← Chapters

ပကတိ

Vol. 36 Ch. 533

ပကတိ

Vol. 36 Ch. 533

ထျန်ဟွမ်မြောက်ပိုင်းဒေသတွင် ကြယ်တာရာလမင်းဂိုဏ်းနှင့် မီးလျှံကိုလံဘတ်တောင်ကြား၏ ခွန်အားက ဆန်းကြယ်တောင်ထွတ်၏ အထက်မှာ ရှိလေသည်။

ထိုဂိုဏ်းနှစ်ဂိုဏ်းမှ ပြိုင်စံရှားများအနေနှင့် ဝမ့်ယန်နှင့် ချွမ်ရှင်းယုတို့တွင် အသက်ကယ်နည်းလမ်းများ ကိုယ်စီရှိကြပြီး သူတို့ကို တစ်ခါတည်း သတ်ဖြတ်နိုင်ဖို့က မလွယ်လှပေ။

ဒါ့အပြင် ဆူဇီမိုသည် သွေးနီရောင်ချပ်ဝတ်မိချောင်းနှင့် အကြိတ်အနယ် တိုက်ခိုက်ခဲ့စဉ်က ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့ပြီး ထိုဒဏ်ရာများနှင့် ယခုဆက်လက်တိုက်ခိုက်နေရခြင်းဖြစ်၏။

ချွမ်ရှင်းယုနှင့် ဝမ့်ယန်တို့က ရူးသွပ်စွာ ထွက်ပြေးကြသောအခါ ဆူဇီမို၏ ရွှေအမြုတေသည်လည်း ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ တဖြည်းဖြည်း ပျက်ပြယ်လာကာ သူ့ရွှေအမြုတေကလည်း တဆစ်ဆစ်နှင့် နာကျင်လာ၏။

သူသည်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို နောက်ဆုံးအကန့်အသတ်ထိ ဖျစ်ညှစ်ထုတ်ခဲ့ရသည့် လက္ခဏာပင်။

ဆူဇီမိုထံမှ သတ်ဖြတ်လိုစိတ်က ထကြွလာပြီး သူ့အကြည့်က ခက်ထန်လာ၏။

သူတို့နှစ်ယောက်ကို သူလွှတ်ပေးလို့ မဖြစ်ချေ။

သူတို့သာ လွတ်သွားလျှင် ဆေးခင်း၏ တည်နေရာက သေချာပေါက် ပေါက်ကြားသွားပေတော့မည်။

နှစ်တစ်သောင်းဟင်္သပဒါးသစ်သီးက နောက်တစ်လလောက်နေမှ မှည့်မှာဖြစ်ပြီး နောက်ဆုံး ဘယ်သူက အဲ့ဒါကို ရနိုင်မလဲဆိုတာ ပြောဖို့ ခက်လာပေလိမ့်မည်။

ဆူဇီမို၏ ရင်ထဲမှာ သတ်ဖြတ်လိုစိတ်က ထကြွလာ၏။ စိတ်ဝိညာဉ်အားဖြည့်ဆေးလုံးကို ထုတ်၍ စားသုံးပြီးနောက် သူသည် လေထဲသို့ ခုန်တက်ကာ ထွက်ပြေးသွားသော ချွမ်ရှင်းယုနှင့် ဝမ့်ယန်တို့နောက်သို့ ပြေးလိုက်လေတော့သည်။

သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး သူ့စိတ်ဝိညာဉ်စွမ်းအင်များက ကုန်ခမ်းလု ဖြစ်နေသော်လည်း သူ့မျိုးဆက်သွေးက ပေါက်ကွဲထွက်ပေါ်လာပြီး ဆန်းကြယ်တောင်ပံများနှင့် ထပ်ပေါင်းလိုက်သောအခါ ဆူဇီမို၏ အမြန်နှုန်းကလည်း ကြောက်ခမန်းလိလိ ဖြစ်လာ၏။

ချွမ်ရှင်းယုနှင့် ဝမ့်ယန်သည် ဆူဇီမိုကို တစ်ချိန်လုံး မျက်ခြေမဖြတ်နိုင်ခဲ့ပေ။

မီးစတေးထွက်ပြေးခြင်းကို သုံးပြီး ဝမ့်ယန်သည် မြေအောက်နန်းတော်အပြင်ဘက်သို့ အရင်ဆုံး ရောက်လာ၏။

