လွှမ်းမိုးခြယ်လှယ်စွာနှင့် ဖိနှိမ်ခြင်း
Vol. 36 Ch. 532
ကြယ်တာရာလမင်းအလင်းနှင့် ဒေါသူပုန်မြို့တော်မီးလျှံ.. မဟာအမြုတေနယ်မြေနှစ်ခု ပေါ်ထွက်လာခြင်းနှင့် ရွှေအမြုတေဆယ်ယောက်ကျော်၏ ခွန်အားအပြည့် တိုက်ခိုက်လိုက်မှုကြောင့် စွမ်းအင်လှိုင်းများက တုန်လှုပ်ချောက်ချားဖွယ်ရာ ထွက်ပေါ်လာ၏။
ရွှမ်ယီ၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး လှမ်းအော်လိုက်၏။
“ဇီမို.. ပြေးတော့.. ငါ့တို့ကို ဂရုစိုက်မနေနဲ့”
“ဟုတ်တယ်.. မြန်မြန်ထွက်တော့.. မဟုတ်ရင် နောက်ကျသွားလိမ့်မယ်” လီကျိယွဲ့ကလည်း လှမ်းအော်လိုက်၏။
ရွှမ်ယီ၏ အမြင်အရ ဆူဇီမိုသည် အခုမှ သူ့အမြုတေကို ဖွဲ့တည်ကာစဖြစ်၏။
သူက ရွှေအမြုတေတစ်ခုကို ကျင့်ကြံထားနိုင်လျှင်တောင် မဟာအမြုတေနယ်မြေနှစ်ခု၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဆူဇီမို၏ ခွန်အားအရ.. သူက ကိုယ်လွတ်ရုန်းပြေးမည်ဆိုလျှင်တော့ လွတ်မြောက်အောင် ပြေးနိုင်သည်ဟု ရွှမ်ယီ ယုံကြည်လေသည်။
“ရွှေအမြုတေနယ်မြေ ဟုတ်လား”
ဆူဇီမိုက ဂုဏ်ယူဝင့်ကြွားစွနှင့် အေးစက်စက် ပြုံးလိုက်၏။
စောစောက မြေအောက်မှာ သွေးနီရောင်ချပ်ဝတ်မိချောင်းနှင့် တိုက်ခိုက်ခဲ့တုန်းက သူသည် ကမ္ဘာဦးမိုးပျံမြွေနဂါးအမြုတေနယ်မြေကို ထုတ်ဖော်ခဲ့ရ၏။ ထို့ကြောင့် သူက အဲ့ဒါကို အခုတစ်ဖန် ထပ်ပြီး ထုတ်သုံးနိုင်လိမ့်ဦးမည် မဟုတ်ပေ။
သို့သော်လည်း သူ့မှာ နောက်ထပ်ရွှေအမြုတေနယ်မြေတစ်ခု ရှိသေး၏။
မဟာအမြုတေနယ်မြေနှစ်ခု၏ ဖိနှိမ်မှုအောက်တွင် ဆူဇီမိုက ယိမ်းယိုင်သွားခြင်း မရှိဘဲ သူ့အစိမ်းရောင်ဝတ်ရုံက လှုပ်ခတ်၍ သူ့မျက်လုံးက တောက်ပလင်းလက်လာ၏။
ဝုန်း..
