တိုက်ပွဲ
Vol. 36 Ch. 530
“မင်းတော်တော် သတ္တိကောင်းနေတယ်ပေါ့”
ဝမ့်ယန်က ဟိန်းဟောက်ပြီး ရပ်တန့်စေချင်မိသော်လည်း နောက်ကျသွားလေပြီ။
ထျန်ဟန်က တစ်ချီတောင် မကြာလိုက်ဘဲ အရမ်းမြန်မြန် သေဆုံးသွား၏။
ထျန်ဟန်၏ သေဆုံးမှုကို မြင်တွေ့ပြီးနောက် ဝမ့်ယန်သည် ဒေါသူထသွားကာ သူ့မျက်လုံးများက မီးဝင်းဝင်းတောက်လာ၏။
“သူ့ကိုသတ်”
ချွမ်ရှင်းယုက လက်ပြလိုက်၏။
ပြိုင်စံရှားနှစ်ယောက်နောက်ရှိ ရွှေအမြုတေများစွာသည် ဒေါသတကြီးသတ်ဖြတ်လိုစိတ်များနှင့် ရှေ့သို့ ပြေးတက်သွားကြပြီး ဆက်တိုက် တိုက်ခိုက်လိုက်ကြ၏။
မဟာချွမ်အပျက်အစီးနယ်မြေသို့ ဝမ့်ယန်နှင့် ချွမ်ရှင်းယုတို့နှင့်အတူ လိုက်ပါလာကြသော ကျင့်ကြံသူများသည် ပါချည်ပါချဲ့မဟုတ်ကြဘဲ အစောပိုင်းရွှေအမြုတေအဆင့်က အနည်းအကျဉ်းလောက်သာ ပါလေသည်။
သူတို့အများစုက အလယ်အလတ် သို့မဟုတ် နောက်ပိုင်းအဆင့်များ ဖြစ်ကြ၏။
ဓါးချီများက ချက်ချင်းပင် လေထဲမှာ ယှက်ဖြာသွားပြီး ကောင်းကင်မှာ တဖျတ်ဖျတ်တလက်လက် အရောင်စုံများက ပြည့်နှက်သွား၏။
များစွာသော ဓါးပျံများနှင့် စိတ်ဝိညာဉ်လက်နက်များသည် လေထဲမှာ တဝီဝီအော်မြည်လာကြ၏။
မရေမတွက်နိုင်သော စိတ်ဝိညာဉ်တိုက်ခိုက်မှုများမှလည်း ကြောက်စရာကောင်းသည့် စွမ်းအင်တုန်ခါလှိုင်းများက ထွက်ပေါ်လာပြီး လေထုထဲမှာ စိတ်ဝိညာဉ်ချီများက ကသောင်းကနင်း ဖြစ်လာလေသည်။
တိုက်ခိုက်မှုများက ဘက်ပေါင်းစုံမှ ရောက်လာလေသည်။
တိုက်ပွဲမြေပြင်၏ အလယ်မှာ တစ်ယောက်တည်း ရှိနေသော ဆူဇီမိုသည် မုန်တိုင်းထန်နေသော ပင်လယ်ပြင်ထဲမှာ အချိန်မရွေး နစ်မြှုပ်သွားတော့မည့် လှေငယ်လေးတစ်စင်းကဲ့သို့ ဖြစ်လာ၏။
သို့သော်လည်း သူ့အမူအယာက တည်ငြိမ်နေဆဲဖြစ်ပြီး ဣန္ဒြေရနေ၏။ အန္တရာယ်ကို လုံးဝ အာရုံမခံမိသည့်အတိုင်းပင်။
သူ၏ အနက်ရောင်ဆံပင်များက ညင်သာစွာ ယိမ်းထိုးနေပြီး သူ့မျက်လုံးထဲမှာ နတ်ဘုရားဆန်ဆန်အလင်းက တောက်ပလာကာ ပါးစပ်ကိုဟ၍ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်၏။
“သတ်”
မိုးချုန်းသံကဲ့သို့ သူ့အသံက ထွက်ပေါ်လာပြီး ကောင်းကင်က တုန်ခါသွား၏။
အတွင်းအမြုတေကို ကျင့်ကြံပြီးနောက် ဆူဇီမို၏ အရေ၊ အသား၊ အရွတ်၊ အရိုး၊ ခြင်ဆီနှင့် အင်္ဂါတို့သည် နောက်ထပ်အဆင့်တစ်ခုသို့ အသွင်ပြောင်းလဲသွားပြီဖြစ်၏။
မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း၏ စွမ်းအားကလည်း မြင့်တက်လာ၏။
ထိုဟိန်းဟောက်သံက အလွန်ရှေးကျသော သားရဲတစ်ကောင် ဟိန်းဟောက်လိုက်ခြင်းနှင့်တူပြီး မြေအောက်နန်းတော်က ရုတ်တရက် တုန်ခါ၍ ဖုန်မှုန့်များက အဆက်မပြတ် တထောင်းထောင်းထလာလေသည်။
