ပိုးစုန်းကြူးတစ်ကောင်ရဲ့ အလင်း
Vol. 36 Ch. 527
ရွှမ်ယီနှင့် အခြားနှစ်ယောက်သည် အကြည့်ချင်းဖလှယ်ပြီး စိတ်ထဲကနေ ညည်းတွားလိုက်ကြ၏။
ထိုသုံးဂိုဏ်းမှ ရွှေအမြုတေများ၏ အော်ရာက သန်မာအားကောင်းလွန်းလှ၏။ တဖက်ဖက်မှ လူတစ်ယောက်တည်းကတောင် သူတို့သုံးယောက်စလုံးကို အလွယ်တကူ တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။
သူတို့ကို ဦးဆောင်လာသော ပြိုင်စံရှားများဆိုလျှင် ပိုလို့တောင် အံ့မခန်း ဖြစ်သေး၏။
ရွှယ်ယီနှင့်အခြားနှစ်ယောက်သည် သည့်အရင်ကတည်းက အပြင်လောကမှာ စွန့်စားသွားလာဖူးသောကြောင့် အခုသူတို့ အန္တရာယ်အလွန်များသည် အခြေအနေမှာ ကျရောက်နေပြီဆိုတာ သိကြလေသည်။ ထိုသို့ဖြင့် သူတို့သည့် ဘာကိုမှ အရမ်းကာရော မပြုမူရဲကြပေ။
လူတိုင်း၏ အကြည့်က သူတို့ဆီသို့ ရောက်လာသောအခါ လီကျိယွဲ့က ချောင်းတစ်ချက်ဟန့်ပြီး အပြုံးတစ်ပွင့်နှင့်အတူ ယဉ်ကျေးပျူငှာစွာ ဂိုဏ်းသုံးဂိုဏ်းကို နှုတ်ဆက်လိုက်၏။
“နှုတ်ဆက်ပါတယ် တာအိုရောင်းရင်းတို့.. ကျုပ်ကတော့ ဆန်းကြယ်တောင်ထွတ်က ကျင့်ကြံသူ လီကျိယွဲ့ပါဗျ”
လီကျိယွဲ့က နှုတ်ဆက်ပြီးသော်လည်း ဂိုဏ်းသုံးဂိုဏ်းမှ ရွှေအမြုတေများက အမူအယာကင်းမဲ့နေကြ၏။
အချို့ကျင့်ကြံသူများ၏ မျက်လုံးများထဲတွင်.. အရူးတစ်ယောက် သို့မဟုတ် လမ်းလျှောက်နေသော သေလူတစ်ယောက်ကို မြင်နေရသည့်အလား လှောင်ပြောင်သရော်လိုရိပ်များက ရှိနေကြ၏။
လျစ်လျူရှုခြင်း..
သူက လုံးဝကို လျစ်လျူရှုခံလိုက်ရ၏။
လီကျိယွဲ့၏ အပြုံးက တစ်ဝက်တစ်ပျက်နှင့် တောင့်ခဲသွား၏။
အနည်းငယ် မျက်မှောင်ကြုတ်ပြီးနောက် ရွှမ်ယီက အံကိုကြိတ်၍ လက်သီးဆုပ်လေးစားဟန်ပြကာ ပြောလိုက်၏။
“စောစောတုန်းက ဒီက တာအိုရောင်းရင်းက အစဉ်လိုက်ဆိုတာ ရှိတယ်လို့ ပြောလိုက်တယ်မလား.. တစ်ကယ်လဲ ကျုပ်တို့က ဒီဆေးခင်းကို အရင်ဆုံး ရှာတွေ့ခဲ့တဲ့သူတွေပါ”
“ဒါပေမယ့်လို့ ကျုပ်တို့သုံးယောက်လိုတာက မိုးနှင်းပန်းရယ်၊ ခရမ်းတိမ်လင်ဇီးရယ်၊ သွေးဂျင်စင်းရယ်နဲ့ ချွမ်အမြုတေမြက်ရယ်ပါပဲ.. အဲ့ဒါကလဲ ကျုပ်တို့ဂိုဏ်းက စီနီယာတစ်ယောက်ကို ကယ်ဖို့အတွက် လိုအပ်နေလို့ပါ.. အခြားဘာကိုမှ ကျုပ်တို့ စိတ်မဝင်စားပါဘူး.. ဒီက နောင်ကြီးတို့က အဲ့ဒါလေး ခွင့်ပြုပေးမယ်ဆိုရင်တော့ ကျုပ်တို့က အရမ်းကို ကျေး.....”