သူ့နောက်မှာ ချွမ်ရှင်းယုပါပြီး ချွမ်ရှင်းယုနောက်မှာ ဆူဇီမိုက လိုက်ပါလာလေသည်။

ယခုအခါ ဆူဇီမိုသည် ချွမ်ရှင်းယုကို မီလုမီခင် ဖြစ်လာပြီဖြစ်၏။

သူ့နောက်ဘက်ရှိ နတ်ဆိုးဆန်သောလေတိုးသံကို အာရုံခံမိ၍ လှည့်ကြည့်လိုက်ပြီးနောက် ချွမ်ရှင်းယုသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။

သူတို့နှစ်ယောက်က ဆယ်ပေတောင် မကွာတော့ပေ။

ဖြူဖတ်ဖြူရော် မျက်နှာနှင့် ချွမ်ရှင်းယုက လှမ်းပြောလိုက်၏။

“တာအိုရောင်းရင်း.. ကျုပ်က ဆေးခင်းအတွက်လဲ မတိုက်ခိုက်တော့ဘူးလေ.. အကုန်လုံးကို လက်လျှော့လိုက်ပြီကို.. ခင်ဗျားအနေနဲ့ အခုလို ရက်ရက်စက်စက် အမဲလိုက်ဖျက်ဖို့တော့ မလိုဘူးလေ.. ဟုတ်တယ်မလား.. ကျုပ်ကို အသက်ရှင်ခွင့်တော့ ပေးပါလားဗျာ”

“မင်းကို ရက်ရက်စက်စက် အမဲလိုက်ဖျက်တယ် ဟုတ်လား”

ဆူဇီမိုက လှောင်ရယ်၍ ပြန်လှန်မေးခွန်းထုတ်လိုက်၏။

“စောစောတုန်းက မင်းကရော ငါ့ကို အသက်ရှင်လျက်ထားဖို့ ဆုံးဖြတ်ခဲ့လို့လား”

“မင်း...” ချွမ်ရှင်းယုသည် ပြောစရာ စကားမဲ့သွား၏။

ဆူဇီမိုက နှာခေါင်းရှုံ့ပြီး ဆက်ပြောလိုက်၏။

“အခုမှတော့ တောင်းပန်လဲ အပိုပဲ”

ချွမ်ရှင်းယုသည် နတ်လိပ်အမြုတေနယ်မြေကြောင့် ဒဏ်ရာရရှိထားပြီးဖြစ်ကာ အခုသူ့အခြေအနေက ဆိုးသထက်ဆိုးလာ၏။ သူ့နှုတ်ခမ်းထောင့်မှ သွေးများက စီးကျလာ၏။

“ငါ့ကို ချောင်ပိတ်မရိုက်နဲ့”

ချွမ်ရှင်းယု၏ မျက်လုံးများက ရူးသွပ်မှုဖြင့် ပြည့်လာပြီး မောဟိုက်နေရင်း အော်ပြောလိုက်၏။

“ငါတို့ တစ်ကယ်ပဲ ခွာပြဲကြမယ်ဆို နှစ်ယောက်စလုံးအတွက် မကောင်းနိုင်ဘူးနော်”

“မင်းက ငါ့ကို ခြိမ်းခြောက်ရဲသေးတယ်ပေါ့လေ”

ဆူဇီမို၏ သတ်ဖြတ်လိုစိတ်က ပိုမိုထကြွလာပြီး အေးစက်စွာ အော်ပြောလိုက်၏။

“ငါ မင်းကို အရင်ဆုံး သတ်ပစ်မယ်”

သူ့ဘဝမှာ အခြိမ်းခြောက်ခံရတာကို အမုန်းဆုံး ဖြစ်လေသည်။

ချွမ်ရှင်းယု၏ စကားက သူ့အခေါင်းကိုသူ သပ်ပင်းလိုက်တာပင်။

ဆူဇီမို၏ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိသောအခါ ချွမ်ရှင်းယုသည် သူတော့ ဘယ်လိုဖြစ်ဖြစ် သေရတော့မည်ဆိုတာ သိလိုက်ပြီး သံကုန်ခြစ်၍ အော်ဟစ်လိုက်၏။

“ဒီနေရာမှာ နှစ်တစ်သောင်းသက်တမ်းရှိတဲ့ ဆေးခင်းကြီးတစ်ခင်း ရှိတယ်ဗျိုး.. နှစ်တစ်သောင်းဟင်္သပဒါးသစ်သီးကလည်း မှည့်တော့မှာဟေ့”

