← Chapters

ရုတ်တရက် အစီအစဉ် ပြောင်းလဲခြင်း

Vol. 39 Ch. 582

ရုတ်တရက် အစီအစဉ် ပြောင်းလဲခြင်း

Vol. 39 Ch. 582

နှစ်သစ်ကူး အကြိုနေ့၌ အိမ်တိုင်းအိမ်တိုင်းတွင် နှစ်သစ်ကူးကို ကြိုတင် ဆင်နွှဲရသလို ခံစားရလေသည်။ သူတို့ ဘယ်နေရာရောက်ရောက် အရေးကြီးကိစ္စများကို ဘေးချိတ်ထားပြီး နှစ်သစ်ကူး၏ တစ်နှစ်တွင် တစ်ကြိမ်သာ ကြုံရသော ခံစားချက်ကို အပြည့်အဝ ခံစားကြသည်။

ရဲ့လင်းချန်က မီယာကိုကို ရှားရှားပါးပါး နားရက်ပေးလိုက်သဖြင့် သူမ အံ့ဩသွားရသည်။

“ဖောင်း ဖောင်း”

ဤသည်ကား နှစ်သစ်၏ သင်္ကေတအသံပင်။

မီးရှူးမီးပန်း ဖောက်သံကို ကြားလိုက်ရုံနှင့်တင် အိမ်တိုင်းအိမ်တိုင်း၌ ပျော်ရွှင်မှုတို့ ဖြစ်ပေါ်လာသည်။

ပထမအကြိမ် ဖောက်ပြီးနောက် မီးရှူးမီးပန်းအသံက မရပ်မနား ထွက်ပေါ်လာပြီး နောက်တစ်နေ့ မနက်ထိ ဖြစ်ပေါ်နေလောက်သည်။ လူပေါင်းများစွာက နှစ်နှစ်ခြိုက်ခြိုက် အိပ်နေရာမှ နိုးလာကြသည်။ သို့သော် လာမည့် တရုတ် နှစ်သစ်ကူးပွဲတော်ကြောင့် လူအများသည် အိပ်ရာမှ နိုးသွားသော်လည်း ပျော်ရွှင်နေကြသည်။ သူတို့သည် မနက်စောစော၌ နိုးလာပြီး လောကသစ်တစ်ခု၊ နှစ်သစ်တစ်ခုနှင့် ပတ်ဝန်းကျင်အသစ်တစ်ခုအား ကြည့်ရှုကြ လေသည်။

ရဲ့လင်းချန်သည် ပြတင်းပေါက်နား၌ ရပ်ပြီး အပြင်သို့ ကြည့်နေသည်။ အပြင်မှ ရှုခင်းက အလွန် ပျော်ရွှင်စရာ‌ ကောင်းပေသည်။ မနက် အစောပိုင်းမှာတင် ပတ်ဝန်းကျင်အိမ်များ၌ ကလေးများ၏ ရယ်သံများနှင့် ပြည့်နှက် နေလေပြီ။

လက်ရှိတွင် ကောင်းကင်ယံက အပြည့်အဝ မတောက်ပသေးပေ။ ကျန်းယွင်ရှီသည် ဧည့်ခန်းထဲ၌ အိမ်သယ်သွားရန် ဆုံးဖြတ်ထားသည့် အဝတ်အစားများကို ထုတ်ပိုးနေသည်။ ထို့အတူ သူမ အိမ်သို့ ပြန်သယ်သွားချင်သည့် လက်ဆောင်များကလည်း များပြားလှသည်။

ဧည့်ခန်းထဲမှ တီဗွီကို ဖွင့်ထားပြီး ပြသနေသော အစီအစဉ်များသည် နှစ်သစ်နှင့် ဆက်နွယ်နေပြီး လူတိုင်း နှစ်သစ်ကို ဘယ်လို ဖြတ်သန်းကြမလဲနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုနေသည်။

ကျန်းယွင်ရှီသည် အမြဲတစေ အလုပ်များနေခဲ့ကာ မနေ့ကမှ အနားယူရလေသည်။ ယနေ့ညက နှစ်သစ်ကူး အကြိုနေ့ ဖြစ်သဖြင့် ဘာဖြစ်ဖြစ် သူမ အိမ်ပြန်ရပေမည်။

“လင်းချန်၊ ဒါကို တစ်ချက်လောက် ပြန်ကြည့်ပေးပါလား၊ အန်တီက ဒီဝတ်စုံကို ကြိုက်ပါ့မလား၊ မကြိုက်ရင် ကျွန်မ တခြားတစ်ခုနဲ့ လဲလိုက်မယ်လေ”

