အစုလိုက်အပြုံလိုက် စတင်သတ်ဖြတ်ခြင်း
Vol. 36 Ch. 529
မြေအောက်နန်းတော်တစ်ခုလုံးက ချက်ချင်းတိတ်ဆိတ်ကျသွား၏။
ကြယ်တာရာလမင်းဂိုဏ်း၊ အရိပ်မဲ့ဂိုဏ်းနှင့် မီးလျှံကိုလံဘတ်တောင်ကြားမှ ကျင့်ကြံသူများသည် ဖြစ်ပျက်သမျှကို မျက်လုံးအဝိုင်းသားနှင့် ငေးကြည့်နေကြ၏။
သည့်အရင်ကဆို ပျော့တိပျော့ဖတ်ပုံစံနှင့် စာပေသမားလေးထံမှ တိုက်ခိုက်မှု တစ်ချက်က အရိပ်မဲ့ဂိုဏ်း၏ ပြိုင်စံရှားကို ချက်ချင်း သေစေသွားလိမ့်မည်ဟု မည်သူမှ မစဉ်းစားမိကြပေ။
သတ်ဖြတ်တဲ့ နေရာမှာ ပြတ်သားခြင်း..
ထိုစကားလုံးများက လူတိုင်း၏ စိတ်အာရုံထဲသို့ ဝင်ရောက်လာ၏။
အဲ့ဒါက အရမ်းကို ရက်စက်လွန်း၏။
ယခုကဲ့သို့ အခြေအနေ၌ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ ပြိုင်စံရှားများကလွဲလျှင် အခြားမည်သည့်ရွှေအမြုတေကမှ အရမ်းကာရော ပြုမူရဲကြလိမ့်မည် မဟုတ်ပေ။
မိုရှောင်ဖုန် သေဆုံးသွားခြင်းနှင့်အတူ နှစ်ဖက်အဖွဲ့က မည်သို့မှ ညှိနှိုင်းလို့ရတော့မည် မဟုတ်ပေ။
လူတိုင်းသည် တုန်လှုပ်သွားသော်လည်း သူတို့၏ အကြည့်များက အေးစက်နေဆဲဖြစ်၏။
သူတို့အတွက်တော့ ရွှမ်ယီနှင့် အခြားနှစ်ယောက်က ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး သူတို့ကိုင်တွယ်ရမည်မှာ ဆူဇီမိုတစ်ယောက်တည်းသာ။ သူက ဘယ်လောက်ပဲ သန်မာပါစေ.. ရွှေအမြုတေပေါင်းများစွာ၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံနိုင်လိမ့်မည် မဟုတ်ပေ။
နောက်ပြီး သူက အစောပိုင်း-ရွှေအမြုတေအဆင့်တစ်ယောက်သာ ဖြစ်လေသည်။
အရိပ်မဲ့ဂိုဏ်းမှ ကျန်ရှိသော ကျင့်ကြံသူခုနှစ်ယောက်သည် ဖြည်းဖြည်းချင်း လူခွဲသွားကြပြီး အမှောင်ထုထဲမှာ လုံးဝ ပျောက်ကွယ်သွား၏။
ချွမ်ရှင်းယုနှင့် ဝမ့်ယန်သည် တောက်လောင်ပြင်းပြသော အကြည့်များနှင့် ဧရာမရွှေရောင်ချိတ်စည်းကို စိုက်ကြည့်နေကြ၏။
အစောပိုင်း-ရွှေအမြုတေတစ်ယောက်ကတောင် ဤမျှ ကြောက်စရာကောင်းသည့် သတ်ဖြတ်စွမ်းအားကို ထုတ်ဖော်နိုင်သည်ဆိုတော့ ထိုချိတ်စည်းကြီးက လုံးဝ ထူးခြားလွန်းလေသည်။
သူတို့သာ အဲ့ဒါကို ရယူနိုင်လျှင် သူတို့၏ တိုက်ခိုက်ရည်က အနည်းဆုံး နှစ်ဆတိုးလာပေလိမ့်မည်။
