သန်းလာပြီး ကြောက်ခမန်းလိလိ အသံများက ထွက်ပေါ်လာ၏။

အဲ့ဒါက ရွှေအမြုတေပေါင်း တစ်သန်းကျော် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ခြင်းနှင့်တူပြီး ထိုစွမ်းအားက စောစောက မြားများထက် များစွာပို၍ ပြင်းထန်လေသည်။

လှံတိုများက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားပြီး ဆူဇီမိုနှင့် အခြားသုံးယောက်ကို နစ်မြှုပ်တော့မည့် လှိုင်းလုံးကြီးများပမာ ကျဆင်းလာကြ၏။

အဖြူရောင်ဝတ်ကျင့်ကြံသူသည် နှစ်တစ်ရာကျော် ကျင့်ကြံခဲ့ပြီး မရေမတွက်နိုင်သော သေရေးရှင်ရေး တိုက်ပွဲများကို ကြုံတွေ့ဖြတ်ကျော်ခဲ့ဖူး၏။ သို့သော် အခုချိန်မှာတော့ သူ့ရင်က တလျှပ်လျှပ် ဖြစ်လာပြီး တုန်လှုပ်မှုကို ကောင်းကောင်းမထိန်းချုပ်နိုင်ပေ။

ငါထင်တာ ဒီလိုတိုက်ခိုက်မှုနဲ့ဆို နိုးထဝိညာဉ်တွေတောင် အသက်ရှင်နိုင်ပါ့မလား..

ချွင်.. ချွင်.. ချွင်..

တစ်ချိန်တည်းမှာပင် ပီပီသသ ထက်ထက်ရှရှ ဓါးသံများက ထွက်ပေါ်လာ၏။

ထိုကဲ့သို့သော ထက်ရှမှုမျိုးနှင့် အဖြူရောင်ဝတ်ကျင့်ကြံသူသည် အလွန်တရာ ရင်းနှီးလေသည်။

အစကတည်းက သူသည် ဓါးတာအိုကို ကျင့်ကြံသူတစ်ယောက်ဖြစ်၏။

အဖြူရောင်ဝတ်ကျင့်ကြံသူသည် အသံထွက်လာဘက်သို့ အလိုလို လှည့်ကြည့်လိုက်၏။

ဆူဇီမို၏ ဝေ့ရမ်းလိုက်သော လက်နှင့်အတူ ထိပ်တန်းအဆင့် ဓါးပျံ ၁၈လက်က လေထဲမှာ ဝဲခိုလာ၏။

ဓါးများက တုန်ယင်နေပြီး စိတ်ဝိညာဉ်အလင်းများက ဝင်းလက်တောက်ပနေ၏။

သူတို့က အသက်ရှိသည့်အလား.. ဓါးပျံ ၁၈လက်သည် တစ်မူထူးခြားသောပုံစံဖြင့် လေထဲမှာ ယှက်ဖြာသွားပြီး အေးစက်ထက်ရှသော ဓါးချီများက နောက်မှာ အတန်းလိုက် ကျန်ရစ်ခဲ့၏။

သူတို့ ယှက်ဖြာသွားတိုင်း ဓါးချီများက လေဟာနယ်ကို အပိုင်းပိုင်း လှီးဖြတ်ပြီး အလွန်တရာ ဆန်းကြယ်သော ဝင်္ကပါလမ်းကြောင်းတစ်ခုကို ပုံဖော်သွား၏။

“ဖယောင်းမီး ဓါးဝင်္ကပါ”

ဆူဇီမိုက အသာအယာ ဟိန်းဟောက်လိုက်၏။

ဓါးပျံ ၁၈လက်က တစ်ချိန်တည်း စုဝေးသွားပြီး သူတို့၏ ဓါးဦးချွန်များက အပြင်ဘက်သို့ ညွှန်ကာ အဆုံးစွန်သောဓါးချီများဖြင့် ခြစ်ခြစ်တောက်ပူနေသော နေတစ်စင်းလို ဖြစ်လာ၏။ အဲ့ဒါက အဖြူရောင်ဝတ်ဓါးကျင့်ကြံသူနှင့် အခြားနှစ်ယောက်တို့ရှေ့မှာ ဖွဲ့တည်လာပြီး ဧရာမဓါးစက်ကြီးတစ်ခုလို အရူးအမူး လည်ပတ်ကာ သူတို့ကို ခုခံကာကွယ်ပေးလိုက်၏။

ဝုန်း..

