အစိမ်းရောင်ဝတ် မိစ္ဆာနတ်ဆိုး
Vol. 36 Ch. 534
“အဲ့ဒါ ဘယ်သူလဲ.. သူက အရမ်းကို စီးပိုးလှပါလား”
“ငါလဲ မသိဘူးလေ.. ဒါပေမယ့် စောစောက ကြယ်တာရာလမင်းဂိုဏ်းရဲ့ပြိုင်စံရှား ချွမ်ရှင်းယုကို သူပစ်သတ်လိုက်တာတော့ ငါတွေ့လိုက်တယ်”
“ဘာ”
များစွာသော ကျင့်ကြံသူများသည် တုန်လှုပ်သွားကြ၏။
ချွမ်ရှင်းယုသည် ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့် ၉၂ ဝင်သော နေလကြယ်တာရာအလင်းကို ကျင့်ကြံထားပြီး ထျန်ဟွမ်မြောက်ပိုင်း၏ နာမည်ကြီးပြိုင်စံရှားတစ်ယောက် ဖြစ်လေသည်။
“သူက လေးတစ်လက်နဲ့ အစောပိုင်းရွှေအမြုတေတစ်ယောက်ပဲကို.. သူ့မှာ တစ်ပိုင်း-မူလစိတ်ဝိညာဉ်လက်နက်တစ်လက် ရှိရင်တောင် ငါတို့အများကြီးကို သူဘယ်လို ခုခံမှာလဲ” တစ်ယောက်က အေးစက်စက်အမူအယာနှင့် ဟိန်းဟောက်လိုက်၏။
ထိုရွှေအမြုတေ၏ အဓိပ္ပါယ်က ရှင်းလေသည်။
သူသည် ဆူဇီမိုကို လူတိုင်း၏ ပစ်မှတ် ဖြစ်စေချင်၏။
“ဟေး”
ဆူဇီမိုက ဟက်ကနဲ တစ်ချက်ရယ်၍ ထိုလူဘက်ကို လှည့်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။
“ဒါပေါ့ ငါက လူတိုင်းကို လေးတစ်လက်နဲ့ ဘယ်ခုခံနိုင်ပါ့မလဲ.. ဒါပေမယ်... အဲ့ဒါက မင်းကို သတ်ဖို့တော့ လုံလောက်တာထက်တောင် ပိုနေသေးတယ်”
ဆူဇီမိုက သူ၏ လရောင်ဝှက်လေးကို မြှောက်၍ လေးကြိုးကို ဆွဲလိုက်၏။
ဝေါ..
သူ့မျိုးဆက်သွေးက ဆူနာမီအသံကဲ့သို့ တလိပ်လိပ်တက်လာ၏။
များစွာသောကျင့်ကြံသူများသည် တုန်လှုပ်သွားကြ၏။
“ဆူနာမီသွေး”
ကျင့်ကြံသူများသည် အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
“ဗျစ်.. ဗျစ်”
လေးကြိုးက တုန်ခါပြီး တင်းလာ၏။
လရောင်ဝှက်လေးက အလွန်တရာ လေးပင်ရုံသာမက.. တုန်လှုပ်စရာခွန်အားကို ပိုင်ဆိုင်မထားဘူဆိုလျှင် လေးကြိုးကိုတောင် ဆွဲတင်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုအချက်ကြောင့်ပင် လရောင်ဝှက်လေး၏ သတ်ဖြတ်စွမ်းအားက အရမ်းကို ကြောက်စရာကောင်းနေရခြင်းဖြစ်၏
ညကောင်းကင်တွင် လရောင်က တောက်ပစွာ လင်းလက်နေ၏။
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်စုံတစ်ရာက သက်ရောက်သွားသလို လရောင်ခြည်သည် ဆူဇီမို၏ ရင်ခွင်ထဲသို့ ဆက်တိုက်စီးဝင်လာပြီး ကြောက်လန့်စရာ စွမ်းအင်တုန်ခါလှိုင်းများကို ထွက်ပေါ်လာစေ၏။
ဆူဇီမိုသည် လပြည့်ဝန်းကြီးကို ပွေ့ဖက်ထားသည်နှင့် တူလေသည်။
စောစောက စကားပြောလိုက်သောကျင့်ကြံသူသည် ခေါင်းနပန်းကြီး၍ ပင့်သက်ကို ရှိုက်လိုက်၏။
သူသည် နှလုံးသားထဲကနေ ပုံရိပ်ယောင်တစ်ခုကို မြင်ယောင်လာ၏။
သူ့အနေနှင့် ထိုမြားကို လုံးဝ ရှောင်နိုင်လိမ့်မည် မဟုတ်ပေ။
