← Chapters

သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲ

Vol. 35 Ch. 522

သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲ

Vol. 35 Ch. 522

ထိုဘာမှန်းမသိရသော သက်ရှိက ချော်ရည်တွေထဲကနေ ထွက်လာလိမ့်မည်ဟု ဆူဇီမို လုံးဝ တွေးမထားခဲ့ပေ။

ချော်ရည်၏ အပူချိန်က အရမ်းမြင့်မားသောကြောင့် သူ့ခန္ဓာကိုယ်နှင့်တောင် အဲ့ဒါကို မထိရဲပေ။ အထဲမှာ နေဖို့ဆိုတာ အဝေးကြီးပင်။

ထိုဘာမှန်းမသိရသော သက်ရှိက သူထင်ထားထက်ပင် ပို၍ ကြောက်စရာကောင်းနေသေး၏။

ဆူဇီမို၏ တုံ့ပြန်မှုက တွေဝေခြင်းမရှိ မြန်ဆန်လှ၏။ သူ့သွေးချီကို ထုတ်ဖော်၍ တစ်ချိန်တည်းမှာပင် သူ၏ အတွင်းအမြုတေရော၊ ရွှေအမြုတေကိုပါ လှည့်ပတ်လိုက်၏။

ရွှစ်..

သူ၏ သားရဲသွင်ပြင်ကို တန်းပြောင်းပြီး ဝင်ရောက်လာသော ပုံရိပ်ကို လှည့်မကြည့်ရသေးခင်မှာပင် သွေးသောက်သူဖြင့် လက်ပြန်လွှဲခုတ်လိုက်၏။

ထိုသူက ရှောင်လည်းမရှောင်၊ နောက်လည်း မဆုတ်ဘဲ ကြီးမားသောခွန်အားနှင့် ပစ်ထိုးချလိုက်၏။

ချွမ်း..

သွေးသောက်သူသည် ထိုသူ၏ လက်နှင့်ထိခတ်သောအခါ သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာပြီး မီးပွားများက စင်ထွက်သွား၏။

ထိန်းမနိုင်သိမ်းမနိုင်လောက်အောင် ကြောက်စရာကောင်းသည့် အားတစ်ခုက ဆေဘာသွားပေါ်မှတစ်ဆင့် တလိပ်လိပ် တက်လာ၏။

ဆူဇီမို၏ လက်ဖဝါးက ကွဲထွက်သွားပြီး သွေးများက ပန်းထွက်လာ၏။ သူလက်က သွေးသောက်သူကို ဆက်လက်ဆုပ်ကိုင်မထားနိုင်တော့ဘဲ အဲ့ဒါသည် သူ့လက်ထဲကနေ လွင့်ထွက်သွား၏။

ဖုန်း..

ဆေဘာ၏ သုံးပေနီးပါးလောက်က သူ့နောက်ဘက်ရှိ ကျောက်နံရံထဲသို့ စိုက်ဝင်သွား၏။

ထိုလက်သီးကနေ ထွက်ပေါ်လာသော စွမ်းအားက ကြောက်စရာကောင်းလွန်းလှလေသည်။

သူက အရမ်းကို သန်မာ၏။

ဆူဇီမိုသည် ကြီးမားစွာ တုန်လှုပ်သွားရ၏။

စောစောက ထိုခုတ်ချက်သည် သူ၏ စွမ်းအားအပြည့်ဟု ပြောလို့ရ၏။

ဆူဇီမိုသည် သူ၏ အင်မော်တယ်နှင့် သားရဲခွန်အား နှစ်ခုစလုံးကို ထုတ်သုံးခဲ့တာတောင် သူ့ပြိုင်ဘက်က အဲ့ဒါကို လက်ဗလာနှင့် ခံယူပြီး သူ၏ သွေးသောက်သူကို လွင့်စင်ထွက်သွားစေခဲ့၏။

ကွာဟချက်က ကြီးမားလွန်း၏။

ဆူဇီမို မတုံ့ပြန်နိုင်ခင်မှာပင် ထိုသက်ရှိထံမှ ဒုတိယထိုးနှက်ချက်က ထွက်ပေါ်လာပြီး အဲ့ဒါက ကြီးမားသည့်ကျောက်တိုင်ကြီးဖြင့် ကြမ်းကြုတ်ပြင်းထန်စွာ ဆောင့်ချလိုက်သလိုပင်။