လှံတိုပေါင်း တစ်ထောင်ကျော်က ဖယောင်းမီးဓါးဝင်္ကပါနှင့် ထိတွေ့သွားပြီး နားပင်းမတတ် အသံကြီးက ထွက်ပေါ်လာ၏။

လေဟာနယ်တစ်ခုလုံးက တုန်ခါသွားလေသည်။

ထို့နောက် လောကသည် ငြိမ်သက်သွား၏။

အဖြူရောင်ဝတ်ဓါးကျင့်ကြံသူ၏ မျက်ခွံက လျှင်မြန်စွာ တဆတ်ဆတ် လှုပ်သွားပြီး ဤမြင်ကွင်းက သူ့နှလုံးကို လည်ချောင်းထဲသို့ ရောက်လုမတတ် ခုန်ပေါက်သွားစေ၏။

ဖယောင်းမီးဓါးဝင်္ကပါက ခဏမျှ ရပ်တန့်သွား၏။

အနည်းငယ် တုန်ခါသွားပြီးနောက် အဲ့ဒါက တကျွိကျွိ အသံထွက်ကာ အချိန်မရွေး ပျက်ပြယ်တော့မည်ကဲ့သို့ ဖြစ်လာ၏။

ရွှမ်ယီ၏ အမူအယာက အနည်းငယ် ဖြူလျော့သွား၏။

ထိုဓါးဝင်္ကပါကသာ တောင့်မခံနိုင်တော့ဘူးဆိုလျှင် သူတို့ကို လှံတိုလှိုင်းများက ဝါးမျိုသွားပြီး အလောင်းတောင်မကျန်ဘဲ သေရပေတော့မည်။

ဘုန်း.. ဘုန်း.. ဝုန်း..

ခဏမျှ ရပ်တန့်ပြီးနောက် ဖယောင်မီးဓါးဝင်္ကပါက နောက်တစ်ဖန် အရူးအမူး စတင်လည်ပတ်လာပြီး ဝင်ရောက်လာသော လှံတိုများကို ဖျက်ဆီးကာ လေထဲမှာ ပျက်ပြယ်သွားစေ၏။

အဖြူရောင်ဝတ်ကျင့်ကြံသူသည် အာစေးမိသွားသလို ကြောင်အနေ၏။

အဲ့ဒီဓါးဝင်္ကပါက သံမဏိချပ်ဝတ်မြင်းစီးစစ်သည် တစ်သန်းကျော်ရဲ့ တိုက်ခိုက်မှုကိုတောင် ခုခံနိုင်တာလား။

ဆန်းကြယ်တောင်ထွတ်တိုက်ပွဲက အရမ်းနာမည်ကြီးခဲ့ပြီး အဲ့ဒီမှာ ဆန်းကြယ်တောင်ထွတ်၏ အခြေတည်အဆင့်..ပြန်ဝင်စားမွန်းစတားတစ်ယောက်က အဆင့်ကျော်၍ ရန်သူများကို သတ်ဖြတ်သုတ်သင်ခဲ့ကြောင်း သူကြားဖူးခဲ့၏။

သို့သော်လည်း ဆူဇီမို၏ တိုက်ခိုက်မှုက ဤမျှထိတောင် ကြောက်စရာကောင်းနေမည်ဟု သူ မယုံကြည်ရဲခဲ့ပေ။