ကျန်းယွင်ရှီက ဝတ်စုံတစ်ခုကို ထုတ်၍ ရဲ့လင်းချန်အား ပြလေသည်။

“မင်း ကိုယ့်ကို မေးတာ ဒါနဲ့ဆို သုံးခါ ရှိပြီ၊ စိတ်မပူပါနဲ့၊ မင်းဆီက လက်ဆောင် ဖြစ်နေသရွေ့ ကိုယ့်မိဘတွေက သေချာပေါက် ပျော်နေမှာ”

ရဲ့လင်းချန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ဒါပေမဲ့၊ ဒါက ကျွန်မ ဦးလေးနဲ့ အန်တီ့ကို ပထမဆုံးအကြိမ် လက်ဆောင်ပေးတာလေ၊ ကျွန်မ နမော်နမဲ့ လုပ်လို့ မရဘူး”

ကျန်းယွင်ရှီက ကြည်နူးမှုအပြည့်နှင့် မရမက ပြန်ပြောလေသည်။

“မင်း အဝတ်အစားပေါ်က ကတ်ပြားကို ဒီအတိုင်း ထားထားလိုက်ရင် မင်း နမော်နမဲ့ လုပ်တယ်လို့ သူတို့ ထင်မှာ မဟုတ်ဘူး”

ရဲ့လင်းချန်က အပြုံးနှင့် ပြောလိုက်သည်။

ကျန်းယွင်ရှီသည် ပုံမှန်အားဖြင့် ပိုက်ဆံ စုလေ့ ရှိသော်လည်း လက်ဆောင်များနှင့် ပတ်သက်လာလျင် ကောင်းကောင်း သုံးစွဲတတ်သည်။ သူမ ဝယ်ထားသော အဝတ်အစား တစ်စုံက ယွမ်တစ်သောင်းထက် ကျော်နေ၏။

“လက်ဆောင်ကို ဈေးနှုန်းကတ်ပြားပါအောင် ပေးတာက မယဉ်ကျေးဘူးလေ”

ကျန်းယွင်ရှီက လျှာလေး ထုတ်၍ ပြောလာပြီးနောက် ချီတုံချတုံဖြင့် မေးသည်။

“ရှင့်မိဘတွေက ကျွန်မကို အသုံးအဖြုန်းကြီးတယ်လို့ ထင်ရင် ဘယ်လိုလုပ်မလဲ”

ရဲ့လင်းချန် ဘာပြောရမှန်း မသိ ဖြစ်သွားပြီးနောက် ဘာမှမပြောရန် ဆုံးဖြတ်လိုက်သည်။

ယနေ့ လေယာဉ် အမီသွားရမည် ဖြစ်သဖြင့် ကျန်းယွင်ရှီက ဘာမှ ထပ်မညည်းတော့ချေ။ ထို့အပြင် ဇာတိမြို့သို့ ပြန်ချိန်တွင် ဆွေမျိုးများထံ မဖြစ်မနေ လည်ပတ်ရမည် ဖြစ်သောကြောင့် သူတို့၏ အချိန်ဇယားများက အပြည့် ဖြစ်နေ၏။

သူတို့ အဝေး၌ အတော်ကြာအောင် နေခဲ့သဖြင့် တောက်တိုမည်ရ ကိစ္စများက များစွာ ရှိနေလေသည်။ အားလပ်ရက် ဖြစ်သော်လည်း အလုပ် လုပ်ရသော နေ့များထက် ပို၍ ဖိအား များနေ၏။

ထိုအချိန်တွင် တီဗွီ၌ အစီအစဉ် တင်ဆက်သူ နှစ်ယောက် ဆွေးနွေးနေသော အသံကို ကြားနေရသည်။

“နှစ်သစ်မှာ လူတိုင်း မျှော်လင့်နေတဲ့ အရာတစ်ခုက ဘာများ ဖြစ်မလဲ”

“နှစ်ကုန် အားလပ်ရက်၊ နှစ်ကုန် ဘောနပ်စ်၊ မိသားစု ပြန်ဆုံစည်းတာနဲ့ အရသာရှိတဲ့ စားစရာတွေပေါ့”

“ဟားဟားဟား၊ ဟုတ်တာပေါ့၊ ဒါပေမဲ့ နောက်တစ်ခု ရှိသေးတယ်လေ … Gala နွေဦးပွဲတော်”