“ဒီလိုအခြေအနေမှာတောင် မင်းက စကားပြောရဲသေးတယ်ပေါ့”
ချွမ်ရှင်းယုက ရွှမ်ယီကို အေးစက်စွာ ဖြတ်ပြောလိုက်၏။
“မင်းတို့က ဘာကောင်တွေလဲ.. အစဉ်လိုက်ဆိုတဲ့ စကားကို ငါ့လာပြောရအောင် မင်းတို့က ဘာအဆင့်ရှိလို့လဲ”
အရိပ်မဲ့ဂိုဏ်းမှ မိုရှောင်ဖုန်က အေးစက်စက်အမူအယာနှင့် သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်နှင့် ပြည့်နှက်လာ၏။ သူက စကားကို တစ်လုံးချင်း ပြောလိုက်၏။
“မင်းတို့ကောင်တွေ ဒီနေရာမှာရှိတဲ့ စိတ်ဝိညာဉ်ဆေးတစ်ပင်ပေါ်ကိုတောင် လက်တင်လို့ မရဘူး”
ဝမ့်ယန်၏ မျက်လုံးများက လှောင်ပြောင်လိုရိပ်နှင့် ပြည့်လာပြီး ခေါင်းကို နောက်လှန်ချကာ ရယ်မောလိုက်၏။
“စိတ်ဝင်စားစရာဟေ့.. သေမင်းတံခါးဝကို ရောက်နေတာကိုတောင် မင်းတို့က စိတ်ဝိညာဉ်ဆေးပင်ကို မက်နေနိုင်သေးတယ်ပေါ့.. ဟဟဟား.. မိုက်မဲတဲ့သူတွေက အကြောက်အလန့်မဲ့တယ်ဆိုတာ တစ်ကယ်ပဲဟေ့”
ပြောရမည်ဆိုလျှင် သူတို့သုံးယောက်အတွက် ဤအခြေအနေကနေ အသက်ရှင်လျက် ထွက်ပြေးနိုင်လျှင်တောင် ကံကောင်းလှနေပြီဖြစ်၏။
ဖိုသီဖတ်သီအဖိုးအိုကို ကယ်တင်ချင်တာကြောင့် မဟုတ်လျှင် ရွှမ်ယီကလည်း ထိုကဲ့သို့ အရဲစွန့်ပြောမိမှာ မဟုတ်ပေ။
သူ ဘာလုပ်သင့်သလဲ..
ရွှမ်ယီသည် အတော်လေး ယောက်ယက်ခတ်သွား၏။
အခုချိန်မှာ သူတို့သုံးယောက်က လက်ဗလာနှင့် ထွက်သွားချင်လျှင်တောင် တစ်ဖက်ကျင့်ကြံသူများက သဘောတူတော့မည့်ပုံ မပေါ်ပေ။
ဒါ့အပြင် ဆူဇီမို ဘယ်မှာဆိုတာ သူတို့ မသိသော်လည်း သူက ဒီမြေအောက်နန်းတော်ထဲမှာပင် ရှိနေသေးလောက်၏။
သူတို့သုံးယောက်သာ ကိုယ်လွတ်ရုန်းပြေးလျှင် သူက ဘာဖြစ်သွားမလဲ..
