← Chapters

မြေခွေးလေး

Vol. 35 Ch. 521

မြေခွေးလေး

Vol. 35 Ch. 521

သိပ်မကြာမီ သူ၏ အမြင်အာရုံက ရှင်းလင်းလာ၏။

ဤနေရာသည် ဧရာမ မြေအောက်လိုဏ်ဂူကြီးဖြစ်ပြီး နေရာတိုင်းက ခြစ်ခြစ်တောက် နီရဲနေ၏။ မြူခိုးများက အငွေ့ပျံကုန်ပြီး အပူလှိုင်းများက တလိပ်လိပ် တက်လာနေ၏။

လိုဏ်ဂူတွင်းတွင် ဆူပွက်နေသော ချော်ရည်ပူများက သွေးနီရောင်ချွဲပျစ်ပျစ် မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေ၏။ ရံဖန်ရံခါဆိုသလို မျက်နှာပြင်ပေါ်တွင် ပူဖောင်းတစ်လုံးက ဗလုံစီထလာပြီး မီးပွားများက လွင့်စင်ထွက်သွား၏။

သေချာအာရုံစိုက်ကြည့်မည်ဆိုလျှင် ချော်ရည်မျက်နှာပြင်ပေါ်တွင် ကြည်လင်နေသော မီးတောက်လေးများက စီးဆင်းနေပြီး အလွန်တရာ အပူချိန်မြင့်မားကြောင်း တွေ့မြင်ရပေမည်။

မူလစိတ်ဝိညာဉ်မီး..

သူ၏ ခြောက်ကပ်နေသော နှုတ်ခမ်းကို လျှာဖြင့်သပ်ပြီး တံတွေးမျိုလိုက်၏။

မြေအောက်တွင် မူလစိတ်ဝိညာဉ်မီးတောက် ရှိနိုင်ကြောင်း သူမျှော်လင့်ထားသော်လည်း ဤမျှထိ ပေါများလိမ့်မည်ဟု သူမျှော်လင့်မထားမိပေ။

ဒါ့အပြင် သူ့ရှေ့ရှိ မြင်ကွင်းက အရမ်းကို ကြောက်စရာကောင်းလွန်းနေ၏။

နေရာတိုင်းက မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး မြင်ကွင်းတစ်ဆုံးဖြစ်ကာ တစ်ကယ်တမ်း ခြေချနိုင်သောနေရာက နည်းနည်းလေသာ ရှိလေသည်။ ထိုနေရာနည်းနည်းလေးဆိုသည်မှာ အပေါ်သို့ မို့မောက်တက်နေသော ကျောက်ကမူများသာ ဖြစ်လေသည်။

ဤနေရာက ချော်ရည်ပင်လယ်.. မီးတောက်ကမ္ဘာတစ်ခု ဖြစ်နေ၏။

အဲ့ဒါက အရမ်းကို ပူလွန်းလေသည်။

ဆူဇီမို၏ ခန္ဓာကိုယ်ပင်လျှင် အတော်လေး တောင့်ခံနေရပြီး သူ့နဖူးမှာ ချွေးများက စို့နေပြီဖြစ်၏။

သူသည် ကာကွယ်ရေးအဆောင်တစ်ခုကို ချိုးဖျက်လိုက်၏။

စိတ်ဝိညာဉ်အလင်းလွှာတစ်ခုက သူ့ပတ်လည်မှာ ပေါ်လာပြီး ချော်ရည်အပူလှိုင်းများကို တွန်းကန်ပေးထားလိုက်၏။

ယခုအခါမှသာ ဆူဇီမိုသည် အနည်းငယ် နေသာထိုင်သာ ရှိသွားပြီး နံရံနားကိုကပ်၍ ချော်ရည်ပြင်၏ အစပ်ကနေ လျှောက်လှမ်းကာ အထဲသို့ ဦးတည်လိုက်လေသည်။

အတွင်းမှာ သားရဲတောကောင်တစ်ကောင် ရှိရပေမည်။

သူသည် ထိုအန္တရာယ်ကောင်ကို အရင်ရှင်းထုတ်ပစ်ရပေမည်။ မဟုတ်ပါက သူလက်နက်သွန်းလုပ်နေစဉ်အတွင်း ထိုအကောင် ဝင်ရောက်နှောင့်ယှက်ပါက သူကြိုးစားသမျှက အလဟဿ ဖြစ်သွားပေလိမ့်မည်။

