သေချင်နေတာက မင်းပဲ
Vol. 36 Ch. 528
လီကျိယွဲ့၏ ရွှေအမြုတေနှင့် ရွှမ်ယီ၏ ဆဋ္ဌဂံဓါးဝင်္ကပါတို့က တစ်ချိန်တည်းနီးပါးပင် ပျက်ပြယ်သွားကြ၏။
သူတို့နှစ်ယောက်စလုံးသည် တသိမ့်သိမ့်တုန်ပြီး မျက်နှာများက သွေးဆုတ်သွားကြ၏။
ဝှစ်.. ဝှစ်..
အနက်ရောင်လှံတိုနှစ်ချောင်း၏ အလင်းက တစ်ခဏအတွင်း သူတို့ရှေ့မှာ ပေါ်လာ၏။
လျှိုဟွေ့က ခပ်လောလောပင် သူမ၏ သိုလှောင်အိတ်ထဲကနေ ကာကွယ်ရေးအဆောင်နှစ်ခုကို ဆွဲထုတ်ပြီး ချိုးချေလိုက်၏။ တဖျတ်ဖျတ်တလက်လက် အလင်းများက ထွက်ပေါ်လာပြီး သူတို့ရှေ့တွင် အကာအရံအလွှာတစ်ခုက ပေါ်လာလေသည်။
ချပ် ချပ်..
အနက်ရောင်အလင်းများနှင့် ထိတွေ့သည့် ခဏမှာပင် အလင်းလွှာက ကြေမွသွား၏။
မြောက်များလှစွာသော အားက ဆင်းသက်လာသောကြောင့် သူတို့သုံးယောက်သည် မီတာနှစ်ဆယ်ကျော်လောက် လွင့်ထွက်သွားကြ၏။
လျှိုဟွေ့၏ ဝမ်းဗိုက်ရှိ ဒဏ်ရာက နောက်တစ်ဖန် ဟပြဲသွားပြီး သူမသည် ဝတ်ရုံသည် သွေးများဖြင့် နီစွေးသွားလေသည်။
ရွှမ်ယီနှင့် လီကျိယွဲ့တို့သည်လည်း သွေးများကို ထွေးထုတ်လိုက်ရ၏။ သူတို့၏ အော်ရာများက အားနည်းသွားပြီး သူတို့၏ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များက ကသောင်းကနင်းဖြစ်ကာ သူတို့၏ မရီးဒါန်များက တဆစ်ဆစ်နှင့် နာကျင်ကိုက်ခဲလာ၏။
အရိပ်မဲ့အမြွှာလှံတိုက ရွှေအမြုတေအဆင့်သတ်မှတ်ချက်မှာ စာရင်းမဝင်သော်လည်း ကြောက်စရာကောင်းသည့် သတ်ဖြတ်စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
မိုရှောင်ဖုန်သည် လေထဲသို့ ခုန်တက်လိုက်သောအခါ အနက်ရောင်လှံတိုနှစ်လက်က သူ့ကို ဆက်တိုက်လှည့်ပတ်နေပြီး သူ၏ အမြုတေစွမ်းအားက လွှမ်းမိုးခြယ်လှယ်စွာနှင့် တက်ကြွနေ၏။
မြေပြင်ပေါ် လဲကျနေကြသော သူတို့သုံးယောက်ကိုကြည့်ပြီး မိုရှောင်ဖုန်က အေးစက်စက်အမူအယာနှင့် ပြောလိုက်၏။
“ဘာလဲ.. မင်းတို့က သေတော့မယ့်ဆဲဆဲမှာတောင် အဲ့ဒီမူလစိတ်ဝိညာဉ်လက်နက်ကို ထုတ်မပေးနိုင်သေးဘူးလား”
လီကျိယွဲ့က အံကြိတ်လိုက်၏။
“ကျုပ်တို့မှာ ဘာမူလစိတ်ဝိညာဉ်လက်နက်မှ မရှိဘူး”
“မင်းက အခုထိ ခေါင်းမာနေတုန်းပေါ့လေ”
မိုရှောင်ဖုန်က ငေါက်ငမ်းလိုက်၏။
“အဲ့လိုဆိုမှတော့လဲ မင်းတို့မှာ နောက်ထပ်အခွင့်အရေး မရှိတော့ဘူး”
“မူလစိတ်ဝိညာဉ်လက်နက်က ငါ့ဆီမှာပဲ.. မင်းလိုချင်ရင် ဒီကို လာခဲ့လိုက်”
