နတ်ကြီးတဲ့နေရာ
Vol. 35 Ch. 517
နန်းတော်အပြင်ဘက်တွင်..
မှုန်ရီဝေဝါးသော ညရောက်အောက်မှာ လူနှစ်ဆယ်ကျော်သည် လေထဲကနေ ပျံသန်းလာကြ၏။
သူတို့အားလုံးက ရွှေအမြုတေများ ဖြစ်ကြ၏။
ထိုရွှေအမြုတေများသည် တူညီသော ဝတ်စားဆင်ယင်ပုံ ရှိကြပြီး သူတို့၏ အင်္ကျီပေါ်မှာ ကြယ်ပုံများစွာကို ပန်းထိုးပုံဖော်ထား၏။ လနှင့်နေပုံကို ခပ်နှိပ်ထားသော ဂိုဏ်းတံဆိပ်ပြားတစ်ခုစီကိုလည်း သူတို့၏ ခါးတွင် ချိတ်ဆွဲထားကြ၏။
သူတို့ခေါင်းဆောင်၏ အော်ရာက သိပ်သည်းအားကောင်းပြီး သူ၏ အနက်ရောင်ဆံပင်များက ယိမ်းနွဲ့နေ၏။ သူက အသားဖြူဖြူနှင့် မျက်လုံးများက ကြယ်များကဲ့သို့ တောက်ပနေပြီး ညရောင်နှင့် လက်နေ၏။
“စီနီယာအစ်ကိုချွမ်.. ခင်ဗျား ဘာလို့ ရပ်လိုက်တာလဲဗျ”
သူ့နောက်ရှိ ရွှေအမြုတေတစ်ယောက်က ရိုသေလေးစားသော ဟန်ပန်နှင့် ညင်သာစွာ မေးလိုက်၏။
ခေါင်းဆောင်က သူ့နှုတ်ခမ်းကို တွန့်ကွေးပြီး သာမန်ကာလျှံကာ ပုံစံနှင့် အနီးနားရှိ မှောင်မည်းနေသောနေရာတစ်ခုကို ကြည့်လိုက်၏။ သိပ်မကြာမီ သူ့အကြည့်ကို ပြန်ရုတ်ပြီး သူ့မျက်လုံးထဲမှာ လှောင်ပြောင်လိုရိပ်က ရှိနေ၏။
“ဘာမှတော့ မဟုတ်ပါဘူး.. နန်းတော်ထဲမှာ အပြောင်းအလဲ တစ်ခုခုတော့ ဖြစ်သွားခဲ့ပုံပဲ”
“ကျုပ်တို့ အထဲကို ဝင်ကြဦးမှာလား” သူ့နောက်ရှိ ရွှေအမြုတေက မေးလိုက်၏။
“ဒါပေါ့”
ခေါင်းဆောင်က ပြုံးလိုက်၏။
“နန်းတော်ထဲက တမလွန်စစ်သားတွေအကုန်လုံးက ဦးတည်ဘက်တစ်ခုထဲကို စုဝေးသွားကြတာပဲ.. ဘာတွေဖြစ်ခဲ့တာလဲ တစ်ချက်လောက် သွားစစ်ဆေးကြည့်ရအောင်”
ထိုသို့ပြောပြီးသည်နှင့် ရွှေအမြုတေများသည် နန်းတော်၏ အနက်ပိုင်းထဲသို့ ပြေးဝင်ချသွားပြီး သိပ်မကြာမီ ပျောက်ကွယ်သွားကြ၏။
ထိုကျင့်ကြံသူအုပ်စု ပျောက်ကွယ်သွားပြီးနောက် အနီးနား အမှောင်ထဲမှ လူရှစ်ယောက်က ပေါ်လာ၏။ ညအမှောင်ထဲတွင် သူတို့ထံမှ တစ္ဆေသရဲများလို မကောင်းဆိုးဝါးအော်ရာက ထွက်နေ၏။
“စီနီယာအစ်ကိုမို.. ကြယ်တာရာလမင်းဂိုဏ်းက လူတွေက နည်းနည်းတော့ များသားပဲ”
ရွှေအမြုတေတစ်ယောက်က စိုးရိမ်ပူပန်စွာနှင့် တိုးတိုး ပြောလိုက်၏။
ရှစ်ယောက်ထဲမှ တစ်ယောက်သည် ပိန်လှီနေပြီး ခက်ထန်သော အမူအယာရှိ၏။ သူက အေးစက်စွာ ငေါက်ငမ်းလိုက်၏။