ပြောရမည်ဆိုလျှင် သူ့အသက်တောင်မှ အန္တရာယ် ရှိလေသည်။

ဒီလိုအခြေအနေနဲ့ ပတ်ဝန်းကျင်မှာတောင် ရှင်သန်နေထိုင်နိုင်သည့် သားရဲတောကောင်တစ်ကောင်၏ ခွန်အားကို မှန်းဆကြည့်ဖို့က ခက်လေသည်။ ထိုအကောင်က သူ့ထက်ပိုပြီး သန်မာနေတာတောင် ဖြစ်နိုင်ချေများလေသည်။

ရှေ့တွင် လမ်းက ချိုးကွေ့သွား၏။

ထိုအကွေ့ပြီးနောက် ကြီးမားသည့် ချော်ရည်ပြင်ကြီးက ရှိနေသေး၏။

သို့သော်လည်း ချော်ရည်ပြင်၏ အလယ်၌ အထီးကျန်ကျွန်းလေးကဲ့သို့ အတော်အတန် ကျယ်ဝန်းသည့် မြေနေရာတစ်ခု ရှိနေ၏။

တောင်ငယ်လေးတစ်လုံး အရွယ်လောက်ရှိသည့် သားရဲတောကောင်တစ်ကောင်က သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်၍ မြေပြင်ပေါ်မှာ ဝပ်တွားနေ၏။ သူ့ခန္ဓာကိုယ်က နီရဲနေသော သာမွေးများနှင့် ပြည့်နေပြီး ကြီးမားသည့် အမွေးပွပွအမြီးတစ်ချောင်းလည်း ရှိနေ၏။

အဲ့ဒါက မြေခွေးတစ်ကောင်ပင်။

မြေခွေးမျိုးနွယ်တွင်.. သူတို့က စိတ်ဝိညာဉ်ရလာသည်နှင့် လူသားပုံစံကို ပြောင်းလဲနိုင်ပြီး သူတို့အားလုံးက အလှပဂေးများ ဖြစ်ကြလေသည်။ သူတို့က ကာမအာရုံကို ညှို့ယူအဖမ်းစားနိုင်ဆုံး သက်ရှိများဟု သတ်မှတ်လို့ ရလေသည်။

မော်တယ်လောကမှာ ပျံ့နှံ့နေသော ထူးဆန်းသည့် ယုံတမ်းများအရဆိုလျှင် စိတ်ဝိညာဉ်မြေခွေးများက စာပေသမားများကို ညှို့ယူဖမ်းစားတတ်သည်ဟု ဆိုပြီး နာမည်ဆိုးဖြင့် ကျော်ကြားလေသည်။

သို့သော်လည်း ကျင့်ကြံရေးလောကသို့ ဝင်ရောက်ပြီးနောက် မြေခွေးမျိုးနွယ်သည် သားရဲမျိုးနွယ်များကြားတွင် ရင်းနှီးဖော်ရွေတတ်သော မျိုးနွယ်တစ်ခုအဖြစ် သတ်မှတ်လို့ရကြောင်း ဆူဇီမို သိခဲ့ရ၏။

ထိုသို့ဆိုလျှင်တောင် ဆူဇီမိုသည် နမော်နမဲ့ မလုပ်ရဲပေ။

သူသည် သားရဲမြေခွေးကို ခဏကြာ စိုက်ကြည့်လိုက်၏။

၎င်းက လုံးဝ မလှုပ်သလို မျက်လုံးများကိုလည်း မဖွင့်ပေ။

ထိုမြေခွေးထံမှ အသက်ဓါတ် တစ်စွန်းတစ်စကိုပင် ဆူဇီမိုသည် အာရုံမခံနိုင်ပေ။

၎င်းက သေပြီးနေလေပြီ။

၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ သားမွေးက ကွာကျမသွားဘဲ ၎င်း၏ အသားများကလည်း ပုပ်သိုးမသွားပေ။ ၎င်းက လွန်ခဲ့သည့်နှစ်တစ်ရာအတွင်းလောက်မှာ သေဆုံးခဲ့တာ ဖြစ်ပုံရ၏။