ရုတ်တရက်.. နန်းတော်၏ အနက်ပိုင်းထဲမှ ကျောချမ်းဖွယ်ရာ သတ်ဖြတ်လိုစိတ်နှင့် အေးစက်စက် အသံတစ်သံက ထွက်ပေါ်လာ၏။
လူတိုင်းသည် အသံထွက်လာရာကို အလိုလို လှမ်းကြည့်လိုက်ကြ၏။
ပုံရိပ်တစ်ခုက တဖြည်းဖြည်း ပေါ်လာ၏။
သူက အနက်ရောင်ဆံပင်၊ အစိမ်းရောင်ဝတ်ရုံ၊ ကြော့ရှင်းချောမောသောသွင်ပြင်နှင့် စာပေသမားတစ်ယောက်လိုလူ ဖြစ်လေသည်။
ဘာကြောင့်ရယ် မပြောတတ်သော်လည်း ထိုပျော့တိပျော့ဖတ်ပုံစံစာပေသမားထံမှ ကြောက်မက်ဖွယ်ရာကောင်းသော အော်ရာနှင့် အန္တရာယ်အငွေ့အသက်က ဖြာထွက်နေ၏။
စာပေသမားက လျှောက်လှမ်းလာသောအခါ သွေးဆာနေသော ကြမ်းကြုတ်သားရဲတစ်ကောင်က သူတို့ထံသို့ ချဉ်းကပ်လာနေသလို လူတိုင်း ခံစားလိုက်ရ၏။
လက်ရှိကျင့်ကြံသူများသည် မျက်မှောင်ကြုတ်လိုက်ကြ၏။
“ဟမ့်”
ဝမ့်ယန်နှင့် ချွမ်ရှင်းယုသည် အနည်းငယ် အံ့အားသင့်သွားပြီး သူတို့၏ အကြည့်က တလက်လက် တောက်လာ၏။
မြေအောက်နန်းတော်၏ အနက်ပိုင်းထဲတွင် နောက်ထပ်ကျင့်ကြံသူတစ်ယောက် ရှိနေဦးလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
သိပ်မကြာမီ အစိမ်းရောင်ဝတ်ကျင့်ကြံသူက သူတို့ရှေ့သို့ ရောက်ရှိလာလေသည်။
“ဟ.. ငါကတော့ ဘယ်လို စွမ်းအားကြီး ပုဂ္ဂိုလ်များ ရောက်လာပါလိမ့်လို့.. လက်စသတ်တော့ အစောပိုင်း-ရွှေအမြုတေလေးပဲကိုး”
“သေချင်နေတဲ့ နောက်ထပ်လူတစ်ယောက်ပေါ့”
ဝင်ရောက်လာသူကို စိတ်ဝိညာဉ်အကဲဖြတ်ခြင်းနှင့် စစ်ဆေးကြည့်ရှုပြီးနောက် လက်ရှိရွှေအမြုတေများသည် စိတ်အေးလက်အေး သက်ပြင်းချလိုက်ကြ၏။
သူဟာသူ ဘယ်လောက်ပဲ သန်မာပါစေ.. အစောပိုင်း-ရွှေအမြုတေတစ်ယောက်က သူတို့ကို ဒုက္ခများစွာ ပေးနိုင်လိမ့်မည် မဟုတ်ပေ။
“ဇီမို.. မင်းပြန်လာတာလား”
ဆူဇီမိုပေါ်လာသည်ကို မြင်သောအခါ ဒီနေ့ကိစ္စက အေးအေးချမ်းချမ်းနှင့် အဆုံးသတ်တော့မှာ မဟုတ်ဘူးဆိုတာကို ရွှမ်ယီ သိလိုက်၏။
သူတို့သုံးယောက်ဘေးသို့ ရောက်လာပြီးနောက် ဆူဇီမိုသည် ဆောင့်ကြောင့်ထိုင်ချပြီး သူတို့၏ အခြေအနေကို စစ်ဆေးကြည့်လိုက်၏။ သေလောက်သည့် အန္တရာယ် မရှိတာကို မြင်ရပြီးမှသာ သူ့အမူအယာက ပြေလျော့သွား၏။
သုန်မှုန်နေသော အမူအယာနှင့် လျှိုဟွေ့က တိုးတိုး ပြောလိုက်၏။
