လွှမ်းမိုးနိုင်လွန်းသော ဟင်္သပဒါးသစ်သီး
Vol. 36 Ch. 536
ဆူဇီမို၏ သဘောထားစကားကို ကြားရမှသာ ရွှမ်ယီသည် စိတ်သက်သာရာ ရသွား၏။
ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် ဆူဇီမိုက ထပ်ပြောလိုက်၏။
“ဒါပေမယ့်လို့ အဲ့မှာ ကျုပ်လုပ်စရာ တချို့ရှိနေသေးတဲ့အတွက်ကြောင့် ပြန်သွားတော့ သွားရဦးမှာပဲ.. တောင်ထွတ်သခင်တို့ ဂိုဏ်းကိုအရင်ပြန်ကြပါ.. ကျုပ်ကို စောင့်မနေပါနဲ့”
ဆူဇီမိုသည် နှစ်တစ်သောင်းဟင်္သပဒါးသစ်သီးကို ရယူနိုင်ဖို့ ရည်ရွယ်ထား၏။
သို့သော်လည်း သူ့အတွက် ပိုပြီးတော့ အရေးကြီးသည့်အရာက မြေအောက်နန်းတော်၏ အနက်ပိုင်းထဲမှာ ဝှက်ထားသည့် မူလစိတ်ဝိညာဉ်မီးတောက် ဖြစ်လေသည်။
လောကတွင် ဤကဲ့သို့သော ရတနာများက အသိစိတ်ရှိပြီး ရှားပါးကာ ဖြစ်တည်လာဖို့လည်း ခဲယဉ်းလေသည်။
သူသည် အဲ့ဒါကို လက်လွတ်လိုက်စရာ အကြောင်း လုံးဝ မရှိပေ။
သူသည် အဲ့ဒါနှင့် ထိပ်တန်းအဆင့်ဓါးပျံ အသစ် ၂၇ လက်ကို သွန်းလုပ်ရမည်သာမက.. ထိုမူလစိတ်ဝိညာဉ်မီးတောက်ကို အသုံးချ၍ ဆန်းကြယ်ရွှေပိုးချပ်ဝတ်နှင့် မဟူရာရွှေမြားငါးစင်းကို ပြုပြင်ဖို့ ကြိုးစားကြည့်ရပေမည်။
အဲ့ဒါကို သူအောင်မြင်ခဲ့လျှင် သူ့မှာ မူလစိတ်ဝိညာဉ်ခုခံရေးလက်နက်တစ်ခု ရှိလာပေလိမ့်မည်။
မူလအဆင့်မဟူရာရွှေမြားများကို သူ၏ လရောင်ဝှက်လေးနှင့် ပေါင်းစပ်လိုက်ပါက ထွက်ပေါ်လာမည့် သတ်ဖြတ်စွမ်းအားက အတော့်ကို ကြောက်စရာကောင်းလာပေလိမ့်မည်။
တစ်စုံတစ်ယောက်က သူနှင့် တိုက်ခိုက်ရည်ခွန်အားချင်း တူညီနေမည်ဆိုလျှင်တောင် သူက လရောင်ဝှက်လေးနှင့် မဟူရာရွှေမြားကို အသုံးပြုမည်ဆိုလျှင် မထိမခိုက် ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ပေ။
“ဇီမို.. မင်း...”
