← Chapters

သွေးတစ်စက်

Vol. 35 Ch. 516

သွေးတစ်စက်

Vol. 35 Ch. 516

အခု သူသည် စိတ်သက်သာရာ ရသွားသောအခါ အဖြူရောင်ဝတ်ကျင့်ကြံသူသည် သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေကြောင်း သိရှိလိုက်ရ၏။ သူ့စိတ်ဝိညာဉ်စွမ်းအင်က ကုန်ခမ်းလုနီးပါး ဖြစ်နေပြီး သူ့ဝတ်ရုံစက ချွေးများ စိုရွှဲ၍ အသားမှာ ကပ်နေ၏။

သူသည် သူ့သက်လုံအားကို နောက်ဆုံးအကန့်အသတ်ထိ ထုတ်သုံးခဲ့ရ၏။

သူသည် ဆူဇီမိုကို အလိုလို လှမ်းကြည့်လိုက်ပြီး တုန်လှုပ်သွားရ၏။

ပုံမှန်ဆို.. ဆူဇီမိုသည် ရှေ့ဆုံးကနေ၍ တိုက်ခိုက်မှုအများစုကို ခုခံတွန်းလှန်ခဲ့ရသောကြောင့် သူက မောဟိုက်ပင်ပန်းနွမ်းနယ်နေသင့်လေသည်။

သို့သော် အခုအခါမှာတော့ သူသည် ရောက်နေရာမှာ တည်ငြိမ်စွာ ရပ်နေပြီး သူ့အသက်ရှုသံက ပုံမှန်ပင်။ သူ့မှာ စွမ်းအင်များစွာ ကျန်ရှိနေသေးပြီး ချွေးတောင်လုံးဝ မထွက်ခဲ့သည့်ပုံပင်။

ဘယ်လို သက်လုံမျိုးလဲဟ..

သူက တစ်ကယ့် မွန်းစတားလား..

အဖြူရောင်ဝတ်ကျင့်ကြံသူသည် ဆေးလုံးအချို့ကိုထုတ်ပြီး စားသုံးလိုက်၏။ အသက်တစ်ချက်ရှူပြီးနောက် သူသည် ဆူဇီမိုဘက်သို့ လက်သီးဆုပ် လေးစားဟန်ပြကာ စိတ်ရင်းနှင့် ပြောလိုက်၏။

“ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်ဗျာ.. တာအိုရောင်းရင်းဆူ.. ကျုပ်က လီကျိယွဲ့ပါ.. ဆန်းကြယ်တောင်ထွတ်ရဲ့ ကျင့်ကြံသူတစ်ယောက်ပေါ့.. ကျုပ်က အပြင်ဘက်ကို လှည့်လည်လျှောက်သွားနေတာ အတော်ကြာသွားတယ် ပြန်ရောက်လာတာ မကြာသေးဘူး”

ဆူဇီမိုသည် ခေါင်းညိတ်လိုက်ပြီး သူ့အကြည့်က လီကျိယွဲ့၏ အင်္ကျီလက်မောင်းပေါ်သို့ ကျရောက်သွား၏။

အဲ့ဒီပေါ်မှာ ဓါးပျံတစ်လက်ပုံကို ခပ်နှိပ်ထားလေသည်။

အဲ့ဒါက စိတ်ဝိညာဉ်တောင်ထွတ်သခင်၏ အမှတ်အသားပင်။

ရွှမ်ယီက ဝင်ရောက်ရှင်းပြလိုက်၏။

“ကျိယွဲ့က ရွှေအမြုတေနယ်မြေကို ကျင့်ကြံနိုင်တဲ့ ငါတို့ဂိုဏ်းရဲ့ ကျင့်ကြံသူအနည်းစုထဲက တစ်ယောက်ပဲ.. ဒီတစ်ခေါက် သူပြန်လာတဲ့အချိန်မှာ သူက ဂိုဏ်းရဲ့ ရွှေအမြုတေတွေကြားထဲမှာ နံပါတ်တစ်လို့ ပြောလို့ရတယ်.. အဲ့ဒါကြောင့် သူ့ကို စိတ်ဝိညာဉ်တောင်ထွတ်သခင်နေရာကို ပေးလိုက်တာပဲ”