ထိုချိတ်စည်းနှင့်ဆိုပါက သူတို့သည် ဥပစာရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်သည့်အခါ အခြားသူများအပေါ် သေချာပေါက် လွှမ်းမိုးခြယ်လှယ်၍ နာမည်တစ်ခု ရလာပေလိမ့်မည်။
“ဟုတ်ပြီလေ”
ဝမ့်ယန်က ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ကောင်းလိုက်တဲ့အကွက်ပဲ တာအိုရောင်းရင်းရေ.. ကျုပ်တော့ အထင်ကြီးမိသွားပြီ.. အဲ့ဒီမူလစိတ်ဝိညာဉ်လက်နက်ကိုသာ ကျုပ်လက်ထဲအပ်ပေး.. ခင်ဗျားကို မီးလျှံကိုလံဘတ်တောင်ကြားကို ဝင်ရောက်နိုင်ဖို့ ကျုပ်အာမခံတယ်.. ခင်ဗျား အခုကစပြီး ကျုပ်နောက်ကိုလိုက်လို့ ရပြီ”
ဆူဇီမို၏ လှောင်ပြောင်လိုရိပ်နှင့် ပြုံးစစလုပ်နေ၏။
ထိုသို့ဆိုသော်လည်း ဝမ့်ယန်က မကျေမနပ်ဖြစ်မသွားဘဲ အပြုံးနှင့်အတူ အော်ပြောလိုက်၏။
“ဉာဏ်ရှိတဲ့သူက အခြေအနေကို အကဲဖြတ်တတ်မှာပါ.. ခင်ဗျားက အရိပ်မဲ့ဂိုဏ်းနဲ့လဲ ခွာပြဲသွားပြီ.. ကြယ်တာရာလမင်းဂိုဏ်းကလည်း ခင်ဗျားရဲ့ ရတနာအတွက် ခင်ဗျားကို သတ်ချင်နေပြီ...”
ခဏမျှ ရပ်တန့်ပြီးနောက် ဝမ့်ယန်က ဟိတ်ဟန်အပြည့်နှင့် ပြောလိုက်၏။
“အခုဆို ခင်ဗျားကို ကယ်တင်နိုင်တဲ့သူက ကျုပ်တစ်ယောက်ပဲ ရှိတော့တယ်”
ဆူဇီမိုက သူ့ထံမှာ အညံ့ခံပြီး မူလစိတ်ဝိညာဉ်လက်နက်ကို လက်ကမ်းပေးသည်နှင့်အမျှ.. ဆူဇီမို၏ ရှင်သန်မှုအတွက် သူအာမခံပြီး အရိပ်မဲ့ဂိုဏ်းနှင့် ကြယ်တာရာလမင်းဂိုဏ်းတို့ကိုပင် တိုက်ခိုက်ပေးနိုင်လေသည်။
မီးလျှံကိုလံဘတ်တောင်ကြားက ရွှေအမြုတေဆယ်ယောက်ကျော်သာ ရှိသော်လည်း ဝမ့်ယန်သည် ချွမ်ရှင်းယုကို ဖိနှိမ်နိုင်သည်ဟု သူ့ကိုယ်သူ ယုံကြည်မှုရှိလေသည်။
“ခင်ဗျား ဘာမှ စိတ်မပူပါနဲ့.. စီနီယာအစ်ကိုဝမ့်က သူ့စကားသူတည်တဲ့ ယောက်ျားတစ်ယောက်ပါ”
“မင်း ဘာတွေ စဉ်းစားနေတာလဲ.. စီနီယာအစ်ကိုဝမ့်ကိုယ်တိုင်က မင်းကိုဂိုဏ်းသားအဖြစ်ခေါ်ပြီး မင်းအသက်ကို ချမ်းသာပေးမယ် ပြောနေတာတောင် မင်းက စဉ်းစားနေရသေးလား”
ဆူဇီမို၏ ဆိတ်ဆိတ်နေမှုကို ကြည့်ပြီး ဝမ့်ယန်နောက်ရှိ သူ့လူများက မကျေမနပ် ဖြစ်လာကြ၏။
