မြေအောက်အနက်ထဲတွင်
Vol. 35 Ch. 520
“ကျုပ်ကြားဖူးတာတော့ ဟင်္သပဒါးသစ်သီးက တစ်ခုလုံး နီရဲနေတာတဲ့.. အခု ဒီအသီးက ဘာလို့ အစိမ်းရောင်သန်းနေတာလဲ” လီကျိယွဲ့က သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
“အဲ့ဒါက မမှည့်သေးလို့ပေါ့”
ဆူဇီမိုက ပြန်ဖြေလိုက်၏။
“ကြည့်ရတာတော့ အဲ့ဒါက နောက်တစ်လလောက်ဆို မှည့်တော့မယ် ထင်တာပဲ”
မမှည့်သေးခင်ဆို.. ဟင်္သပဒါးသစ်သီးက မဟာအားတိုးဆေးတစ်ခု မဖြစ်မည့်အပြင် ပြင်းထန်စွာပင် အဆိပ်သင့်စေနိုင်လေသည်။
သာမန်သက်ရှိများက ၎င်းအနားသို့ ချဉ်းကပ်သွားလျှင် ဟင်္သပဒါးသစ်သီးမှ ထုတ်လွှတ်သော အော်ရာက သူတို့၏ စိတ်အာရုံပေါ် သက်ရောက်မှု ရှိစေမည်ဖြစ်ပြီး သူတိုသည့် စိတ်လွတ်ကာ ထင်ယောင်ထင်မှားအခြေအနေသို့ နက်ရှိုင်းစွာ ကျရောက်သွားနိုင်လေသည်။
ဤကဲ့သို့သော စိတ်ဝိညာဉ်ပစ္စည်းအများစုက သူတို့ကိုယ်သူတို့ အလိုအလျောက် ကာကွယ်နိုင်စွမ်းကို ပိုင်ဆိုင်ကြလေသည်။
ဤနေရာက အရမ်းကို ထူးခြားလျှို့ဝှက်၍ ပုံမှန်အားဖြင့် ကျူးကျော်ဝင်ရောက်သူများ မရှိပေ။
မဟုတ်ပါက စိတ်ဝိညာဉ်ပစ္စည်းများ၏ ဝန်းကျင်တွင် အလောင်းများက ပုံထပ်နေတတ်လေသည်။
ဟင်္သပဒါးသစ်သီးကို မှည့်သွားမှသာ ခူးယူရပေမည်။
ဒါ့အပြင် မှည့်ပြီးတစ်ရက်အတွင်း မခူးပါကလည်း ၎င်းက သူ့ဘာသာသူ ကြွေကျသွားမည် ဖြစ်လေသည်။
ဟင်္သပဒါးသစ်သီးက မြေကြီးနှင့် ထိတွေ့မိသည်နှင့် အသီးထဲတွင် သိုလှောင်ထားသော စွမ်းအင်များအားလုံးက မြေကြီးထဲသို့ ပြန်လည်စီးဝင်သွားမည်ဖြစ်ပြီး အဲ့ဒါက လုံးဝ အလဟဿ ဖြစ်သွားပေလိမ့်မည်။
ဆူဇီမိုက စဉ်းစားပြီး ပြောလိုက်၏။
“ဟင်္သပဒါးသစ်သီးရဲ့ အပြင်ဘက်ပတ်လည်က စိတ်ဝိညာဉ်ဆေးပင်တွေ အကုန်လုံးကို တူးယူလိုက်ကြ.. ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဟင်္သပဒါးသစ်သီးအနားကို လုံးဝ မကပ်ကြနဲ့”
“လောစရာ မလိုသေးပါဘူး.. ဒီနေရာမှာ စိတ်ဝိညာဉ်ချီက ပေါများပြီးတော့ ဆေးရနံ့ကလဲ ကြွယ်ဝနေတာပဲ.. အဲ့အခွင့်အရေးကို ငါတို့ အသုံးချလိုက်ရအောင်.. ဒီနေရာမှာ ခဏတဖြုတ် ကျင့်ကြံလိုက်ရရင် ငါတို့ရဲ့ ဒဏ်ရာတွေကလဲ သိပ်မကြာခင် ပျောက်သွားကြမှာပဲ” လီကျိယွဲ့က အတည်အတံ့ ပြောလိုက်၏။
ရွှမ်ယီနှင့် လျှိုဟွေ့သည်လည်း ခေါင်းညိတ်လိုက်၏။