သူ့စရိုက်နဲ့ဆို.. ဒီလိုအခြေအနေမျိုးမှာ လုံးဝ ဦးညွှတ်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း လက်ရှိကျင့်ကြံသူများက တစ်ယောက်မှ ကိုင်တွယ်ဖို့ မလွယ်ကူကြောင်း ရွှမ်ယီတို့ သိထားကြလေသည်။
ပြိုင်စံရှားခေါင်းဆောင်သုံးယောက်ကဆိုလျှင် ပိုလို့တောင် ကြောက်စရာကောင်းသေးလေသည်။
ဇီမိုက အခုမှ သူ့အမြုတေကို ဖွဲ့တည်ကာစဖြစ်ပြီး သူက ဘယ်လိုအမြုတေနယ်မြေကို ကျင့်ကြံထားသလဲဆိုတာ သူတို့ မသိပေ။ သူက လက်ရှိရွှေအမြုတေများ၏ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား။
“ကိုယ့်လူတို့.. ဒီဆေးခင်းက ဘယ်သူပိုင်ဆိုင်တာပဲဖြစ်ဖြစ်.. ကျုပ်တို့ဂိုဏ်းသုံးဂိုဏ်းက တိုက်ခိုက်စရာ မလိုပါဘူး.. အရင်ဆုံး အခြားသူတွေကို အရင်ရှင်းပစ်လိုက်ရအောင်” ချွမ်ရှင်းယုက ပြောလိုက်၏။
“ဒါပေါ့ သဘောတူတယ်”
အရိပ်မဲ့ဂိုဏ်း၏ မိုရှောင်ဖုန်က ရွှမ်ယီနှင့် အခြားနှစ်ယောက်ကိုကြည့်ပြီး လှောင်ရယ်လိုက်၏။
ဝမ့်ယန်ကလည်း ခေါင်းညိတ်လိုက်၏။
“ရတယ်လေ.. ကိစ္စမရှိဘူး”
ရွှမ်ယီနှင့် အခြားနှစ်ယောက်သည် ရင်ထဲ နင့်ကနဲ ဖြစ်သွားကြ၏။
ချွမ်ရှင်းယု၏ အမူအယာက တည်တံ့နေပြီး သူ့မျက်လုံးများက ရုတ်တရက် တောက်ပလာကာ အေးစက်စွာနှင့် မေးလိုက်၏။
“မင်းတို့သုံးယောက်.. မူလစိတ်ဝိညာဉ်လက်နက်ကို ထုတ်ပေးစမ်း.. အဲ့ဒါက မင်းတို့ ယူမထားသင့်တဲ့ ပစ္စည်းပဲ”
“မူလစိတ်ဝိညာဉ်လက်နက်လား”
ရွှမ်ယီနှင့် အခြားနှစ်ယောက်သည် ဇဝေဇဝါနှင့် ကြောင်အသွားကြ၏။
“ဟီးဟီး”
မိုရှောင်ဖုန်က လှောင်ရယ်လိုက်၏။
“အေးအေး.. ဆက်ပြီး ဟန်ဆောင်လိုက်ဦး.. သေခါနီးဆဲဆဲ ရောက်နေတာတောင် မင်းတို့က မရိုးသားချင်ကြဘူးပေါ့လေ”
ထိုသည်ကို ကြားသောအခါ ရွှမ်ယီသည် ရင်ထဲ ထိတ်ကနဲဖြစ်သွားပြီး သူ့မျက်လုံးများထဲမှာ နာလည်သဘောပေါက်မှုက ထင်ဟပ်သွား၏။
ချွမ်ရှင်းယုပြောသော မူလစိတ်ဝိညာဉ်လက်နက်ဆိုသည်မှာ ဆူဇီမို၏ ရစ်ခွေနဂါးချိတ်စည်းကို ပြောတာ ဖြစ်ရပေမည်။
သည့်အရင်က ဆူဇီမိုသည် ရစ်ခွေနဂါးချိတ်စည်းကို မြှောက်ပြီး စတုရန်းပုံစံ ကြေးမီးဖို၏ မာကြောမှုကို စမ်းသပ်ဖို့ ကြိုးစားခဲ့၏။ အမှောင်ထုထဲတွင် ထိုလက်နက်မှ ရောင်ခြည်များက မျက်စိကျိန်းဖွယ်ရာ ဖြစ်ခဲ့လေသည်။