သူတို့အမြင်မှာ.. ဆူဇီမိုသာ လိမ်မာပါးနပ်လျှင် မူလစိတ်ဝိညာဉ်လက်နက်ကို ချက်ချင်းတန်းပေးပြီး ဦးချသင့်လေသည်။
“ငါထင်တာ... မင်းတို့ကောင်တွေ နားမလည်ကြသေးဘူးထင်တယ်”
ခဏမျှ ရပ်နေပြီးနောက် ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အခုချိန်မှာ.. ငါ့ကို ဘယ်သူကယ်နိုင်မလဲက ကိစ္စမဟုတ်ဘူး.. မင်းတို့ကောင်တွေကို ဘယ်သူကယ်နိုင်ဦးမလဲဘဲ တွေးရမှာ”
ထိုစကားကို ကြားသောအခါ ဝမ့်ယန်၏ မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ့မျက်နှာက တင်းမာခက်ထန်လာ၏။
“ဟဟဟားဟား”
ချွမ်ရှင်းယုက ထရယ်၍ ခေါင်းခါပြီး သူ့လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်၏။
“စိတ်ဝင်စားစရာပဲ ညီကိုဝမ့်ရေ.. သူ့ကို ကယ်ဖို့အတွက် ခင်ဗျားကို မလိုဘူးတဲ့.. မီးလျှံကိုလံဘတ်တောင်ကြားကလဲ သူ့အတွက် ဘာမှ မဟုတ်ပါဘူးတဲ့”
မီးလျှံကိုလံဘတ်တောင်ကြားမှ လူတိုင်းသည် အစကတည်းက ဒေါသထွက်နေကြတာဖြစ်၏။
ချွမ်ရှင်းယု၏ စကားက မီးလောင်ရာကို လေပင့်ပေးလိုက်သလိုပင်။
“သောက်ခွေးကွာ.. သူက ဖင်မှန်းခေါင်းမှန်း နားမလည်တဲ့ကောင်ပဲ”
“စီနီယာအစ်ကိုဝမ့်.. ခင်ဗျားကိုယ်တိုင် လုပ်စရာ မလိုပါဘူး.. ခင်ဗျားအတွက် သူ့ခေါင်းကို ကျုပ်ဖြတ်လာပေးမယ်”
ဝမ့်ယန်က ခေါင်းညိတ်ပြလိုက်၏။
တိုက်ခိုက်ဖို့ တောင်းဆိုခဲ့သော ရွှေအမြုတေက ဆူဇီမိုဘက်သို့ လှည့်ပြီး ပြောလိုက်၏။
“ဒီနေ့ ငါမင်းကို စိတ်အေးအေးနဲ့ သေခွင့်ပေးလိုက်မယ်.. ငါက မီးလျှံကိုလံဘတ်တောင်ကြားက ထျန်ဟန်ပဲ.. အနဲဆုံးတော့ မင်း ဘယ်သူ့လက်ချက်နဲ့ သေခဲ့ရလဲဆိုတာ သိသွားတာပေါ့”
“သူကိုး”
“သူလဲ မီးလျှံကိုလံဘတ်တောင်ကြားက ပါရမီရှင်တစ်ယောက်ပဲ.. သူတို့ဂိုဏ်းမှာ သူ့ခွန်အားကလဲ ထိပ်ဆုံးငါးယောက်ထဲ သေချာပေါက်ဝင်တယ်”
ကြယ်တာရာလမင်းဂိုဏ်းမှ လူများက တီးတိုး ဆွေးနွေးလိုက်ကြ၏။
ထျန်ဟန်က စိတ်ဝိညာဉ်စွမ်းအင်ကို မလှည့်ပတ်၊ မည်သည့်စိတ်ဝိညာဉ်လက်နက်ကိုမှလည်း မကိုင်ဆောင်ဘဲ.. လက်ဗလာနှင့် လျှောက်လှမ်းသွား၏။
ဆူဇီမိုသည် ထျန်ဟန်ကို တစ်ချက်လှမ်းကြည့်ပြီး သူ့အမူအယာက ပြောင်းလဲသွားခြင်း မရှိပေ။
ရုတ်တရက်..
