← Chapters

အန္တရာယ်

Vol. 36 Ch. 526

အန္တရာယ်

Vol. 36 Ch. 526

ထိုအချိန်မှာပင် နက်မှောင်နေသော အလင်းတန်းတစ်ခုက လေထုကို ဖြတ်သန်းသွား၏။

နက်မှောင်နေသော သံမဏိခြင်းတောင်းက လေထဲကနေ ဆင်းသက်လာပြီး မိချောင်း၏ အမြုတေစိတ်ဝိညာဉ်ကို ပိတ်လှောင်လိုက်၏။

မြေခွေးလေးသည် တစ်ခုခုကို ပုံဖော်နေသလို သူ၏ သေးငယ်သော လက်ဖဝါးလေးနှစ်ဖက်ကို ပြတ်သားစွာနှင့် လှုပ်ရှားလိုက်၏။

ချက်ချင်းပင် သူက ညင်သာစွာ အော်ပြီး သံမဏိခြင်းတောင်းထဲသို့ သားရဲချီတစ်စကို ထွေးထုတ်လိုက်၏။

ရွှစ်..

မီးတောက်များက ဒေါသတကြီး ထလောင်လာ၏။

သံမဏိခြင်းတောင်းက ချက်ချင်းပင် အပူရှိဖြင့် နီရဲလာပြီး အပူလှိုင်းများက ဖြာထွက်၍ တောက်ပလင်းလက်လာ၏။

ရွှေရောင်အလင်းကိုးခုက ပေါ်လာပြီး သံမဏိခြင်းတောင်း၏ အပေါက်များက တလဲလဲ တောက်ပလာ၏။ သူတို့က တစ်မူထူးခြားစွာနှင့် ကြောက်စရာကောင်းသည့် စွမ်းအားများကို ထုတ်ပေးလာလေသည်။

သံမဏိခြင်းတောင်းအတွင်းမှ မီးညွှန့်မီးလျှံများက တိုးထွက်လာ၏။

မိချောင်း၏ အမြုတေစိတ်ဝိညာဉ်သည် ဘယ်သို့ ညာသို့ ပစ်တိုက်ရင်း ကြောက်လန့်တကြား စူးစူးဝါးဝါး အော်ဟစ်ရုန်းကန်လိုက်သော်လည်း အချည်းနှီးပင်။

အဲ့ဒါက အသက်သုံးရှိုက်စာတောင် မကြာလိုက်ပေ။

မိချောင်း၏ အမြုတေစိတ်ဝိညာဉ်က မီးလောင်ပြာကျသွာပြီး ထိုနေရာမှာပင် တန်းသေသွားလေသည်။

သူ့သေသွားသည့်အချိန်ထိတိုင်အောင် သွေးနီရောင်ချပ်ဝတ်မိချောင်းသည် ဘာဘယ်လို ဖြစ်ပျက်ခဲ့သည်ကို သေချာ မသိလိုက်ပေ။

အခုချိန်ထိ လူသားသွင်ပြင်တောင် မပြောင်းလဲနိုင်သေးသော မြေခွေးလေးကနေ ထုတ်လွှတ်လိုက်သော သားရဲလက်နက်တစ်ခုကြောင့် သူသေခဲ့ရသည်ဆိုတာကို သူစဉ်းစားမိမှာတောင် မဟုတ်ပေ။

ဆူဇီမိုသည် မျက်လုံးကို မှေးကျဉ်း၍ ရွှေရောင်အလင်းကိုးခုနှင့် တောက်ပနေသော လေထဲရှိ သွေးနီရောင်ခြင်းတောင်းကိုကြည့်ပြီး တိတ်တဆိတ် မှင်တက်သွား၏။

မထင်မရှားပုံစံနှင့် ခြင်တောင်းလေးက ဤမျှ ကြောက်စရာကောင်းသည့် စွမ်းပကားကို ပိုင်ဆိုင်နိုင်လိမ့်မည်ဟု သူစဉ်းစား မကြည့်ဖူးပေ။

မြေခွေးလေးက သူ၏ လက်လေးဖြင့် ပြန်လည်ဆင့်ခေါ်လိုက်သောအခါ လေထဲရှိ ရွှေရောင်အလင်းကိုးခုက သံမဏိခြင်းတောင်းလေးထဲသို့ ပြန်ဝင်ပြီး ပျောက်ကွယ်သွားလေသည်။