အစတုန်းကတော့ အရိပ်မဲ့ဂိုဏ်းမှကျင့်ကြံသူများသည် မမြင်ကွယ်ရာ နေရာလေးများမှာ အမှောင်ထုနှင့်အတူ ပုန်းလျှိုးနေကြ၏။ ယခု ပတ်ဝန်းကျင်က တသိမ့်သိမ့် တုန်ခါလာသောအခါ သူတို့၏ ကိုယ်များက ထွက်ပေါ်လာလေသည်။
ဆူဇီမိုနှင့် အနီးဆုံးမှာ ရှိနေသည့် ကျင့်ကြံသူတစ်ယောက်သည် အလွန်နာကျင်နေသော အမူအယာနှင့် သူ့သွင်ပြင်က တွန့်လိမ်သွား၏။ ခါးကိုကိုင်း၍ နားရွက်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ထားပြီး သူ့လက်ချောင်းများကြားမှ သွေးများက စီးကျလာ၏။
ဆူဇီမို၏ ဟိန်းဟောက်သံက ထိုသူ၏ နားစည်ကို စုတ်ပြတ်သွားစေလေသည်။
ဆူဇီမိုထံသို့ ဝင်ရောက်လာသော ဓါးပျံများ၊ စိတ်ဝိညာဉ်လက်နက်များနှင့် စိတ်ဝိညာဉ်တိုက်ကွက်များတောင်မှ ခဏလေးမျှ ရပ်တန့်သွားကြ၏။
ထိုတစ်စက္ကန့်လောက်ကလေးက ပြောပလောက်စရာ အချိန်မဟုတ်ပေ။
သို့သော်လည်း တိုက်ပွဲမြေပြင်မှာဆိုလျှင်တော့ အဲ့ဒါက ကျင့်ကြံသူအချို့၏ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ် ပေးသွားနိုင်လေသည်။
ဖျတ်ကနဲဆို ဆူဇီမိုသည် သူနှင့် အနီးဆုံးမှာ ရှိနေသည့် အရိပ်မဲ့ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်ထံသို့ ခုန်ဝင်လိုက်၏။
ထိုသူသည် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကြောင့် ကြောင်အနေပြီး အခုထိ မတုံ့ပြန်နိုင်သေးပေ။ ဆူဇီမိုက ခုန်ဝင်သွားပြီး ထိုသူ၏ နဖူးကို ခြေဖြင့် အသာအယာတွန်းကန်လိုက်၏။
ခွမ်း..
ထိုလူ၏ ဦးခေါင်းက ကွဲကြေသွားပြီး နေရာမှာတင် တန်းသေသွားလေသည်။
ထိုကန်အားကိုသုံး၍ ဆူဇီမိုသည် လျှင်မြန်စွာ ဦးတည်ဘက်ပြောင်းပြီး နောက်ထပ်အရိပ်မဲ့ဂိုဏ်းကျင့်ကြံသူတစ်ယောက်ရှေ့သို့ ရောက်သွား၏။
ထိုကျင့်ကြံသူက မတုံ့ပြန်နိုင်သေးခင်မှာပင် ဆူဇီမို၏ ထိုးနှက်ချက်က သူ့ရင်အုပ်ပေါ်သို့ ကျဆင်းသွားပြီ ဖြစ်လေသည်။
ဖျောင်း..
ထိုလူ၏ ရင်အုပ်က ချိုင့်ဝင်သွားပြီး ကျောနောက်သို့ ပြူထွက်သွားလေသည်။
ဆူဇီမို၏ ထိုးနှက်ချက်က သူ့ခန္ဓာကိုယ်ကို ထုတ်ချင်းပေါက်သွားစေပြီး သွေးများက ပန်းထွက်လာကာ သူ့အကြည့်က မှေးမှိန်ကျသွား၏။
“ထတော့”
တစ်ချိန်တည်းမှာပင် ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး သူ့အင်္ကျီလက်စကို ဝေ့ရမ်းလိုက်၏။
မလှမ်းမကမ်းရှိ ရစ်ခွေနဂါးချိတ်စည်းက မြေပြင်ကနေ ကြွတက်လာပြီး မျက်စိကျိန်းစပ်လောက်အောင် ရွှေရောင်များက ဝင်းထိန်လာ၏။ ဝုန်းကနဲ မြည်သံနှင့်အတူ နဂါးတစ်ကောင် ရစ်ခွေနေသော ရွှေရောင်တောင်ထွတ်တစ်ခုက လေထဲမှာ ရစ်ဝဲလာ၏။
ရွှစ်..