ဆူဇီမိုနှင့် ဆယ်ပေအကွာလောက် ရောက်ချိန်တွင်.. ထျန်ဟန်က သူ့အရှိန်ကို တင်လိုက်၏။
ဘုန်းကနဲ မြည်သံက ထွက်ပေါ်လာ၏။
ထျန်ဟန်သည် မြေကြီးကို ကန်ကျောက်၍ သူ့သွေးချီက ရုန်းကန်ထွက်လာ၏။ သူသည် ထက်ရှသော မြားတစ်စင်းကဲ့သို့ ဆူဇီမိုထံသို့ ခုန်ဝင်သွား၏။
ဆူဇီမိုသည် အချိန်မီ မတုံ့ပြန်နိုင်သည့်အလား လုံးဝ မလှုပ်ပေ။
ထျန်ဟန်သည် နောက်ပိုင်းအဆင့်ရွှေအမြုတေတစ်ယောက် ဖြစ်သော်လည်း သူ့ပြိုင်ဘက်ကို လျှော့တွက်ခြင်း မရှိပေ။
ဆူဇီမိုက သူ့ကို ခြိမ်းခြောက်ဖို့ လုံလောက်သည့် မူလစိတ်ဝိညာဉ်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားတာ သူသိလေသည်။ ထို့ကြောင့် သူသည် အားနည်းချင်ယောင်ဆောင်၍ လုံလောက်အောင် နီးကပ်သွားမှသာ တစ်ဟုန်ထိုး တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
“သေဖို့သာ ကြံထားတော့”
ကြောက်စရာအမူအယာနှင့်အတူ ထျန်ဟန်သည် သူ့လက်သီးကို လွှဲ၍ ဆူဇီမို၏ ဦးခေါင်းကို ထိုးချလိုက်၏။
ဆူဇီမိုက အေးစက်စက်လှောင်ရယ်၍ ဝင်ရောက်လာသော တိုက်ခိုက်မှုကို တန်ပြန်ထိပ်တိုက်ထိုးနှက်လိုက်၏။
ဖျောင်း..
အရိုးများကျိုးသံက ထွက်ပေါ်လာ၏။
ထျန်ဟန်၏ လက်ဖဝါးအရိုးများက ကြေမွသွားပြီး သူ့လက်ကောက်ဝတ်က သွင်သွင်ကျိုး၍ အရိုးဖြူဖြူများက ထွက်ပေါ်လာ၏။
ချက်ချင်းပင် ချွေးသီးများက ကျဆင်းလာ၏။
ထျန်ဟန်၏ မျက်နှာက ရှုံ့မဲ့သွားပြီဖြစ်၏။
ထျန်ဟန်၏ လက်ကို ချိုးပစ်ပြီးနောက် ဆူဇီမို၏ တိုက်ခိုက်မှုက ရပ်တန့်မသွားပေ။ သူ့လက်ဖဝါးက ပြန့်သွားပြီး လက်ဖဝါးအရိပ်က ထျန်ဟန်၏ ဦးခေါင်းပေါ်သို့ လွှမ်းခြုံကျဆင်းလာ၏။
ဆူဇီမို၏ လက်ဖဝါးက ထျန်ဟန်၏ ဦးခေါင်းပေါ် ကျဆင်းသွားပြီးနောက် အားနှင့်အောက်သို့ ဖိချလိုက်၏။
ဖျောက်.. ဖျောက်.. ဗြစ်..