ဆူဇီမိုသည် မျက်မှောင် မသိမသာကြုတ်၍ ဘာမှ ထပ်မပြောတော့ပေ။
အခုနေ အလုပ်သင့်ဆုံးအရာမှာ ဒီနေရာမှာ ရှိသမျှ ဆေးပင်များကို တူးယူပြီး တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာဖို့ပင်။
မဟာချွမ်အပျက်အစီးနယ်မြေက ရင်းနှီးဖော်ရွေသော နေရာတစ်ခု မဟုတ်ပေ။
အန္တရာယ်များက အပျက်အစီးနယ်မြေတစ်ခုတည်းမှ လာသည်မဟုတ်ဘဲ.. အခြားကျင့်ကြံသူများထံမှလည်း လာတတ်လေသည်။
အခြားကျင့်ကြံသူများ ဝင်ရောက်လာပြီး ဤဆေးခင်းကြီးကို မြင်တွေ့သွားမည်ဆိုလျှင် သွေးလွှမ်းတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ရွှမ်ယီနှင့် အခြားနှစ်ယောက်သည် အားအင်ဖြည့်ဖို့အတွက် တင်ပျဉ်ခွေပုံစံနှင့်ပင် နေရာယူနေကြပြီကို တွေ့သောအခါ ဆူဇီမိုလည်း ထပ်ပြီး မတိုက်တွန်းတော့ပေ။
ထိုအချိန်၌ သူ့စိတ်ထဲမှာ သံသယနှစ်ခု ရှိနေ၏။
ပထမတစ်ချက်.. ဤလောကစိတ်ဝိညာဉ်ပစ္စည်း(ဟင်္သပဒါးသစ်သီး)၏ ဝန်းကျင်မှာ ၎င်းကို စောင့်ရှောက်နေသည့် ကြမ်းကြုတ်တောကောင်များ ရှိသင့်လေသည်။
ကြမ်းကြုတ်တောကောင် တစ်ကောင်ကောင်သာ ပုန်းကွယ်နေမည်ဆိုလျှင် သူ၏ အာရုံခံ ထောက်လှမ်းမှုကနေ လွတ်မြောက်လိမ့်မည် မဟုတ်ဟု ဆူဇီမို ယုံကြည်၏။
သို့သော် အခုအချိန်ထိ သူသည် မည်သည့်ကြမ်းကြုတ်တောကောင်၏ အရိပ်အယောင်ကိုမှ မမြင်တွေ့ရပေ။
အဲ့ဒါက အရမ်းထူးဆန်း၏။
ဒုတိယတစ်ချက်.. ဟင်္သပဒါးသစ်သီးအပြင် အဲ့ဒီမှာ သွေးနီရောင်မီးတောက်ဝါး၊ သွေးနီရောင်လမြက်နှင့် သွေးနီရောင်မီးတောက်သစ်သီးတို့လည်း ရှိနေ၏။
မီးတောက်စွမ်းအားရှိသော စိတ်ဝိညာဉ်ဆေးပင်များစွာသည် ဤနေရာ၌ ပေါများစွာ ရှိနေရခြင်းမှာ တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ပေ။
မဟာချွမ်အပျက်အစီးနယ်မြေ၌ မူလစိတ်ဝိညာဉ်မီးတောက်ရှိသည်ဟူသော ကောလာဟလမှာ အမှန်ဖြစ်နေဖို့ အတော်လေး အခွင့်များလေသည်။
ဆေးခင်း၏ ဘေးပတ်လည်တွင် ကြည်လင်သော စိတ်ဝိညာဉ်စမ်းတစ်ခုရှိပြီး အဲ့ဒါက ကြွယ်ဝသော စိတ်ဝိညာဉ်ချီများကို ထုတ်ပေးကာ စိတ်ဝိညာဉ်ဆေးခင်းကို အဆက်မပြတ် အားဖြည့်ပေးနေ၏။
ဆူဇီမိုသည် စိတ်ဝိညာဉ်စမ်းတစ်လျှောက် လှည့်ပတ်လျှောက်သွားရင်း နန်းတော်၏ အနက်ပိုင်းထဲသို့ ဝင်ရောက်လာ၏။
ပေတစ်ထောင်လောက် လျှောက်ပြီးနောက် သူသည် စိတ်ဝိညာဉ်စမ်း၏ ပါးစပ်ဝသို့ ရောက်ရှိလာ၏။