အစက လတစ်စင်းရယ် ကြယ်တာရာများရယ်နှင့်သာ ပြည့်နှက်နေသော ကောင်းကင်က တစ်ခဏအတွင်း အသွင်ပြောင်းလဲသွားပြီး တိမ်ညိုတိမ်မည်းက ပြည့်နှက်လာကာ မိုးကြိုးသံများက တဝုန်းဝုန်း မြည်လာ၏။
“ဟမ့်”
ချွမ်ရှင်းယု၏ အမူအယာက ပြောင်းလဲသွား၏။
ဝမ့်ယန်သည်လည်း သုန်မှုန်သွားသော မျက်နှာနှင့် မျက်မှောင်ကြုတ်၍ တွေဝေစွာ ရေရွတ်လိုက်၏။
“ရွှေအမြုတေနယ်မြေလား”
အဲ့ဒါက အပြည့်အဝ မထုတ်ဖော်ရသေးခင်မှာပင် ချွမ်ရှင်းယု၏ နေလကြယ်တာရာအလင်းအပေါ် သက်ရောက်လာပြီဖြစ်၏။
ဒီလောက် ကြောက်စရာကောင်းတာ ဘယ်လိုရွှေအမြုတေနယ်မြေမျိုးပါလိမ့်..
ဝုန်း.. ဝုန်း.. ဝုန်း..
ရုတ်တရက် ကောင်းကင်က ပြိုကျလာပြီး ဒီရေလှိုင်းလုံးကြီးများက တလိပ်လိပ် ဆင်းသက်လာ၏။ မရေမတွက်နိုင်သော ဥက္ကာခဲများသည် ပြိုကျလာပြီး မြေပြင်က တုန်ခါကာ သက်ရှိပေါင်းများစွာက အော်ဟစ်ငိုကြွေးလိုက်ကြ၏။ အဲ့ဒါက ကမ္ဘာပျက်ကပ်ဘေးတစ်ခုပင်။
ချက်ချင်းပင် ကြယ်တာရာအလင်းများက မှိန်ဖျော့သွား၏။
ချွမ်ရှင်းယု၏ နေလကြယ်တာရာအလင်းက ပျက်ပြယ်တော့မည့် လက္ခဏာပြလာလေသည်။
ဖြူလျော့လာသောမျက်နှာနှင့် ချွမ်ရှင်းယုသည် သူ့ရွှေအမြုတေစွမ်းအားကို အရူးအမူး လှည့်ပတ်ပြီး အခြေအနေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ ကြိုးစားလိုက်၏။
ကောင်းကင်ထက်ကနေ တလိပ်လိပ်နှင့် ကျဆင်းလာသော ဒီရေလှိုင်းလုံးကြီးများက မီးတောက်များနှင့် လောင်ကျွမ်းနေသော ရှေးဟောင်းမြို့တော်ကြီးဆီသို့ ဆက်လက်ကျဆင်းလာ၏။
ရှဲ...
မီးခိုးများက အူထွက်လာ၏။
ရှေးဟောင်းမြို့တော်ထဲတွင် မီးနှင့်ရေတို့က ရောယှက်သွားပြီး မြို့က လှိုင်းလုံးကြီးများအောက် နစ်မြုပ်တော့မည်ကဲ့သို့ ဖြစ်လာ၏။
“မဖြစ်နိုင်တာကွာ”
ဝမ့်ယန်၏ မျက်လုံးများက ပြူးကျယ်သွားပြီး ရေရွတ်လိုက်၏။
“ဒါက ဘယ်လိုရွှေအမြုတေနယ်မြေလဲဟ.. ငါ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးပါဘူး.. အဲ့ဒါက ငါ့ရဲ့ ဒေါသူပုန်မြို့တော်မီးလျှံကို လှဲချနိုင်စရာ အကြောင်းမရှိဘူးလေကွာ”