ဆူဇီမိုသည် ရစ်ခွေနဂါးချိတ်စည်းကိုပင် ဆင့်ခေါ်ဖို့ အခွင့်အရေး မရှိတော့ဘဲ သူ့လက်နှစ်ဖက်ကိုသာ မြှောက်၍ ခုခံလိုက်ရ၏။

သူ၏ လက်ရှိကျင့်ကြံမှုအထိ မရေမတွက်နိုင်သော တိုက်ပွဲများကို ဆင်နွှဲခဲ့ဖူးပြီး သူ့ကို ကူကယ်ရာမဲ့စွာနှင့် ခုခံရအောင် တွန်းအားပေးနိုင်သည့် အခိုက်အတန့်က အနည်းငယ်သာ ရှိခဲ့လေသည်။

အထူးသဖြင့် ပကတိခွန်အားဖြင့် တိုက်ရသော အနီးကပ်တိုက်ခိုက်ခြင်းမှာ ဖြစ်လေသည်။

သို့သော် အခုမှာတော့ ပြိုင်ဘက်၏ တိုက်ခိုက်မှုက အရမ်းကို ကြမ်းကြုတ်၍ စွမ်းအားကြီးလွန်းပြီး ဆူဇီမိုသည် လုံးဝမခုခံနိုင်ပေ။

ဘုန်း..

တစ်ဖက်သူ၏ လက်သီးက ဆူဇီမို၏ လက်နှစ်ဖက်ပေါ် ကျလာပြီး ရှုံးနိမ့်သွားသည့်ခပ်ထိုင်းထိုင်း အသံက ထွက်ပေါ်လာ၏။

ချက်ချင်းပင် သူ၏ ကာကွယ်ရေးအဆောင်က ကြေမွသွား၏။

ခပ်သဲ့သဲ့ ညည်းညူ၍ ဆူဇီမိုသည် တသိမ့်သိမ့်တုန်ယင်သွားပြီး ဒယီးဒယိုင်ဖြင့် နောက်ဆုတ်သွား၏။

ဖုန်းကနဲ မြည်သံက ထွက်ပေါ်လာ၏။

ဆူဇီမိုသည် သူ့နောက်ဘက်ရှိ နံရံနှင့်ပစ်ဆောင့်မိသွားပြီး သူ့မျက်နှာက ဖြူလျော့ကာ သူ့လက်နှစ်ဖက်က ဘေးဘက်သို့ တွဲလောင်းကျ၍ အနည်းငယ် တုန်ယင်နေ၏။ သူ့လက်နှစ်ဖက်မှ ခံစားမှုကို သူ မရတော့ပေ။

တစ်ဖက်သူက အရမ်းကို စွမ်းအားကြီးလွန်း၏။

ထိုတိုက်ခိုက်မှုအရ.. နောက်ထပ် ထိုးနှက်ချက် သုံးချက်မပြည့်ခင်မှာပင် ဆူဇီမိုက ဒီနေရာမှာ သေရပေလိမ့်မည်။

သူ့ပြိုင်ဘက်က ပကတိခွန်အားနှင့်ပင် အရာရာတိုင်းကို စီးပိုးခြယ်လှယ်နိုင်လေသည်။

ဆူဇီမိုမှာ နည်းလမ်းပေါင်းများစွာ ရှိသည်ဆိုလျှင်တောင် သူသည် ဘာတစ်ခုကိုမှ မသုံးနိုင်တော့ပေ။

ချော်ရည်ပြင်ထဲရှိ ကုန်းမြေပေါ်တွင် မြေခွေးလေးက သံမဏိခြင်းတောင်းကို သူ့ဦးခေါင်းထက်မြှောက်ပြီး စိုးရိမ်တကြီးအမူအယာနှင့် မတ်တပ်ရပ်နေ၏။ သူ၏ ရှေ့လက်နှစ်ဖက်ကို သူ့ရင်ဘတ်ရှေ့မှာ စုထားပြီး ဆူဇီမိုအတွက် ဆုတောင်းပေးနေပုံရ၏။

“ဟမ့်”