စိတ်ဝိညာဉ်စမ်း၏ ပါးစပ်ဝတွင် စိတ်ဝိညာဉ်ရေများဖြင့် တကြုတ်ကြုတ် စီးဆင်းနေသော ဧရာမရေကန်ကြီးတစ်ကန် ရှိပြီး အဲ့ဒါက နှစ်တစ်သောင်းကြာအောင် အဆက်မပြတ် စီးဆင်းနေခဲ့၏။
ဤရေကန်ကြီးကို ရေချိုးဖို့အတွက် ဖန်တီးခဲ့ပုံရ၏။ ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားပြီး အဲ့ဒါက ငါးမီတာကျော်ရှည်ကာ နှစ်မီတာနက်လေသည်။
ငါးများ၊ နဂါးများ၊ ပန်းများနှင့် ငှက်များ၏ လှပကြော့ရှင်းသော ရုပ်ပုံများကို ရေကန်၏ နံရံပတ်လည်တွင် ခပ်နှိပ်ခြယ်မှုန်းထားလေသည်။
ကျောက်စိမ်း၏ ရောင်ပြန်ဟပ်မှုတွင်.. ကြည်လင်သော စမ်းရေများက တလက်လက်နှင့် တောက်ပနေပြီး နံရံပေါ်ရှိ ငါး၊ နဂါး၊ ပန်းနှင့် ငှက်တို့က အသက်ရှိနေသယောင် ထင်ရလေသည်။
ရေကန်၏ အလယ်တွင် ကြီးထွားရင့်သန်နေသော တောင်ဝှေးပင်တစ်ပင် ရှိနေ၏။
ထိုအပင်မှတစ်ဆင့် စမ်းရေများက ပန်းထွက်လာပြီး မြူခိုးမှုန်များကို ဖြစ်ပေါ်နေစေ၏။
ရေကန်နှင့် ဆေးခင်း၏ ပိုင်ရှင်က အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပုံရပြီး မဟာချွမ်အင်ပါယာတွင် သူမ၏ အဆင့်အတန်းကလည်း အတော်လေး မြင့်မားပုံရလေသည်။
ဆူဇီမိုသည် ရေကန်ထဲသို့ လက်နှစ်၍ တောက်လိုက်ပြီးနောက် သူ၏ မျက်လုံးက ဝင်းလက်သွား၏။
သူထင်သည့်အတိုင်းပင်။
စိတ်ဝိညာဉ်စမ်းက ပူနွေးနေ၏။
ဤနန်းတော်၏ အောက်ခြေအနက်ပိုင်းထဲတွင် စွမ်းအားကြီးမားသော မီးစွမ်းအင်အရင်းအမြစ်တစ်ခု ရှိနေရပေမည်။
ပူနွေးသောစမ်းတစ်ဝိုက်မှာ လှည့်ပတ်လျှောက်သွားရင်း.. ဆူဇီမိုသည် တစ်ခုခုကို တွေ့လို့တွေ့ငြား ထက်ရှသောအကြည့်ဖြင့် ထောက်လှမ်းရှာဖွေနေ၏။
သီအိုရီအရဆို.. ဤစမ်း၏ ဝန်းကျင်မှာ မြေအောက်သို့ ခေါ်ဆောင်သွားပေးမည့် ဝင်ပေါက်တစ်ခု ရှိသင့်လေသည်။
သို့သော်လည်း အကြိမ်အနည်းငယ် လှည့်ပတ်ပြီးတာတောင် ဆူဇီမိုသည် ဘာကိုမှ ရှာမတွေ့နိုင်ပေ။
ခဏကြာပြီးနောက် သူသည် ရုတ်တရက် ရပ်တန့်၍ ရေကန်၏ နံရံပေါ်ရှိ နတ်နဂါးရုပ်ကို သေချာစွာ စိုက်ကြည့်လိုက်၏။
ထိုနတ်နဂါးက ဘာမှ လွဲချော်နေတာ မရှိပေ။ အဲ့ဒါက အသက်ဝင်ပြီး ၎င်း၏ လက်သည်း၊ ကြေးခွံနှင့် နှုတ်ခမ်းမွေးတို့က အစစ်အမှန်ဆန်လွန်း၏။ သို့သော်လည်း ၎င်း၏ မျက်လုံးတစ်ဖက်ကတော့ လွဲချော်နေ၏။
ပုံဖော်ရေးဆွဲတဲ့နေရာမှာ အမှားတစ်ခု ဖြစ်သွားတာလား..