ဖယောင်းမီးဓါးဝင်္ကပါက အဆင့်ကိုးဆင့်ရှိ၏။

အဆင့် ၁ က ဓါးပျံ ၉ လက်ကို လိုအပ်ပြီး အဆင့် ၂ က ၁၈ လက်၊ အဆင့် ၃ က ၂၇ လက် လိုလေသည်။

ဆူဇီမိုသည် ဖယောင်းမီးဓါးဝင်္ကပါ အဆင့် ၃ ထိ နားလည်တတ်မြောက်ခဲ့ပြီးဖြစ်၏။

သို့သော်လည်း သူသည် အခုမှ သူ့အမြုတေကို ဖွဲ့တည်ကာစဖြစ်ပြီး ဓါးပျံအသစ်များကို အခုထိ မသွန်းလုပ်ရသေးပေ။

မဟာချွမ်အပျက်အစီးနယ်မြေသို့ သူရောက်လာခဲ့ရခြင်းမှာလည်း ထိုအတွက် ပါလေသည်။ ဒဏ္ဍာရီလာမူလစိတ်ဝိညာဉ်မီးတောက်ကို သူရှာတွေ့နိုင်ပါက သူ့အတွက် ဓါးပျံ ၂၇ လက်၊ တစ်စုံစာကို သွန်းလုပ်နိုင်မည် ဖြစ်လေသည်။

ဓါးပျံများ ပေါင်းထည့်လိုက်ခြင်းနှင့်အတူ သူ့တိုက်ခိုက်မှု၏ စွမ်းအားကလည်း ဆတက်တိုးပွားလာပေလိမ့်မည်။

အဖြူရောင်ဝတ်ကျင့်ကြံသူက စိတ်လွတ်သွားရလောက်အောင် တုန်လှုပ်နေသော်လည်း ဆူဇီမိုက ကျေနပ်မှု မရှိပေ။

အဆင့် ၂ ဖယောင်းမီးဓါးဝင်္ကပါကို သူသည် ခုခံရေးအတွက်သာ သုံးနိုင်ပြီး အဲ့ဒါက ပြိုပျက်လုနီးပါးပင်။

သူသာ အဆင့် ၃ ဖယောင်းမီးဓါးဝင်္ကပါကို ဖန်တီးနိုင်လျှင် အဲ့ဒါကို ရှေ့တက်စေပြီး သံမဏိချပ်ဝတ်မြင်းစီးစစ်သည် တစ်သန်းကျော်ကိုပင် နုတ်နုတ်စင်းပစ်လို့ ရလေသည်။ ဆိုးယုတ်လှံတံများကို ထည့်တွက်နေစရာပင် မလိုပေ။

ဖယောင်းမီးဓါးဝင်္ကပါက နောက်ကနေ ပိတ်ဆို့ထားသောကြောင့် သံမဏိချပ်ဝတ်မြင်းစီးစစ်သည်များသည် လောလောဆယ်တော့ အနားမကပ်နိုင်ကြတော့ပေ။

ရှေ့မှာတော့ သံမဏိချပ်ဝတ်မြင်းစီးစစ်သည်များ ရောက်မလာသေးခင် ဆူဇီမိုသည် လက်မနှင့် လက်ခလယ်ကို ထိပြီး ဗုဒ္ဓကျောင်းတော်မှ လက်ဟန်ချိတ်စည်းတစ်ခုကို ထုတ်ဖော်လိုက်၏။

မိစ္ဆာနှိမ်နင်းချိတ်စည်း..

လေထဲရှိ နက်မှောင်နေသော ဆိုးယုတ်ချီများသည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်သည့်အလား စတင်၍ ပျက်ပြယ်လာ၏။

ဝုန်း..