ရွှမ်ယီက မျက်မှောင်နည်းနည်းကြုတ်လိုက်သော်လည်း ဆက်ပြီးမပြောတော့ပေ။
ဆူဇီမိုက ပြတ်သားသောစရိုက်ရှိကြောင်း သူသိထား၏။ သူချထားသော ဆုံးဖြတ်ချက်တစ်ခုကို ပြောင်းလဲအောင်လုပ်နိုင်ဖို့က ခက်လေသည်။
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ရွှမ်ယီက ညွှန်ကြားလိုက်၏။
“ဂရုစိုက်နော်.. မင်းရဲ့အကန့်အသတ်ထက် ကျော်ပြီး မင်းကိုယ်မင်း ဖိအားမပေးနဲ့”
“အင်းပါ”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
ရွှမ်ယီနှင့် အခြားနှစ်ယောက်သည် များစွာသော စိတ်ဝိညာဉ်ဆေးပင်များကို သယ်ဆောင်လာခဲ့ပြီး သူတို့သည် ဒဏ်ရာများလည်း ရထားကြ၏။ သူတို့ ဆက်ပြီး ကြန့်ကြာနေလျှင် မလိုလားအပ်သော ပြဿနာများ ပေါ်လာမည်ကို စိုးသောကြောင့် ခရီးဆက်ထွက်ဖို့ ပြင်လိုက်ကြ၏။
စိတ်ဝိညာဉ်ယာဉ်ပျံတစ်စင်းကို ဆင့်ခေါ်ပြီးနောက် သူတို့သုံးယောက်သည် ခုန်တက်၍ ဆူဇီမိုကို လက်ပြနှုတ်ဆက်ကာ ပျံသန်းသွားကြတော့၏။
ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် နန်းတော်ဆီသို့ ပြန်လှည့်ကာ ဦးတည်လိုက်လေသည်။
ဤအချိန်အတောအတွင်း တစ်ယောက်ယောက်က ဟင်္သပဒါးသစ်သီးကို သွားလုယူမှာ သို့မဟုတ် ဖျက်ဆီးပစ်လိုက်မှာကို သူ မစိုးရိမ်ပေ။
ယခုအခါ ဟင်္သပဒါးသစ်သီးက မှည့်တော့မည့်ဆဲဆဲဖြစ်ပြီး အန္တရာယ်အများဆုံး အချိန်လည်း ဖြစ်လေသည်။
ဟင်္သပဒါးသစ်သီးနားသို့ ချဉ်းကပ်သွားမည့် သက်ရှိများအားလုံး သူတို့၏ အသက်ဓါတ်အဆီအနှစ်က စုပ်ယူခြင်း ခံရပေလိမ့်မည်။
လမ်းတစ်လျှောက်တွင် များစွာသော ကျင့်ကြံသူများသည် အပျက်အစီးနယ်မြေဆီမှ ပြန်ပြေးထွက်လာနေကြကြောင်း ဆူဇီမို သတိထားမိခဲ့၏။
အတိအကျ ပြောရလျှင် သူတို့သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်လာပုံရပြီး ထိတ်လန့်တကြား အော်ဟစ်လာကြ၏။
“မကောင်းတော့ဘူး.. မကောင်းတော့ဘူး”
ကျင့်ကြံသူတစ်ယောက်က မောဟိုက်နေပြီး သွေးပျက်ချောက်ချားနေသောပုံစံနှင့် ပြေးချလာ၏။
“အားလုံးပဲ ပြေး ပြေးကြ.. ဟင်္သပဒါးသစ်သီးက လူတွေကို စားနေပြီ”
တချို့ကျင့်ကြံသူများက ဖိုသီဖတ်သီနှင့်.. တစ်ချို့ကတော့ လက်တစ်ဖက် ပြတ်ထွက်နေကြ၏။ သူတို့၏ လက်ပေါ်ရှိ အသားများက မွစာကြဲနေပြီး အရိုးများ ငေါထွက်နေကာ အသက်လုပြေးလာကြပုံပင်။
ဆူဇီမိုသည် စိတ်ထဲကနေ လှောင်ရယ်လိုက်၏။
တချို့ မိုက်မဲပြီး လောဘကြီးသည့် ကျင့်ကြံသူများက ဟင်္သပဒါးသစ်သီးကို ခူးယူဖို့ ကြိုးစားခဲ့ပုံရ၏။ ရလဒ်ကတော့ သူ့အသက်ဓါတ်က ယုတ်လျော့လာပြီး သူတို့၏ အသွေးအသားများက ဟင်္သပဒါးသစ်သီးအတွက် အာဟာရ ဖြစ်သွားခဲ့တာပင်။