ခြင်းတောင်းပေါ်ရှိ အနီရောင်အလင်းကလည်း တဖြည်းဖြည်းနှင့် မှိန်ဖျော့သွားပြီး အဲ့ဒါက သာမန်အနက်ရောင်သံအိုးလေးတစ်လုံးပုံစံ ပြန်ပြောင်းသွားကာ မြေခွေးလေးဆီသို့ ပြန်ရောက်လာ၏။

သွေးနီရောင်ချပ်ဝတ်မိချောင်းကို လက်စားချေ သတ်ဖြတ်ပြီးနောက် မြေခွေးလေးသည် ကျေနပ်သွား၏။

သို့သော်လည်း နောက်ခဏ၌ သူ့အမေ၏ အေးစက်စက် အသက်မဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး အနည်းငယ် ငေးငိုင်ကာ သတိလွတ်သွား၏။

ဆူဇီမိုသည် ညင်သာစွာ သက်ပြင်းချလိုက်၏။

အစတုန်းက သူ့ရင်ထဲမှာ သံသယတစ်ခု ရှိခဲ့၏။

သွေးနီရောင်ချပ်ဝတ်မိချောင်းသည် အဆင့်နိမ့်မိစ္ဆာသားရဲဖြစ်သောကြောင့် အမြုတေစိတ်ဝိညာဉ်ကို ကျင့်ကြံထားနိုင်ပြီး ဓမ္မစွမ်းအားကို သုံးနိုင်သလို ဓမ္မအတတ်ကိုလည်း ထုတ်လွှတ်နိုင်လေသည်။

သို့သော်လည်း စတင်တိုက်ခိုက်ချိန်ကတည်းက သွေးနီရောင်ချပ်ဝတ်မိချောင်းသည် သူ့ကို အနီးကပ်တိုက်ခိုက်ခြင်းဖြင့်သာ တိုက်ခိုက်ခဲ့၏။

နောက်ဆုံးအချိန်ထိတိုင်အောင် သွေးနီရောင်ချပ်ဝတ်မိချောင်းသည် ဓမ္မစွမ်းအား တစ်စွန်းတစ်စကိုမှ ထုတ်မသုံးခဲ့ပေ။

ဆူဇီမိုသည် အခုမှသာ တဖြည်းဖြည်း နားလည်သဘောပေါက်လာ၏။

သားရဲမြေခွေး၏ လက်ချက်ဖြင့် သွေးနီရောင်ချပ်ဝတ်မိချောင်း၏ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အခုချိန်ထိ မပျောက်ကင်းသေးပေ။

ချပ်ဝတ်မိချောင်းက ဓမ္မစွမ်းအားကို သုံးပြီး ဓမ္မအတတ်ကို ထုတ်လွှတ်နိုင်မည်ဆိုလျှင် ရလဒ်က တက်တက်စင်အောင် ကွဲပြားသွားပေလိမ့်မည်။

ပြောရမည်ဆိုလျှင် ဒါကလည်း ကံကြမ္မာ၏ လက်ရာတစ်ခုပင်။

မြေခွေးလေးက ဆူဇီမိုဘက်ကို ဦးညွှတ်၍ ညင်သာစွာ အသံပြုပြီး ကျေးဇူးတင်ကြောင်း အမူအယာ ပြလိုက်၏။

သူမက ပါးနပ်လိမ်မာလေသည်။

သွေးနီရောင်ချပ်ဝတ်မိချောင်းသည် နောက်ဆုံး သူမ၏ လက်ထဲမှာ သေခဲ့ရသော်လည်း ဆူဇီမိုကြောင့်သာ မဟုတ်ရင် သူမသည် ထိုသို့လက်စားချေဖို့ အခွင့်အရေးကို ရနိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် အစိမ်းရောင်ဝတ်ရုံတစ်စုံကို ဆွဲထုတ်ပြီး ဝတ်ဆင်ကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။

သွေးနီရောင်ချပ်ဝတ်မိချောင်းက သေသွားခဲ့ပြီဖြစ်သော်လည်း ဆူဇီမိုသည်လည်း သိပ်ပြီး အခြေအနေ မကောင်းလှပေ။

သွေးနီရောင်ချပ်ဝတ်မိချောင်းထံမှ ဆက်တိုက်ထိုးနှက်ချက်နှင့် အမြီးရိုက်ချက်ကို ခံယူပြီးနောက် သူ့တစ်ကိုယ်လုံးသည် နဖူးကနေ ခြေဖျားထိ နာကျင်ကိုက်ခဲနေပြီး ပြိုကွဲထွက်တော့မည်ကဲ့သို့ ခံစားနေရ၏။

