← Chapters

ထွက်ခွာခြင်း

Vol. 36 Ch. 535

ထွက်ခွာခြင်း

Vol. 36 Ch. 535

များစွာသော ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် နောက်သို့ ဆုတ်သွားကြပြီး ဆူဇီမိုနှင့် အကွာအဝေးတစ်ခုထိ ခွာလိုက်ကြ၏။

လူတိုင်းသည် ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေကြပြီး ရှေ့သို့ မတက်ရဲကြတော့ပေ။

ထိုသို့ဆိုလျှင်တောင် မည်သူမှ ထွက်ခွာမသွားကြသေးပေ။

နှစ်တစ်သောင်းကြာ နစ်မြှုပ်နေသော မြေအောက်နန်းတော်၏ ဝင်ပေါက်က ပေါ်လာပြီး လူတိုင်းသည် စွန့်စားသွားကြည့်ချင်ကြ၏။

စိတ်ထဲကနေ လှောင်ရယ်၍ ဆူဇီမိုသည် လရောင်ဝှက်လေးကို ပြန်သိမ်းပြီး မြေအောက်နန်းတော်ထဲသို့ ဖျတ်ကနဲ ပြေးဝင်သွား၏။

သိပ်မကြာခင် သူသည် ဆေးခင်းထဲသို့ ပြန်ရောက်လာ၏။

“ဇီမို.. မင်း အဆင်ပြေရဲ့လား”

ဆူဇီမို ပြန်ရောက်လာသည်ကို တွေ့သောအခါ ရွှမ်ယီနှင့် အခြားနှစ်ယောက်သည် ကပျာကယာ ပြေးထွက်လာကြ၏။

သူတို့အားလုံးသည် အပြင်းအထန် ဒဏ်ရာရရှိထားကြပြီး ပြီးခဲ့သည့်တိုက်ပွဲတွင် ဘာတစ်ခုမှ ဝင််မကူပေးနိုင်ခဲ့ကြပေ။

ဆေးလုံးများကို စားသုံး၍ အနားယူချိန် အနည်းငယ် ရပြီးနောက် သူတို့၏ သက်လုံးအားက အနည်းငယ် ပြန်လည်ပြည့်လာကာ သူတို့၏ ဒဏ်ရာများကလည်း အတော်လေး သက်သာလာ၏။

သူတို့အခြေအနေက မဆိုးတော့တာကို ကြည့်ပြီးနောက် ဆူဇီမိုက ပြောလိုက်၏။

“ကျုပ်တို့ ဒီနေရာမှာ ကြာကြာဆက်နေလို့ မဖြစ်တော့ဘူး.. ဆေးခင်းထဲက စိတ်ဝိညာဉ်ဆေးပင်တွေကို ရသလောက် အကုန်သိမ်းပြီး မဟာချွမ်အပျက်အစီးနယ်မြေကနေ အမြန်ဆုံးထွက်ဖို့ လုပ်ရမယ်”

ဝမ့်ယန်သည် လွတ်မြောက်သွားပြီးဖြစ်၏။

အပြင်ဘက်မှာလည်း ကျင့်ကြံသူများစွာက စောင့်ကြည့်နေကြပြီး အရေအတွက်က ပိုပိုများလာနေ၏။

ဤမြေအောက်နန်းတော်က ဆက်လက်ပြီး ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ပေ။

နှစ်တစ်သောင်းဟင်္သပဒါးသစ်သီးက မှည့်ဖို့အတွက် နောက်တစ်လလောက် လိုသေးလေသည်။

ထိုတစ်လအတွင်း မြောက်ပိုင်းဒေသမှာ မုန်တိုင်းတစ်ခုက ဖြစ်ပေါ်လာတော့မည်ဖြစ်ပြီး မဟာချွမ်အပျက်အစီးနယ်မြေဆီသို့ မြောက်များလှစွာသော ရွှေအမြုတေများက ရောက်လာကြတော့မည်ဖြစ်ကာ အခြေအနေက ပို၍ပို၍ ရှုပ်ထွေးလာပေတော့မည်။