“ကြယ်တာရာလမင်းဂိုဏ်းကို ငါတို့က ကြောက်နေရမှာလား.. အရိပ်မဲ့ဂိုဏ်းကလဲ အားမနည်းပါဘူးကွ”
“သူတို့ရဲ့ခေါင်းဆောင်က ကြယ်တာရာလမင်းဂိုဏ်းက ပြိုင်စံရှားဖြစ်တဲ့ ချွမ်ရှင်းယုဖြစ်မယ်ထင်တယ်နော်”
“ကျုပ်ကြားတာတော့ ချွမ်ရှင်းယုက ကြယ်တာရာလမင်းဂိုဏ်းရဲ့ ရှေးဟောင်းအမြုတေနယ်မြေကို အမွေခံယူထားတယ်တဲ့.. အဲ့ဒါက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့် ၉၂၊ သူရိယစန္ဒာအလင်းအားလေ”
အခြားတစ်ယောက်က မျက်မှောင်ကြုတ်ပြီး စိုးရိမ်စွာနှင့် ပြောလိုက်၏။
“စောနက.. ချွမ်ရှင်းယုက ကျုပ်တို့ကို သတိထားမိသွားတာလား မသိဘူး”
“ဟုတ်လောက်တယ်”
ပိန်လှီနေသောလူက အေးစက်စွာ ပြောလိုက်၏။
“တစ်ကယ့် အသေအကြေ တိုက်ကြကြေးဆို.. ငါ မိုရှောင်ဖုန် သူ့ကို ကြောက်နေမှာ မဟုတ်ဘူး.. ကဲ လာ နန်းတော်ထဲကို ဝင်ကြည့်ရအောင်”
မိုရှောင်ဖုန်က သူ့ဂိုဏ်းသားများကို ခေါ်ပြီး နန်းတော်ထဲသို့ ဝင်ရောက်သွား၏။
သိပ်မကြာမီ နောက်ထပ်ကျင့်ကြံသူတစ်အုပ်စုကလည်း ဆင်းသက်လာကြ၏။
သူတို့အုပ်စုက ဆယ်ယောက်ကျော်ပါပြီး ပြင်းပြသောမီးတောက်များဖြင့် ဖုံးအုပ်ထားသည်ဟု ထင်ရသော ရဲရဲတောက်ဝတ်ရုံများကို ဝတ်ဆင်ထားကြ၏။
သူတို့၏ ဝတ်စားဆင်ယင်ပုံနှင့် ဂိုဏ်းတံဆိပ်များအရ.. သူတို့သည် ထျန်ဟွမ်မြောက်ပိုင်း၏ ထိပ်တန်းအဆင့်ဂိုဏ်းများထဲမှတစ်ဂိုဏ်းဖြစ်သော မီးလျှံကိုလံဘတ်တောင်ကြားမှ ဖြစ်ကြလေသည်။
မီးလျှံကိုလံဘတ်တောင်ကြားသည် အင်မော်တယ်ကိုးဂိုဏ်းထဲမှ မဟုတ်သော်လည်း သူတို့၏ ခွန်အားက လျှော့တွက်လို့ မရပေ။
သူတို့၏ ခေါင်းဆောင်က မီးဝင်းဝင်းတောက်နေသော အကြည့်နှင့် အရပ်ရှည်ရှည်အမျိုးသားတစ်ယောက် ဖြစ်လေသည်။ သူကတော့ မီးလျှံကိုလံဘတ်တောင်ကြား၏ အတွင်းစည်းတပည့် ပါရမီရှင် ဝမ့်ယန်ပင် ဖြစ်လေသည်။
“ဟဲဟဲ.. လူလာစည်နေကြတယ်ပေါ့”
ဝမ့်ယန်က ရယ်မောလိုက်၏။
“ကြယ်တာရာလမင်းဂိုဏ်းနဲ့ အရိပ်မဲ့ဂိုဏ်းက ကျင့်ကြံသူတွေတောင် ဒီကို ရောက်လာကြတယ်ဆိုတော့.. အဲ့ဒါလဲ ကောင်းတာပဲ.. ပြီးခဲ့တဲ့ နှစ်တွေမှာ ချွမ်ရှင်းယုနဲ့ မိုရှောင်ဖုန် ဘယ်လောက် တိုးတက်လာလဲ ကြည့်ရသေးတာပေါ့”
ဝမ့်ယန်က ရယ်မောနေရင်းနှင့်ပင် သူ့လူများကို နန်းတော်ထဲသို့ ဦးဆောင်ခေါ်သွား၏။
. . .
