စတုရန်းကြေးမီးဖို
Vol. 35 Ch. 518
ဆူဇီမိုသည် ဆိတ်ဆိတ်နေ၏။
နဂါးသင်္ချိုင်းတောင်ကြားဟု ပြောချိန်တွင် သူပင်လျှင် ကျောချမ်းလာလေသည်။
အမှောင်ထုထဲမှနေ၍ မျက်လုံးတစ်စုံက သူတို့ကို စောင့်ကြည့်နေသည့်အလား သူတို့၏ ခေါင်းမွေးများက ထောင်ထလာ၏။
ဆူဇီမိုသည် သူ့ခေါင်းကို တွန့်ပြီး သူ့ကိုယ်သူ ဣန္ဒြေဆယ်လိုက်၏။
အဲ့ဒီနေရာမှာ မရေမတွက်နိုင်သော အန္တရာယ်များက စောင့်ကြိုနေပေလိမ့်မည်။ ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပင်လျှင် အသက်ရှင်လျက် ပြန်ထွက်မလာနိုင်သော နေရာက သူတို့ရွှေအမြုတေတစ်ယောက်အတွက် အန္တရာယ်များလွန်းသည်မှာ သေချာလေသည်။
သို့သော်လည်း မိုးနှင်းပန်း၊ ခရမ်းတိမ်လင်ဇီး၊ နှစ်တစ်ထောင်သွေးဂျင်စင်းနှင့် ချွမ်အမြုတေမြက်တို့က အလွန်တရာ ရှားပါးလှသည့် စိတ်ဝိညာဉ်ဆေးပင်များဖြစ်သည့်အတွက် သူဘယ်နေရာမှာ သွားရှာရပါမည်လဲ။
ဖိုသီဖတ်သီအဖိုးအိုအတွက် ကပ်ဘေးဖြတ်ကျော်ဆေးလုံးက အရမ်းကို အသည်းအသန် လိုအပ်နေလေသည်။
ဆူဇီမိုသည် အလေးအနက်တွေးတောရင်း.. လျှောက်လှမ်းနေ၏။
သိပ်မကြာမီ တစ်ခုခုကို ခုလုတ်တိုက်မိလိုက်သည့်အလား နာကျင်မှုကို သူခံစားလိုက်ရ၏။
သူသည် အဲ့ဒါကို အရေးလုပ်မနေဘဲ ဆက်လျှောက်လိုက်၏။ ခဏနေပြီးနောက် သူစတင်၍ သိချင်လာ၏။
သူ၏ အတွင်းအမြုတေကို လှည့်ပတ်ခြင်း သို့မဟုတ် သူ့သွေးချီကို ထုတ်ဖော်ခြင်း မရှိလျှင်တောင် သူ့ခန္ဓာကိုယ်က တော်တန်ရုံလက်နက်များကို ခုခံဖို့ လုံလောက်အောင် မာကြောလေသည်။
သူ့ကို နာကျင်စေသည့်အရာက ဘာပါလိမ့်..
ရတနာတစ်ခုများလား..