ရွှမ်ယီ၏ ပြောင်းလဲသွားသော အမူအယာကို တွေ့သောအခါ ဝမ့်ယန်က သွားဖြီးလိုက်၏။
“ဘာလဲ.. နောက်ဆုံးတော့ မင်းမှတ်မိသွားပြီပေါ့လေ”
လီကျိယွဲ့က တံတွေးကို မျိုချပြီး ကြိုးစားပြုံးလိုက်၏။
“တာအိုရောင်းရင်းတို့.. နားလည်မှု လွဲနေကြတာပါဗျာ.. ကျုုပ်တို့သုံးယောက်မှာ တစ်ကယ်ကို ဘာမူလစိတ်ဝိညာဉ်လက်နက်မှ မရှိပါဘူး”
မိုရှောင်ဖုန်က ထောင်းကနဲ ထလာသော သတ်ဖြတ်လိုစိတ်နှင့်အတူ အေးစက်စွာ ပြောလိုက်၏။
“မင်းစကားနဲ့ပဲ ငါတို့ကို ယုံရမှာလား.. မင်းတို့ သိုလှောင်အိတ်တွေ ထုတ်ပေးစမ်း မဟုတ်ရင်တော့ သေဖို့တာပြင်ထား”
ရွှမ်ယီနှင့် အခြားနှစ်ယောက်သည် မျက်စိမျက်နှာ ပျက်ယွင်းသွားကြ၏။
သူတို့က သည်းခံလေလေ.. တစ်ဖက်အဖွဲ့က သူတို့အပေါ် ပို၍ စီးပိုးလာလေဖြစ်၏။
သူတို့၏ သိုလှောင်အိတ်များကိုသာ ထုတ်ပေးလိုက်လျှင် အဲ့ဒါက သူတို့၏ အသက်တစ်ဝက်ကို အရင်ဆုံး ပေးထားလိုက်ခြင်းနှင့် တူလေသည်။
သူတို့မှာ မည်သည့်မူလစိတ်ဝိညာဉ်လက်နက်မှ မရှိတာကိုထား.. ရှိခဲ့လျှင်တောင် သူတို့ အဲ့ဒါက ဒီတိုင်း ခွင့်ပြုပေးလိုက်လို့ မဖြစ်ချေ။
လက်သီးကိုဆုပ်၍ သူ့ရင်ထဲမှ ဒေါသစိတ်ကို ဖိနှိမ်ကာ ရွှမ်ယီက သုန်မှုန်စွာနှင့် ပြောလိုက်၏။
“တာအိုရောင်းရင်းတို့.. ကျုပ်တို့အားလုံးက ရွှေအမြုတေတွေပဲ.. ခင်ဗျားတို့ အနိုင်ကျင့်တာက အရမ်းတော့ လွန်မလာပါနဲ့”
“ဟဟ”
“အို့ လုပ်ပါဦး.. သူက ဒေါသထွက်နေတာဟ”
“ဟီးဟီး.. စိတ်ဝင်စားစရာပဲဟေ့”
ရွှမ်ယီ၏ တုံ့ပြန်မှုက တစ်ဖက်လူများအတွက် လှောင်ရယ်စရာတစ်ခုလို ဖြစ်နေ၏။
ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများသည် စိတ်အေးလက်အေးပုံစံနှင့် လှောင်ပြောင်ရယ်မောနေလိုက်ကြ၏။
အခြေအနေက မဟန်တော့တာကို သတိထားမိသွားပုံရပြီး လီကျိယွဲ့က အလောတကြီး ဝင်ပြောလိုက်၏။
“တာအိုရောင်းရင်းတို့.. ကျုပ်တို့မှာ ဘာမူလစိတ်ဝိညာဉ်လက်နက်မှ မရှိဘူးဆိုတာ ကျုပ်တို့ ကျိန်ပြလို့ ရပါတယ်.. ကျုပ်တို့မှာ ရှိခဲ့ရင် မိုးကောင်းကင်က ရက်ရက်စက်စက် အပြစ်ပေးပါစေဗျာ”
“သေလူသုံးယောက်က ငါတို့နဲ့ ညှိနှိုင်းဖို့ အဆင့်မရှိဘူး”
မိုရှောင်ဖုန်က တစ်ဖန်လှောင်ရယ်၍ အေးစက်စက်အမူအယာနှင့် ပြောလိုက်၏။
“မင်းတို့က အသာတကြည် မပေးချင်ဘူးဆိုမှတော့ ငါကိုယ်တိုင် လာယူရတော့မှာပေါ့”
ရွှစ်..