နန်းတော်အနက်ပိုင်းထဲတွင်..
ဆူဇီမိုသည် ရွှမ်ယီနှင့် အခြားနှစ်ယောက်ကို ဦးဆောင်ပြီး တားမြစ်နယ်မြေထဲမှာ ဆက်လက်စွန့်စား သွားလာနေကြ၏။
သူတို့ပတ်ဝန်းကျင်ရှိ ဆိုးယုတ်ချီများက ပို၍လေးလံသိပ်သည်းလာပြီး ရွှမ်ယီနှင့် အခြားနှစ်ယောက်သည် အခြေအနေ မကောင်းကြတော့ပေ။
ပတ်ဝန်းကျင်အခြေအနေကြောင့် သူတို့သုံးယောက်၏ ဒဏ်ရာများက သက်သာမလာတော့ပေ။ ထိုသို့ဖြင့် သူတို့၏ မျိုးဆက်သွေးစီးဆင်းမှုက နှေးကွေးလာပြီး သူတို့၏ ခန္ဓာကိုယ်များက အေးစက်လာနေ၏။
သူတို့၏ အခြေအနေကို သတိထားမိလိုက်ပြီး ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
ဒီအတိုင်းသာ ဆက်သွားလျှင် တစ်ရက်မကြာခင်မှာပင် သူတို့သုံးယောက်က အသက်အန္တရာယ် ရှိလာနိုင်လေသည်။
ဆူဇီမိုက ရပ်တန့်ပြီး လေးနက်စွာ ပြောလိုက်၏။
“ခဏလောက် အရင်နားရအောင်.. တမလွန်စစ်သားတွေ အကုန်လုံး လူစုကွဲသွားတာနဲ့ ခင်ဗျားတို့သုံးယောက်ကို ဒီနန်းတော်ထဲကနေ ကျုပ် ထုတ်ပေးမယ်”
သူ၏ အကြားအာရုံနှင့် အမြင်အာရုံက အရမ်းထက်ရှသောကြောင့် တမလွန်စစ်သားများ၏ လှုပ်ရှားမှုကို ကြိုတင်ထောက်လှမ်းပြီး ရှောင်ကွင်းသွားနိုင်လေသည်။
ရွှမ်ယီနှင့် အခြားနှစ်ယောက်သည် ခေါင်းညိတ်လိုက်၏။
ဆူဇီမို မေးလိုက်လေသည်။
“ကပ်ဘေးဖြတ်ကျော်ဆေးလုံးအတွက် လိုအပ်တဲ့ ဆေးပင်တွေက ဘာတွေလဲ.. ခင်ဗျားတို့ကို ပြန်ပို့ပြီးရင် ကျုပ်ရှာကြည့်ရအောင်”
“မိုးနှင်းပန်း၊ ခရမ်းတိမ်လင်ဇီး၊ နှစ်တစ်ထောင်သွေးဂျင်စင်း ပြီးတော့ ချွမ်အမြုတေမြက်” ရွှမ်ယီက ရွတ်ပြလိုက်၏။
ဆူဇီမိုသည် ဆေးပညာမှာ တီးမိခေါက်မိ ရှိထားဖူးသောကြောင့် စိတ်ဝိညာဉ်ဆေးပင်များနှင့် ရင်းနှီးလေသည်။ သူတို့၏ အမည်ကို ကြားလိုက်ရချိန်တွင် သူသည် မျက်ခုံးကို တွန့်လိုက်မိ၏။
ထိုဆေးပင်လေးမျိုးက အရမ်းကို ရှားပါးလွန်းလေသည်။
သူတို့ကို မြင်ရဖို့တောင် အတော်လေး ခဲယဉ်း၏။