လွန်ခဲ့သည့်နှစ်တစ်သောင်းက မြို့တော်တစ်ခုသည် မဟာကျောင်းတော်နှစ်ကျောင်းနှင့်အတူ ညတွင်းချင်း ဖျက်ဆီးခံခဲ့ရ၏။ အပျက်အစီးနေရာမှာ မရေမတွက်နိုင်သော ရတနာများလည်း မြှုပ်နှံခံခဲ့ရ၏။
သို့သော်လည်း ဆူဇီမိုသည် လမ်းတစ်လျှောက် ဘာကိုမှ ရှာမတွေ့ခဲ့ပေ။
နန်းတော်၏ တားမြစ်နေရာက အလွန်တရာ ထူးခြားသည့်အတွက် အထဲမှာ မြှုပ်နှံထားသည့် ရတနာများ ရှိနေဖို့ အတော်လေး အခွင့်များလေသည်။
ဆူဇီမိုသည် နောက်ပြန်လှည့်၍ ခြေဆယ်လှမ်းကျော်လျှောက်ပြီးမှ ရပ်တန့်ကာ သူ့ခြေထောက်အောက်က မြေပြင်ကို စိုက်ကြည့်လိုက်၏။
ကျောက်ချပ်ကြီး၏ အောက်မှ.. ခပ်ထိုင်းထိုင်းအရောင်နှင့် သတ္တုစတစ်ခုက ပြူထွက်နေ၏။
ဆူဇီမိုသည် မျက်မှောင်ကြုတ်၍ သူ့ဝတ်ရုံစကို ဝေ့ရမ်းကာ ကျောက်ချပ်ပတ်လည်ကို ရှင်းလင်းလိုက်၏။ သတ္တုစက ပို၍ ထင်ပေါ်လာပြီး ကြည့်ရသည်မှာ ပစ္စည်းတစ်ခု၏ လက်ကိုင်နှင့် တူလေသည်။
ဆူဇီမိုသည် ထိုလက်ကိုင်ကို ဆုပ်ကိုင်၍ ၎င်းကို အပြင်ဘက်သို့ ဆွဲလိုက်၏။
“ဟမ့်”
ဆူဇီမို၏ အမူအယာက အနည်းငယ် ပြောင်းလဲသွား၏။
အပျက်အစီးပုံကြားမှာ မြှုပ်နေသော ဘာမှန်းမသိရသည့် ထိုပစ္စည်းက လှုပ်သည်ဆိုရုံမျှသာ ရှိလေသည်။
ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး ထိုသတ္တုစကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။ သူ့မျိုးဆက်သွေးက ရုန်းကြွလာပြီး သူ့တစ်ကိုယ်လုံးရှိ ခွန်အားကို စိုက်ထုတ်ကာ ခပ်အုပ်အုပ်အသံထွက်၍ အပေါ်သို့ ဆောင့်ဆွဲလိုက်၏။
ဘုန်း.. ဝုန်း.. ဝုန်း..
မြေပြင်က ပြင်းထန်စွာ တုန်ခါလာ၏။
ကြီးမားသည့်ပစ္စည်းကြီးတစ်ခုက မြေကြီးထဲကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။
အဲ့ဒါက ကြေးညိုမီးဖိုကြီးတစ်ခု ဖြစ်လေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် မီးဖိုများက လျှို့ဝှက်အဆန်းကြယ်ဆုံးပစ္စည်းများ ဖြစ်လေသည်။
ကျင့်ကြံရေးလောကတွင် မီးဖိုများ၊ ဒယ်စောက်များ၊ စေတီများနှင့် ခေါင်းလောင်းများသည် ထိန်းချုပ်ဖို့ အခက်ခဲဆုံး လက်နက်များဖြစ်ပြီး ထက်ရှမှု မရှိကြပေ။ ထိုလက်နက်လေးမျိုးကို အသုံးပြုနိုင်သည့် မည်သည့်ကျင့်ကြံသူကိုမဆို သွားရှုပ်လို့ မရပေ။
ထိုလက်နက်လေးမျိုးမှာ တူညီသော သွင်ပြင်တစ်ခု ရှိ၏။
သူတို့အားလုံးက အထဲမှာ နေရာလွတ်တစ်ခု ရှိနေတာပင်။
သူတို့က သက်ရှိများ သို့မဟုတ် အခြားလက်နက်များကို ချုပ်နှောင်ပိတ်ဆို့ထားနိုင်လေသည်။