ထျန်ဟန်၏ ဦးခေါင်းကြီးက ပုခုံးနှစ်ဖက်ကြားထဲသို့ နစ်ဝင်သွားပြီး သူ့လည်ပင်းက ကျိုးထွက်သွားလေသည်။ သွေးများက ပန်းထွက်လာပြီး ချက်ချင်းပင် အသက်ထွက်သွားလေ၏။
ဆူဇီမိုသည် ဆယ်ပေအတွင်း၌ ပြိုင်ဘက်ကင်းသည်ဆိုတာကို သူလုံးဝ မသိခဲ့ပေ။
ဆူဇီမိုအတွက်တော့ သူ၏ လှုပ်ရှားမှု၊ တွက်ချက်မှုနှင့် တိုက်ခိုက်မှုက ဟာသတစ်ခုသာပင်။
တစ်ချီတောင် မတိုက်ခိုက်လိုက်ရဘဲ မီးလျှံကိုလံဘတ်တောင်ကြားမှ ထျန်ဟန်၏ အလောင်းက မြေပြင်ပေါ်သို့ ပြိုလဲကျသွား၏။
တစ်ချိန်တည်းနီးပါးမှာပင် ဆူဇီမို၏ နောက်ကျောဘက်မှ အေးစက်စက်အလင်းက ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင် ဝေဝေဝါးဝါး အရိပ်တစ်ခုက ပေါ်လာလေသည်။
အရိပ်မဲ့ဂိုဏ်းမှ ကျင့်ကြံသူများက လှုပ်ရှားလိုက်ကြပြီဖြစ်၏။
သူတို့၏ တိုင်ပင်ကိုက်လှုပ်ရှားမှုက အလွန်တရာ တိကျသော်လည်း တစ်ခုတည်းသော အတွက်အဆ မှားယွင်းမှုမှာ ထျန်ဟန်က အရမ်းမြန်မြန် သေဆုံးသွားခြင်းပင်။
အာရုံခံသတိစိတ်၏ သတိပေးချက်နှင့်အတူ ဆူဇီမိုသည် လှည့်ပင်မကြည့်ဘဲ လက်ပြန်ရိုက်ချလိုက်၏။
ဆင်နှာမောင်းတစ်ခုကဲ့သို့ လွှဲရမ်းလိုက်သောသူ့လက်က ဝင်ရောက်လာသော ဓါးရှည်တစ်လက်ကို လေထဲမှာ ဖမ်းရိုက်မိသွားလေသည်။
ချွမ်း..
စူးစူးရှရှမြည်သံက ထွက်ပေါ်လာပြီး ဓါးက ပြင်းထန်စွာ တုန်ခါသွား၏။
အားလုံး၏ အကြည့်အောက်မှာပင် သာလွန်အဆင့်ဓါးပျံက အပိုင်းပိုင်းကြေမွပြီး မြေပြင်ပေါ် ပြန့်ကျဲကျသွား၏။
ဖောက်..
ဆူဇီမိုက ရှေ့တိုးပြီး အရိပ်မဲ့ဂိုဏ်းမှ ကျင့်ကြံသူ၏ နဖူးကို လက်ညိုးဖြင့် ထိုးချလိုက်၏။
သွေးသံရဲရဲ အပေါက်တစ်ပေါက်က ပေါ်လာပြီး သွေးများက စတင်ပန်းထွက်လာလေသည်။
ဆူဇီမို၏ ခန္ဓာကိုယ်က သန်မာလွန်းလှ၏။
သူသည် စိတ်ဝိညာဉ်လက်နက်တစ်ခုကို သူ့လက်ဖဝါးဖြင့် ရိုက်ချိုးနိုင်ပြီး ရွှေအမြုတေတစ်ယောက်၏ အရိုးကို လက်ညိုးဖြင့် အလွယ်တကူ ထိုးဖောက်နိုင်လေသည်။
တစ်ခဏအတွင်းမှာပင် နောက်ထပ်ရွှေအမြုတေနှစ်ယောက်က သေဆုံးသွားပြီဖြစ်၏။
အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့အတွက်... အခုမှ ... စတင်လိုက်တာပင်။