ဥပမာအားဖြင့် သွေးဂျင်စင်းသည်ပင်လျှင် သက်ရှိတစ်ကောင်၏ လတ်လတ်ဆတ်ဆတ် အသားများနှင့် ခက်ခက်ခဲခဲ ဒုက္ခသုက္ခခံ၍ ပြုစုပျိုးထောင်ရ၏။ နှစ်တစ်ထောင်သွေးဂျင်စင်းဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
ခဏမျှ စဉ်းစားပြီးနောက် ဆူဇီမို၏ ခေါင်းထဲ အတွေးတစ်ခုက ရောက်လာကာ ပြောလိုက်၏။
“ကျုပ် ဒီကို လာတုန်းက အပျက်အစီးနယ်မြေရဲ့ အလယ်မှာ ဧရာမချောက်ကြီးတစ်ခုကို တွေ့ခဲ့သေးတယ်.. အဲ့ထဲမှာဆို စိတ်ဝိညာဉ်ဆေးပင်တွေ ပေါလောက်တယ်”
“ဟင်း”
လီကျိယွဲ့က ထိတ်လန့်သွားပြီး ပင့်သက်ကိုရှိုက်ကာ ကြောက်လန့်တကြားပုံစံနှင့် ပြောလိုက်၏။
“မ-မသွားနဲ့ အဲ့ကို”
“ဘာလို့လဲ” ဆူဇီမိုက ပြန်မေးလိုက်မိ၏။
လီကျိယွဲ့က တံတွေးမျိုချပြီး ပြန်မေးလိုက်၏။
“အဲ့ဒီဧရာမချောက်နက်ကြီးက ဘာလို့ ဖြစ်လာတာလဲ ခင်ဗျားသိလား”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
လီကျိယွဲ့က ခပ်တိုးတိုး ပြန်ပြောပြလိုက်၏။
“ပြောကြတာတော့ အဲ့ဒီချောက်နက်ကြီးက လွန်ခဲ့တဲ့နှစ်တစ်သောင်းက ကပ်ဆိုးကြောင့် ဖြစ်ပေါ်လာတာတဲ့.. ဘိုးဘေးအဆင့် နတ်နဂါးတစ်ကောင်က မဟာကျောင်းတော်နှစ်ကျောင်းနဲ့ မဟာချွမ်အင်ပါယာက ထိပ်သီးပညာရှင်တွေနဲ့ ကမ္ဘာတုန်လောက်အောင် တိုက်ခိုက်ခဲ့ကြတယ်တဲ့”
“အဲ့တိုက်ပွဲက အရမ်းကို ကြောက်စရာကောင်းပြီးတော့ မြို့တော်လဲ ညတွင်းချင်း ဖျက်ဆီးခံလိုက်ရတယ်တဲ့.. ကျောင်းတော်နှစ်ကျောင်းက စွမ်းအားကြီးခေါင်းဆောင်တွေနဲ့ မရေမတွက်နိုင်တဲ့ ပညာရှင်တွေလဲ အသတ်ခံခဲ့ကြရတယ်တဲ့”
ဆူဇီမိုသည် ထိုကပ်ဆိုးအကြောင်းကို အဆူရာယန်ပေးချန်ထံမှ ကြားခဲ့ဖူးပြီး အသေးစိတ်ကိုတော့ မသိရပေ။
လီကျိယွဲ့၏ စကားမှာ သူ မှင်တက်သွား၏။
ဆူဇီမိုသည် အဲ့ဒါကို သေချာတွေးကြည့်လေ.. ရင်တလျှပ်လျှပ် ဖြစ်လာလေဖြစ်၏။
ခဏမျှ တိတ်ဆိတ်ပြီးနောက် ဆူဇီမိုက မေးလိုက်၏။
“အဲ့ဒီနောက် ဘာဖြစ်သွားလဲ”