ဆူဇီမိုက ရစ်ခွေနဂါးချိတ်စည်းကို ထိန်းချုပ်၍ အဲ့ဒါကို တစ်ဖက်တွင်ရှိသော ကြယ်တာရာလမင်းဂိုဏ်းကျင့်ကြံသူအချို့ထံသို့ ညွှန်လိုက်၏။
ဖောင်း.. ဖောင်း.. ဖောင်း..
ရွှေအမြုတေသုံးယောက်သည် ရစ်ခွေနဂါးချိတ်စည်း၏ ပစ်ဆောင့်မှုကို လုံးဝခံနိုင်ရည်မရှိဘဲ ပိပြားသွားကြ၏။ သူတို့၏ လက်များထဲရှိ သာလွန်အဆင့်စိဝိညာဉ်လက်နက်များကလည်း ကျိုးကြေမွကုန်လေသည်။
များစွာသော ကျင့်ကြံသူများသည် တုန်လှုပ်သွားကြ၏။
ထိုပျော့တိပျော့ဖတ်ပုံစံ စာပေသမားက အစောပိုင်း-ရွှေအမြုတေတစ်ယောက်သာ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်က ကြောက်စရာကောင်းလောက်အောင် သန်မာပြီး သူ၏ အနီးကပ်တိုက်ခိုက်ရည်ကလည်း သွေးပျက်စရာပင်။
သူက အလွန်ကို ပြတ်သားထက်ရှပြီး သူ၏ လှုပ်ရှားမှုတစ်ခုစီတိုင်းက တွေဝေခြင်းမရှိ သေကွင်းသေကွက်ကိုသာ ဦးတည်လေသည်။
သူ့ကို အနားကပ်ခံလိုက်သည်နှင့် သေခြင်းတရားကနေ လွတ်မြောက်ဖို့က မဖြစ်နိုင်သလောက်ပင်။
တစ်ခဏအတွင်းမှာပင် ဆူဇီမို၏ လက်ထဲမှာ ရွှေအမြုတေဆယ်ယောက်ကျော်က သေဆုံးသွားကြ၏။
“ဟမ့်”
သူ့ဂိုဏ်းသားများ ဆက်တိုက် အသတ်ခံနေရသည်ကို မြင်သောအခါ ချွမ်ရှင်းယု၏ အမူအယာက ပျက်စီးခက်ထန်လာ၏။
သူ့ထင်မြင်ချက်အရတော့ ဆူဇီမိုက မူလစိတ်ဝိညာဉ်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားသည်ဆိုလျှင်တောင် အစောပိုင်း-ရွှေအမြုတေအဆင့်တစ်ယောက်ကို သတ်ဖြတ်ဖို့က သိပ်ပြီးခက်ခဲမည့် ကိစ္စတစ်ခု မဟုတ်ပေ။
ဆူဇီမိုမှာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိလျှင်တောင် သူသည် ရွှေအမြုတေဆယ်ယောက်ကျော်၏ တစ်ချိန်တည်းပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ချွမ်ရှင်းယုသာမက ဝမ့်ယန်ပါ.. ပြဿနာက ကြီးထွားလာပြီဟု ခံစားလာရ၏။
ဤဆူဇီမိုက သူတို့ ထင်ထားထက်ကို များစွာ ပို၍ ကြောက်စရာကောင်းနေလေသည်။
သူသည် အနီးကပ်တိုက်ခိုက်ခြင်းမှာ အလွန်တရာ သန်မာပြီး တစ်မူထူးခြားသည့် လှုပ်ရှားမှုနည်းစနစ်များ ရှိလေသည်။ စိတ်ဝိညာဉ်တောင်ပံတစ်စုံနှင့် လူအုပ်ကြားထဲမှာ လှစ်လှစ်ထအောင် ပြေးလွှားနေပြီး မည်သူမှ သူ့ကို ဒဏ်ရာရရှိအောင် မစွမ်းဆောင်နိုင်ပေ။
အချိန်အနည်းငယ် ကြာပြီးနောက် ဂိုဏ်းသုံးဂိုဏ်းမှ ရွှေအမြုတေများသည် တစ်ယောက်ပြီးတစ်ယောက် လဲကျသေဆုံးနေပြီး အတော်ပြင်းပြင်းထန်ထန် ထိခိုက်ခံစားလာရလေသည်။