ကျင့်ကြံရေးလောကတွင် ဆေးမီးဖိုအများစုက ခြေထောက်သုံးချောင်းနှင့် လုံးဝိုင်းသော ပုံသဏ္ဌာန် ရှိကြ၏။
ခြေထောက်သုံးချောင်း၊ လက်ကိုင်နှစ်ဖက်နှင့် အခြေတစ်ခု။
ယခုသူ့ရှေ့က မီးဖိုကတော့ ခြေထောက်လေးချောင်းနှင့် စတုရန်းပုံစံမီးဖိုတစ်ခု ဖြစ်လေသည်။
ကြေးညိုရောင်စတုန်းပုံစံမီးဖိုက တစ်မီတာ(သုံးပေကျော်ကျော်) ရှည်လေသည်။ ဆူဇီမိုရှေ့တွင် ထောင်ထားသောအခါ အဲ့ဒါက ရှေးကျသည့်အော်ရာတစ်မျိုးကို ထုတ်ပေးနေ၏။ တစ်ချက်ကြည့်ရုံနှင့်ပင် အဲ့ဒါက သာမန်ပစ္စည်းတစ်ခု မဟုတ်ဆိုတာကို ပြောနိုင်လေသည်။
ကံမကောင်းစွာနှင့်ပင် စတုန်းရန်းကြေးမီးဖိုကြီးက အက်ကွဲကြောင်းများနှင့် ပြည့်နှက်နေပြီး အရောင်မထွက်တော့ဘဲ မှိန်ကျနေ၏။ အဲ့ဒါက တစ်စုံတစ်ရာ၏ ဖျက်ဆီးခြင်းကို ခံထားရသလိုပင်။
“နှမြောဖို့ ကောင်းလိုက်တာကွာ”
ရွှမ်ယီက သက်ပြင်းချပြီး ခေါင်းခါလိုက်၏။
“ဒီကြေးမီးဖိုကြီးက တစ်ချိန်တုန်းက အံ့မခန်းလက်နက်တစ်ခု ဖြစ်ခဲ့မှာဆိုတာ ငါအာမခံရဲတယ်.. ဒါပေမယ့် အဲ့ဒါက မူလစိတ်ဝိညာဉ်လက်နက်တစ်ခုဆိုရင်တောင် အခုတော့လဲ ဘာမှသုံးစားမရတဲ့ အခြေအနေကို ရောက်သွားပြီ”
ဆူဇီမို၏ သိုလှောင်အိတ်ထဲမှာ ပျက်စီးနေသော မူလစိတ်ဝိညာဉ်လက်နက်နှစ်ခု ရှိ၏။
ဥပမာအားဖြင့် ဆန်းကြယ်ရွှေပိုးချပ်ဝတ်၏ စိတ်ဝိညာဉ်အင်းကွက်များက ပျက်ပြယ်၍ ဖျက်ဆီးခံထားရသော်လည်း ချပ်ဝတ်ကိုယ်တိုင်က ကောင်းမွန်သေးပြီး အဲ့ဒီမှာ ကျိုးပဲ့နေသော မူလစိတ်ဝိညာဉ်အင်းကွက်တစ်ခုတောင် ကျန်ရှိနေသေး၏။
သူတို့ရှေ့မှ စတုရန်းကြေးမီးဖိုကတော့ အကုန်လုံးနီးပါး ပျက်စီးယိုယွင်းနေပြီး အဲ့ဒါကို ပြန်ပြင်ဖို့တောင် မည်သို့မှ မဖြစ်နိုင်တော့ပေ။
အနည်းငယ် ထိခိုက်မိရုံနှင့်ပင် ဤစတုရန်းကြေးမီးဖိုကို ပျက်စီးသွားစေနိုင်ပြီး သုံးစားမရသော သတ္တုအပိုင်းအစများ ဖြစ်သွားနိုင်လေသည်။
ဆူဇီမိုက သူ့ကိုယ်သူ အပြစ်တင်သည့်ဟန်ဖြင့် ပြုံးပြီး ရေရွတ်လိုက်၏။
“ငါ အများကြီး တွေးနေတာပဲ.. အခုဆို နှစ်တစ်သောင်းတောင် ရှိသွားပြီ.. ဒီနေရာမှာ မဟာရတနာတွေ ရှိခဲ့ရင်တောင် သူများတွေ ယူသွားလို့ ကုန်ရောပေါ့.. ငါ့အတွက် ဘာများ ကျန်ခဲ့နိုင်ဦးမှာလဲ”
သူသည် လှည့်ထွက်တော့မည့်ဆဲဆဲမှာပင် မျက်မှောင်ကြုတ်ပြီး သူ့ရှေ့က စတုရန်းကြေးမီးဖိုကြီးကို ကြည့်လိုက်၏။ သူက အတွေးနက်သွားသည့်ဟန်ဖြင့် သူ့အကြည့်က တလက်လက်ထလာ၏။
ခဏနေပြီးနောက် သူက ရုတ်တရက် အသက်ပြင်းပြင်းရှိုက်၍ သူ့မျိုးဆက်သွေးကို လှည့်ပတ်ကာ ကြေးမီးဖိုကြီးကို ပြင်းထန်စွာ ထိုးချလိုက်၏။
ချွမ်း..