လီကျိယွဲ့က ညင်သာစွာ သက်ပြင်းချပြီး ဆက်ပြောလိုက်၏။
“အဲ့တိုက်ပွဲပြီးတဲ့နောက် မဟာချွမ်မြို့တော်က ဖျက်ဆီးခံလိုက်ရပြီးတော့ မဟာအင်ပါယာကြီးကလဲ ပြိုကွဲသွားတယ်.. ပြီးတော့ မဟာကျောင်းတော်နှစ်ကျောင်းကလဲ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကနေ ပျောက်ကွယ်သွားတော့တာပဲ”
“အဲ့ဒီနတ်နဂါးကြီးက အသက်ရှင်သေးလား” ဆူဇီမိုက ထပ်မေးလိုက်၏။
လီကျိယွဲ့က ခေါင်းခါလိုက်၏။
“ပြောကြတာတော့ အဲ့ဒီတိုက်ပွဲကြောင့် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ အခြားထိပ်သီးဂိုဏ်းကြီးတွေလဲ ထိတ်လန့်သွားကြပြီးတော့ ဧကရာဇ်တစ်ပါးမက ရှေ့ထွက်လာကြတယ်တဲ့.. နောက်ဆုံးတော့ ဧကရာဇ်အချို့ ပူးပေါင်းပြီးတော့ နတ်နဂါးကြီးကိုသတ်ပြီး အဲ့ဒီချောက်ကြီးထဲမှာ မြှုပ်လိုက်ကြတယ်တဲ့.. သူ့ကိုသတ်ဖို့အတွက် ဧကရာဇ်တချိုု့တောင် ကျရှုံးသွားကြရသေးတယ်တဲ့”
သူပြန်ပြောပြနေစဉ်မှာပင် သွေးရနံ့ပါသော လေများက တိုက်ခတ်လာ၏။
လေထုက အလွန်တရာ ဖိနှိမ်အားကောင်းလာ၏။
လီကျိယွမ်သည် တိုးတိုး ပြောလိုက်၏။
“ချောက်ကြီးရဲ့နာမည်က နဂါးသင်္ချိုင်းတောင်ကြားတဲ့.. လွန်ခဲ့တဲ့နှစ်တစ်သောင်းက အဲ့ဒီနတ်နဂါးကြီးကို ဧကရာဇ်တွေ၊ မျိုးနွယ်စုခေါင်းဆောင်တွေရဲ့ အသက်သွေးနဲ့ ရင်းပြီး မြှုပ်ခဲ့ရတာ.. အဲ့ဒါက အရမ်းကို နတ်ကြီးတဲ့နေရာပဲ”
“ကောလာဟလတွေအရတော့.. အဲ့ထဲကို ဝင်သွားတဲ့ ဓမ္မဝိသေသတွေနဲ့ ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တွေတောင် အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ကြဘူးတဲ့”
ထိုသို့ ပြောပြီးသည်နှင့် အနိဋ္ဌာရုံဆန်သော လေများက ထပ်မံတိုက်ခတ်လာ၏။
ချက်ချင်းပင်.. လီကျိယွမ်၏ မျက်နှာက ကြောက်လန့်တကြား ဖြူလျော့သွားပြီး တသိမ့်သိမ့်တုန်သွားကာ ကံဆိုးမိုးမှောင်ကျတာ တစ်ခုခု ဖြစ်လာမှာ စိုးသောကြောင့် ဘာမှ ဆက်မပြောရဲတော့ပေ။