သိပ်မကြာမီ ဆူဇီမိုသည် မြေအောက်နန်းတော်ထဲသို့ တစ်ဖန်ပြန်ရောက်လာ၏။
ခဏကြာ လမ်းလျှောက်ပြီးနောက် သူက ရပ်တန့်ကာ ဆေးခင်းကို ကြည့်လိုက်၏။
ဆူဇီမိုနှင့် အခြားသုံးယောက်သည် စိတ်ဝိညာဉ်ဆေးပင်များကို စုဆောင်းပြီးနောက် အဲ့ဒါက ကျက်တီးလွင်ပြင်ကြီးဖြစ်ကာ ဟင်္သပဒါးပင်ကသာ တစ်ပင်တည်း ထီးတည်းကျန်ခဲ့လေသည်။
ယခုအခါ ဟင်္သပဒါးသစ်သီး၏ ဘေးပတ်ချာလည်တွင် အသားစများနှင့် အရိုးဖြူများက ပြန့်ကျဲနေ၏။
မြေပြင်ပေါ်ရှိ အရိုးစုများသည် ဟင်္သပဒါးသစ်သီးကို အလုအယက် ခူးယူဖို့ ကြိုးစားခဲ့ကြသည့်အလား သူတို့၏ လက်တစ်ဖက်စီက ရှေ့ထွက်နေကြ၏။
အကြမ်းဖျင်း တွက်ကြည့်လျှင်တောင် ဟင်္သပဒါးသစ်သီး၏ ဘေးပတ်ချာလည်မှာ အလောင်းတစ်ရာလောက်က ပြန့်ကျဲနေကြ၏။
ဟင်္သပဒါးသစ်သီးက ပိုပြီးတော့ အားမာန်ပြည့်ဝလာပုံရ၏။
ကြည်လင်တောက်ပ၍ နီရဲနေပြီး ယစ်မူးဖွယ်ရာရနံ့က ဖြာထွက်ကာ အနီးနားရှိ သက်ရှိများကို ဆွဲဆောင်နေ၏။
ဟင်္သပဒါးသစ်သီး၏ အသက်ဓါတ်အဆီအနှစ်ကို စုပ်ယူသော ဝန်းကျင်က လျှင်မြန်စွာ ကျယ်ပြန့်လာ၏။
အစတုန်းကတော့ အဲ့ဒါက ဆေးခင်းတစ်ဝိုက်ကိုသာ အကျိုးသက်ရောက်လေသည်။
သို့သော် ယခုအခါ အဲ့ဒါက အပြင်ဘက်သို့ အရူးအမူ ရုန်းကန်ထွက်လာ၏။
ဟင်္သပဒါးသစ်သီးက ယိမ်းနွဲ့၍ သွေးနီရောင်မြူများက ပြန့်ကားလာကာ အဘက်ဘက်သို့ လွှမ်းခြုံလာ၏။ ဆယ်ပေ.. ပေနှစ်ဆယ်.. ပေတစ်ရာ...
မြေအောက်နန်းတော်ထဲတွင် လူအချို့သာ ရှိတော့လေသည်။
ယခု ဟင်္သပဒါးသစ်သီးမှ သွေးနီရောင်မြူများက ပြန့်ကားလာသောအခါ သူတို့သည် အဲ့ဒါကို မည်သူမှ မခူးယူနိုင်တာ သေချာသိပြီးနောက် တဖြည်းဖြည်းနှင့် နောက်သို့ ဆုတ်ခွာသွားကြ၏။
သိပ်မကြာမီ မြေအောက်နန်းတော်ထဲတွင် ဆူဇီမိုတစ်ယောက်တည်းသာ ကျန်ခဲ့လေတော့သည်။
တစ်ကယ်တော့ အဲ့ဒါက အချိန်အတိုင်းအတာတစ်ခုထိသာ ဖြစ်ပေမည်။
နောက်တစ်လကြာလျှင် မဟာချွမ်အပျက်အစီးနယ်မြေက မုန်တိုင်းထန်တော့မည်ဖြစ်ကြောင်း သူသေချာ ပြောနိုင်လေသည်။
ဟင်္သပဒါးသစ်သီး၏ အသက်ဓါတ် စုပ်ယူသော ဝန်းကျင်က ဆက်တိုက်ကျယ်ပြန့်လာနေပြီး မြူခိုးများက တလိပ်လိပ်တက်လာကာ ထွက်လမ်းများအားလုံးကို ပိတ်ဆို့သွား၏။
ဆူဇီမိုသည် မြေအောက်လိုဏ်ဂူထဲသို့ ပြန်ဝင်ချင်သည်ဆိုလျှင် ဤမြူခိုးလွှာကို ဖြတ်ကျော်ရပေလိမ့်မည်။
ဆူဇီမိုသည် ရှေ့သို့တက်လာသော မြူခိုးများကိုကြည့်ကာ ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် သူ့ဘယ်ဘက်လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်၏။ သူသည် ထိုလက်ချောင်းထိပ်နှင့် မြူခိုးလွှာ၏ အစွန်အစပ်ကို ဖြည်းဖြည်းချင်း တိုးပြီး ထိကြည့်လိုက်၏။
ဟင်း..