“ကျုပ်တော့ ရှက်မိပါရဲ့ဗျာ”

လီကျိယွဲ့က ကပျာကယာ ခေါင်းခါ၍ ခါးသက်သက်ပြုံးကာ ပြောလိုက်၏။

“ကျုပ်က ဂိုဏ်းရဲ့ ရွှေအမြုတေအဆင့်မှာ နံပါတ်တစ်ဖြစ်ဖို့ မထိုက်တန်ပါဘူးဗျာ.. တာအိုရောင်းရင်းဆူရဲ့ ခွန်အားက ကျုပ်ထက် အပုံကြီး သာနေတာပဲ.. ခင်ဗျားရဲ့ ဂုဏ်သတင်းနဲ့ လိုက်ဖက်အောင်ကို တစ်ကယ်ကို အထင်ကြီးဖို့ ကောင်းလှပါပေတယ်”

ကျင့်ကြံရေးလောကတွင် အသက်ဘယ်လောက်ကြီးသည်ဆိုတာထက် သူတို့၏ ခွန်အားကသာ အဓိက စကားပြောလေသည်။

ဆူဇီမိုသည် အခုချိန်မှာ အသက်နှစ်ဆယ်ကျော်သာ ရှိသေးသော်လည်း သူက ရွှေအမြုတေကို ဖွဲ့တည်ပြီးပြီ ဖြစ်တာကြောင့် လီကျိယွဲ့နှင့် အဆင့်ချင်း တူသွားလေပြီ။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တာအိုရောင်းရင်းဟု ခေါ်ကြသည်မှာ ဘာမှ မမှားပေ။

“တောင်ထွတ်သခင်ရွှမ်ယီ.. ခင်ဗျားတို့သုံးယောက်က ဘာလို့ ဒီနေရာကို ဝင်လာခဲ့ကြတာလဲ”

ဆူဇီမိုသည် ဝေခွဲမရစွာနှင့် မေးလိုက်၏။

ဆန်းကြယ်တောင်ထွတ်မှ တောင်ထွတ်သခင်သုံးယောက်က ဂိုဏ်းကနေ အတူတကွ ထွက်လာရအောင် ဘာတွေများ ဖြစ်ပျက်ခဲ့တာလဲ။

ရွှမ်ယီက သက်ပြင်းချလိုက်၏။

“ဆန်းကြယ်တောင်ထွတ်တိုက်ပွဲမှာ မင်းဆရာရဲ့ အခြေခံအုတ်မြစ်က ထိခိုက်သွားတယ်.. သူ ပြန်သက်သာလာဖို့ဆိုရင် ကပ်ဘေးဖြတ်ကျော်ဆေးလုံးကို စားသုံးရဖို့လိုတယ်.. မဟုတ်ရင် နိုးထဝိညာဉ်အဆင့်ကို တက်လှမ်းဖို့အတွက် သူ့ရဲ့ကြိုးပမ်းမှုက ကျရှုံးဖို့ ၉၀% ရှိတယ်”

ဆူဇီမိုသည် ရင်ထိတ်သွား၏။

ဖိုသီဖတ်သီအဖိုးအို ဒဏ်ရာ ရသွားတာကို သူသိ၏။ သို့သော်လည်း ဒီလောက်ထိ ကြီးမားလိမ့်မည်ဟုတော့ သူထင်မထားခဲ့ပေ။

“ကပ်ဘေးဖြတ်ကျော်ဆေးလုံးက အဆင့် ၃ ဆေးလုံးပဲ.. အဲ့ဒါကို ဖော်စပ်ရမယ့် စိတ်ဝိညာဉ်ဆေးပင်တချို့က တော်တော်ကို ရှားပါးလွန်းတယ်ကွ.. ဈေးကွက်ထဲမှာလဲ ငါတို့ ရှာလို့ မရဘူး.. ဒါပေမယ့် ယုံတမ်းတချို့အရဆို အဲ့ဒီဆေးပင်တွေကို မဟာချွမ်အပျက်အစီးနယ်မြေမှာ တွေ့ရနိုင်တယ်တဲ့.. အဲ့ဒါကြောင့် ငါတို့ ရောက်လာရတာပဲ”