ကျယ်လောင်သော အသံကြီးက ထွက်ပေါ်လာ၏။

ကောင်းကင်ကို စုတ်ဖြဲလိုက်သော ရွှေရောင်တလက်လက် ရောင်ခြည်များ ဖြာထွက်၍ ရွှေရောင်လက်ဝါးကြီးတစ်ဖက်က အထက်ကနေ ဆင်းသက်လာ၏။ ဖိနှိမ်စွမ်းအားမြင့်သော လေဟာနယ်စီးကြောင်းများက သံမဏိချပ်ဝတ်မြင်းစစ်သည်များဆီသို့ ကြောက်စရာကောင်းသည့်ပုံစံဖြင့် တလိပ်လိပ် ဆင်းသက်လာ၏။

ရွှေရောင်အလင်းများက ပြန့်ကျဲသွားပြီး ဆိုးယုတ်ချီများသည် ခြစ်ခြစ်တောက်ပူသော နေရောင်ခြည်နှင့် ထိတွေ့လိုက်ရသည့် နှင်းများလို စတင်ပျက်ပြယ်ကုန်ကြ၏။

ဗုဒ္ဓကျောင်းတော်များ၏ ဓမ္မစွမ်းအားများသည် နတ်ဆိုးများကို နှိမ်နင်းရာတွင် အကောင်းဆုံး တန်ပြန်ဝိပါတ်ဖြစ်လေသည်။

အခြေတည်အဆင့်၌ ဆူဇီမိုသည် မိစ္ဆာနှိမ်နင်းချိတ်စည်း၏ အစစ်အမှန်စွမ်းအားကို မထုတ်ဖော်နိုင်ခဲ့ပေ။

ယခု သူ့အမြုတေကို ဖွဲ့တည်ပြီးပြီ ဖြစ်တာကြောင့် သူ့မိစ္ဆာနှိမ်နင်းချိတ်စည်း၏ စွမ်းအားက သိသိသာသာ တိုးပွားလာလေသည်။

တိုက်ခိုက်ပြီးနောက် ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။

တစ်ခုခု လွဲနေသေး၏။

မိစ္ဆာနှိမ်နင်းချိတ်စည်း၏ စွမ်းအားက သိသိသာသာ တိုးလာသော်လည်း ၎င်း၏ အစစ်အမှန်စွမ်းအားကို ဆူဇီမိုသည် မထုတ်ဖော်နိုင်သေးပေ။

သူစဉ်းစားတွေးတောနေစဉ်မှာပင် မိစ္ဆာနှိမ်နင်းချိတ်စည်းက ဆင်းသက်လာပြီဖြစ်၏။

ဝုန်း..

ဧရာမလက်ဝါးကြီးကို မြေပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး မရေမတွက်နိုင်သော တမလွန်စစ်သားများသည် ဖုန်မှုန်များအဖြစ်သို့ ကြေမွ၍ သူတို့၏ ဆိုးယုတ်ချီများကို မိစ္ဆာနှိမ်နင်းချိတ်စည်းက သန့်စင်ပေးလိုက်၏။

ရှေ့တူရူတွင် လက်ဝါးပုံစံ နေရာလွတ်ကြီးတစ်ခုက ပေါ်လာလေသည်။

တမလွန်စစ်သားများအားလုံးသည် မိစ္ဆာနှိမ်နင်းချိတ်စည်းစွမ်းအားမှာ မှင်တက်သွားကြပြီး ရှေ့သို့ ဆက်မတက်ရဲတော့ဘဲ ရပ်တန့်သွားကြ၏။

မှုန်ရီဝေဝါးသော ညရောင်အောက်မှာ ဆူဇီမိုသည် သူ၏ စွမ်းအားကောင်းသော အမြင်အာရုံနှင့် ရှေ့ဆက်တက်သွားရင်း ရှေ့တွင် ပျက်စီးယိုယွင်းနေသော အဆောက်အဦတစ်ခုကို ခပ်ရေးရေး တွေ့လိုက်ရ၏။