သူ့နဖူးမှ ချွေးသီးက လိမ့်ဆင်းလာ၏။
သူ့မျက်လုံးများက ကြောက်လန့်နေပြီး မျက်တောင်လုံးဝ မခတ်ရဲပေ။
မျက်တောင်တစ်ချက် ခတ်ပြီးတာနဲ့ ပြန်မဖွင့်နိုင်တော့မှာကို သူစိုးလေသည်။
ဆူဇီမိုသည် သူ့လက်ချောင်းထိပ်ကို လွှတ်လိုက်သောအခါ လေးကြိုးက ပြင်းထန်စွာ တုန်ခါသွား၏။
အလင်းတစ်စက်က ပြေးထွက်သွားပြီး လေထုကို ဖြိုခွင်းသွား၏။
ထိုရွှေအမြုတေသည် ရင်တလျှပ်လျှပ်နှင့် သူ့သူငယ်အိမ်က တဆတ်ဆတ်လှုပ်လာ၏။
သူ့သိုလှောင်အိတ်ထဲကနေ ခုခံရေးစိတ်ဝိညာဉ်လက်နက်တစ်ခုကို ဆွဲထုတ်တော့မည့်ဆဲဆဲမှာပင် မြားတစ်စင်းက သူ့ရင်အုပ်ကို ဖောက်ဝင်သွားပြီဖြစ်ပြီး သွေးများက ပန်းထွက်လာ၏။
ထိုလူသည် လေထဲကနေ ပြုတ်ကြပြီး တန်းသေသွားတော့သည်။
မြန်၏။ အရမ်းကို မြန်၏။
သူ့စိတ်ကိုသူ ကြိုတင်ပြင်ဆင်ထားတာတောင် အဲ့ဒါကို သူလုံးဝ မရှောင်နိုင်ခဲ့ပေ။
“အဲ့လူက အရမ်းရက်စက်တယ်ဟ.. သူက သေချာပေါက် မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းကပဲ ဖြစ်ရမယ်.. တာအိုရောင်းရင်းတို့ ကျုပ်တို့ အတူ ပူးပေါင်းပြီး အဲ့ဒီနတ်ဆိုးကို ဝိုင်းသတ်လိုက်ကြရအောင်”
နောက်ထပ် ကျင့်ကြံသူတစ်ယောက်က အော်လိုက်၏။
မဟာချွမ်အပျက်အစီးနယ်မြေမှာ အမှန်နဲ့ အမှား သို့မဟုတ် အင်မော်တယ်နဲ့ မိစ္ဆာဆိုတာ တစ်ကယ်တော့ မရှိပေ။
ကျင့်ကြံသူများသည် ဆူဇီမိုအပေါ် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာရခြင်းမှာ ဆေးခင်းရယ်၊ နှစ်တစ်သောင်းဟင်္သပဒါးသစ်သီးရယ်နှင့် သူ့လက်ထဲရှိ လရောင်ဝှက်လေးရယ်ကြောင့်သာ ဖြစ်လေသည်။
“မင်းတို့က ငါ့ရဲ့ ရတနာအတွက် ငါ့ကို သတ်ချင်တယ်ဆိုလဲ သတ်ချင်တယ်ပေါ့.. ဖြောင့်မတ်သလို၊ မှန်ကန်သလိုတွေ ဘာလို့ဆင်ခြေတွေ လျှောက်ပေးနေတာလဲ.. မင်းတို့ မရှက်ကြဘူးလား”
ဆူဇီမိုသည် လက်ရှိအခြေအနေကို ကောင်းကောင်းသဘောပေါက်လိုက်ပြီး ထိုကျင့်ကြံသူများနှင့် အဓိပ္ပါယ်မရှိတာတွေ ဆက်ပြီး ငြင်းခုန်မနေတော့ပေ။ အေးစက်စက် တစ်ချက်လှောင်ရယ်၍ သူ့လေးကြိုးကို နောက်တစ်ဖန် ဆွဲတင်လိုက်၏။
နောက်ထပ်အလင်းတစ်စက်က ပြေးထွက်သွား၏။
ဘန်း..
စောစောက လှမ်းအော်ပြောနေသောလူကို မြားတစ်စင်းက ဖောက်ဝင်သွားပြီး သွေးမြူများအဖြစ် ပေါက်ကွဲကာ တုံ့ပြန်ချိန်တောင် မရလိုက်ဘဲ သေဆုံးသွားလေသည်။
ဝှီး..
ပဉ္စမမြောက်မြား..
လက်ထဲမှာ တောင်ထွတ်လေးတစ်ခုကို ကိုင်၍ ပြေးချလာသော ရွှေအမြုတေတစ်ယောက်သည် ချက်ချင်းပင် အဲ့ဒါကို ဆင့်ခေါ်လိုက်၏။
“သွား”
ထိုတောင်ထွတ်က လျှင်မြန်စွာ ပြန့်ကားသွားပြီး ဝင်းလက်တောက်ပ၍ ခမ်းနားထည်ဝါသောအော်ရာနှင့်အတူ သူ့ရှေ့ကနေ ပိတ်ဆို့လိုက်၏။
ဝုန်း..