ချွမ်ရှင်းယုသည် ထိုအော်ဟစ်သံတွင် သူ့ခွန်အားကုန်နီးပါးကို အသုံးပြုလိုက်၏။

သူ့အသံကို ကြားသောအခါ မဟာချွမ်အပျက်အစီးနယ်မြေထဲရှိ ကျင့်ကြံသူများအားလုံးသည် စိတ်လှုပ်ရှားသွားကြ၏။

တစ်ကယ်တော့ ချွမ်ရှင်းယုက ထိုသို့ မအော်လျှင်ပင် နန်းတော်၏ အနက်ပိုင်းထဲမှ စွမ်းအင်တုန်ခါလှိုင်းများ ထွက်ပေါ်နေတာကို ကျင့်ကြံသူအချို့က သတိထားမိနေပြီးသားဖြစ်၏။

သူတို့၏ လှုပ်ရှားသံအချို့ကိုပင် ဆူဇီမို ကြားလိုက်ရ၏။

ဤကိစ္စကို အချိန်ဆက်ဆွဲထားလို့ မဖြစ်တော့ချေ။

အေးစက်စက် အကြည့်နှင့်အတူ ဆူဇီမိုသည် သူ့သိုလှောင်အိတ်ကိုပုတ်၍ လတစ်စင်းလို ဖြူဆွတ်နေသော လေးကြီးတစ်လက်ကို ဆွဲထုတ်လိုက်၏။ သူသည် နောက်ကနေ ပြေးလိုက်နေရင်းနှင့် လေးကိုင်းပေါ်မှာ မြားကိုတင်ကာ ချွမ်ရှင်းယု၏ နောက်ကျောကို ချိန်ရွယ်လိုက်၏။

ရွှစ်...

လရောင်လေးကြီးပေါ်တွင် စိတ်ဝိညာဉ်အင်းကွက်ငါးခုက တောက်ပလင်းလက်လာ၏။

သေချာ အာရုံစိုက်ကြည့်မည်ဆိုလျှင် လေးကိုင်းပေါ်မှာ ဆဋ္ဌမမြောက်အင်းကွက်ကို ခပ်ရေးရေး မြင်နိုင်လေသည်။

သို့သော်လည်း ထိုဆဋ္ဌမမြောက်အင်းကွက်က ကောင်းကောင်း မဖွဲ့တည်သေးပေ။

အဲ့ဒါက တစ်ပိုင်း-မူလစိတ်ဝိညာဉ်လက်နက်.. လရောင်ဝှက်လေးပင် ဖြစ်လေသည်။

ဆူဇီမိုသည် သူ့မျိုးဆက်သွေးကို လှည့်ပတ်ပြီး လပြည့်ဝန်းကြီးကို ထွေးပိုက်ထားသည့်အလား ကြောက်စရာခွန်အားဖြင့် လေးးကြိုးကို ဆွဲလိုက်၏။

ဝှစ်..

ထက်ရှသောမြားတစ်စင်းက အလွန်တရာ လျှင်မြန်စွာနှင့် လေထုကို ဖြတ်သန်းသွားပြီး လျှပ်စီးလက်သလို ချက်ချင်း ရောက်ချလာ၏။

ချွမ်ရှင်းယုသည် သူ့နောက်မှ သတ်ဖြတ်လိုစိတ်ကို ခံစားမိ၏။ လှည့်မကြည့်ဘဲနှင့်ကို သူသည် ကာကွယ်ရေးအဆောင်တစ်ခုကို ချိုးဖျက်ပြီး ဘေးဘက်သို့ အားကုန်သုံး ရှောင်လိုက်၏။

“ဖြီး”

သွေးရောင်က လက်သွား၏။

ချွမ်ရှင်းယုသည် အနည်းငယ် နောက်ကျသွားဆဲဖြစ်ကာ ဆူဇီမို၏ မြားက သူ့ညာဘက်ရင်အုပ်ကနေ ဖောက်ထွက်သွားပြီး သွေးများက ပန်းထွက်လာ၏။

အဲ့ဒါက တစ်ကယ့်ထိပ်တန်းအဆင့် ကာကွယ်ရေးအဆောင်သာ မဟုတ်လျှင် လရောင်ဝှက်လေး၏ စွမ်းအားကို ခုခုံနိုင်လိမ့်မည် မဟုတ်ပေ။

ထိုမြားက ချွမ်ရှင်းယု၏ နှလုံးကို ဖောက်မသွားပေ။

သို့သော်လည်း သူ့အဆုတ်က ပေါက်ထွက်သွားပြီး မြောက်များလှစွာသော အားအဟုန်က သူ့အဆုတ်ကို စုတ်ပြတ်သတ်သွားစေရုံသာမက သူ၏ အခြားကိုယ်တွင်းအင်္ဂါများကိုပါ စုတ်ပြတ်ထွက်စေလုနီးပါး ဖြစ်သွား၏။

“အီး.. အိ..”