ဒီအတိုင်းသာ ဆက်သွားနေလျှင် သူတို့နှစ်ယောက် မတိုက်ခိုက်ရသေးခင်မှာပင် သူတို့၏ ဂိုဏ်းသားများအားလုံးက ဆူဇီမို၏ သတ်ဖြတ်သုတ်သင်ခြင်းကို ခံရပေတော့မည်။
တစ်ကယ်တော့ ချွမ်ရှင်းယုနှင့် ဝမ့်ယန်တို့နှစ်ယောက် ဝင်မတိုက်ကြသေးသည်မှာ သူတိုသည့် တစ်ယောက်ကိုတစ်ယောက် စိုးရိမ်သတိထားနေသောကြောင့် ဖြစ်လေသည်။
ဆူဇီမို သေဆုံးသွားပြီးလျှင် ကြယ်တာရာလမင်းဂိုဏ်းနှင့် မီးလျှံကိုလံဘတ်တောင်ကြားကလည်း တိုက်ပွဲအပြင်းအထန် တိုက်ခိုက်ကြရဦးမည်ဆိုတာ သူတို့နှစ်ယောက် သိထားလေသည်။
သူတို့သည် ဒီနေရာမှာရှိသော ဆေးခင်းအတွက်သာမက.. မူလစိတ်ဝိညာဉ်လက်နက်အတွက်ပါ တိုက်ခိုက်ကြရပေမည်။
သူတို့နှစ်ယောက်စလုံးသည် တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်နေကြခြင်းဖြစ်၏။
ချွမ်ရှင်းယုက သူ့အကြည့်ကို မှေးကျဉ်းပြီး ရုတ်တရက် ပြောလိုက်၏။
“ညီကိုဝမ့်.. ကျုပ်တို့တစ်ယောက်ကိုတစ်ယောက် ဆက်ပြီး စိုးရိမ်နေဖို့ မသင့်တော့ဘူးထင်တယ်”
“အို့.. မင်းက ဘာပြောချင်တာလဲ” ဝမ့်ယန်က ပြန်မေးလိုက်၏။
“ကျုပ်တို့နှစ်ယောက်ပေါင်းပြီး အဲ့လူကို အရင်သတ်ရအောင်.. မူလစိတ်ဝိညာဉ်လက်နက်နဲ့ ဆေးခင်းကိုတော့ ပြီးမှ ကြည့်ကျက်ဆုံးဖြတ်ကြတာပေါ့” ချွမ်ရှင်းယုက အတည်အတံ့ ပြောလိုက်၏။
“မဆိုးပါဘူး”
ထိုသို့ သူပြန်ဖြေပြီးနောက် သူတို့နှစ်ယောက်သည် အလိုအလျောက် နားလည်မှုဖြင့် အတူတကွ တိုက်ခိုက်လိုက်ကြ၏။
“ဥက္ကာပျံ ကျဆင်းခြင်း”
ချွမ်ရှင်းယုသည် စိတ်ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်ရင်း သူ့လက်ချောင်းများကို လှုပ်ရှားပြီး ရှေ့သို့ ညွှန်လိုက်၏။
ချွမ်ရှင်းယု၏ လက်ချောင်းထိပ်မှာ စိတ်ဝိညာဉ်ချီများက ဆက်တိုက်စုဝေးလာ၏။
ဝုန်း..
တစ်ခဏအတွင်း ချွမ်ရှင်းယု၏ ရှေ့တွင် ဧရာမဥက္ကာပျံကြီးက ရစ်ဝဲလာပြီး ဆူဇီမို၏ ဦးခေါင်းကို ပြင်းထန်စွာ ပစ်တိုက်လိုက်၏။
ဥက္ကာပျံကြီးက ကြောက်စရာကောင်းသည့် အရှိန်ဖြင့် ကျဆင်းလာပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် မီးတောက်များတောင် ကခုန်လာ၏။
ဆူဇီမိုက မှင်သေသေနှင့်ပင် သိုလှောင်အိတ်ထဲကနေ ထိပ်တန်းအဆင့်ဓါးပျံ ၁၈ လက်ကို ထုတ်လိုက်၏။
သူ၏ ထိန်းချုပ်မှုဖြင့် ဓါးပျံ ၁၈လက်က လေထဲမှာ ကူးလူးယှက်ဖြာ၍ ဓါးချီများက နောက်မှာ ကျန်ရစ်ခဲ့၏။
ချွင်.. ချွင်..