သို့သော်လည်း ချက်ချင်းပင် ဆူဇီမိုသည် သံသယဝင်လာ၏။

ကြည့်ရသလောက် ထိုမြေခွေးက ဘဝသက်တမ်းကုန်ဆုံးပြီး သေဆုံးခဲ့တာ မဖြစ်နိုင်ပေ။ ဒါဆို သူက ဘယ်လို သေခဲ့ရတာလဲ။

မြေခွေး၏ ခန္ဓာကိုယ်ပေါ်မှာ မည်သည့်ဒဏ်ရာကိုမှ သူလုံးဝ မမြင်ရပေ။ ဘယ်အရာက သူ့ကို သေဆုံးစေခဲ့တာလဲ။

မြေခွေးက သေနှင့်ပြီးပြီဆိုမှတော့ ၎င်း၏ သားရဲစွမ်းအားက လွန်ခဲ့သည့် အချိန်အတော်ကြာကတည်းက ပျက်ပြယ်ပျောက်ကွယ်သွားရပေမည်။ အဲ့ဒါဆို ဝင်ပေါက်ဝ ပွင့်ဟသွားတုန်းက သားရဲချီတစ်စွန်းတစ်စကို သူဘာကြောင့် ရခဲ့တာလဲ။

ဒီနေရာမှာ ပုန်းနေတဲ့ အခြားသားရဲတောကောင်တစ်ကောင်..

ထိုအတွေး ပေါ်လာသည့်အချိန်မှာပင် ချောင်းကြည့်ခံနေရသည့် ခံစားချက်မျိုး သူရလာ၏။

ဆူဇီမို ဝေ့ကြည့်လိုက်သောအခါ မြေခွေးအလောင်း၏ ဘေးတွင် မဟူရာခြင်းတောင်းလေးတစ်လုံးကို တွေ့လိုက်ရ၏။

မဟူရာခြင်းတောင်းက မြေကြီးပေါ်မှာ မှောက်ချထားသော အိုးတစ်လုံးနှင့်တူပြီး ၎င်းပေါ်တွင် ဆန်းကြယ်သော အင်းကွက်များကို ခပ်နှိပ်ထားကာ အပေါက်လေးအချို့ ရှိနေ၏။

အခြားသော အပေါက်များက အလင်းရောင်ဖြင့် တောက်ပနေ၏။

သို့သော်လည်း သူတို့ထဲမှာ တစ်စုံကတော့ နက်မှောင်နေပြီး အနက်ရောင်ကျောက်ဒိုးနှစ်လုံးဖြင့် ပိတ်ဆို့ထားသလိုပင်။

“ဟမ့်”

ဆူဇီမိုသည် တိုးတိုးတိတ်တိတ် ရေရွတ်လိုက်၏။

ထို့နောက် သတ္တုခြင်းထဲရှိ အနက်ရောင်ကျောက်ဒိုးလေးနှစ်လုံးက တစ်မူထူးခြားစွာနှင့် လှုပ်သွား၏။

အဲ့ဒါက အနက်ရောင်ကျောက်ဒိုးများမဟုတ်.. လုံးဝန်းသည့် မျက်လုံးတစ်စုံသာ ဖြစ်လေသည်။

သံမဏိခြင်းတောင်းထဲတွင် သက်ရှိတစ်ကောင်က ပုန်းလျှိုး၍ ဆူဇီမိုကို အပေါက်လေးများမှတစ်ဆင့် ချောင်းကြည့်နေခြင်း ဖြစ်၏။

နောက်ခဏ၌ သံမဏိခြင်းတောင်းက ဖြည်းဖြည်းချင်း ကြွတက်ပြီး အနီရောင်အကောင်လေးက သူ့ခေါင်းကို စိုးရိမ်တကြီးထောင်၍ သူ့ပုံစံကို ထုတ်ပြလာ၏။

အနီရောက်မီးတောက်သားမွေးရှည်က နွေးထွေးစွာ လက်နေ၏။

အနီရောင်အကောင်လေးက ခေါင်းမှ ခြေဖျားထိ နီရဲနေပြီး သူ၏ ရင်အုပ်ရှိ သားမွေးကသာ အဖြူရောင် ဖြစ်နေ၏။ အနီနှင့်အဖြူ ပေါင်းစပ်ခြင်းက ၎င်းကို ပို၍ လှပသွားစေပြီး ညှို့ငင်ဓါတ် ပြည့်ဝလာစေ၏။