ဘာမှန်းမသိရသော ထိုသက်ရှိက အံ့အားတသင့် ရေရွတ်လိုက်၏။ သူသည် ဆူဇိမိုကို တစ်ချက်တည်းနှင့် မသတ်နိုင်သည့်အတွက် အံ့အားသင့်သွားပုံရ၏။

နံရံကိုမှီထားရင်း ဤအခိုက်အတန့်မှသာ ဆူဇီမိုသည် တစ်ဖက်သူ၏ သွင်ပြင်ကို သေချာကြည့်နိုင်လိုက်၏။

ထိုသူ၏ ဆံပင်များက နီရဲနေပြီး ဗလတောင့်တောင့် ခန္ဓာကိုယ်ရှိ၏။ အရပ်က နှစ်မီတာရှိပြီး ခြေလက်များက တုတ်ခိုင်ကာ ကြမ်းထော်နေသော ပန်းကုံးရစ်များနှင့် သွေးနီရောင်ကြေးခွံများက သူ့မျက်နှာပေါ်မှာ တစ်ခုကိုတစ်ခု တင်းကျပ်စွာ အတန်းလိုက်ထပ်နေ၏။

အဲ့ဒါက မီး၊ ရေနှင့် လက်နက်များ မထိုးဖောက်နိုင်သော ပြီးပြည့်စုံသည့် ခန္ဓာကိုယ်တစ်ခုဟု ပြောနိုင်လေသည်။

ချော်ရည်ထဲမှာ ထွက်လာပြီးနောက် သူ့ခန္ဓာကိုယ်မှ အငွေ့ပျံနေသော ချော်ရည်များက တစ်စက်စက် စီးကျနေ၏။ သူက စီးပိုးခြယ်လှယ်နိုင်စွမ်း အပြည့်နှင့်.. ဆူဇီမိုကို သူ၏ သုံးထောင့်ချွန်းမျက်လုံးဖြင့် လှောင်ပြောင်သလို ကြည့်နေ၏။

တစ်ဖက်သူက လူသားတစ်ယောက်ပုံစံနှင့် တူသော်လည်း သူက မိစ္ဆာသားရဲတစ်ကောင်ဆိုတာကို သေချာသလောက် ရှိလေသည်။

သားရဲမျိုးနွယ်တွင် အခြေတည်အဆင့်နှင့် ရွှေအမြုတေအဆင့်မှာ ရှိသော သားရဲများကို စိတ်ဝိညာဉ်သားရဲများဟု ခေါ်၏။

နိုးထဝိညာဉ်အဆင့်သို့ ဝင်ရောက်လာပြီဆိုလျှင်တော့ သူတို့ကို မိစ္ဆာသားရဲများ၏ ခေါ်နိုင်လေသည်။

အဆင့်နိမ့်မိစ္ဆာသားရဲများသည် နိုးထဝိညာဉ်..ပကတိအရှင်များနှင့် ညီလေသည်။

အလယ်အလတ်အဆင့်မိစ္ဆာသားရဲများသည် မူလနတ္ထိအဆင့်..တာအိုသက်ရှိများနှင့် တူညီ၏။

အဆင့်မြင့်မိစ္ဆာသားရဲများကတော့ ဓမ္မဝိသေသ..တာအိုအရှင်များနှင့် တူညီလေသည်။

ထိုအထက်မှာတော့ မဟာသားရဲရှိပြီး သူတို့က ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တူညီလေသည်။

ဆူဇီမိုကိုယ်တိုင်က ထိပ်တန်းအဆင့် သားရဲနည်းစနစ်ကို ကျင့်ကြံထားသော်လည်း သူတို့နှစ်ယောက်အကြား ကွာဟချက်က ကြီးမားလွန်း၏။

အဲ့ဒါက အပြတ်အသတ် ဖိနှိမ်ခြင်းပင်။

တစ်ဖက်သူက အနိမ့်ဆုံးအနေဖြင့် အဆင့်နိမ့်မိစ္ဆာသားရဲတစ်ကောင် ဖြစ်ရမည်ဖြစ်ပြီး အလယ်အလတ်အဆင့်မိစ္ဆာသားရဲတောင်မှ ဖြစ်နိုင်သေးလေသည်။

“ငါ ဘာလုပ်ရမလဲ”