ဓါးပျံ ၁၈လက်က တဝီဝီမြည်၍ တုန်ခါလာပြီး ခြစ်ခြစ်တောက်နေတစ်စင်းကဲ့သို့ ဓါးဝင်္ကပါတစ်ခုကို လျှင်မြန်စွာ စုဖွဲ့သွားကြ၏။ အဲ့ဒါက အဆက်မပြတ် လည်ပတ်လာပြီး ဝင်ရောက်လာသော ဥက္ကာပျံကြီးဆီသို့ ဦးတည်သွား၏။
ဝုန်း..
ဥက္ကာပျံနှင့် ဓါးဝင်္ကပါက ထိခတ်သွားပြီး ကျယ်လောင်သည့် မြည်သံကြီးက ထွက်ပေါ်လာ၏။
ပြင်းထန်သည့် ထိတွေ့ရိုက်ခတ်မှုကြောင့် ကြီးမားသည့် စွမ်းအင်အလင်းများက အဘက်ဘက်ပျံ့နှံ့ထွက်သွား၏။
ထိုစွမ်းအား၏ တုန်ခါလှိုင်းများက အလွန်တရာ ကြောက်စရာကောင်းနေပြီး ခပ်လှမ်းလှမ်းရှိ ဆေးခင်းဆီသို့ တလိပ်လိပ် တက်သွား၏။
နှစ်တစ်သောင်းဟင်္သပဒါးသစ်သီးက ယိမ်းနွဲ့သွားပြီးနောက် မမြင်ရသော စွမ်းအင်တစ်မျိုးက ဖြာထွက်လာကာ ထိုတုန်ခါလှိုင်းများကို ပျက်ပြယ်သွားစေလေသည်။
ချွင်.. ချွင်.. ချွမ်..
ဓါးဝင်္ကပါက ဥက္ကာခဲကို လွှမ်းခြုံပြီး ထပ်တလဲလဲ ရိုက်ခတ်ကာ မရေမတွက်နိုင်သော ဒဏ်ရာဒဏ်ချက်များကို ဖြစ်ပေါ်လာစေ၏။
ခဏမျှ ရပ်တန့်သွားပြီးနောက် ဥက္ကာခဲက ပေါက်ကွဲထွက်သွား၏။
ဆက်လက်ထိန်းသိမ်းမထားနိုင်တော့ဘဲ ဖယောင်းမီးဓါးဝင်္ကပါကလည်း ပြိုကွဲသွားလေတော့သည်။
ထိုသည်ကို မြင်သောအခါ ချွမ်ရှင်းယု၏ အမူအယာက သုန်မှုန်လာ၏။
ထိုစိတ်ဝိညာဉ်အတတ်က ကြယ်တာရာလမင်းဂိုဏ်း၏ အားအကောင်းဆုံးသတ်ဖြတ်ကွက်ဟု သတ်မှတ်လို့ ရလေသည်။
၎င်း၏ တစ်ကယ့်အစစ်အမှန်စွမ်းအားက ဥက္ကာခဲကျဆင်းလာချိန်မှာ မဟုတ်ဘဲ နောက်ဆုံး ဥက္ကာခဲ ပေါက်ကွဲသွားချိန်မှာ ဖြာထွက်လာမည့် ကြောက်စရာစွမ်းအားများ ဖြစ်လေသည်။
အဲ့ဒါကို သတိမထားမိသည့် မည်သည့်ကျင့်ကြံသူမဆို ဥက္ကာခဲ ပေါက်ကွဲသည်နှင့် သေချာပေါက် ပြင်းထန်စွာ ဒဏ်ရာရရှိပေလိမ့်မည်။
ကံမကောင်းစွာနှင့် ဖယောင်းမီးဓါးဝင်္ကပါက ထွက်လာပြီး ပိတ်ဆို့တားဆီးထားသောကြောင့် အဲ့ဒါက ဆူဇီမိုကို ဒဏ်ရာရဖို့ နေနေသာ အနားရောက်အောင်တောင် မချဉ်းကပ်နိုင်ခဲ့ပေ။