ခြေတစ်လှမ်းမှားသွားသည်နှင့် တမလွန်ဘဝသို့ ကူးပြောင်းသွားနိုင်လေသည်။

ရွှမ်ယီနှင့် အခြားနှစ်ယောက်ကို အသာထား.. ဆူဇီမိုကိုယ်တိုင်ပင်လျှင် မထိမခိုက် လွတ်မြောက်အောင် ထွက်ပြေးနိုင်မည်ဟု အာမမခံရဲပေ။

ရွှမ်ယီနှင့် အခြားနှစ်ယောက်သည် သဘောတူလိုက်၏။

သူတို့လေးယောက်သည် လူခွဲ၍ ဆေးခင်းထဲရှိ စိတ်ဝိညာဉ်ဆေးပင်များ နုတ်ယူကာ သူတို့၏ သိုလှောင်အိတ်များထဲသို့ နိုင်သလောက် ထည့်လိုက်ကြ၏။

ဤအတောအတွင်း ဆူဇီမိုသည် သွေးဂျင်းစင်းတစ်ပင်နှင့် သွေးနီရောင်မီးတောက်သစ်သီးကို တိုက်ရိုက်ယူကာ ဝါးစားလိုက်၍ ရွှမ်ယီနှင့် အခြားနှစ်ယောက် မှင်တက်သွားကြ၏။

အဲ့ဒီမှာ တိုက်ရိုက်စားသုံးလို့ မရသော စိတ်ဝိညာဉ်ဆေးပင်များစွာ ရှိလေသည်။

အကြောင်းမှာ သူတို့၏ ဆေးအာနိသင်က အရမ်းပြင်းထန်၍ ခန္ဓာကိုယ်၏ ခံနိုင်ရည်ထက် ကျော်လွန်နေသောကြောင့် ဖြစ်လေသည်။ သွေးဂျင်စင်းနှင့် သွေးနီရောင်မီးတောက်သစ်သီးကို တိုက်ရိုက်စားရဲသည့်သူကို သူတို့သုံးယောက် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။

“ဇီမို.. မင်း-မင်းခန္ဓာကိုယ်က အဲ့ဒါတွေကို စားလို့ အဆင်ပြေရဲ့လား”

ရွှမ်ယီက မနေနိုင်တော့ဘဲ မေးလိုက်၏။

“အေ့...”

ဆူဇီမိုသည် လေတစ်ချက်တက်လိုက်၍ သူ့ပါးစပ်ထဲမှ သွေးရနံ့နှင့်အတူ အပူလှိုင်းက ထောင်းကနဲတက်လာ၏။

“အဆင်ပြေပါတယ်.. အရသာကလဲ မဆိုးပါဘူး”

သူက ကျေနပ်သွားသော အမူအယာနှင့် သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်၏။

ယခုအချိန်တွင် သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကလည်း ခမ်းခြောက်ကာ သွေးချီကလည်း အားနည်းနေပြီဖြစ်၏။ သူ့ခွန်အားကို ပြန်ဖြည့်ဖို့ အမြန်ဆုံးနည်းလမ်းမှာ စိတ်ဝိညာဉ်ဆေးပင်များကို တိုက်ရိုက်စားသုံးခြင်းပင် ဖြစ်လေသည်။

ယခု သူ့ခန္ဓာကိုယ်က အခြေအနေတိုးတက်ကောင်းမွန်လာနေပြီဖြစ်၏။

အဲ့ဒါက အလုပ်ဖြစ်သည်ကို တွေ့ရသောအခါ ဆူဇီမိုသည် စိတ်ဝိညာဉ်ဆေးပင်များကို ယူပြီး ဆက်စားလိုက်၏။

လီကျိယွဲ့သည် ဆူဇီမိုကိုကြည့်ပြီး ချွေးများ ထွက်လာ၏။

သူသည် ထင်ယောင်ထင်မှား မြင်ယောင်လာ၏။

ဆူဇီမိုက လူသားတစ်ယောက်နှင့် မတူပေ။ ထို့အစားက သူက အလွန်တရာ ဆာလောင်နေသော ရှေးဟောင်းသားရဲတစ်ကောင်က အစာများကို လောဘတကြီး လုယူစားသောက်နေသည်နှင့် တူလေသည်။