လက်သီးနှင့် မီးဖိုက ရိုက်ခတ်ထိတွေ့သွား၏။
ခပ်ထိုင်းထိုင်းအသံက ထွက်မလာဘဲ ထို့အစား သတ္တုသံက အဆက်မပြတ် မြည်ဟည်းသွား၏။
စတုန်းရန်းကြေးမီးဖိုက လုံးဝ မချိုင့်သွားပေ။
ဆူဇီမိုသည် ထိုတိုက်ခိုက်မှု၌ လုံးဝထိန်ချန်မထားပေ။
အဲ့ဒါက ပြီးပြည့်စုံသော သာလွန်အဆင့်လက်နက်တစ်ခု ဖြစ်ခဲ့လျှင်တောင် အပိုင်းပိုင်း ကျိုးပဲ့သွားပေလိမ့်မည်။
ဆူဇီမိုက မှင်သေသေနှင့်ပင် သူ့သိုလှောင်အိတ်ထဲကနေ ရစ်ခွေနဂါးချိတ်စည်းကို ဆွဲထုတ်လိုက်၏။
သူ့သဘောကတော့ ရှင်းလေသည်။
စတုရန်းကြေးမီးဖိုကို သူစမ်းသပ်ကြည့်ရပေမည်။
ဒါ့အပြင် အဲ့ဒါကို သူက မူလစိတ်ဝိညာဉ်လက်နက်တစ်ခုနှင့် စမ်းသပ်မှာဖြစ်၏။
ဘယ်လိုပဲဖြစ်ဖြစ် စတုရန်းကြေးမီးဖိုက အလွန်တရာ ချုံးချုံးကျ၍ သုံးစားမရ ဖြစ်နေပြီဖြစ်၏။ အဲ့ဒါက ပျက်စီးသွားလျှင်တောင် ဘာမှ နှမြောနေစရာ မရှိပေ။
သို့သော်လည်း ရစ်ခွေနဂါးချိတ်စည်းက အဲ့ဒါကို မဖျက်ဆီးနိုင်ဘူးဆိုလျှင်တော့...
ဆူဇီမိုသည် ရစ်ခွေနဂါးချိတ်စည်းကို မြှောက်၍ သူ့ရွှေအမြုတေကို လှည့်ပတ်ကာ သူ့လက်ချောင်းထိပ်မှ စိတ်ဝိညာဉ်စွမ်းအင်စီးကြောင်းတစ်ခုကို ရစ်ခွေနဂါးချိတ်စည်းထဲသို့ ပို့လွှတ်လိုက်၏။
ရစ်ခွေနဂါးချိတ်စည်းက တောက်ပစွာ လင်းလက်လာ၏။
စိတ်ဝိညာဉ်အင်းကွက်ခြောက်ခုက တလက်လက်တောက်ပလာပြီး ရွှေရောင်အလင်းများကို ထုတ်ပေးကာ ခြစ်ခြစ်တောက်ပူနေသော နေတစ်စင်းနှင့် တူနေ၏။
အခြေတည်အဆင့်မှာတုန်းက ဆူဇီမိုသည် မူလစိတ်ဝိညာဉ်လက်နက်၏ စွမ်းအားအပြည့်ကို မထုတ်ဖော်နိုင်ခဲ့ပေ။
သို့သော်ယခု သူ၏ ရွှေအမြုတေအဆင့်စွမ်းအားကို ရစ်ခွေနဂါးချိတ်စည်းထဲသို့ ပို့လွှတ်လိုက်သောအခါ ပြောင်းလဲမှုတစ်ခုက ပေါ်လာ၏။
ချိတ်စည်း၏ မျက်နှာပြင်ပေါ်တွင် ပုံဖော်ထားသော နတ်နဂါးသည် အသက်ဝင်လာပြီး အဆုံးမဲ့ရွှေရောင်အလင်းများကို ထုတ်၍ ကောင်းကင်ထက်သို့ ရူးမူးစွာ ဟိန်းဟောက်လိုက်၏။
တစ်ချိန်တည်းမှာပင်..