“ဇီမို.. ဒီလူတွေက ကိုင်တွယ်ဖို့ မလွယ်ဘူးနော်.. မူလစိတ်ဝိညာဉ်လက်နက်ကို ထုတ်ပေးပြီး သူတို့အချင်းချင်း အရင်တိုက်ခိုက်ကြပါစေလား.. ရုတ်ရုတ်သဲသဲဖြစ်မှ ငါတို့ထွက်ပြေးဖို့ ကြိုးစားကြတာပေါ့.. ငါတို့ အနိုင်ကျင့်ခံရတာက ဘာမှ မဖြစ်ပါဘူး.. ငါတို့ အသက်ရှင်ဖို့က ပိုအရေးကြီးတယ်မလား”
“ဟုတ်တယ်”
လီကျိယွဲ့က ထပ်ပြောလိုက်၏။
“သူတို့က လူလဲ အရမ်းများတယ်.. ခေါင်းဆောင်သုံးယောက်က အရမ်းကြောက်ဖို့ကောင်းတယ်.. ခင်ဗျား သူတို့ထဲက တစ်ယောက်ကိုတောင် နိုင်အောင် မတိုက်နိုင်လောက်ဘူး.. အရမ်းကာရော မလုပ်ပါနဲ့”
“ဟင်း”
ရွှမ်ယီက သက်ပြင်းချလိုက်၏။
“အခြေအနေ မဟန်တော့ရင် ကိုယ်လွတ်သာ ရုန်းပြေး ဇီမို.. ခေါင်းမမာနဲ့”
“ဘာမှ မဖြစ်ပါဘူး.. အဆင်ပြေပါတယ်.. ကျုပ် ကြည့်ရှင်းလိုက်မယ်”
ဆူဇီမိုက တည်ငြိမ်စွာနှင့်ပင် သူတို့သုံးယောက်ကို စိတ်ချလက်ချ ရှိနေဖို့ အမူအယာ ပြလိုက်၏။
ဝမ့်ယန်နှင့် ချွမ်ရှင်းယုသည် ဆူဇီမိုကို ခဏကြာ စိုက်ကြည့်ပြီးနောက် စိတ်အေးလက်အေး ဖြစ်သွားကြ၏။
ထိုစာပေသမားထံမှ အလွန်တရာ အန္တရာယ်ရှိသောအော်ရာက ထွက်ပေါ်နေသော်လည်း သူ့အခြေအနေက သိပ်ကောင်းပုံမရဘဲ သူ့မျက်နှာက တစ်နည်းတစ်ဖုံ ဖြူလျော့နေ၏။ ပြောရမည်ဆိုလျှင် သူ့အသက်ရှူမှုမှာတောင် သွေးရနံ့တစ်စွန်းတစ်စက ပါနေ၏။
ထိုလူက သိပ်မကြာခင်ကမှ တိုက်ပွဲအပြင်းအထန် တိုက်ခိုက်ထားပုံရပြီး ဒဏ်ရာပြင်းထန်စွာလည်း ရရှိထားပုံရ၏။
“ငါ သက်သက် လန့်နေတာပဲဟ.. သူက ခြိမ်းခြောက်နိုင်စွမ်းမှ မရှိတာ”
ချွမ်ရှင်းယုက သွားဖြီးလိုက်ပြီး ထိုစကားများက သူ့စိတ်ထဲမှာ ပေါ်လာခဲ့ခြင်းဖြစ်၏။
“ကောင်လေး.. မူလစိတ်ဝိညာဉ်လက်နက်ကို ထုတ်ပေးလိုက်စမ်း.. အဲ့ဒါဆို မင်းအလောင်းကို မဖျက်ဆီးဘဲ ချန်ထားပေးမယ်”
မိုရှောင်ဖုန်က အထက်ကနေ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း အပြည့်နှင့် ငုံ့ကြည့်လိုက်၏။
ဆူဇီမိုသည် မိုရှောင်ဖုန်ကို မော့တောင် မကြည့်ဘဲ သူ့ပတ်ဝန်းကျင်ကိုသာ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။ သူ့အကြည့်က ချွမ်ရှင်းယုနှင့် ဝမ့်ယန်တို့အပေါ် ရောက်ရှိသွားပြီး မေးခွန်းထုတ်လိုက်၏။
“ငါ့ရဲ့ မူလစိတ်ဝိညာဉ်လက်နက်ကို လိုချင်တာ အခြားဘယ်သူ ရှိသေးလဲ”
လူတိုင်း ကြောင်အသွားကြ၏။
အဲ့စာပေသမားက ရူးနေတာလား.. သူ့အခြေအနေကိုသူ သဘောမပေါက်ဘူးလား..