ရွှမ်ယီနှင့် အခြားနှစ်ယောက်က အထူးတဆန်းလို သူ့ကို ဝိုင်းကြည့်နေကြသော်လည်း ဆူဇီမိုက ရပ်တန့်မသွားပေ။

အပြင်ဘက်မှာ သန်မာသည့် ရန်သူများက ဝိုင်းပတ်ထားကြ၏။ သူသည် သူ့ခွန်အားကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်အားဖြည့်ရပေမည်။

သိပ်မကြာမီ ဆူဇီမိုနှင့် အခြားသုံးယောက်သည် ဆေးခင်းထဲရှိ စိတ်ဝိညာဉ်ဆေးပင်များကို စုဆောင်းကြရင်း ဟင်္သပဒါးသစ်သီးနားသို့ ရောက်လာကြ၏။

သည့်အရင်က ဆူဇီမိုသည် ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ဟင်္သပဒါးသစ်သီးနားကို မကပ်ဖို့ ရွှမ်ယီနှင့် အခြားနှစ်ယောက်ကို မှာကြားထား၏။

ထိုအချိန်တွင် လီကျိယွဲ့သည် ထိုသစ်သီးအနားရှိ စိတ်ဝိညာဉ်ဆေးပင်များကို ထားခဲ့ရမှာ နှမြော၍ ရှေ့သို့ တက်လိုက်မိ၏။ သို့သော်လည်း သူ့ကို ဆူဇီမိုက လှမ်းဆွဲလိုက်လေသည်။

“မသွားနဲ့”

ဆူဇီမို၏ အမူအယာက သုန်မှုန်နေပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

“ဟင်္သပဒါးသစ်သီးက စပြီး စုပ်ယူနေပြီ”

ယခုအချိန်တွင် ဟင်္သပဒါးသစ်သီးက မဟာအားဆေး မဖြစ်သေးဘဲ.. ပြင်းထန်သောအဆိပ်အာနိသင်ကို ပိုင်ဆိုင်ထားလေသည်။

၎င်းက မှည့်ခါနီးအချိန်တွင် အနီးနားရှိ သက်ရှိများအားလုံး၏ အသက်ဓါတ်ကို စုပ်ယူပေလိမ့်မည်။ အဲ့ဒါက လူဖြစ်စေ သားရဲဖြစ်စေ ကိစ္စမရှိပေ။

အပူလှိုင်းက စတင်ဖြန့်ကျက်လာ၏။

ပထမဆုံး အကျိုးသက်ရောက်ခံရသည်မှာ ဟင်္သပဒါးသစ်သီး၏ ဘေးပတ်လည်ရှိ များစွာသော စိတ်ဝိညာဉ်ဆေးပင်များ ဖြစ်လေသည်။

လွှမ်းခြုံလာသော အော်ရာအောက်တွင် စိတ်ဝိညာဉ်ဆေးပင်များက မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် ညှိုးခြောက်သွားကြ၏။

အသက်ဆယ်ရှိုက်စာအတွင်း များစွာသော စိတ်ဝိညာဉ်ဆေးပင်များက ပြာကျသွားလေသည်။

ထိုသည်ကို မြင်သောအခါ လီကျိယွဲ့သည် တံတွေးကို မြိုချပြီး ရင်ထဲမှာ တဒုတ်ဒုတ်ခုန်လာ၏။

စောစောက ဆူဇီမိုသာ သူ့ကို လှမ်းဆွဲမထားလျှင် သူသည် ရှေ့သို့ရောက်သွားသည်နှင့် ထိုအပူလှိုင်း၏ လွှမ်းခြုံခြင်းခံရပြီး သေရဖို့ များလေသည်။

“ကဲ ဒီနေရာကနေ ထွက်ကြရအောင်”

စိတ်ဝိညာဉ်ဆေးပင်များစွာကို စားသုံးပြီးနောက် ဆူဇီမို၏ အခြေအနေက အတော်လေး တိုးတက်ကောင်းမွန်လာပြီး လန်းဆန်းလာလေပြီ။