တစ်ကယ်တော့ သူသည် ဆူဇီမို၏ ရွှေအမြုတေနယ်မြေကို မခွဲခြားနိုင်ရခြင်းမှာ ထိုအမြုတေနယ်မြေ၏ အစစ်အမှန်ပုံစံနှင့် စွမ်းအားက အခုထိ အပြည့်အဝ ပေါ်ထွက်မလာသေးသောကြောင့် ဖြစ်လေသည်။
အဲ့ဒါက ရေခဲတောင်၏ ပေါ်နေသောထိပ်ဖျားမျှသာ ဖြစ်သော်လည်း ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်စာရင်းဝင် နေလကြယ်တာရာအလင်းနှင့် ဒေါသူပုန်မြို့တော်မီးလျှံတို့က တောင့်ခံနိုင်ခြင်း မရှိတော့ပေ။
မရေမတွက်နိုင်သော စိတ်ဝိညာဉ်လက်နက်များက အလင်းတန်းများအသွင် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ရာသတ်ဖြတ်လိုစိတ်နှင့်အတူ လေထုကို ဖြတ်သန်းလာ၏။
သူတို့သည် ဆူဇီမိုအနားသို့ မရောက်ခင်မှာပင် စိတ်ဝိညာဉ်လက်နက်များ၏ အရှိန်က လျော့ကျသွားပြီး လေထဲမှာ အဆက်မပြတ် တုန်ခါ၍ တဇီဇီ မြည်လာ၏။
စိတ်ဝိညာဉ်လက်နက်များသည် အမြုတေနယ်မြေ၏ စွမ်းအားအောက်တွင် ဖိနှိမ်ခံလိုက်ရပြီး ရှေ့ဆက်မတိုးနိုင်ကြတော့ပေ။
ဘုန်း.. ဘုန်း.. ဝုန်း..
ဥက္ကာခဲများက လျှင်မြန်စွာ ကျဆင်းလာ၏။
စိတ်ဝိညာဉ်လက်နက်များကလည်း ဖုန်မှုန်များအဖြစ်သို့ ကြေမွသွား၏။
တလိပ်လိပ်တက်လာသော ဒီရေလှိုင်းလုံးများအောက်တွင် တစ်ယောက်ပြီးတစ်ယေက် နစ်မြှုပ်သွားကြပြီး မည်သို့ပင် ကြိုးစားရုန်းကန်ပါစေ.. တစ်ယောက်မှ မလွတ်မြောက်နိုင်ကြပေ။
အဲ့ဒါက တုန်လှုပ်ချောက်ချားစရာမြင်ကွင်း ဖြစ်လေသည်။
ရွှမ်ယီနှင့် အခြားနှစ်ယောက်သည် မြေပေါ်မှာပင် အမြစ်တွယ် ရပ်နေမိကြပြီး ကြက်သေသေနေကြ၏။
ဆူဇီမိုသည် စွမ်းအားကြီးသော ရွှေအမြုတေနယ်မြေတစ်ခုကို ကျင့်ကြံထားနိုင်သည်ဟု သူတို့ မျှော်လင့်ထားကြသော်လည်း ဤမျှထိ ကြောက်စရာကောင်းနေလိမ့်မည်ဟုတော့ မထင်ထားကြပေ။
ထိုအချိန်၌ တစ်ကယ့်ကြောက်စရာကောင်းသည့်အပိုင်းက ရောက်မလာသေးဘူးဆိုတာကို သူတို့နားမလည်ခဲ့ကြပေ။
တိုက်ပွဲကွင်းပြင်တွင်..