သူ့လက်ချောင်းထိပ်က မြူခိုးများနှင့် ထိတွေ့သွားချိန်တွင် ဆူဇီမို၏ အမူအယာက ရုတ်ချည်း ပြောင်းလဲသွား၏။
သူ့လက်ချောင်းပေါ်ရှိ အသားများကို သွေးနီရောင်မြူခိုးများက တိုက်စားသွားပြီး လျှင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
ဘယ်လောက်တောင် စီးပိုးခြယ်လှယ်လိုက်တဲ့ ဟင်္သပဒါးသစ်သီးလဲ..
လက်ချောင်းထိပ်ရှိ သွေးကြောများက နှလုံးနှင့် ချိတ်ဆက်နေ၏။
ဆူဇီမိုသည် စူးစူးရှရှ နာကျင်သွားပြီး အသံထွက်အော်လုမတတ် ဖြစ်သွား၏။
သူသည် လက်ကို ပြန်ရုတ်ကာ ကြည့်ပြီး ရင်ထဲမှာ တလျှပ်လျှပ် ဖြစ်သွား၏။
သူ့လက်ချောင်းပေါ်ရှိ အသားများက ပျောက်ကွယ်သွားပြီး အရိုးဖြူဖြူသာ ကျန်ရစ်ခဲ့လေသည်။
ဆူဇီမို၏ အကြည့်က တောက်ပသွားပြီးနောက် သူ့ညာဘက်လက်ကို ဆန့်ထုတ်ကာ မြူခိုးများနှင့် ထိကြည့်လိုက်၏။
အဲ့ဒါက အဆင်ပြေလေသည်။
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်မျိုးက သူ့ညာလက်လက်ရှိ အသက်ဓါတ်ကို စုပ်ယူဖို့ ကြိုးစားခဲ့သော်လည်း ထိတ်လန့်စရာ တစ်ခုခုနှင့် တွေ့လိုက်ရသည့်အလား နောက်ပြန်ဆုတ်သွားသည်ကို ဆူဇီမို ရှင်းလင်းစွာ ခံစားမိခဲ့၏။
ဟင်္သပဒါးသစ်သီးက သန်မာအားကောင်းပြီး ၎င်း၏ မြူခိုးလွှာက စီးပိုးခြယ်လှယ်လွန်းသော်လည်း အဲ့ဒါက နတ်ဖီးနစ်အရိုးကိုတော့ ဘာမှ မလုပ်နိုင်ပေ။
ကံဆိုးစွာနှင့်ပင် ဆူဇီမို၏ ညာဘက်လက်တစ်ဖက်တည်းမှာသာ နတ်ဖီးနစ်အရိုးက ရှိနေ၏။
သူသည် ထိုသွေးနီရောင်မြူခိုးလွှာကို ဖြတ်ကျော်ဖို့ မဖြစ်နိုင်သေးပေ။
ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။
သူသည် အခုနေ လိုဏ်ဂူထဲသို့ မဝင်နိုင်သေးဘူးဆိုလျှင် ထောင့်တစ်ထောင့်မှာကပ်၍ ဟင်္သပဒါးသစ်သီး မှည့်လာမည့်အချိန်ထိ တစ်လလုံးလုံး ထိုင်စောင့်ရပေဦးမည်။
သို့သော်လည်း ထိုအချိန်ကျလျှင် အပြောင်းအလဲ ဖြစ်လာမည့် အခြေအနေများကလည်း ရှိသေး၏။
မဟုတ်သေးဘူး.. အလုပ်ဖြစ်မယ့် နည်းလမ်းတစ်ခု ငါစဉ်းစားဦးမှ ရမယ်..