၎င်း၏ နားရွက်နှစ်ဖက်က ထောင်နေပြီး မျက်လုံးရွှဲကြီးကို ပုတ်ခတ်၍ ဦးခေါင်းကို စောင်းငဲ့ကာ ဆူဇီမိုကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေ၏။

အကောင်လေးက သေဆုံးနေသော သားရဲမြေခွေး၏ မျိုးဆက်လေး ဖြစ်ပုံရပြီး ချစ်စရာအကောင်ပေါက်လေး ဖြစ်လေသည်။

မြေခွေးလေး၏ မျက်လုံးများက လျှင်မြန်စွာ ရွေ့လျားနေပြီး ကလေးငယ်လေးတစ်ယောက်ကဲ့သို့ စူးစမ်းချင်စိတ်၊ သံသယစိတ်များဖြင့် ပြည့်နှက်နေ၏။ ၎င်းသည် နောက်ခြေထောက်များပေါ်မှာ ရပ်၍ ရှေ့လက်နှစ်ဖက်ဖြင့် မဟူရာခြင်းတောင်းကို မလိုက်၏။

ထိုသည်ကို တွေ့သောအခါ ဆူဇီမိုသည် ရယ်ချလိုက်၏။

ရယ်ရခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ သူ၏ စိုးရိမ်စိတ်လွန်ကဲခဲ့မှုအပေါ် သူ့ကိုယ်သူ ရယ်လိုက်ခြင်း ဖြစ်၏။

မြေခွေးလေးက အရမ်းကို ငယ်ရွယ်သေးပြီး သူ့အပေါ် ခြိမ်းခြောက်နိုင်စွမ်း လုံးဝ မရှိပေ။

တစ်ချိန်တည်းမှာပင် ထိုအကောင်လေး၏ ကိုယ်နေဟန်ထား လှုပ်ရှားပုံက အရမ်းကို ချစ်စရာကောင်းနေ၏။

ဆူဇီမို၏ အပြုံးကို မြင်သောအခါ မြေခွေးလေးက ရှက်ရွံ့စွာနှင့် သူ့ခေါင်းကို ငုံ့လိုက်၏။ သူပုံစံက လူတစ်ယောက် ရှက်ရွံ့သွားပုံနှင့် အတော်လေးကို ဆင်တူလေသည်။

သို့သော်လည်း ချက်ချင်းပင် မြေခွေးလေးသည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား သူ့ခေါင်းကိုမော့၍ စိုးရိမ်တကြီး အော်လိုက်၏။

သူ၏ သေးငယ်သော လက်ဖဝါးလေးများဖြင့် တစ်ခုခုကို ပြောပြချင်နေသလို အကောင်းဆုံး ကြိုးစား၍ ခြေဟန်လက်ဟန် ပြလိုက်၏။ သို့သော်လည်း သူ့လက်က သံမဏိခြင်းတောင်းကို မထားရသည်ဆိုတာကို မေ့လျော့သွား၏။

ဖုန်းကနဲ မြည်သံက ထွက်ပေါ်လာ၏။

ခြင်းတောင်းက မြေခွေးလေးကို တစ်ဖန်ပြန်အုပ်သွားလေသည်။

ပြောရမည်ဆိုလျှင် အဲ့ဒါက ချစ်စရာကောင်းသည့် မြင်ကွင်းလေး ဖြစ်၏။

သို့သော် ဒီတစ်ကြိမ်မှာတော့ ဆူဇီမိုသည် မရယ်တော့ပေ။

သူ မရယ်နိုင်သောကြောင့် ဖြစ်၏။

အဲ့ဒါက အန္တရာယ်ပင်..