ဆူဇီမိုသည် အနည်းငယ် မောဟိုက်နေပြီး သူ့မျိုးဆက်သွေးကို လှည့်ပတ်၍ သူ့လက်နှစ်ဖက်ဆီသို့ ပို့လွှတ်လိုက်၏။

သူသည် ဤနေရာကနေ အသက်ရှင်လျက် ထွက်ရပေမည်။

အပေါ်ဘက် နန်းတော်ထဲရှိ ဆေးခင်းက မည်သည့်ကျင့်ကြံသူကိုမဆို လောဘဇော တက်သွားစေဖို့ လုံလောက်လေသည်။

ဆူဇီမိုသာ ဤနေရာမှာ ကြန့်ကြာနေလျှင် ရွှမ်ယီနှင့် အခြားနှစ်ယောက်က မဟာချွမ်အပျက်အစီးနယ်မြေမှ အသက်ရှင်လျက် ပြန်ထွက်နိုင်တော့မည် မဟုတ်ပေ။

“အင်မော်တယ်ကျင့်ကြံသူတစ်ယောက်ရဲ့ ရွှေအမြုတေနဲ့ သားရဲတစ်ကောင်ရဲ့ အတွင်းအမြုတေ.. ဟမ့်.. မင်းကိုကြည့်ရတာ လျှို့ဝှက်ချက်တွေ အတော်လေး များတဲ့ပုံပဲ”

သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲက သရော်ပြုံး ပြုံးလိုက်ပြီး ဆူဇီမိုကို အလွန်အရသာရှိမည့် အသားတုံးတစ်တုံးကဲ့သို့ ကြည့်နေ၏။

“မင်းက အခုမှ အမြုတေဖွဲ့တည်ခါစ ရှိသေးတာတောင် ဒီလောက် သန်မာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေပြီဆိုတော့.. မင်းကို သတ်ပစ်ရမှာ နှမြောစရာပဲ.. ဒါပေမယ့်လဲ...”

ပြောရင်နှင့် သူ့လေသံက အေးစက်ခက်ထန်လာ၏။

“မင်းက သေရမှာပဲ.. ငါ့နယ်မြေထဲကို ကျူးကျော်လာတဲ့သူမှန်သမျှ သေရလိမ့်မယ်.. မင်းကို သတ်ပြီးရင်၊ ဟင်္သပဒါးသစ်သီးကို လုယူဖို့ လာတဲ့ အပေါ်ကကောင်တွေကိုလဲ သတ်ရမယ်”

“အဲ့အချိန်ကျရင် ငရဲမှာ မင်းအတွက် အဖော်တွေ ပါသွားလိမ့်မယ်”

“ခွိ ခွိ”

ဆူဇီမိုက လှောင်ရယ်လိုက်၏။

သူက ဘာကိုမှ မကြောက်တော့ဘဲ အော်ပြောလိုက်၏။

“မွန်းစတားအိုကြီး.. ခင်ဗျားက တော်တော် အရှက်မဲ့တာပဲ”

“ဒီနေရာက အစတုန်းက သားရဲမြေခွေးရဲ့ ပိုင်နက်ဆိုတာ ကျုပ်သေချာသိတယ်.. ခင်ဗျားလဲ ကျူးကျော်သူပဲကို အခုလို အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ပြောဝံ့တယ်ဆိုတော့.. ဟီးဟီး”

ထိုစကားက မြေခွေးလေးကို ကျေနပ်သွားစေသော်လည်း သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲ၏ ဒေါသကိုတော့ လုံးလုံးလျားလျား ထိုးဆွလိုက်သလို ဖြစ်သွား၏။

“ဂါး..”

ဒေါသဖြင့် ဟိန်းဟောက်ရင်း.. သူ၏ ထက်ရှသော သွားများကို ဖြီးကာ ဒေါသူပုန်ထသွား၏။

“လူသားကောင်.. မင်းကတော့ သေချင်နေတာပဲ”

ဘုန်း.. ဘုန်း..ဘုန်း..

သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲသည် ခြေသုံးလှမ်း လှမ်းပြီး ဆူဇီမိုရှေ့သို့ ရောက်ချလာ၏။ သူ့ထံမှ ခြစ်ခြစ်တောက်ပူပြင်းသည့် အော်ရာက ထွက်ပေါ်နေပြီး ဆူဇီမို၏ ဦးခေါင်းကို သူ၏ ကြီးမားသည့် လက်ဝါးကြီးဖြင့် ဖမ်းဆွဲလိုက်၏။

ထိုတိုက်ခိုက်မှုသာ ကျရောက်လာလျှင် ဆူဇီမို၏ ဦးခေါင်းက သေချာပေါက် ကြေမွသွားပေလိမ့်မည်။

“ငါ့အစွမ်းကုန်ကို ထုတ်ရမှာပဲ”

ဆူဇီမို၏ မျက်လုံးများက ကြမ်းကြုတ်စွာ တောက်ပလာပြီး ဟိန်းဟောက်၍ သူ့ရွှေအမြုတေကို အရူးအမူး လှည့်ပတ်လိုက်၏။

“ရွှေအမြုတေနယ်မြေ.. ကမ္ဘာဦးမိုးပျံမြွေနဂါး”

ဝုန်း..

တုန်လှုပ်စရာကောင်းသည့် ကမ္ဘာဦးအမြုတေနယ်မြေတစ်ခုက ဆူဇီမို၏နောက်မှာ ပေါ်လာ၏။

မြေပြင်က ချိုင့်ဝင်သွားပြီး တောင်တန်းများက ပြိုကျ၍ ချိုင့်ခွက်ကြီးများက ပေါ်လာ၏။ မီးတောင်များထဲမှာ မီးခိုးများက အူထွက်လာပြီး အဘက်ဘက်သို့ ပျံ့နှံ့သွား၏။

ကျယ်ပြန့်သော လွင်ပြင်ပေါ်ကို ချော်ရည်များက အတောမသတ် စီးဆင်းလာပြီး မြင်မြင်သမျှကို လောင်ကျွမ်းကာ သက်ရှိပေါင်း မြောက်များစွာကို ပြာချပစ်လိုက်၏။ အဲ့ဒါက ကပ်ဘေးတစ်ခု၏ မြင်ကွင်းပင်။

အမြုတေနယ်မြေ၏ ချော်ရည်ပင်လယ်ကြီးက လိုဏ်ဂူထဲရှိ ချော်ရည်ပြင်ကြီးနှင့် ပေါင်းစပ်ရောနှောသွားပုံရ၏။

ကြောက်စရာကောင်းသည့်အော်ရာနှင့် အလွန်ကြီးမားသည့် သက်ရှိကြီးက မြေကြီးအနက်ပိုင်းထဲကနေ တွားသွား၍ တက်လာ၏။ ၎င်းသည် မြေဦးခေါင်းနှင့် အနာကွန်ဒါကိုယ်ကို ပိုင်ဆိုင်ထား၏။ မီးတောက်လောင်နေသော အနီရောင်သံမဏိပြားများကဲ့သို့ ကြွေးခွံကြီးများက တစ်ခုနှင့်တစ်ခု အစီအရီ ထပ်နေ၏။

ကမ္ဘာဦးမိုးပျံမြွေနဂါးက ရောက်ရှိလာလေပြီ။

ကမ္ဘာဦးမိုးပျံမြွေနဂါးကြီးကို မြင်သောအခါ သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲသည် ခဏမျှ တောင့်တင်းသွားပြီး အထိန်းအကွပ်မဲ့စွာ တသိမ့်သိမ့်တုန်ရီ၍ သူ့မျက်လုံးများထဲသို့ ကြောက်ရွံ့မှုက ဝင်ရောက်လာ၏။

အဲ့ဒါက သူ၏ မျိုးဆက်သွေးနှင့် ဝိညာဉ်အနက်ပိုင်းထဲမှာ တံဆိပ်ခတ်ထားသော ရှေးကျသည့်ကြောက်ရွံ့မှုပင် ဖြစ်လေသည်။

သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲက မီးဒြပ်စင်သားရဲတောကောင်ဖြစ်ပြီး ချော်ရည်ပူထဲမှာတောင် အသက်ရှင်နေနိုင်လေသည်။

သို့သော်လည်း မိုးပျံမြွေနဂါးမျိုးနွယ်က ရှေးအကျဆုံးမီးနတ်ဘုရားစိတ်ဝိညာဉ်မျိုးနွယ်များထဲမှ ဖြစ်လေသည်။

All Chapters