ရွှမ်ယီက ဆက်ပြောလိုက်၏။

“အဲ့ဒီဆေးပင်တွေကို အပျက်အစီးနယ်မြေရဲ့ အပြင်ဘက်ပိုင်းမှာ ရှာလို့ မတွေ့တာနဲ့ ငါတို့လဲ အရဲစွန့် ဝင်ရင်းဝင်ရင်းနဲ့ ဗဟိုအနက်ပိုင်းထဲထိ ရောက်လာခဲ့တာပဲ.. အား.. တော်သေးတာပေါ့ ငါတို့အားလုံး ဒီနေရာမှာ သေရတော့မလို့”

“အဟွတ်”

ထိုအချိန်မှာပင် ရွှမ်ယီကို မှီ၍ လှဲနေသော လျှို့ဟွေ့က ချောင်းအနည်းငယ် ဆိုးလိုက်၏။ သူမ၏ ပါးစပ်က ဟသွားပြီး သွေးမည်းများကို ထွေးထုတ်လိုက်၏။ ထိုသွေးများက ဆိုးယုတ်ချီများကို သယ်ဆောင်ထားပြီး နက်မှောင်နေ၏။

ဆူဇီမိုသည် တည်ငြိမ်စွာနှင့် လှည့်ကြည့်လိုက်၏။

လီကျိယွဲ့၏ အကြည့်က ကျဉ်းမြောင်းသွားပြီး ရေရွတ်လိုက်၏။

“ဆိုးယုတ်ချီတွေက သူ့သွေးထဲ ရောက်နေပြီ”

“လျှို့ဟွေ့ နင်ဘယ်လိုနေလဲဟင်”

ရွှမ်ယီ၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး ကျောက်စိမ်းပုလင်းအချို့ကို ကပျာကယာ ဆွဲထုတ်လိုက်၏။ သူသည် ပျာယီးပျာယာနှင့် ဆေးပုလုံးကိုဖွင့်ပြီး ဆေလုံးများကို ထုတ်ကာ လျှိုဟွေ့ကို တိုက်ကျွေးလိုက်၏။

“ဘာမှ မထူးတော့ဘူး”

လျှိုဟွေ့က ညင်သာစွာ သက်ပြင်းချလိုက်၏။

ဆိုးယုတ်ချီများက သူ့ကိုယ်ထဲသို့ ဝင်ရောက်လာပြီးနောက် မျိုးဆက်သွေးထဲသို့ မဝင်ရောက်သေးဘူးဆိုလျှင် အဲ့ဒါကို ဆေးလုံးအစွမ်းဖြင့် ဖယ်ထုတ်နိုင်ကောင်း၏။

သို့သော်လည်း သူမ၏ ဒဏ်ရာများက ပြင်းထန်လွန်းလှ၏။

ဆိုးယုတ်ချီများက သူမ၏ မျိုးဆက်သွေးထဲသို့ ပျံ့နှံ့စိမ့်ဝင်သွားပြီဖြစ်ပြီး အဲ့ဒါကို လှည့်ပတ်ရင်း သူမ၏ နှလုံးထဲသို့ပါ ရောက်ရှိသွားပြီဖြစ်၏။

သူမ၏ နှလုံးခုန် ရပ်တန့်ဖို့က သိပ်ကြာတော့မည် မဟုတ်ပေ။

“မ-မဟုတ်သေး...”