ဆူဇီမိုက အသက်ပြင်းပြင်းရှိုက်ပြီး ဒယီးဒယိုင်နှင့်ပင် ပြန်လည်အားဖြည့်ခြင်း မရှိဘဲ ထွက်ပေါ်ဘက်သို့ ဦးတည်လိုက်၏။

အထက်နန်းတော်ထဲမှာ ရွှမ်ယီနှင့် အခြားနှစ်ယောက်က ရှိနေသေး၏။

. . .

မြေအောက်နန်းတော်ထဲတွင်..

ကြယ်တာရာလမင်းဂိုဏ်းသည် မြေအောက်နန်းတော်ထဲသို့ ရွှေအမြုတေနှစ်ဆယ်ကျော်နှင့်အတူ အရင်ဆုံး ရောက်ချလာ၏။ သူသည် ပေါ်ပေါ်ထင်ထင်ပင် ဝင်ချလာပြီးနောက် သိပ်မကြာမီ ဆေးခင်ကြီးကို တွေ့လိုက်ကြရ၏။

“ဘယ်လောက်တောင် ကြွယ်ဝလိုက်တဲ့ ဆေးရနံ့တွေလဲကွာ”

“နှစ်တစ်သောင်းကျော် သက်တမ်းရှိတဲ့ စိတ်ဝိညာဉ်ဆေးပင်တွေတောင် အများကြီး ရှိတာပဲဟ.. ငါတို့လာခဲ့ရတဲ့ ခရီးက လုံးဝ အချည်းနှီး မဖြစ်တော့ဘူးပဲ”

“ကြည့်စမ်း.. အဲ့ဒါ နှစ်တစ်သောင်းဟင်္သပဒါးသစ်သီးမလား”

ကြယ်တာရာလမင်းဂိုဏ်းမှ လူတိုင်း၏ မျက်လုံးက ရူးသွပ်တောက်လောင်လာ၏။

“အဲ့ဒါက မှည့်တော့မှာ.. ငါတို့ ရောက်လာတာ အချိန်မီရုံလေးပဲကြည့်စမ်း”

ကြယ်တယ်ရာလမင်းဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်က မျက်နှာချိုသွေးပြီး ပြောလိုက်၏။

“ငါ့အထင်တော့ ထျန်ဟွမ်မြောက်ပိုင်းတစ်ခွင်မှာ ဒီနှစ်တစ်သောင်းဟင်္သပဒါးသစ်သီးကို လက်ခံယူဖို့ အဆင့်မီတဲ့သူက စီနီယာအစ်ကိုချွမ်တစ်ယောက်ပဲ ရှိမယ်ထင်တယ်”

ချွမ်ရှင်းယုသည် လက်နှစ်ဖက်ကို နောက်ပစ်၍ စိတ်အေးလက်အေး အမူအယာ ရှိနေ၏။ ထိုစကားအပေါ် သူသည် လွန်စွာစိတ်ကျေနပ်မိသော်လည်း ဘာမှ မပြောဘဲ ပြုံးရုံသာ ပြုံးနေလိုက်၏။

“ဟီးဟီး”

ရုတ်တရက် အမှောင်ထုထဲမှ အေးစက်စက်လှောင်ရယ်သံက ထွက်ပေါ်လာ၏။

တစ္ဆေနှင့်တူသော ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာ၏။ သူတို့က ရှစ်ယောက်သာ ဖြစ်သော်လည်း သူတို့တစ်ယောက်ချင်းစီမှ ကျောချမ်းသွားစေသည့် လွန်မင်းသောအန္တရာယ်အော်ရာကို ထုတ်ပေးနေ၏။

“အရိပ်မဲ့ဂိုဏ်း”

“စီနီယာအစ်ကိုချွမ်.. သူတို့ရဲ့ခေါင်းဆောင်က အရိပ်မဲ့ဂိုဏ်းက ပြိုင်စံရှာ မိုရှောင်ဖုန် ဖြစ်မယ်ထင်တယ်”