အဆောက်အဦ၏ ပတ်လည်တွင် တမလွန်စစ်သားအရေအတွက် အတော်လေး ရှိသော်လည်း အထဲကိုတော့ မည်သူမှ မဝင်ကြပေ။

နန်းတော်တွင်းမှာ တားမြစ်နေရာများစွာရှိပြီး နန်းတော်ကို စောင့်ရှောက်နေကြသော စစ်သည်များတောင်မှ အရမ်းကာရော ဝင်ရောက်လို့ မရပေ။

“အဲ့ဒီကို သွားရအောင်”

ဆူဇီမိုသည် ရှေ့သို့ လက်ညိုးထိုးပြီး ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းလိုက်၏။

အဖြူရောင်ဝတ်ကျင့်ကြံသူနှင့် လျှိုဟွေ့ကို ပွေ့သယ်လာသော ရွှမ်ယီသည် နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာကြ၏။

ဆူဇီမိုတို့အုပ်စုသည် အဆောက်အဦထဲသို့ ဝင်ရောက်ချင်ကြတာကို သတိထားမိသွားပြီး တမလွန်စစ်သားများသည် အုံလိုက်ကျင်းလိုက် ချီတက်လာကြကာ သူတို့ကို အရူးအမူး တိုက်ခိုက်လိုက်ကြ၏။

ဆူဇီမိုသည် ဆေဘာနည်းစနစ်ကို ပြောင်းလဲလိုက်၏။ မကောင်းဆိုးဝါးဆန်သော ဆေဘာနည်းစနစ်ကနေ ခမ်းနားထည်ဝါသောအော်ရာနှင့် ဒီရေများလို တဝုန်းဝုန်းထလာ၏။

တန်ပြန်စီးကြောင်း..

ဆူနာမီအသံများနှင့်အတူ စွမ်းပကားက ကြောက်စရာကောင်းနေ၏။

သံမဏိချပ်ဝတ်မြင်းစီးစစ်သည်များ၏ ပူးပေါင်းတိုက်ခိုက်မှုသည် ဆူဇီမို၏ ခြေလှမ်းများကို မရပ်တန့်နိုင်ပေ။

နောက်တွင်.. ဖယောင်းမီးဓါးဝင်္ကပါက ခုခံပေးနေ၏။

ရှေ့တွင်.. ဆူဇီမိုက ကြီးမားသော လှုပ်ရှားမှုဖြင့် သွေးသောက်သူကို လွှဲရမ်းခုတ်ပိုင်းနေ၏။

တန်ပြန်စီးကြောင်း၊ မာန်ဟုန်ပြင်းဒီရေ၊ ဝဲကတော့နှင့် လှိုင်းဂယက်.. ဆူဇီမိုသည် ဆေဘာတိုက်ကွက်များကို တလဲလဲ ပြောင်းလဲ၍ ဘက်ပေါင်းစုံသို့ တိုက်ခိုက်ကာ အတားအဆီးများကို တစ်လွှာပြီးတစ်လွှာ ဖယ်ရှားရင်း.. နောက်ဆုံးမှာတော့ ရွှမ်ယီနှင့် အခြားနှစ်ယောက်ကို အဆောက်အဦထဲသို့ ခေါ်ဆောင်သွားနိုင်လေသည်။

အတောမသတ်စစ်သားများသည် သူတို့နောက်ကနေ တလိပ်လိပ် ပြေးတက်လာကြ၏။

သို့သော်လည်း အဆောက်အဦရှေ့သို့ ရောက်သောအခါ သူတို့အားလုံးသည် ရပ်တန့်သွားကြ၏။

ထိုသည်ကို မြင်သောအခါ အဖြူရောင်ဝတ်ကျင့်ကြံသူနှင့် ရွှမ်ယီသည် နောက်ဆုံး စိတ်သက်သာရာရကာ ဟင်းချနိုင်သွား၏။

All Chapters