အခြားသူများသာဆိုလျှင် မြေခွေးလေး၏ အော်သံနှင့် လက်ဟန်အမူအယာကို နားလည်မှာ မဟုတ်ပေ။

သို့သော် ဆူဇီမိုကတော့ မတူပေ။

သူသည် သားရဲဘာသာစကားကို နားမလည်သော်လည်း အကြမ်းဖျင်းတော့ ခန့်မှန်းနိုင်လေသည်။

မြေခွေးလေး ပြောချင်သည့် အဓိပ္ပါယ်က ရှင်း၏။ ဤနေရာက အန္တရာယ်များကြောင်း သူက သတိပေးနေတာပင်။

ဤတစ်ခေါက်တွင် သူ၏ အာရုံခံသတိစိတ်က သူ့ကို လုံးဝ သတိမပေးပေ။

သို့သော်လည်း ဤနေရာ၌ ကြောက်စရာကောင်းသည့် သက်ရှိတစ်ကောင်က ပုန်းကွယ်နေကြောင်း ဆူဇီမို နားလည်လိုက်၏။

ထိုသတ္တဝါသည် သူ၏ အာရုံခံသတိစိတ်ကနေတောင် ပုန်းကွယ်နိုင်လေသည်။

ဆူဇီမိုသည် မြေခွေးလေး၏ သတိပေးချက်သက်သက်ကြောင့် ဤကဲ့သို့ စိုးရိမ်လာခြင်း မဟုတ်ပေ။

နောက်ဆုံးမှာ တစ်ခုခုလွဲမှားနေတာကို သူကိုယ်တိုင် နားလည်လာသောကြောင့် ဖြစ်၏။

သားရဲမြေခွေးကြီးက ဘဝသက်တမ်းမကုန်ခင် သေဆုံးသွားရခြင်းမှာ ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိလေသည်။

အခြားစွမ်းအားကြီးသော သက်ရှိတစ်မျိုးက သူ့ကို သတ်ခဲ့တာပင်။

မြေခွေးလေးအပြင် ဤနေရာမှာ အခြားသက်ရှိတစ်ကောင် ရှိနေသေး၏။

ချက်ချင်းပင် ဆူဇီမိုသည် ခေါင်းမွေးများ ထောင်ထပြီး ကြက်သီးမွေးညင်းများ ထလာ၏။

ယခုသူသည် အလွန်စိုးရိမ်စရာကောင်းသော အခြေအနေမှာ ရှိပြီး အချိန်မရွေး သေသွားနိုင်ကြောင်း သိထားလေသည်။

တစ်ချိန်တည်းမှာပင်..

လိုဏ်ဂူအထက်မှ ခပ်ယဲ့ယဲ့ တုန်ခါမှုက ထွက်လာ၏။

အခြားသူများသာဆိုလျှင် ထိုတုန်ခါမှုကို သတိထားမိမှာ မဟုတ်ပေ။

သို့သော်လည်း ဆူဇီမို၏ အာရုံခံနိုင်စွမ်းကို အရမ်းကို သန်မာနေပြီဖြစ်၏။

နန်းတော်ထက်တွင် နောက်ထပ်ကျူးကျော်သူများက ဝင်ရောက်လာပြီဖြစ်ကြောင်း သူသိလိုက်၏။

ဒါ့အပြင် အရေအတွက်က အတော်လေး များလေသည်။

အဲ့ဒါ ဆိုးတာပဲ.. တောင်ထွတ်သခင်ရွှမ်ယီတို့တော့ ဒုက္ခရောက်တော့မယ်..

ဆူဇီမိုသည် ထိတ်လန့်သွား၏။

ထိုကဲ့သို့ သူ့စိတ်အာရုံ ပျယ်ယွင်းသည့်ခဏမှာပင်.. သူ့ဘေးရှိ စီးဆင်းနေသော ချော်ရည်က ဗွမ်းကနဲ ပွက်သွား၏။ အထဲမှ ကြောက်စရာကောင်းသည့်အော်ရာနှင့် အရပ်ရှည်ရှည် သတ္တဝါတစ်ကောင်က ထွက်လာပြီး သူ့ဆီသို့ ခုန်အုပ်လိုက်လေသည်။

အဲ့ဒါက တစ်ချိန်တည်းမှာပင် ဖြစ်ပွားသွား၏။

ရွှမ်ယီနှင့် အခြားနှစ်ယောက်က နန်းတော်ထဲမှာ ရှိနေပြီး အောက်ဘက်ရှိ လိုဏ်ဂူထဲမှာ ဆူဇီမိုကလည်း အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်၏။

All Chapters