ချွမ်ရှင်းယုထံမှ ထူးဆန်းသည့် အသံများက ထွက်လာ၏။

“မင်း.. ငါ့ကို.. သတ်နိုင်လဲ.. မင်းလဲ.. အသက်ရှင်မှာ.. မဟုတ်.. အီး.. အီး..”

ချွမ်းရှင်းယု၏ ပါးစပ်ထဲမှ သွေးများက ပျို့အန်ထွက်လာပြီး သူ့မျက်လုံးများက နီရဲလာ၏။

သူသည် လေထဲမှာ ရုန်းကန်နေသော်လည်း သိပ်ကြာကြာ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

ဝှစ်.. ဝှစ်.. ဝှစ်..

လေထုကို မြားခွင်းလာသံများက ထပ်မံထွက်ပေါ်လာ၏။

အနက်ရောင် အလင်းစက်လေးများက ချွမ်ရှင်းယု၏ ခန္ဓာကိုယ်ကို ဖောက်ဝင်သွားလေသည်။

သူတို့သုံးယောက် ပြေးရင်းလိုက်ရင်းနှင့် အခုဆို နန်းတော်၏ တားမြစ်နေရာကနေ ထွက်၍ အပြင်ဘက်သို့ ရောက်နေကြပြီ ဖြစ်လေသည်။

မလှမ်းမကမ်းတွင် နန်းတော်ကို ကင်းလှည့်နေကြသော လေးစစ်သည်တော်အချို့က ဆိုးယုတ်မြားဆယ်စင်းကျော်ကို ပစ်လွှတ်လိုက်၍ ချွမ်ရှင်းယု၏ကိုယ်မှာ အပေါက်များက ထပ်မံဖြစ်ပေါ်လာလေသည်။

ဘုန်း..

ချွမ်ရှင်းယု၏ ကိုယ်က ပေါက်ကွဲထွက်သွားပြီး လေထဲမှာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ကြယ်တယ်ရာလမင်းဂိုဏ်းမှ ရွှေအမြုတေပြိုင်စံရှားသည် မဟာချွမ်အပျက်အစီးနယ်မြေမှာ မြှုပ်နှံခံလိုက်ရလေပြီ။

ဝမ့်ယန်သည် မီးစတေးထွက်ပြေးခြင်းကိုသုံး၍ ဆူဇီမို၏ မြင်ကွင်းကနေ ပျောက်ကွယ်လုနီးပါး ဖြစ်သွားချေပြီ။

သူသည် သွေးစတေးထွက်ပြေးခြင်းကို ထုတ်သုံးလျှင်တော့ ဝမ့်ယန်ကို သေချာပေါက် မီနိုင်လေသည်။

မဟုတ်ရင်လည်း ဆူဇီမိုသည် သူ၏ အတွင်းအမြုတေကို လှည့်ပတ်၍ သွေးချီကိုထုတ်ဖော်ကာ သားရဲအသွင်ပြောင်းပြီး ဝမ့်ယန်ကို အမီလိုက်လှဲချနိုင်သေး၏။

သို့သော် အခုအခါ သူရှိရာနေရာသို့ ပြေးချလာသော ကျင့်ကြံသူများက ပိုပိုများလာပြီဖြစ်၏။

ထိုနည်းလမ်းနှစ်ခုစလုံးကို ထုတ်သုံးဖို့ မသင့်လျော်တော့ပေ။

ဒါ့အပြင် ဆူဇီမိုက သူ့နောက်သို့ ဆက်ပြီးလိုက်မည်ဆိုလျှင် ရွှမ်ယီနှင့် အခြားနှစ်ယောက်က မြေအောက်နန်းတော်ထဲမှာ ကျန်ရစ်ခဲ့ပေလိမ့်မည်။

သူတို့၏ ပြင်းထန်သော ဒဏ်ရာများအရ.. အချိန်မရွေး ဒုက္ခရောက်သွားနိုင်လေသည်။

နန်းတော်ကို ကင်းလှည့်နေသော လေးသည်တော်ဆယ်ယောက်ကျောက် ဆူဇီမိုဘက်သို့ လှည့်၍ သူတို့၏ လေးကြိုးများကို တစ်ပြိုင်တည်းဆွဲတင်ကာ နောက်တစ်ဖန် တိုက်ခိုက်ဖို့ ပြင်လိုက်ကြ၏။

ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် ဆူဇီမိုသည် တားမြစ်မြေပြင်သို့ ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပြီး မြေအောက်နန်းတော်ရှိရာသို့ ဦးတည်လိုက်၏။

ဝင်ပေါက်ဝသို့ သူမရောက်ခင်မှာပင် မြေအောက်နန်းတော်ဆီသို့ ချီတက်လာကြသော များစွာသော ကျင့်ကြံသူများကို သူတွေ့လိုက်ရ၏။

စောစောက ချွမ်ရှင်းယု မသေခင် သံကုန်ခြစ်အော်ခဲ့သော စကားသံက ပြဿနာများစွာကို ဆွဲခေါ်လာခဲ့လေပြီ။

“မင်းတို့ အကုန်လုံး.. ပြန်ထွက်သွားစမ်း”

သူ မရောက်သေးခင်မှာပင် ဆူဇီမိုက စစ်နတ်ဘုရားတစ်ပါးကဲ့သို့ တောက်လောင်နေသော အကြည့်ဖြင့် လှမ်းအော်လိုက်၏။

ရွှမ်ယီနှင့် အခြားနှစ်ယောက်သည် မြေအောက်နန်းတော်ထဲမှာ အပြင်းအထန် ဒဏ်ရာ ရထားကြ၏။ ဆူဇီမိုသည် သူတို့သုံးယောက်ကို အန္တရာယ်လုံးဝ အဖြစ်မခံနိုင်ပေ။

“ဟမ့်.. ရတနာဆိုတာ သန်မာတဲ့သူ ပိုင်ဆိုင်မှာပဲ.. ငါ့တို့ကို တားရအောင် မင်းက ဘာကောင်မို့လဲ”

တစ်စုံတစ်ယောက်က လှမ်းကြည့်လိုက်ပြီး ဆူဇီမိုက အစောပိုင်း-ရွှေအမြုတေသာ ဖြစ်သည်ကို တွေ့ရသောအခါ လှောင်ရယ်လိုက်၏။

ဆူဇီမိုက ဘာမှ ထပ်ပြောမနေတော့ဘဲ.. သူ့လက်ထဲက လရောင်ဝှက်လေးကို မြှောက်ကာ မြားတစ်စင်းကို ပစ်လွှတ်လိုက်၏။

ဝှီး..

ဖောက်..

အနက်ရောင်အလင်းက ထိုလူ၏ လည်ပင်းကို ဖောက်ဝင်သွားပြီး အသံတောင် မထွက်နိုင်ဘဲ တန်းသေသွားလေသည်။

“ဟမ့်”

“ပကတိစိတ်ဝိညာဉ်လက်နက်လား.. မဟုတ်သေးဘူး.. ဆဋ္ဌမမြောက်အင်းကွက်က ခပ်ရေးရေး ပေါ်နေပြီ.. အဲ့ဒါက တစ်ပိုင်း-မူလစိတ်ဝိညာဉ်လက်နက်ဟ”

“မခန့်လိုက်တာကွာ”

လူတစ်ယောက်သည် ဆူဇီမို၏ လက်ထဲရှိ လရောင်ဝှက်လေးကို မြင်သောအခါ သူ့မျက်လုံးထဲမှာ လောဘရမ္မက်က တက်လာပြီး ဟိန်းဟောက်လိုက်၏။

“မိစ္ဆာကောင်.. မင်းက ဒီနေရာမှာလာပြီး ပမာမခန့် လာလုပ်ရဲတယ်ပေါ့လေ”

ဆူဇီမိုက အေးစက်စက် သရောက်ရယ်၍ မြားတစ်စင်းကို ဆွဲတင်လိုက်၏။

ဝှစ်..

ဖောက်..

သွေးရောင်က ဖြာထွက်လာ၏။

နောက်ထပ်ရွှေအမြုတေတစ်ယောက် လေထဲကနေ ပြုတ်ကျသွားလေသည်။

မြားနှစ်စင်း ပျံသန်းလာပြီးနောက် ရွှေအမြုတေနှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြ၏။

ဆူဇီမို၏ ကြမ်းကြုတ်ခက်ထန် စီးပိုးမှုက လက်ရှိကျင့်ကြံသူများအားလုံးကို ချက်ချင်း မှင်တက်သွားစေလေသည်။

All Chapters