မြေအောက်နန်းတော်ထဲကနေ ထွက်လာပြီးနောက် ဆူဇီမိုသည် အခြားကျင့်ကြံသူများအားလုံးကို လျစ်လျူရှုပြီး အပျက်အစီးနယ်မြေ၏ ထွက်ပေါက်ဆီသို့ ရွှမ်ယီနှင့် အခြားနှစ်ယောက်ကို ခေါ်ဆောင်သွား၏။

ရွှမ်ယီနှင့် အခြားနှစ်ယောက်သည် ဒဏ်ရာများ ရှိနေဆဲဖြစ်ပြီး အခုချိန်ထိ ကောင်းကောင်းတိုက်ခိုက်နိုင်ဦးမည် မဟုတ်ပေ။

ဆူဇီမိုသည် လမ်းတစ်လျှောက်တွင် သူ၏ အားကောင်းသော အကြားအာရုံ၊ အမြင်အာရုံနှင့် အာရုံခံသတိစိတ်တို့ကိုသုံးကာ ကင်းလှည့်နေသော တမလွန်စစ်သည်များကို ရှောင်ကွင်းပြီး နန်းတော်ထဲကနေ တိတ်တဆိတ် ထွက်ခွာလာခဲ့၏။

နန်းတော်အပြင်ဘက်တွင် ရွှမ်ယီနှင့် အခြားနှစ်ယောက်ထံမှ သွေးရနံ့များကို အာရုံခံမိသောအခါ မရေမတွက်နိုင်သော ဆိုးယုတ်တစ္ဆေများသည် ချီတက်လာကြ၏။

မကောင်းဆိုးဝါးဆန်သောလေများက တိုက်ခတ်လာပြီး သူတို့ကို တစ္ဆေများကို ဝိုင်းပတ်လိုက်ကြ၏။

သို့သော်လည်း သိပ်မကြာမီ ရှေ့ဆုံးရှိ အစိမ်းရောင်ဝတ်ကျင့်ကြံသူကို မြင်သောအခါ ဆိုးယုတ်တစ္ဆေများသည် ကြောက်လန့်သွားကြပြီး အနားမကပ်ရဲကြတော့ပေ။

မဟာချွမ်အပျက်အစီးနယ်မြေ၏ အပြင်ဘက်သို့ ရောက်မှသာ ဆူဇီမိုက ရပ်တန့်လိုက်၏။

ထိုအချိန်၌ အာရုံတက်ချိန်သို့ ရောက်လာပြီ ဖြစ်လေသည်။

ဆူဇီမိုသည် နောက်ပြန်လှည့်၍ အပျက်အစီးနယ်မြေဘက်ကို ထောက်လှမ်းကြည့်ရှုရင်း ခေါင်းညိတ်လိုက်၏။

“ကျုပ်တို့နောက်ကို ဘယ်သူမှ လိုက်မလာကြတော့ဘူး.. တောင်ထွတ်သခင်ရွှမ်ယီ.. ခင်ဗျားတို့သုံးယောက် ဒီနေရာကနေ ထွက်သွားတော့.. ဂိုဏ်းကို တန်းပြန်ပါ.. လုံးဝ မရပ်လိုက်ပါနဲ့”

လမ်းတစ်လျှောက်တွင် ဆူဇီမိုသည် လရောင်ဝှက်လေးဖြင့် သူတို့နောက်သို့ လိုက်လာသူများကို ရှင်းပစ်ခဲ့၏။

တဖြည်းဖြည်းနှင့် ကျင့်ကြံသူများသည် သူတို့၏ နောက်ယောင်ခံလိုက်မှုက ဆူဇီမို၏ အသိစိတ်အာရုံကနေ ဖုံးကွယ်ထားလို့ မရဘူးဆိုတာကို နားလည်သဘောပေါက်သွားပြီး လက်လျှော့လိုက်ကြလေသည်။

“ဇီမို.. မင်းရော ငါတို့နဲ့ ပြန်မလိုက်ဘူးလား”