ဒါမှမဟုတ် နှစ်တစ်သောင်းတောင် ကြာခဲ့ပြီဆိုတော့ အချိန်ကာလရဲ့ တိုက်စားမှုကြောင့် အဲ့ဒါက ပျက်သွားတာများလား..
ဆူဇီမိုသည် ခေါင်းခါလိုက်၏။
ထိုခန့်မှန်းချက်နှစ်ခုစလုံး၏ ဖြစ်နိုင်ချေက အရမ်းနည်း၏။
မင်းနဂါးပုံဆွဲတဲ့အခါ.. မျက်လုံးနေရာကို အစက်ချပါ..
ဆူဇီမို၏ စိတ်ထဲတွင် ထိုစကားလုံးများက ပေါ်လာပြီး တီးတိုးရေရွတ်လိုက်၏။
“မျက်လုံးနေရာကို အစက်ချ.. မျက်လုံးနေရာကို အစက်ချ...”
သူသည် ရှေ့တက်သွားပြီး လွဲမှားနေသော နဂါး၏ မျက်လုံးနေရာကို လက်ဖြင့် ဖိချလိုက်၏။
သူ့အောက်က ရွေ့လျားမှုကို အာရုံခံမိလိုက်သည့်အတွက် ဆူဇီမိုသည် လေထဲသို့ ကပျာကယာ ခုန်တက်လိုက်၏။
သူရပ်ခဲ့သောနေရာရှိ ကျောက်ချပ်နှစ်ချပ်က ဘေးနှစ်ဖက်သို့ ခွဲ၍လျှောထိုးသွားပြီး အောက်သို့ဆင်းသော ကျောက်လှေကားတစ်ခုကို ပေါ်လာစေ၏။
ဆူဇီမိုသည် စိတ်ထဲကနေ ချီးကျူးလိုက်၏။
ဤအဆောက်အဦက နတ်ဘုရားလက်ရာတစ်ခုဟု သတ်မှတ်လို့ ရလေသည်။ နှစ်တစ်သောင်းကြာပြီးတာတောင် စက်ယန္တရားများက အိုဟောင်းမသွားဘဲ လုပ်ဆောင်ချက်များက ပုံမှန်အတိုင်း ရှိနေသေး၏။
ဝင်ပေါက်ဝမှာ အနံ့ခံကြည့်ပြီးနောက် ဆူဇီမို၏ မျက်လုံးများက အေးစက်စက်အလင်းဖြင့် တောက်ပသွား၏။
အပြင်ဘက်သို့ ရုန်းကန်ထွက်လာသော နွေးထွေးသည့် လေစီးကြောင်းများထဲမှ မပီမသ သားရဲချီအနံ့ကို သူအာရုံခံမိလိုက်၏။
ဤနေရာကို စောင့်ရှောက်နေသည့် ကြမ်းကြုတ်သားရဲက ဤနေရာ၏ အနက်ပိုင်းထဲမှာ ပုန်းကွယ်နေတာ ဖြစ်လေသည်။
အောက်ခြေမှာ မူလစိတ်ဝိညာဉ်မီးတောက်တစ်ခု ရှိနေတာ ဖြစ်နိုင်သည့်အတွက်.. အန္တရာယ်များတယ်ဆိုတာ သိနေတာတောင် ဆူဇီမိုသည် လက်လျှော့လိမ့်မည် မဟုတ်ပေ။
ဥမင်ထဲသို့ မှန်မှန်လေး ဝင်သွားရင်း.. သူသည် တဖြည်းဖြည်းနှင့် အမှောင်ထုထဲမှာ ပျောက်ကွယ်သွား၏။
သူ့ဦးခေါင်းထက်ရှိ ကျောက်ချပ်နှစ်ချပ်ကလည်း တိတ်တဆိတ် ပြန်စေ့သွားပြီး မည်သည့်အဟမှ ကျန်မနေခဲ့ပေ။