ဝမ့်ယန်နှင့် ချွမ်ရှင်းယုသည် သူတို့၏ သိုလှောင်အိတ်များထဲကနေ ဆေးလုံးများစွာကို ထုတ်ပြီး သူတို့၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ရ၏။
ဆူဇီမို၏ သွေးချီက အားနည်းနေပြီး စိတ်ဝိညာဉ်စွမ်းအင်များက ကုန်ခမ်းလုနီးပြီဆိုတာကို သူတို့နှစ်ယောက်စလုံး အတွေ့အကြုံအရ ပြောနိုင်ကြ၏။
သူတို့ ဆက်လက် တောင့်ခံထားနိုင်သည်နှင့်အမျှ ဆူဇီမိုကို သေချာပေါက် သတ်ဖြတ်နိုင်ပေလိမ့်မည်။
“ဟမ့်”
ဆူဇီမိုက အေးစက်စက် လှောင်ရယ်၍ သူ၏ ရွှေအမြုတေကို ဖြည်းဖြည်းချင်း လှည့်ပတ်လိုက်၏။
မြေကြီးနှင့် ကောင်းကင်ကြားတွင် မနှိုင်းယှဉ်သာလောက်အောင် ကြီးမားသည့် ရှေးကျသောသားရဲကြီးတစ်ကောင်က ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသည့်အော်ရာကို ထုတ်ပေးနေ၏။ သူ၏ ခြေလက်များက ကောင်းကင်ထောက်တိုင်ကြီးများနှင့်တူပြီး ဒေါသူပုန်ထနေသော ရေစီးကြောင်းများနှင့် လှိုင်းလုံးကြီးများကို ဖိနှိမ်လိုက်၏။
၎င်း၏ အုပ်ခွံကြီးက ပြိုကျလာသော ကောင်းကင်မှ ဥက္ကာခဲများ၊ အပျက်အစီးအပိုင်းအစများကို တားဆီးပိတ်ဆို့ကာ ခုခံကာကွယ်ပေးနေ၏။
“ဒါက...”
ဝမ့်ယန်နှင့် ချွမ်ရှင်းယုတို့၏ မျက်နှာများက သွေးဆုတ်သွားကာ သူတို့၏ မျက်လုံးများထဲမှာ ကြောက်လန့်မှုများက ဝင်ရောက်လာ၏။
“အဲ့ဒါက .. ဖြစ်နေမလား”
“အဲ့ဒါက ကမ္ဘာဦးနတ်လိပ်ကြီးဟ”
သူတို့နှစ်ယောက်သား ပင့်သက်ကိုရှိုက်၍ အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
ထိုရွှေအမြုတေနယ်မြေသည် ပြီးခဲ့သည့် ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် စာရင်းမဝင်ခဲ့ပေ။
သို့သော်လည်း အဲ့ဒါသည် ကမ္ဘာဦးနတ်လိပ်က လုံလောက်အောင် စွမ်းအားမပြင်းထန်ဟု မဆိုလိုပေ။
ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကို စတင်တည်ထောင်တုန်းက ကမ္ဘာဦးနတ်လိပ်နှင့် မိုးပျံမြွေနဂါးတို့သည် ထိပ်ဆုံး နံပါတ် ၁၀ တွင်းမှာ စာရင်းဝင်ခဲ့၏။
သို့သော် သူတို့က ပျောက်ဆုံးသွားသည်မှာ ကြာခဲ့လေပြီ။
ယခု.. ထိုရှေးကျ၍ စွမ်းအားကြီးသော ရွှေအမြုတေနယ်မြေက တစ်ဖန်ပြန်ပေါ်လာပြီဆိုတော့..
ဒါ့အပြင် အဲ့ဒါက ပေါ်ပေါ်လာခြင်းမှာပင် မနှိုင်းယှဉ်သာသော စွမ်းပကားကို ထုတ်ဖော်ပြသလာ၏။
အစိမ်းရောင်ဝတ်ကျင့်ကြံသူက လက်နှစ်ဖက်ကို နောက်ပစ်၍ နတ်လိပ်၏ ကျောပေါ်မှာ မတ်တပ်ရပ်လိုက်၏။ အောက်ဘက်မှာ ဒေါသူပုန်ထနေသော ရေစီးကြောင်းများရှိပြီး အထက်ကောင်းကင်မှာက ဥက္ကာခဲမိုးများ ရွာချနေသော်လည်း သူက သက်ရှိအားလုံး၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သော နတ်ဘုရားတစ်ပါးလို တည်ငြိမ်နေ၏။
သူ၏ အနက်ရောင်ဆံပင်များက ကခုန်၍ သူဝတ်ရုံက တဖျပ်ဖျပ်လှုပ်နေ၏။ သူ့မျက်လုံးများက တောက်ပနေပြီး သူ့အော်ရာက အံ့မခန်းဖြစ်ကာ ကမ္ဘာပေါ်ရှိ အရာရာတိုင်းကို ဖိနှိမ်နိုင်သည့်အလားပင်။
ဒီလိုမျိုးလူတစ်ယောက်က ဘယ်လိုလုပ်ပြီး ရှုံးနိမ့်နိုင်ပါ့မလဲ..