“ဟုတ်တာပေါ့၊ Gala နွေဦးပွဲတော်က တစ်နှစ်မှာ တစ်ကြိမ်ပဲ ကျင်းပပြီးတော့ အမြဲတမ်း သိပ်စိတ်လှုပ်ရှားဖို့ ကောင်းတယ်၊ Gala နွေဦးပွဲတော် မရှိရင် နှစ်သစ်ကူးက မပြည့်စုံဘူးဆိုတဲ့ စကားလိုပေါ့၊ Gala နွေဦးပွဲတော်က နှစ်သစ်နဲ့ ခွဲခြားလို့မရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီလေ”

“လူတော်တော်များများက ကျွန်တော်တို့ နှစ်ယောက်လိုပဲ Gala နွေဦးပွဲတော်အတွက် စိတ်လှုပ်ရှားနေမယ်လို့ ယုံကြည်ပါတယ်၊ အဲ့ဒီပွဲမှာ မင်း အကြိုက်ဆုံး အနုပညာရှင် ဒါမှမဟုတ် အစီအစဉ်များ ရှိလား၊ ကျွန်တော်တို့မှာ အစီအစဉ်ရဲ့ စာရင်းတွေကို အတိအကျ ရရှိထားပါတယ်၊ အားလုံး အားတင်းထားလိုက်တော့ဗျို့ …”

ကျန်းယွင်ရှီသည် ပစ္စည်းများ သိမ်းဆည်းနေရင်းနှင့် နောက်လှည့်ကြည့်လိုက်ပြီးနောက် ရုတ်တရက် မျက်မှောင် ကြုတ်သွားလေသည်။ သူမ အထိတ်တလန့်နှင့် မယုံကြည်နိုင်စွာ မေးလိုက်သည်။

“လင်းချန်၊ ဘာလို့ စာရင်းထဲမှာ အဆိုတော်ဝိုင်ရဲ့ နာမည် မပါတာလဲ”

“ဘာဖြစ်လို့လဲ”

ရဲ့လင်းချန်က အနားသို့ လျှောက်လာပြီး တီဗွီကို ကြည့်ပြီးနောက် အံ့ဩသွားလေသည်။

အစီအစဉ် အချိန်ဇယားက လွန်ခဲ့သော သုံးရက်ကတည်းက ထွက်ရှိပြီး ဖြစ်သော်လည်း ယခု အစီအစဉ်က ပြောင်းလဲနေ၏။ အဆိုတော်ဝိုင် ရေးသားပြီး ချန်ရှောင်ယန် သီဆိုမည့် သီချင်းက ပျောက်နေ၏။ ၎င်းကို ပယ်ဖျက်လိုက်လေသလား။

“ဒါ ဘယ်လို ဖြစ်ရတာလဲ”

ကျန်းယွင်ရှီ နှုတ်ခမ်းကိုက်နေမိသည်။ အဆိုတော်ဝိုင်က ရဲ့လင်းချန်ဖြစ်ကြောင်း သူမ သိထားသည်။

*အမှား ဖြစ်သွားတာများလား*

တီဗွီကို နောက်တစ်ခေါက် ကြည့်လိုက်သောအခါ ယုံကြည်ရသော ရုပ်သံတစ်ခုက ထိုသို့သော အမှားမျိုး လုပ်မိရန် မဖြစ်နိုင်ချေ။

ထိုစဉ် တင်ဆက်သူ ပြောနေသော စကားကို ကြားလိုက်ရသည်။

“အစီအစဉ်က အရင်က ကြေညာထားတာနဲ့ နည်းနည်း‌ ပြောင်းလဲသွားတယ်ဆိုတာကို အားလုံး သတိထားမိမယ် ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ မနေ့ကတင် ကိုရီးယားနိုင်ငံက နာမည်ကြီး အဆိုတော် ကင်ဟျွန်းမင်က Gala နွေဦးပွဲတော်ကို တက်ရောက်မယ်လို့ အတည်ပြုလိုက်လို့ပါ၊ အစီအစဉ်မှာ သူရဲ့ နာမည်ကြီး သီချင်းနဲ့ အကကို ဖျော်ဖြေမှာ ဖြစ်ပါတယ်၊ ကိုရီးယားနိုင်ငံက အဆိုတော် တစ်ယောက် ဖြစ်တဲ့ ကင်ဟျွန်းမင်က တရုတ်နိုင်ငံမှာ နာမည်ကြီးလာပြီး မိန်းကလေးတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်တာက အံ့ဩစရာပါပဲ၊ သူရဲ့ ပါဝင်မှုက တရုတ်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံကြားက ခင်မင်မှုက ဆက်လက် တည်ရှိနေတယ်ဆိုတာကို ပြသနေပါတယ်၊ Gala နွေဦးပွဲတော်က ဒီအစီအစဉ်က သိပ်ကို အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုပါ”