ဆူဇီမိုသည် ကျောက်လှေကားအတိုင်း ဆက်သွားရင်း.. ပတ်ဝန်းကျင်ရှိ အပူချိန်က မြင့်တက်လာနေ၏။
အတန်ကြာပြီးနောက် သူသည် ကျောက်လှေကား၏ အဆုံးသို့ ရောက်ရှိသွား၏။ အဲ့ဒါက ဤနေရာ၏ အောက်ခြေဖြစ်တာ သိသာလေသည်။ သူ့ရှေ့တွင် ဘယ်ဆီကို ဦးတည်သွားသည် မသိရသော နက်မှောင်နေသည့် ဥမင်တစ်ခုရှိ၏။
ဆူဇီမိုသည် နမော်နမဲ့ မလုပ်ရဲဘဲ.. သွေးသောက်သူကို ဆွဲထုတ်ကာ မျက်စိကို မှေးကျဉ်း၍ ဥမင်၏ အနက်ပိုင်းထဲသို့ ဝင်ချသွား၏။
အပူချိန်က ပိုပိုပြီးတော့ မြင့်တက်လာ၏။
သူ၏ အစိမ်းရောင်ဝတ်ရုံက ခြောက်သွေ့နေပြီဖြစ်ပြီး မီးပွားတစ်ပွားကျလျှင်တောင် အဲ့ဒါကို လောင်ကျွမ်းနိုင်လေသည်။
ငါထင်တာ မမှားဘူးဆို.. မူလစိတ်ဝိညာဉ်မီးတောက်တစ်ခုကို ဒီနေရာရဲ့ အနက်ပိုင်းထဲမှာ ဝှက်ထားတာ ဖြစ်ရမယ်..
ဆူဇီမိုသည် ပိုပိုပြီးတော့ လက်ခံယုံကြည်လာ၏။
မူလစိတ်ဝိညာဉ်မီးတောက်သည် သူ့အတွက်တော့ နှစ်တစ်သောင်းဟင်္သပဒါးသစ်သီးထက်တောင်မှ ပို၍ အရေးပါလေသည်။
မူလစိတ်ဝိညာဉ်မီးတောက်နှင့်ဆိုပါက.. သူသည် ဓါးပျံအသစ် ၂၇လက် တစ်စုံစာကို သွန်းလုပ်နိုင်မည်ဖြစ်ပြီး သူ၏ ဖယောင်းမီးဓါးဝင်္ကပါ၏ စွမ်းအားကလည်း သိသိသာသာ တိုးမြင့်လာပေလိမ့်မည်။
ဒါ့အပြင် သူသည် အဲ့ဒါနှင့် သူ၏ ဆန်းကြယ်ရွှေပိုးချပ်ဝတ်နှင့် မဟူရာရွှေမြားတို့ကို ပြန်ပြင်ဆင်ဖို့ ကြိုးပမ်းကြည့်နိုင်လေသည်။
ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကို ပြန်ပြင်ဆင်နိုင်လျှင် သူ၏ ကိုယ်ကာယနှင့်ဆိုပါက သာမန်နိုးထဝိညာဉ်တစ်ယောက်၏ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိကောင်း ရှိလာနိုင်လေသည်။
ဆူဇီမိုသည် စဉ်းစားတွေးတောနေရင်းနှင့် ရှေ့တူရူတွင် အနီရောင်အလင်းများကို ခပ်ရေးရေး မြင်လာရ၏။
ရှေ့သို့ ဆက်သွားရင်းနှင့် ထိုအလင်းရောင်က ပိုမိုတောက်ပရှင်းလင်းလာလေသည်။