ရွှမ်ယီက စိုးရိမ်ပူပန်စွာနှင့် မျက်မှောင်ကြုတ်လိုက်၏။

သူသည် နှစ်ပေါင်း ရာနှင့်ချီ၍ ရှင်သန်နေထိုင်လာခဲ့သူဖြစ်၏။ နောက်တစ်လကြာပြီး ဟင်္သပဒါးသစ်သီးက မှည့်သည့်အခါ မဟာချွမ်အပျက်အစီးနယ်မြေက မုန်တိုင်းထန်တော့မည်ဖြစ်ကြောင်း သူပြောနိုင်လေသည်။

နှစ်တစ်သောင်းဟင်္သပဒါးသစ်သီး၏ သတင်းက ပြန့်နှံ့သွားသည်နှင့် မြောက်ပိုင်းဒေသရှိ ပြိုင်စံရှားများအားလုံးသည် ဒီနေရာသို့ သေချာပေါက် လာရောက်စုဝေးကြပေလိမ့်မည်။

ပြောရလျှင် အင်မော်တယ်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းများမှ လူများပင်လျှင် ရောက်လာနိုင်ကြ၏။

ထိုအချိန်၌ တိုက်ပွဲက တစ်ယောက်-တစ်ယောက်ချင်း တိုက်ကြရမည် မဟုတ်ပေ။

ဆူဇီမို၏ တိုက်ခိုက်ရည်က အတော်လေး သန်မာသော်လည်း သူသည် အခုမှ အမြုတေဖွဲ့တည်ကာစဖြစ်၏။ စွမ်းအားကြီးသော အဖွဲ့အစည်းများမှ ပြိုင်စံရှားများစွာကို ဆူဇီမိုက ဘယ်လိုကိုင်တွယ်မှာလဲ။

“ဇီမို.. ဒီခရီးကနေ ငါတို့ အကျိုးအမြတ် အတော်လေး ရပြီးပြီပဲ.. ငါတို့ အခု ရပ်တန့်ဖို့ အချိန်တန်ပြီထင်တယ်”

လျှိုဟွေ့က အဓိပ္ပါယ်ပါပါ ပြောလိုက်၏။

“ကျင့်ကြံရေးလောကမှာ ကျင့်ကြံသူအများစုက လောဘကြောင့် သေကြရတာများတယ်”

“မင်းက အန္တိမအခြေတည်အဆင့်ကနေ တက်လှမ်းလာတာ.. စွမ်းအားကြီးတဲ့ ရွှေအမြုတေနယ်မြေတစ်ခုကိုလည်း ကျင့်ကြံထားပြီးပြီ.. မင်းလျှောက်ရမယ့်လမ်းက အရှည်ကြီး ကျန်သေးတယ်.. ဟင်္သပဒါးသစ်သီးတစ်လုံးအတွက် အသက်နဲ့ရင်းပြီး စွန့်စားစရာ မလိုဘူးထင်ပါတယ်”

ထိုစကားများက သူမ၏ နှလုံးသားအနက်ပိုင်းထဲမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အကြောင်းအကျိုးလည်း သင့်လေသည်။

ရွှမ်ယီက ထပ်ပြောလိုက်၏။

“မြောက်ပိုင်းဒေသမှာ ငါတို့ထက် သန်မာတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိတယ်.. နောက်ပြီး ငါတို့က ဂိုဏ်းနဲ့ အဝေးကြီးမှာ ရောက်နေကြတာ.. မင်းက အန္တရာယ်နဲ့ ကြုံတွေ့ရရင်တောင် ဂိုဏ်းက အချိန်မီ လာကယ်နိုင်မှာ မဟုတ်ဘူး.. ဇီမို.. မင်း ဂရုစိုက်ဖို့ လိုတယ်”

ဆူဇီမိုက ပြုံးပြီးခေါင်းညိတ်လိုက်၏။

“မပူပါနဲ့ တောင်ထွတ်သခင်တို့.. အခြေအနေမဟန်ဘူးထင်ရင် ကျုပ် ဟင်္သပဒါးသစ်သီးကို လက်လျှော့လိုက်ပါ့မယ်”

All Chapters