ဆူဇီမိုသည် ခေါက်တုံ့ခေါက်ပြန်လျှောက်၍ နက်နက်နဲနဲ စဉ်းစားလိုက်၏။
ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူသည် သွားနေသည်ကို ရပ်တန့်ကာ သူ့သိုလှောင်အိတ်ကိုပုတ်၍ အက်ကွဲကြောင်းများ အပြည့်နှင့် ချုံးချုံးကျနေသော မီးဖိုတစ်လုံးကို ဆွဲထုတ်လိုက်၏။
စတုရန်းကြေးမီးဖိုက သွေးနီရောင်ချပ်ဝတ်မိချောင်း၏ တိုက်စားမှုကိုတောင် ခံနိုင်ရည်ရှိမှတော့ ဤမြူခိုးများကိုလည်း ကိုင်တွယ်နိုင်ပေလိမ့်မည်။
ဆူဇီမိုသည် စတုရန်းကြေးမီးဖိုကို မြူခိုးများနှင့် ထိကြည့်လိုက်၏။
ဟုတ်လေပြီ..
သွေးနီရောင်မြူခိုးများက စတုရန်းကြေးမီးဖိုဘေးမှာ ရစ်သိုင်းနေသော်လည်း အထဲသို့ မစိမ့်ဝင်နိုင်ပေ။
အောင်မြင်ပြီ...
ဆူဇီမိုသည် ပြုံး၍ စတုရန်းကြေးမီးဖိုထဲသို့ ခုန်ဝင်ကာ တစ်ဖက်ရှိ စိတ်ိညာဉ်စမ်းရှိရာသို့ ရောက်သည့်အထိ သွေးနီရောင်မြူခိုးများကို ဖြတ်သန်းသွားလိုက်၏။
စတုရန်းကြေးမီးဖိုထဲကနေ ထွက်လာပြီးနောက် ဆူဇီမိုသည် ထူပိန်းနေသော မြူခိုးများကို ကြည့်ကာ သူ့ဘာသာသူ တွေးလိုက်၏။
“အင်း.. ဒီမြူခိုးတွေ ရှိနေတာလဲ မဆိုးပါဘူးလေ.. အနည်းဆုံးတော့ တစ်လလောက် ဘယ်သူမှ အထဲဝင်လာနိုင်မှာ မဟုတ်သလို လိုဏ်ဂူရဲ့လျှို့ဝှက်ချက်ကိုလဲ ရှာတွေ့ကြဦးမှာ မဟုတ်တော့ဘူး”
သူသည် ပတ်ဝန်းကျင် အတန်ကြာအောင် ထောက်လှမ်းကြည့်ရှုလိုက်ပြီး မည်သူမှ ပုန်းနေတာ မရှိသည်ကို သေချာမှ ရေကန်နံရံသို့သွားပြီး ခုလုတ်ကို ဖိချလိုက်၏။
သူ့ခြေထောက်အောက်ရှိ ကျောက်ချပ်က ဘေးနှစ်ဖက်သို့ ကွဲထွက်သွားပြီး နက်မှောင်နေသော လမ်းကြောင်းတစ်ခု ပေါ်လာလေသည်။
ထိုအထဲသို့ ဆင်းသွားပြီးနောက် ဆူဇီမိုက ပျောက်ကွယ်သွားလေသည်။
မြေအောက်နန်းတော်က တစ်ဖန်ပြန်ပြီး တိတ်ဆိတ်ငြိမ်သက်သွား၏။