ဆူဇီမိုက သူ့ကို လျစ်လျူရှုထားသည့်အတွက် မိုရှောင်ဖုန်သည် ရှက်သွားပြီး သူ့မျက်လုံးများထဲမှာ သတ်ဖြတ်လိုစိတ်က ထကြွလာလေသည်။
“ကောင်လေး.. မင်းကို ငါစကားပြောနေတယ်လေ”
ထိုလူ၏ တည်ရှိမှုကို မသိသည့်အလား.. ဆူဇီမိုသည် မိုရှောင်ဖုန်ကို လျစ်လျူရှုထားဆဲဖြစ်၏။
“ပြန်ဖြေမယ့်သူ ဘယ်သူ့မှ မရှိတော့ဘူးလား”
ဆူဇီမိုက မျက်ခုံးပင့်ပြီး ပြုံးကာ အလေးအနက် ပြောလိုက်၏။
“အဲ့ဒါဆိုလဲ ငါအကြံပေးလိုက်မယ်.. မင်းတို့ကောင်တွေ အခုနေထွက်ရင် ထွက်သွားလိုက်ကြတော့.. အဲ့ဒါဆို အသက်ရှင်ဖို့ အခွင့်အရေး ရှိဦးမယ်.. တစ်ကယ်တမ်း ငါတိုက်ခိုက်ပြီဆိုမှတော့ နောင်တမရနဲ့တော့”
“အ”
“ဟဟဟား”
အရင်ဆုံး လူအုပ်ကြီးက အသံတိတ်သွား၏။
ထို့နောက် ဝါးလုံးကွဲ ရယ်ချလိုက်ကြ၏။ တချို့က ကမ္ဘာပေါ်မှာ အရယ်ရဆုံးဟာသကို ကြားလိုက်ရသည့်အလား.. ဗိုက်ကိုဖိနှိပ်ကာ ကိုယ်ကိုကိုင်းညွှတ်၍ ခိုးထိုးခွက်လန် ရယ်နေကြ၏။
လူတိုင်းသည် ဆူဇီမိုကို အရူးတစ်ယောက်လို ဝိုင်းရယ်လိုက်ကြ၏။
ဆူဇီမိုကတော့ ပြုံးနေဆဲဖြစ်၏။
လေထဲတွင် မိုရှောင်ဖုန်၏ အမူအယာက အရုပ်ဆိုးလာပြီး သူ့လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်၏။ ရွှေညိုရောင်လှံတိုနှစ်ချောင်းက သူ့ကို လျှင်မြန်စွာ လှည့်ပတ်လာပြီး တဝီဝီ ကျယ်လောင်စွာ မြည်လာ၏။
သူ့အပေါ် ဆူဇီမို၏ ဆက်တိုက်လျစ်လျူရှုမှုက သူ့သည်းခံနိုင်စွမ်းကို ကုန်ဆုံးသွားစေလေပြီ။
“မင်းကတော့.. သေချင်.. နေပြီ.. ထင်တယ်”
မိုရှောင်ဖုန်၏ လည်ပင်းကြောများက ထောင်ထလာပြီး သူ့သွေးများက ဆူပွက်လာကာ စကားကို တစ်လုံးချင်း ဟိန်းဟောက်ပြောဆိုလိုက်၏။
နောက်ဆုံးမှာတော့...
ဆူဇီမိုသည် မိုရှောင်ဖုန်ကို အနည်းငယ်မော့၍ ကြည့်ပြီး ထူးမခြားနားလေသံဖြင့် ပြောလိုက်၏။
“သေချင်နေတာက မင်းပဲ”
“သတ်”
ဆက်လက်သည်းခံနိုင်ခြင်း မရှိတော့ဘဲ မိုရှောင်ဖုန်သည် သူ၏ အမြုတေနယ်မြေစွမ်းအားကို ချက်ချင်းလှည့်ပတ်ကာ ဟိန်းဟောက်လိုက်၏။ လှံတိုနှစ်ချောင်းက အလင်းတန်းနှစ်ခုအသွင် ချက်ချင်း ပြောင်းလဲသွား၏။
ဆူဇီမိုသည် အမူအယာကင်းမဲ့စွာနှင့်ပင် ပျာယာခတ်ခြင်း မရှိဘဲ သူ့သိုလှောင်အိတ်ကို အသာအယာ တို့ထိလိုက်၏။ အရာအားလုံးကို ဖိနှိမ်နိုင်သည့်အလား လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း အပြည့်နှင့် ရွှေရောင်ချိတ်စည်းကြီးတစ်ခုက သူ့လက်ပေါ်မှာ ပေါ်လာ၏။
ထိုချိတ်စည်းကြီးကို မြင်သောအခါ ဝမ့်ယန်နှင့် ချွမ်ရှင်းယုတို့၏ အကြည့်များက ပြောမပြတတ်အောင် တောက်လောင်ပြင်းပြလာကြ၏။
ဆူဇီမိုသည် သူ၏ ရွှေအမြုတေစွမ်းအားကို လှည့်ပတ်၍ ချိတ်စည်းထဲသို့ ပို့လွှတ်လိုက်၏။
သူ့လက်ပေါ်ရှိ ရစ်ခွေနဂါးချိတ်စည်းက လျှင်မြန်စွာ ပြန့်ကားသွားပြီး ခြစ်ခြစ်တောက်ပူလောင်သော နေတစ်စင်းလို ဝင်းဝင်းထိန် တောက်ပလာ၏။ အဲ့ဒါက ပျံသန်းသွားပြီး ဆူဇီမို၏ ရှေ့ကနေ ပိတ်ကာလိုက်၏။
ချွမ်း.. ချွမ်း..