တိတ်တဆိတ် မတ်တပ်ရပ်နေရုံမျှနှင့်ပင် ဝမ့်ယန်နှင့် ချွမ်ရှင်းယုသည် ရှုံးနိမ့်မှုကို ခံစားလာနေရပြီဖြစ်၏။ သူ၏ မရပ်တန့်နိုင်သော အော်ရာကို သူတို့ ဖိနှိမ်နိုင်စရာ အကြောင်းမရှိပေ။
နတ်လိပ်က ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ပြီး သူ့မျက်လုံးများက လွှမ်းမိုးခြယ်လှယ်နိုင်သော နတ်ဘုရားအလင်းဖြင့် တောက်ပလာ၏။
ချပ်.. ချပ်.. ချပ်..
ဝမ့်ယန်နှင့် ချွမ်ရှင်းယု၏ ရွှေအမြုတေနယ်မြေများက တစ်ချိန်တည်းနီးပါးပင် ပျက်ပြယ်လာကြ၏။
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် လဲကျကာ သွေးများကို အန်ထုတ်လိုက်ကြရ၏။
ဒေါသူပုန်ထနေသော လှိုင်းလုံးကြီးများနှင့် ဥက္ကာမိုးများကြားကနေ လွတ်မြောက်လာသော ရွှေအမြုတေအချို့သည် ထိုအချိန်၌ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုး၏ ချုပ်နှောင်ခြင်း ခံလိုက်ရသလို မလှုပ်ရှားနိုင်ကြတော့ပေ။
ဘုန်းကနဲ မြည်သံနှင့်အတူ သူတို့အားလုံးသည် သွေးမြူများအဖြစ်သို့ ပေါက်ကွဲသွားကာ အလောင်းတောင်မကျန်ဘဲ သေကုန်ကြလေသည်။
တိုက်ပွဲ၏ ဤအခြေအနေအရောက်၌ ဂိုဏ်းသုံးဂိုဏ်းတွင် ဝမ့်ယန်နှင့် ချွမ်ရှင်းယုတို့နှစ်ယောက်သာလျှင် အသက်ရှင်လျက် ကျန်ခဲ့လေတော့သည်။
ဝမ့်ယန်သည် ကာကွယ်ရေးအဆောင်တစ်ခုကို ချိုးဖျက်လိုက်၍ အကာအရံအလင်းလွှာတစ်ခုက ပေါ်လာ၏။
ဝုန်း.. ဝုန်း..
နတ်လိပ်အမြုတေနယ်မြေ၏ ထိတွေ့ရိုက်ခတ်မှုတွင် အလင်းလွှာက တဖျောက်ဖျောက်မြည်၍ အက်ကွဲလာ၏။
ထိုယာယီအခိုက်အတန့်လေးတွင် ဝမ့်ယန်သည် လက်ဟန်ချိတ်စည်းတစ်ခုကို ထုတ်ဖော်၍ သူ့လျှာကိုကိုက်ကာ လေထဲသို့ သွေးအဆီအနှစ်များကို ထွေးထုတ်လိုက်၏။
ထိုသွေးအဆီအနှစ်ကို ထွေးထုတ်ပြီးနောက် ဝမ့်ယန်၏ အော်ရာက ချက်ချင်းပင် သိသိသာသာ အားနည်းသွား၏။
ရွှစ်..