ရွှမ်ယီသည် လွန်မင်းစွာ သောကရောက်နေပြီး သူ့အသံက တုန်ယင်နေ၏။

လျှိုဟွေ့၏ အခြေအနေက ပိုပိုဆိုးလာနေတာကို သူအာရုံခံမိလေသည်။ သူမ၏ ခန္ဓာကိုယ်က အေးစက်လာပြီး သူမ၏ နှလုံးခုန်ကလည်း ဖျော့တော့လာ၏။

သို့သော်လည်း ဤကဲ့သို့သော အခြေအနေတွင် သူလုပ်နိုင်တာ ဘာမှ မရှိပေ။

သူသာ မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်၏ အသွေးအသားကို လျှိုဟွေ့အား တိုက်ကျွေးနိုင်မည်ဆိုလျှင် အဲ့ဒါက သူမ၏ ကိုယ်ထဲရှိ ဆိုးယုတ်ချီများကို ဖယ်ထုတ်နိုင်ကောင်းလောက်၏။

သို့သော်လည်း အပြင်ဘက်မှာ မြောက်များလှစွာသော တမလွန်စစ်သားများက သူတို့ကို ဝိုင်းရံထား၏။ သူတို့ကို ဖောက်ထွက်နိုင်ဖို့က မည်သို့မှ မဖြစ်နိုင်ပေ။

ထိုအချိန်မှာပင် ဆူဇီမိုက ရုတ်တရက် ထလာပြီး လျှိုဟွေ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်ချလိုက်၏။ သူ၏ လက်ကောက်ဝတ်မှာ ဒဏ်ရာတစ်ခုရှိနေ၏။ အဲ့ဒါက မကြာခင်ကမှ လောလောလတ်လတ် ရထားသည်ဆိုတာ သိသာလေသည်။

သူက သူ့လက်ကို ဆန့်တန်းပြီး သူ့ဒဏ်ရာကို လျှိုဟွေ့၏ နှုတ်ခမ်းဘေးမှာ ထားလိုက်၏။

သွေးတစ်စက်က ထွက်ကျဖို့ ရစ်ခိုလာသည့် ခဏမှာပင် သူမ၏ ဒဏ်ရာများက စတင်သက်သာလာ၏။

ရွှမ်ယီ၏ စိတ်က ဝရုန်းသုန်းကားဖြစ်နေပြီး သူသည် ဖြစ်ပျက်သမျှကို ဘေးကနေသာ စောင့်ကြည့်နေမိ၏။

ထိုသွေးစက်က မှော်ဆန်ဆန်အလင်းနှင့် တလက်လက်တောက်နေပြီး သန့်စင်၍ ကြောက်စရာကောင်းသည့်အော်ရာက ဖြာထွက်နေ၏။

ထိုသွေးစက်က လျှိုဟွေ့၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည့်အချိန်မှာပင် ကြီးမားသည့် စွမ်းအင်လှိုင်းများက ရုန်းကန်ထွက်ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်ထဲသို့ မုန်တိုင်းတစ်ခုကဲ့သို့ မွှေနှောက်ကာ သူမ၏ ခြေလက်များအားလုံးဆီသို့ ဝင်ရောက်သွား၏။

လျှိုဟွေ့၏ ခန္ဓာကိုယ်ထဲရှိ ဆိုးယုတ်ချီများသည် ထိုစွမ်းအားကို ခံနိုင်ရည်မရှိဘဲ သိပ်မကြာမီ ဖယ်ခွာကုန်၏။

သူမ၏ နှလုံးခုန်သံက ခိုင်မာတည်ငြိမ်လာ၏။

သွေးတစ်စက်ဆိုတာထက်..

သူမက ပူပြင်းသောနေတစ်စင်းကို မျိုချလိုက်ရသလိုပင်။

ဖြစ်စဉ်တစ်ခုလုံးက အသက်ရှူချိန် အနည်းငယ်သာ ကြာမြင့်လေသည်။

ရွှမ်ယီတစ်ယောက် သတိပြန်ကပ်လာသောအခါ လျှိုဟွေ့၏ မျက်နှာက သွေးရောင်သန်းလာပြီး သူမ၏ ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း နွေးထွေးလာ၏။ သူမ၏ ဝမ်းဗိုက်က ကြီးမားသည့် ဟက်တက်ကွဲဒဏ်ရာကတောင် စတင်၍ သက်သာလာလေသည်။

“ဒါက...”