အနက်ရောင်အလင်းနှစ်ခုက အချိန်မီ မရှောင်နိုင်တော့ဘဲ ရစ်ခွေနဂါးချိတ်စည်းကို ဝင်ဆောင့်ကာ ချက်ချင်း ပြန်ကန်ထွက်သွား၏။
ရစ်ခွေနဂါးချိတ်စည်းက တုတ်တုတ်မှ မလှုပ်ပေ။
မိုရှောင်ဖုန်က တသိမ့်သိမ့် တုန်ယင်သွားပြီး သူ့မျက်လုံးထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုက ပေါ်လာ၏။
ထိုတိုက်ခတ်မှုက သူ့ရွှေအမြုတေနယ်မြေကို ကြေမွသွားစေလုနီးပါးပင်။
“မင်းက မူလစိတ်ဝိညာဉ်လက်နက်တစ်ခုကို ကြည့်ချင်တာမလား”
ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်၏။
“မင်းတို့အားလုံး ကြည့်ချင်နေတာကို ကောင်းကောင်း ပြပေးရတာပေါ့”
ဝုန်း..
ရစ်ခွေနဂါးချိတ်စည်းက ဧရာမရွှေတောင်ကြီးတစ်ခု အသွင်ပြောင်းသွားပြီး ကောင်းကင်ထက်ကနေ ကျဆင်းလာ၏။
“ဂါး”
နဂါးဟိန်းသံက ပဲ့တင်ထပ် ထွက်ပေါ်လာပြီး နဂါးတစ်ကောင်က ရွှေတောင်ထွတ်ကို လှည့်ပတ်ကာ ပြင်းထန်ကြမ်းကြုတ်သည့်စွမ်းအား၊ ပိုမိုသိပ်သည်းသည့်အော်ရာနှင့်အတူ ကောင်းကင်ထက်ကနေ အလွန်မြန်စွာ ဆင်းသက်လာ၏။
ရစ်ခွေနဂါးချိတ်စည်း၏ အရိပ်အောက်တွင် များစွာသော ရွှေအမြုတေများသည် ရင်တလျှပ်လျှပ်နှင့် သူတို့၏ နှလုံးများက ခုန်ပေါက်လာ၏။
ဝုန်း..
ရစ်ခွေနဂါးချိတ်စည်းကျဆင်းလာပြီး.. မိုရှောင်ဖုန်၏ အရိပ်မဲ့အမွှာလှံတိုအမြုတေနယ်မြေက ချက်ချင်း ကြေမွသွားလေသည်။
ဖွီး..
မိုရှောင်ဖုန်သည် တသိမ့်သိမ့် တုန်ယင်သွားပြီး ခါးသက်သော အမူအယာနှင့်အတူ သွေးများကို ပါးစပ်အပြည့် ထွေးထုတ်လိုက်ရ၏။
ချိတ်စည်း၏ အရိပ်ကြီးက မိုရှောင်ဖုန်အပေါ် လွှမ်းခြုံကျလာပြီး သူသည် မည်သို့မှ လွတ်အောင် ပြေးမထွက်နိုင်တော့ပေ။ သူသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး ကာကွယ်ရေးအဆောင်တစ်ခုကို ကပျာကယာ ချိုးဖျက်ကာ ကြောက်လန့်တကြား အော်လိုက်၏။
“တာအိုရောင်းရင်း.. ကျေးဇူးပြုပြီး သနားညှာ...”
ဖြီး..
သူ့စကားမဆုံးသေးခင်မှာပင် ရွှေရောင်တောင်ထွတ်အောက်မှ အသားနှင့်သွေးပျော့ဖတ်များက ပြန့်ကျဲစင်ထွက်သွား၏။
အရိပ်မဲ့ဂိုဏ်း၏ ပြိုင်စံရှားက ရစ်ခွေနဂါးချိတ်စည်းအောက်မှာ အလောင်းတောင်မကျန်ခဲ့ဘဲ အသက်ပျောက်သွားရလေပြီ။