ကြယ်တာရာလမင်းဂိုဏ်း၊ အရိပ်မဲ့ဂိုဏ်းနှင့် မီးလျှံကိုလံဘတ်တောင်ကြားမှ ကျင့်ကြံသူများသည် နန်းတော်ထဲသို့ ဝင်ရောက်လာကာစဖြစ်ပြီး နန်းတော်၏ အနက်ပိုင်းထဲမှ ဖြာထွက်လာသော စွမ်းအင်လှိုင်းများကို ခံစားမိလိုက်ကြ၏။
သူတို့ လှမ်းမျှော်ကြည့်လိုက်သောအခါ ညအမှောင်ထဲတွင် ရွှေရောင်အလင်းအချို့ကို ခပ်ဝါးဝါး လှမ်းမြင်လိုက်ကြရ၏။
ချွမ်ရှင်းယုက လေထဲသို့ ပျံတက်လိုက်ပြီး ရွှေရောင်အလင်းထွက်ပေါ်လာရာဘက်သို့ အာရုံစိုက်၍ ငေးကြည့်လိုက်၏။ သူ့မျက်လုံးက ဝင်းလက်သွားပြီး ဟက်ကနဲ ရယ်လိုက်၏။
“တစ်ကယ်ပဲ မဟာရတနာတစ်ခုက ပေါ်လာတာကိုးဟ.. အဲ့ဒါကိုသာ ရရင် နောက်နှစ် ၂၀၊ ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ ငါက သေချာပေါက် အဆင့်တစ်ရာတွင်းကို ဝင်မှာပဲ”
“အဲ့ဒါက မူလစိတ်ဝိညာဉ်လက်နက်ဟ”
အမှောင်ထုထဲတွင် အရိပ်မဲ့ဂိုဏ်း၏ မိုရှောင်ဖုန်သည် ရပ်တန့်သွားပြီး သူ့အကြည့်က တောက်လောင်လာ၏။
မီးလျှံကိုလံဘတ်တောင်ကြား၏ ဝမ့်ယန်သည် ခေါင်းကိုမော့၍ ရယ်ချလိုက်၏။ သူက သူ့ကိုယ်သူ ဆက်လက်ကွယ်ဝှက်မနေတော့ဘဲ လေထဲသို့ ခုန်တက်ကာ ကြယ်တာရာလမင်းဂိုဏ်းနှင့် အရိပ်မဲ့ဂိုဏ်းရှိရာဘက်သို့ ပြင်းပြစွာကြည့်၍ လှမ်းအော်လိုက်၏။
“အဲ့ဒီမူလစိတ်ဝိညာဉ်လက်နက်က ငါ့အပိုင်ကွနော်”
“အသန်မာဆုံးသူကပဲ အဲ့ဒီရတနာကို ရယူနိုင်လိမ့်မယ်”
ချွမ်ရှင်းယုသည် လှောင်ရယ်၍ နန်းတော်အနက်ပိုင်းထဲသို့ လျှစ်ကနဲ ပြေးဝင်ချသွား၏။
အရိပ်မဲ့ဂိုဏ်းနှင့် မီးလျှံကိုလံဘတ်တောင်ကြားမှ များစွာသော ကျင့်ကြံသူများသည်လည်း လှုပ်ရှားလိုက်ကြလေသည်။