ချွမ်ရှင်းယုသည် ဤသည်ကို မျှော်လင့်ထားသည့်အလား တည်ငြိမ်နေ၏။

မိုရှောင်ဖုန်က အေးစက်စွာ သရော်ပြုံးပြီး ထေ့ငေါ့လိုက်၏။

“ထျန်ဟွမ်မြောက်ပိုင်းတစ်ခွင်မှာ ဒီနှစ်တစ်သောင်းဟင်္သပဒါးသစ်သီးကို လက်ခံယူဖို့ အဆင့်မီတဲ့သူက စီနီယာအစ်ကိုချွမ်တစ်ယောက်ပဲ ရှိမယ်ထင်တယ် ဟုတ်စ.. တော်တော်လဲ ပြောရဲတဲ့ပါးစပ်တွေ.. မင်းတို့ ပြောရင်းနဲ့ လျှာကိုက်မိမှာ မစိုးရိမ်ကြဘူးလားကွ ဟေ့”

“အို့”

ချွမ်ရှင်းယုက ခပ်ယဲ့ယဲ့ပြုံး၍ ခွန်းတုံ့ပြန်လိုက်၏။

“ခင်ဗျားကရော ဘယ်လိုသဘောရလို့လဲ ညီကိုမို”

“ဘာရယ်တော့ မဟုတ်ပါဘူး”

မိုရှောင်ဖုန်က အေးစက်စွာ ပြန်ဖြေလိုက်၏။

“မင်းကို ထျန်ဟွမ်မြောက်ပိုင်းရဲ့ အတော်ဆုံးလူငယ်မျိုးဆက်တစ်ယောက်အဖြစ် သတ်မှတ်ဖို့ အဆင့်မမီသေးဘူးဆိုတာကိုပဲ ငါက သတိပေးချင်တာပါ”

“ရိုင်းလိုက်တာ”

“မင်းကိုယ်မင်း စီနီယာအစ်ကိုချွမ်နဲ့ ဘယ်လိုတောင် လာနှိုင်းယှဉ်ရဲတာလဲ”

“ဟမ့်.. စီနီယာအစ်ကိုချွမ်ရဲ့ ရွှေအမြုတေနယ်မြေက အမြုတေအဆင့်သတ်မှတ်ချက်မှာ အဆင့် ၉၂ ကွ၊ မင်းကရော ဘယ်လောက်မို့လဲ”

ကြယ်တာရာလမင်းဂိုဏ်းမှ ကျင့်ကြံသူများစွာက အော်ဟစ်လိုက်ကြ၏။

မိုရှောင်ဖုန်က ကျိတ်ရယ်ပြီး ပြန်ပြောလိုက်၏။

“တစ်ကယ့်တစ်ကယ် အသေအကြေ တိုက်ကြကြေးဆို ဘယ်သူက မတ်တပ်ရပ်ကျန်ခဲ့မလဲဆိုတာ ဘယ်ပြောနိုင်ပါ့မလဲ”

ထိုစကားကို သူပြောပြီးနောက် ကြီးမားသည့် တိုက်ပွဲတစ်ခုက အချိန်မရွေး ဖြစ်ပွားတော့မည့်အလား လေထုက အရမ်းကို သိပ်သည်းလာ၏။

“ဟဟဟားဟား”

ထိုအချိန်မှာပင် ဘယ်သူ့ကိုမှ ဂရုမစိုက်သော ကျယ်လောင်သည့် ရယ်သံရှည်ကြီးက ထွက်ပေါ်လာ၏။

“ဒီလိုပွဲမျိုးကို ငါလက်လွတ်ခံလို့ ဘယ်ဖြစ်ပါ့မလဲ”

ထိုစကားသံကို ကြားသောအခါ မိုရှောင်ဖုန်၏ အမူအယာက ပြောင်းလဲသွား၏။

အစက တည်ငြိမ်နေသော ချွမ်ရှင်းယုသည်လည်း စိုးရိမ်ပူပန်ပုံနှင့် မျက်မှောင်ကြုတ်လိုက်၏။

မီးတောက်နီရောင်ဝတ်ရုံနှင့် ရွှေအမြုတေဆယ်ယောက်ကျော်သည် မြေအောက်နန်းတော်ထဲသို့ ဝင်ချလာကြ၏။

သူတို့၏ ခေါင်းဆောင်က အရပ်မြင့်မြင့် ကြော့ကြော့ရှင်းရှင်း လူတစ်ယောက်ဖြစ်ပြီး ခြေလှမ်းကျဲကြီးဖြင့် လှမ်းဝင်ချလာ၏။ ခြစ်ခြစ်တောက်အပူအော်ရာ ဖြာထွက်နေသော သူက.. မီးလျှံကိုလံဘတ်တောင်ကြားမှ ဝမ့်ယန်ပင် ဖြစ်လေသည်။