ကျယ်လောင်သောအသံက ထွက်ပေါ်လာ၏။
တောင်ထွတ်ကို မြားက ဖောက်ဝင်သွားကာ တန်းပြီး ပေါက်ကွဲသွား၏။
ပေါက်ကွဲမှုမှ ကန်ထွက်လာသော အကျိုးအပဲ့စများစွာက နောက်မှာ ပုန်းကွယ်နေသော ရွှေအမြုတေ၏ ကိုယ်ထဲသို့ စိုက်ဝင်သွားကြ၏။ သွေးများကို ထွေးထုတ်၍ သူ့အကြည့်က မှေးမှိန်ကာ လေထဲကနေ ပြုတ်ကျသွားလေသည်။
သာလွန်အဆင့် ခုခံရေးလက်နက်က လရောင်ဝှက်လေးမှ မြားတစ်စင်းတည်းဖြင့် ဖျက်ဆီးခံလိုက်ရ၏။
ဝှီး..
ဆဋ္ဌမမြောက်မြား..
ထိုမြားက လေထုကို ဖြတ်သန်းလာပြီး အဆုံးမဲ့သတ်ဖြတ်လိုစိတ်က ဖြာထွက်နေ၏။
“ရွှေအမြုတေနယ်မြေ.. သဲစေတီ”
ရွှေအမြုတေတစ်ယောက်က ပြတ်သားသောအကြည့်ဖြင့် ဟိန်းဟောက်လိုက်၏။
အမြုတေနယ်မြေစွမ်းအားက ရုန်းကြွလာပြီး ထိုလူ၏ ရှေ့မှာ သဲမုန်တိုင်းတစ်ခုက ဖြစ်ပေါ်လာကာ တစ်ခဏအတွင်း မြင့်မားသောစေတီတစ်ဆူအဖြစ်သို့ ပြောင်းလဲသွား၏။
ဖောက်..
မြားက အလွန်တရာ ထက်ရှပြီး မနှိုင်းယှဉ်သာသော စွမ်းအားဖြင့် သဲစေတီထဲသို့ ဖောက်ဝင်သွား၏။
စေတီပေါ်တွင် ပုဂံလုံးအရွယ်လောက် အပေါက်တစ်ပေါက်က ပေါ်လာပြီး အက်ကွဲကြောင်းများက ထလာ၏။
ထိုသို့ဆိုလျှင်တောင် မြား၏ စွမ်းအားကလည်း တဖြည်းဖြည်း လျော့ကျသွားပြီး သဲမုန်တိုင်းထဲမှာ နစ်မြှုပ်သွား၏။
ထိုရွှေအမြုတေသည် လန့်ဖျပ်သွားပြီး သွေးစေးများက စီးကျလာ၏။ နောက်ဆုံးမှာတော့ သူသည် ဟင်းချနိုင်သွားပြီး ရယ်မောလိုက်၏။
သဲစေတီက ဆူဇီမို၏ လရောင်ဝှက်လေးကို ခုခံနိုင်သည်နှင့်အမျှ သူ့ရွှေအမြုတေက ပြိုကွဲသွားလိမ့်မည် မဟုတ်ပေ။
အကြောင်းမှာ သဲစေတီက ပြန်လည်ပြုပြင်ဖာထေးနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
သူ့စိတ်ဝိညာဉ်စွမ်းအင်က မကုန်ခမ်းသေးသရွေ့ သဲမုန်တိုင်းက သဲစေတီကို ပြန်လည်ပြုပြင်ပေးနိုင်လေသည်။
ဇီ..
နောက်ထပ်လေးကြိုးဆွဲသံက ထွက်ပေါ်လာ၏။
ထိုလူ၏ ရယ်သံက တိကနဲ ရပ်သွား၏။
သတ္တမမြောက်မြားက ပျံသန်းလာလေပြီ။
စေတီပေါ်ရှိ ပုဂံလုံးလောက် အပေါက်က အပြည့်အဝ ပြန်မပိတ်သေးခင်မှာပင် မြားက အထဲသို့ ပျံသန်းလာပြီး ထိုလူ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားလေသည်။
ထိုလူ၏ ဦးခေါင်းက တိုးလျှိုပေါက်ထွက်သွားပြီး တောင့်တောင့်ကြီး လဲကျကာ စေတီကလည်း ပြိုကျသွားလေသည်။
ဆက်တိုက်ပစ်လိုက်သော မြားခုနှစ်ချောင်း..