ရွှမ်ယီနှင့် အခြားနှစ်ယောက်သည် သူတို့၏ အမြင်အာရုံက ဝါးကနဲဖြစ်သွားသည်ဟု ခံစားလိုက်ရပြီး မိုရှောင်ဖုန်သည် သူရှိနေရာကနေ ပျောက်သွား၏။
“အရမ်းမြန်တယ်ဟ”
သူတို့၏ နှလုံးက ဒုတ်ကနဲ ခုန်သွားကြ၏။
စောစော သုံးနာရီကျော်လောက်ကတင် သူတို့သည် ဒဏ်ရာများ ရရှိထားခဲ့သောကြောင့် သူတို့၏ ခန္ဓာကိုယ်များသည် အကောင်းဆုံး အခြေအနေသို့ ပြန်မရောက်ကြသေးပေ။ လျှို့ဟွေ့ဝမ်းဗိုက်ပေါ်က ဒဏ်ရာဆိုလျှင် အခုထိ အနာလုံးလုံး မကျက်သေးပေ။
ရွှမ်ယီသည် လျှို့ဟွေ့၏ ရှေ့ကနေ ရပ်၍ ထိပ်တန်းအဆင့်ဓါးပျံ ၁၂ လက်ကို ထုတ်ကာ ကာကွယ်ဖို့ လုပ်လိုက်၏။ သူသည် ဘာကိုမှ ထိန်ချန်မနေတော့ဘဲ ဆဋ္ဌဂံဓါးဝင်္ကပါနှစ်ထပ်ကို ပုံဖော်လိုက်၏။
လီကျိယွဲ့က အံကိုကြိတ်ပြီး သူ့ရွှေအမြုတေကို အရူးအမူး လှည့်ပတ်ကာ ဟိန်းဟောက်လိုက်၏။
“ဆန်းကြယ်ဓါးမိုး”
စတင်တိုက်ခိုက်ပြီဆိုကတည်းက သူတို့နှစ်ယောက်စလုံးသည် သူတို့၏ ခွန်အားအပြည့်ကို ထုတ်သုံးလိုက်ကြ၏။
ဖြောက်.. ဖြောက်.. ဖြောက်..
ကောင်းကင်ထက်မှ မိုးပေါက်များက ရွာချလာ၏။ မိုးရေစက်များက ဓါးများလို ထက်ရှနေ၏။
ထိုသည်ကို မြင်သောအခါ ချွမ်ရှင်းယုက သူ့နှုတ်ခမ်းကိုကွေးပြီး မှတ်ချက်ပြုပေးလိုက်၏။
“ဘယ်ဆိုးလို့လဲ.. မင်းက ရွှေအမြုတေနယ်မြေကိုတောင် ကျင့်ကြံထားနိုင်တယ်ဆိုတော့.. သနားဖို့ကောင်းတာကတော့... မင်းရဲ့အမြုတေက အရမ်းအားနည်းလွန်းတာပဲ”
မိုရှောင်ဖုန်သည် ရွှမ်ယီနှင့် အခြားနှစ်ယောက်၏ ဘေးမှာ ကြောက်စရာအကြည့်နှင့်အတူ ပြန်ပေါ်လာ၏။
လီကျိယွဲ့ သူ့ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ခြင်းက နည်းနည်းလေးသာ နောက်ကျသွားခဲ့လျှင် မိုရှောင်ဖုန်က သူတို့ကို တိတ်တဆိတ် အငိုက်ဖမ်း သတ်ဖြတ်ပေတော့မည်။
လောလောဆယ် သူတို့ကို ဆန်းကြယ်ဓါးမိုးက ကာကွယ်ပေးထား၏။