ရွှမ်ယီနှင့် လီကျိယွဲ့ နှစ်ယောက်စလုံး ကြောင်အနေ၏။

သူတို့သည် ကျင့်ကြံရေးလောကတွင် ခဲပြဒါးစပ်သွေးအဆင့်နှင့် ဆူနာမီသွေးအဆင့်တို့ကို ကြားဖူးကြသော်လည်း အဲ့ဒါတွေက သူတို့နှင့် အတော်ကို အလှမ်းကွာဝေးလေသည်။

သို့သော် အခုအခါ နောက်ဆုံးမှာတော့ သူတို့သည် သွေးစွမ်းအား၏ ကြောက်စရာကောင်းမှုကို မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရ၏။

လီကျိယွဲ့သည် ဆူဇီမိုကို မွန်းစတားတစ်ကောင်အလား ကြည့်နေပြီး စိတ်ထဲကနေ ရေရွတ်လိုက်၏။

“သူ့ဆီက သွေးတစ်စက်ကတောင် ဒီလောက်စွမ်းအားကြီးနေတာ သူ့သက်လုံအားက အရမ်းအားကောင်းလွန်းနေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ”

ခဏနေပြီးနောက်..

လျှိုဟွေ့၏ အခြေအနေက အတော်လေး ကောင်းမွန်လာပြီး သူမက ရွှမ်ယီ၏ အထောက်အကူဖြင့် လမ်းလျှောက်လာနိုင်ပြီဖြစ်၏။

“ကျေးဇူးတင်ပါတယ် ဇီမို”

ရွှမ်ယီသည် ကျေနပ်နှစ်ခြိုက်သွားပြီး လှည့်ကာ ကျေးဇူးတင်လိုက်၏။

ဆူဇီမိုက အပြင်ဘက်တွင် စုဝေးနေကြသော တမလွန်စစ်သားများကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ အလေးအနက် ပြောလိုက်၏။

“အခုဆို တောင်ထွတ်သခင်လျှိုဟွေ့က သက်သာလာပြီပဲ.. ကျုပ်တို့ အထဲကို ဆက်ဝင်ပြီး အဲ့ဒီတမလွန်စစ်သားတွေကို အရင် မျက်ခြေဖြတ်ထားလိုက်ရအောင်”

သူတို့သည် အထဲကို ဝင်မလာကြသော်လည်း တမလွန်စစ်သားများ စုဝေးနေခြင်းက ကောင်းသည့်အချက် မဟုတ်ပေ။

“ကောင်းပြီ”

ရွှမ်ယီသည် လျှိုဟွေ့ကို ဖေးမပြီး လီကျိယွဲ့နှင့်အတူ ဆူဇီမိုနောက်သို့ လိုက်ပါသွားကြ၏။

လမ်းတစ်လျှောက်တွင် ဆူဇီမိုသည် ရံဖန်ရံခါဆိုသလို ရပ်တန့်၍ ပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုတတ်၏။

အသွင် အပြင် အဆင်ကို ကြည့်ရသလောက်.. ဤနေရာက အတိတ်ကာလတုန်းက အမျိုးသမီးတစ်ယောက်၏ နေထိုင်ရာနေရာ ဖြစ်ပုံ ရလေသည်။

အဆောက်အဦ၏ မျက်နှာပြင်များတွင် ပန်းခက်ပန်းနွယ်များကို အနုစိတ်ပုံဖော်ထားပြီး ထိုအမျိုးသမီးသည် အဲ့ဒီအချိန်တုန်းက နန်းတော်ထဲတွင် အတော်လေး အရေးပါအရာရောက်ပုံ ရလေသည်။

ဆူဇီမိုသည် သူတို့သုံးယောက်ကို ခေါ်ဆောင်၍ သိပ်မကြာမီ တမလွန်စစ်သားများကို မျက်ခြေဖြတ်နိုင်သွား၏။

အပြင်ဘက်ရှိ တမလွန်စစ်သားများတွင် သူတို့၏ ကိုယ်ပိုင်အသိစိတ် မရှိကြပေ။ ခဏမျှ ကင်းလှည့်လျှောက်သွားပြီးနောက် သူတို့သည် စတင်၍ လူစုကွဲသွားကြ၏။

All Chapters