ရွှေအမြုတေခြောက်ယောက်က တစ်ယောက်ပြီးတစ်ယောက် လဲကျသွားပြီး ကောင်းကင်က နီစွေးသွား၏။
သူတို့ထဲတွင် ရွှေအမြုတေနယ်မြေကို ထုတ်ဖော်နိုင်ခဲ့သော ကျင့်ကြံသူတောင်မှ မြားနှစ်စင်းနှင့် သေဆုံးခဲ့ရ၏။
အစက ရှေ့သို့ ချီတက်နေကြသော ကျင့်ကြံသူတစ်အုပ်စုသည် မှင်တက်ကြောင်အသွားကြ၏။
သူတို့အားလုံး ရှေ့သို့ စုပြုံတက်ကြလျှင် ထိုအစိမ်းရောင်ဝတ်ကျင့်ကြံသူကို သတ်ဖြတ်နိုင်သော်လည်း မည်သူက ရှေ့ကနေ တက်ပြီး အရင်ဆုံး အသေခံချင်ပါမည်နည်း။
ဝှစ်..
အဋ္ဌမမြောက်မြားက ပျံသန်းလာ၏။
ဖောက်..
ရှေ့ဆုံးရှိ ရွှေအမြုတေတစ်ယောက်ကို မြားက ဖောက်ဝင်သွားပြီး သွေးများက ပန်းထွက်ကာ သေဆုံးသွားလေသည်။
သတ်ဖြတ်မှုက ဆက်လက်ဖြစ်ပွားနေ၏။
ဆူဇီမိုသည် သတ်ဖြတ်ရာမှာ တွေဝေခြင်းမရှိ ပြတ်သားလေသည်။ ပြတ်သားသောအကြည့်၊ အေးစက်သောအမူအယာနှင့်အတူ တူညီသော လှုပ်ရှားမှုကို ထပ်ကာထပ်ကာ ပြုလုပ်နေ၏။
လေးကိုမြှောက်.. မြားကိုတင်.. သတ်ကွင်းကို ချိန်ရွယ်..
တစ်ကယ်တော့.. သူ့အခြေအနေကလည်း အလွန်တရာ ဆိုးနေလေပြီ။
သူသည် မြေအောက်လိုဏ်ဂူထဲမှာ သွေးနီရောင်ချပ်ဝတ်မိချောင်းနှင့် အကြိတ်အနယ် တိုက်ခိုက်၍ ဒဏ်ရာပြင်းထန်စွာ ရရှိပြီးကတည်းက နားချိန်မရဘဲ.. ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများနှင့် ဆက်လက်တိုက်ခိုက်ခဲ့ရ၏။
ထိုပြင်းထန်သည့်တိုက်ပွဲပြီးနောက်.. ဆူဇီမို၏ စိတ်ဝိညာဉ်စွမ်းအင်က ခမ်းခြောက်သွားပြီဖြစ်၏။
ထို့ကြောင့် သူသည် ဟန်ပါပါ ခက်ထန်စွာပုံစံကို ဆက်လက်ထိန်းထားပြီး အကုန်လုံးကို ဖိနှိမ်သတ်ဖြတ်၍ လူတိုင်းကို တုန်လှုပ်သွားစေ၏။
လရောင်ဝှက်လေးက တလက်လက် တောက်ပနေပြီး လေးကြိုးက တုန်ခါနေ၏။
လေးသံတစ်ချက်မြည်သွားတိုင်း ရွှေအမြုတေတစ်ယောက်က လေထဲကနေ ကားကနဲ ပြုတ်ကျသွားဆဲဖြစ်၏။
ဆူဇီမိုသည် လေထဲမှာ ရပ်နေပြီး သူ၏ အနက်ရောင်ဆံပင်များက ကခုန်ကာ အကြည့်က ခက်ထန်စူးရှနေ၏။ အေးစက်စက် သတ်ဖြတ်လိုစိတ်က ဖြာထွက်နေပြီး မွန်းကျပ်ဖွယ်ရာအော်ရာနှင့်အတူ အကုန်လုံးကို သုတ်သင်မည့် မိစ္ဆာနတ်ဆိုးတစ်ကောင်လို ဖြစ်နေ၏။
တစ်ခဏအတွင်းမှာပင် မြေပြင်ပေါ်မှာ အလောင်းနှစ်ဆယ်ကျော်သွားပြီဖြစ်၏။
တဖြည်းဖြည်းနှင့် ကျင့်ကြံသူများသည် စတင်၍ နောက်ပြန်ဆုတ်ကာ လူစုကွဲကုန်ကြ၏။
မည်သည်မှ ရှေ့ဆုံးကနေ ပြေးတက်၍ ထိုအစိမ်းရောင်ဝတ်မိစ္ဆာနတ်ဆိုး၏ သတ်ဖြတ်သုတ်သင်ခြင်းကို မခံလိုကြပေ။