မိုရှောင်ဖုန်က သူတို့ကို တိုက်ခိုက်ချင်လျှင် ရွှေအမြုတေနယ်မြေကို ဖြတ်ကျော်ရပေမည်။
“ဒီလောက် အဆင့်နိမ့်တဲ့ ရွှေအမြုတေကို ထုတ်ပြရတာ မင်းကိုယ်မင်း မရှက်ဘူးလား”
မိုရှောင်ဖုန်သည် သူ့ရွှေအမြုတေကို လှည့်ပတ်ရင်း နက်မှောင်နေသော အလင်းတန်းလေးနှစ်ခုက သူ့မျက်လုံးများထဲမှာ လင်းထိန်လာကာ ဟိန်းဟောက်လိုက်၏။
“ရွှေအမြုတေနယ်မြေ.. အရိပ်မဲ့အမြွှာလှံတို”
မိုရှောင်ဖုန်၏ နောက်တွင် ရွှေညိုရောင်လှံတိုနှစ်ချောင်းက ပေါ်လာပြီး ထက်ရှသော အော်ရာက ဖြာထွက်နေ၏။
“ပိုးစုန်းကြူးတစ်ကောင်ရဲ့ အလင်းနဲ့ လရောင်ရဲ့ ကျက်သရေကို ဘယ်လိုတောင် ယှဉ်ပြိုင်ရဲတာလဲ.. ပြိုကွဲလိုက်စမ်း”
မိုရှောင်ဖုန်က ရှေ့သို့ ညွှန်လိုက်၏။
ဝှစ်.. ဝှစ်..
လှံတိုနှစ်ချောင်းက ပျောက်ကွယ်သွားပြီး လေထဲမှာ နက်မှောင်နေသော အလင်းတန်းနှစ်ခုက ပေါ်လာ၏။ အဲ့ဒါက ကြောက်စရာကောင်းသော တုန်ခါလှိုင်းများနှင့်အတူ မိုးရေစက်များကို ဖြိုခွင်းလိုက်၏။
ဘုန်း.. ဘုန်း..
ကျယ်လောင်သော အသံနှစ်သံက ထွက်ပေါ်လာ၏။
လီကျိယွဲ့သည် ခပ်သဲ့သဲ့ ညည်းလိုက်၏။
မိုးရေပြင်ပေါ်တွင် အက်ကွဲကြောင်းများက ပေါ်လာ၏။
မရေမတွက်နိုင်သော မိုးရေစက်များသည် လေထဲမှာတင် ရပ်တန့်သွားကြ၏။
အနက်ရောင်အလင်းတန်းနှစ်ခုက မိုးရေပြင်ကို ထိုးဖောက်ပြီး လေထုကို ဖြိုခွင်းလာ၏။
ချွမ်း ချွမ်း..
ဆဋ္ဌဂံဓါးဝင်္ကပါနှစ်ခုက နက်မှောင်နေသော အလင်းတန်းနှစ်ခုကို ပိတ်ဆို့တားဆီးလိုက်၏။
ချွင်.. ချွင်..
ကျွတ်ဆတ်ဆတ် အသံနှစ်သံက ထွက်ပေါ်လာလေသည်။
ရုတ်တရက် အနက်ရောင်အလင်းများက စတင်လှည့်ပတ်သွားပြီး ဝဲကတော့လှိုင်းမြောက်များစွာကို ထုတ်ပေးကာ ဆဋ္ဌဂံဓါးဝင်္ကပါကို ရိုက်ခတ်လိုက်ကြ၏။
ဖုန်း.. ဖုန်း.. ဖုန်း..
ထိပ်တန်းအဆင့်ဓါးပျံ ၁၂ လက်က လွင့်စင်ထွက်ကုန်၏။
ဓါးဝင်္ကပါက တစ်ခဏအတွင်း ပြိုကွဲသွားလေပြီ။