သူ့သွေးအဆီအနှစ်ကနေ မီးတောက်များ တောက်လောင်လာ၏။
ဝမ့်ယန်သည် လျစ်ကနဲဆို မီးတောက်ပေါ် ခုန်တက်၍ အလင်းတန်းတစ်ခုအသွင်ပြောင်းကာ မြေအောက်နန်းတော်၏ ထွက်ပေါက်ဘက်သို့ ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် လှည့်ပြေးလေတော့သည်။
အဲ့ဒါက မီးလျှံကိုလံဘတ်တောင်ကြား၏ မီးစတေးထွက်ပြေးခြင်းနည်းစနစ်ပင် ဖြစ်လေသည်။
အဲ့ဒါက ကျင့်ကြံသူ၏ သွေးအဆီအနှစ်များစွာကို လောင်ကျွမ်းရပြီး သူ၏ အမြုတေကိုလည်း ထိခိုက်စေနိုင်၏။ ရွေးချယ်စရာ လုံးလုံး မရှိတော့သည့် အခြေအနေသို့ မရောက်မချင်း သူက အဲ့ဒါကို ဘယ်တော့မှ အသုံးပြုမှာ မဟုတ်ပေ။
အခုအချိန်မှာတော့ ဝမ့်ယန်သည် ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။
တစ်ဖက်မှာတော့ ချွမ်ရှင်းယုသည်လည်း ကာကွယ်ရေးအဆောင်တစ်ခုကို ထုတ်ပြီး ချိုးချေလိုက်၏။
ထို့နောက် ချက်ချင်းပင် သူ့သိုလှောင်အိတ်ထဲကနေ လုံငန်းသီး အရွယ်လောက်ရှိသည့် ဆေးတစ်လုံးကို ထုတ်ပြီး ကိုက်ချလိုက်၏။
ဆေးလုံးက ချက်ချင်း အရည်ပျောက်ကျသွားပြီးနောက် အစက ခမ်းခြောက်နေသော ချွမ်ရှင်းယု၏ စိတ်ိညာဉ်စွမ်းအင်များသည် တစ်ဖန် ပြန်ပြည့်ဝလာ၏။ သူ့ဒဏ်ရာများကိုလည်း ယာယီအားဖြင့် ဖိနှိမ်ထားနိုင်လိုက်ပြီး အားမာန်များက တက်ကြွလာ၏။
ထိုဆေးလုံးက အလွန်တရာ အဖိုးတန်၍ အရှားပါးဆုံးဟု သတ်မှတ်လို့ရသော အဆင့် ၃ ဆေးလုံး.. ဒေါသူပုန်ထဆေးလုံး ဖြစ်လေသည်။
အဲ့ဒါကို စားသုံးပြီးနောက် ကျင့်ကြံသူများသည် အလွန်တရာတက်ကြွလာပြီး သူတို့၏ ဒဏ်ရာများကို ယာယီအားဖြင့် လျစ်လျူရှုနိုင်ကာ သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို လွန်မင်းစွာ ဖျစ်ညှစ်ထုတ်နိုင်လေသည်။
ဒေါသူပုန်ထဆေးလုံးကို စားသုံးပြီးနောက် ချွမ်ရှင်းယု၏စိတ်ထဲ ပထမဆုံးပေါ်လာသော အတွေးမှာ ဆူဇီမိုနှင့် ဆက်လက်တိုက်ခိုက်ဖို့ မဟုတ်ဘဲ လှည့်ပြေးဖို့သာ ဖြစ်လေသည်။
အခုချိန်မှာ သူသည် မူလစိတ်ဝိညာဉ်လက်နက်ဖြစ်စေ၊ အဖိုးတန်ဆေးပင်များကိုဖြစ်စေ ဘာတစ်ခုမှ စိတ်မဝင်စားတော့ပေ။ သူ့အတွက် အရေးအကြီးဆုံးအရာမှာ အသက်ဆက်ရှင်နိုင်ဖို့အတွက်သာ ဖြစ်သွားလေသည်။