“ဟုတ်ပါတယ်၊ ဒါက ယဉ်ကျေးမှုခြင်း ဖလှယ်တာပါပဲ၊ ဒါပေမဲ့ ကိုရီးယားနိုင်ငံက သီချင်း သီဆိုတာနဲ့ အက ဖျော်ဖြေမှုကြောင့် အစီအစဉ် စာရင်းကလည်း ပြောင်းလဲသွားပါတယ်၊ အချိန်ကလည်း အများကြီး မရှိတာကြောင့် အစီအစဉ် အချို့ကို စိတ်မကောင်းစွာနဲ့ ပယ်ဖျက်လိုက်ရပါတယ်”

“ကိုရီးယားနိုင်ငံရဲ့ သီချင်းနဲ့ အကက အချိန် အတော်လေး ကြာတာကြောင့် အရင် တင်ဆက်မှုစာရင်းနဲ့ ယှဉ်လိုက်ရင် အစီအစဉ် နှစ်ခုကို ပယ်ဖျယ်လိုက်ရတာကို သတိထားမိမှာပါ၊ တစ်ခုက ချန်ရှောင်ယန် သီဆိုမယ့် သီချင်းနဲ့ ကောတန့်ရှန်းရဲ့ ဟာသ ပြဇာတ်တိုပါ၊ တစ်ယောက်က ပဟေဠိဆန်တဲ့ အဆိုတော်ဝိုင်နဲ့ တွဲဖက်နေတဲ့ အဆိုတော်လောကက လူသစ်လေး ဖြစ်ပြီးတော့ နောက်တစ်ယောက်က Gala နွေဦးပွဲတော်မှာ နှစ်စဉ် ပါဝင်နေကြ လူဟောင်းတစ်ဦး ဖြစ်ပါတယ်”

*သောက်ကျိုးနည်း*

*သူတို့က ဒီလိုပဲ ဖယ်လိုက်တာလား*

*ဒါဆို ဘာလို့ သူတို့ ရဲ့လင်းချန်ကို ဖုန်းဆက်ပြီး ဖိတ်ရတာလဲ*

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားပြီး မျက်လုံးတွင်း၌ စူးရှရှ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ စာရင်းသည် အစောပိုင်းကတည်းက အတည်ပြုပြီးသား ဖြစ်သည်။ အဆိုတော်ဝိုင်နှင့် ချန်ရှောင်ယန်တို့အား ဂန္ထဝင် ပူးပေါင်းမှုဟု ပြောနိုင်ပြီး မျှော်လင့်စောင့်စားနေသော လူထု၏ တက်ကြွသော အော်သံများကို ဖြစ်ပေါ်လာစေသည်။

“ဒါ ဘာသဘောလဲ၊ သူတို့က ကျွန်မတို့ကို အရူးလုပ်နေတာလား”

ကျန်းယွင်ရှီကလည်း ဒေါသထွက်နေ၏။

“ပြီးတော့ ကောတန့်ရှန်းကလဲ Gala နွေဦးပွဲတော်က လူဟောင်းလေ၊ သူက လူတိုင်းဆီကို ပျော်စရာတွေ အများကြီး ယူလာပေးတာ၊ သူ့ဟာသ မရှိတော့ရင် Gala နွေဦးပွဲတော်က ဘာအဓိပ္ပာယ် ရှိဦးမှာလဲ”

“တင်ဆက်သူက အခြား ဘာပြောစရာ ရှိသေးလဲ ကြည့်ရအောင်”

ရဲ့လင်းချန်၏ အသံက အလွန် တည်ငြိမ်နေသည်။

“Gala နွေဦးပွဲတော်ရဲ့ အစီအစဉ်တိုင်းက ပြီးပြည့်စုံပါတယ်၊ ဖျက်လိုက်ရတဲ့ အစီအစဉ် နှစ်ခုထဲက တစ်ခုက ခေတ်အမီဆုံးနဲ့ နာမည်အကြီးဆုံး အဆိုတော်ရဲ့ ပူးပေါင်းမှု ဖြစ်ပြီးတော့ နောက်တစ်ခုက ပွဲတော်ရဲ့ ကျောထောက် နောက်ခံဖြစ်တဲ့ ဂန္ထဝင် အစီအစဉ်တစ်ခုပါ၊ ဒါရိုက်တာက ဒါတွေကို ဖျက်ဖို့ တော်တော်လေး တွေဝေခဲ့ပါတယ်”