ချွမ်ရှင်းယု၏ ရွှေအမြုတေနယ်မြေ.. နေလကြယ်တာရာအလင်းနှင့် ဝမ့်ယန်၏ ဒေါသူပုန်မြို့တော်မီးလျှံ နှစ်ခုစလုံးက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ စာရင်းဝင်လေသည်။

ဒါ့အပြင် ဒေါသူပုန်မြို့တော်မီးလျှံက အဆင့် ၈၉ ဖြစ်ပြီး နေလကြယ်တာရာအလင်းထက်ပင် အနည်းငယ် ပိုမြင့်လေသည်။

“ကောင်းတယ်.. သိပ်ကောင်းတယ်”

ဝမ့်ယန်က သူ၏ တောက်လောင်နေသော အကြည့်ဖြင့် လူအုပ်ကြီးထဲသို့ ဝေ့ကြည့်ကာ တိုက်ပွဲဆာလောင်စိတ်နှင့်အတူ ခေါင်းညိတ်လိုက်၏။

“လူစုံတက်စုံ ဖြစ်နေပြီဆိုမှတော့ တစ်ခါထဲ ငါကြေညာလိုက်မယ်.. အဲ့ဒီဆေးခင်းနဲ့ နှစ်တစ်သောင်းဟင်္သပဒါးသစ်သီးက ငါ့အပိုင်ပဲ.. ဝင်ရှုပ်ရဲတဲ့ ဘယ်သူမဆို ကောင်းကောင်းအရိုက်ခံရမယ်မှတ်”

“ဟမ့်”

မိုရှောင်ဖုန်က အေးစက်စက် နှာမှုတ်လိုက်၏။

“မင်း စားပိုးနင့်ပြီး သေသွားမှာ မကြောက်ဘူးလား”

“ညီကိုဝမ့်.. တချို့အရာတွေမှာ အရင်လူနောက်လူ အစဉ်လိုက်ဆိုတာ ရှိတယ်မလား”

ချွမ်ရှင်းယုက ညင်သာစွာ ခေါင်းခါပြီး ပြောလိုက်၏။

“ကြယ်တာရာလမင်းဂိုဏ်းက ဒီဆေးခင်းနဲ့ ဟင်္သပဒါးသစ်သီးကို အရင်ဆုံး ရှာတွေ့ခဲ့တာပဲ”

“ဟဟဟားဟား”

ဝမ့်ယန်က အားပါးတရ ရယ်ချပြီး ဆေးခင်းဘေးမှ လူသုံးယောက်ကို လက်ညိုးထိုးလိုက်၏။

“ချွမ်ရှင်းယု.. ဖြောင့်မတ်သယောင်ယောင် ဟန်ဆောင်မနေပါနဲ့ကွာ.. အစဉ်လိုက်ဆိုတဲ့ စကားကို ပြောရရင် ဒီနေရာကို အရင်ဆုံး ရှာတွေ့ခဲ့တာက ဟိုလူသုံးယောက်လေ.. မင်းနဲ့ ဘာပတ်သတ်လို့လဲ”

ရွှမ်ယီနှင့် အခြားနှစ်ယောက်သည် ဆေးခင်းဘေးမှာ တစ်ချိန်လုံး ရှိနေကြ၏။

သို့သော်လည်း ကြယ်တာရာလမင်းဂိုဏ်း၊ အရိပ်မဲ့ဂိုဏ်းနှင့် မီးလျှံကိုလံဘတ်တောင်ကြားမှ ရွှေအမြုတေတများသည် ဤနေရာသို့ ရောက်လာကတည်းက သူတို့သုံးယောက်ကို လုံးဝ လျစ်လျူရှုထားပြီး ဆေးခင်းကိုပိုင်ဆိုင်ရဖို့အတွက် သူတို့အချင်းချင်းသာ စကားများနေကြခြင်း ဖြစ်၏။

ဤအချိန်မှသာ လူတိုင်း၏ အာရုံက ရွှမ်ယီနှင့် အခြားနှစ်ယောက်ပေါ်သို့ ဖြည်းဖြည်းချင်း ကျရောက်လာကြ၏။

All Chapters