“ဒါက အရမ်း နောင်တရစရာ ကောင်းတဲ့ ရလဒ် ဖြစ်ပင်မယ့် နှစ်နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှုကို စင်မြင့်တစ်ခုတည်းမှာ မျှဝေနိုင်မယ့် ရှားပါးတဲ့ အခွင့်အရေးနဲ့ ယှဉ်လိုက်ရင်တော့ အသေးအဖွဲ ဖြစ်သွားပါပြီ၊ ဒါရိုက်တာက ခေတ်သစ်တစ်ခုကို ဖော်ဆောင်ချင်နေတာပါ၊ ဒါကြောင့် ဖျက်သိမ်းလိုက်ရတဲ့ အစီအစဉ်တွေကို အေးအေးချမ်းချမ်းနဲ့ လက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒီ Gala နွေဦးပွဲတော်က မတူဘဲ ကွဲပြားနေဦးမှာပါ”

*ချီးကို ကွဲပြားနေလိုက်*

*ခေတ်သစ်တစ်ခုကို ဖော်ဆောင်ချင်တယ် ဟုတ်လား၊ ဒီလို အရှက်မရှိတဲ့လူကို ကြားကို မကြားဖူးဘူး*

*ကိုယ့်နိုင်ငံရဲ့ Gala နွေဦးပွဲတော်ကို ဘာလို့ နိုင်ငံခြားကလူကို ဖိတ်ရတာလဲ၊ ဒါကို ဂုဏ်ယူရမယ့် အရာတစ် ခုလို့တောင် သဘောထားနေသေးတယ်၊ အစီအစဉ် စာရင်းထဲကနေ ကိုယ့်လူတွေကို ဖယ်ရတာက ဘာများ ဂုဏ်ယူစရာ ရှိလို့လဲ၊ သူတို့ ဦးနှောက် ပျက်သွားပြီလား၊ နိုင်ငံခြားက သူတွေရဲ့ ဖိနပ်ကို လျက်ရတာကို အဲ့လောက်တောင် ကြိုက်နေတာလား၊ အဲ့ဒါ ကိုရီးယားနိုင်ငံလေ*

*သူတို့ အစီအစဉ်က ပိုကောင်းနေလို့လား*

ရဲ့လင်းချန်၏ ပျော်ရွှင်နေသော စိတ်အခြေအနေက ချက်ချင်း ထိုင်းမှိုင်းသွားပြီး မပျော်တော့သလို ခံစားလာရသည်။

သူသည် ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီးနောက် ဖုန်းထုတ်၍ ကင်ဟျွန်းမင်ကို ရှာကြည့်လိုက်သည်။ ကိုရီးယား နိုင်ငံမှ ထိုစူပါစတားကို သူ တစ်ခါမှ မကြားခဲ့ဖူးချေ။

ချက်ချင်းဆိုသလိုပင် သတင်းအချက်အလက်များစွာ ထွက်လာလေသည်။ ကိုရီးယားနိုင်ငံမှ တက်သစ်စ ပွဲဦးထွက်လာသူ တစ်ယောက် ဖြစ်သည်။ သူသည် အဆိုတော်၊ သရုပ်ဆောင်နှင့် အကဘုရင်တစ်ဦး ဖြစ်သည်။ ဓာတ်ပုံကို ကြည့်ရုံနှင့် သူ့တွင် အတွေ့အကြုံ မရှိမှုကို မြင်နိုင်ပေသည်။

အထူးသဖြင့် သူ၏ မျက်နှာကို အလှကုန်များနှင့် ဖုံးထားပြီး စာကို မဖတ်ပါက ယောက်ျား၊ မိန်းမ ဖြစ်တည်မှုကို ကွဲခြားရ ခက်ပေလိမ့်မည်။

ထိုလူ၏ အကကို ကြည့်ပြီး ရဲ့လင်းချန်၏ မျက်နှာက ပို၍ ဆိုးရွားလာ၏။

*သောက်ကျိုးနည်း ဒါကို အကလို့ ခေါ်တာလား*

All Chapters