← Chapters

မြေအောက်မီးတောင်

Vol. 36 Ch. 537

မြေအောက်မီးတောင်

Vol. 36 Ch. 537

မြေအောက်လိုဏ်ဂူထဲတွင်..

အနီရောင်ချော်ရည်များက ဖြည်းဖြည်းချင်း စီးဆင်းနေပြီး ခြစ်ခြစ်တောက် အပူလှိုင်းများကို ထုတ်ပေးနေ၏။

ချော်ရည်ပြင်၏ အလယ်ရှိ မြေကွက်တစ်ခုပေါ်တွင် မြေခွေးလေးက သူ၏ နောက်ခြေထောက်နှစ်ချောင်းပေါ်မှာ ရပ်ပြီး ရှေ့လက်လေးနှစ်ဖက်ကို ရင်ဘတ်ပေါ်မှာ တင်ထား၏။ သူ့ရှေ့ရှိ သားရဲမြေခွေး၏ အလောင်းကို ငေးကြည့်နေပြီး.. သူ၏ လုံးဝိုင်းတောက်ပသော မျက်လုံးများထဲတွင် ရီဝေဝေအကြည့်ကို မြင်နိုင်လေသည်။

သူမသည် နှစ်ပေါင်းများစွာ အကြောက်တရားဖြင့် ရှင်သန်နေထိုင်ခဲ့ရ၏။

သူမသည် မီးပိတ်ဆို့ခြင်းတောင်းထဲမှာသာ နေ့စဉ်နှင့်အမျှ ပုန်းကွယ်နေခဲ့ရ၏။

သို့သော်လည်း တစ်ကယ်တမ်းတော့ ထိုမိချောင်းကြီးက သူမကို သတ်ချင်လျှင် အလွန်ကို လွယ်ကူကြောင်း သူမ သိထားလေသည်။

သူမသည် တစ်နေ့မှာ ထိုမိချောင်း၏ လက်ကနေ လွတ်အောင် ထွက်ပြေးနိုင်ဖို့ သို့မဟုတ် သူမ၏ အမေအတွက် လက်စားချေဖို့ကို လုံးဝ မစဉ်းစားနိုင်ခဲ့ပေ။

အရာအားလုံးအတွက် ထိုဣန္ဒြေကြီးသော စာပေသမားကို ကျေးဇူးတင်ရပေမည်။

သူမသည် ထိုစာပေသမားကို စတင်မြင်တွေ့ချိန်ကတည်းက သူက လူဆိုးတစ်ယောက် မဖြစ်နိုင်ဟု စိတ်ထဲမှာ ခံစားမိနေ၏။

ထို့ကြောင့်ပင် သူမက သူ့ကို သတိထားဖို့ သတိပေးခဲ့ခြင်း ဖြစ်လေသည်။

ထိုစာပေသမားကို မိချောင်းက ဝါးမျိုလိုက်သောအခါ သူတော့ သေချာပေါက် သေပြီဟု ထင်လိုက်မိပြီး မြေခွေးလေးသည် စိတ်ပျက်အားငယ်သွားခဲ့ရ၏။

သို့သော်လည်း နောက်ပိုင်းမှာ တုန်လှုပ်ဖွယ်ရာကောင်းသည်များက ဖြစ်ပျက်ခဲ့လေသည်။

.......

သို့သော် ယခု သူမသည် လက်စားချေပြီးသောအခါ စိတ်ထဲမှာ ဗလာကျင်းနေသလို ခံစားနေရ၏။

ထိုသို့နှင့်ပင် သူမသည် အတန်ကြာသည့်အထိ ငူငိုင်ပြီး ရပ်နေမိ၏။ ရုတ်တရက် မြေခွေးလေး၏ အမွှေးထူထူနားရွက်များက လှုပ်သွားပြီး ခြေသံအချို့ကို ဖမ်းမိသွား၏။

အဲ့ဒီမှာ လူတွေ လာနေကြလေပြီ။

မြေခွေးလေးသည် အလွန်တရာ ထိတ်လန့်သွားပြီး မီးပိတ်ဆို့ခြင်းတောင်းထဲသို့ ချက်ချင်းဝင်ပုန်းကာ ခြင်းတောင်း၏ အပေါက်လေးများကနေ သူမ၏ နက်မှောင်တောက်ပသော မျက်လုံးများဖြင့် ချောင်းကြည့်နေလိုက်၏။

သိပ်မကြာမီ ထောင့်တစ်ထောင်ကနေ အစိမ်းရောင်ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။ အဲ့ဒါသည် စောစောက အလောတကြီး ပြေးထွက်သွားခဲ့သော စာပေသမား ဖြစ်လေသည်။

မြေခွေးလေးသည် မီးပိတ်ဆို့ခြင်းတောင်းကိုမပြီး သူ့ခေါင်းကိုစောင်းကာ ဣန္ဒြေကြီးသောစာပေသမားကို ကြည့်နေလိုက်၏။

တစ်ချိန်တည်းမှာပင် စာပေသမားသည် ထောင့်ကနေ ထွက်ပေါ်လာခြင်းမှာပင် မြေခွေးလေးကို တန်းမြင်သွား၏။

ထိုသို့နှင့်ပင် လူတစ်ယောက်နှင့် တောကောင်တစ်ကောင်သည် လှုပ်ရှားခြင်းမရှိဘဲ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

အဲ့ဒါက ယုံကြည်မှုကို စမ်းသပ်နေခြင်းနှင့် တူလေသည်။

နှစ်ပေါင်းများစွာ အကျဉ်းချခံလာရပြီးနောက် မြေခွေးလေးသည် သူစိမ်းများအပေါ် အယုံအကြည်ကင်းမဲ့၍ စိုးရိမ်ပူပန်တတ်လာလေသည်။

ထိုဣန္ဒြေကြီးသော စာပေသမားက သူမ၏ ရန်သူကို ကူညီပြီး သတ်ပေးခဲ့လျှင်တောင် ယခု ရောက်ရှိလာသောသူက ယခင်မိချောင်းထက်ပင် ပိုပြီးတော့ ကြောက်စရာကောင်း၊ ရက်စက်တတ်သည့်သူ ဖြစ်နေမလားဆိုတာ သူမ စိုးရိမ်နေသေးလေသည်။

မြေခွေးလေးသည် ထိုဣန္ဒြေကြီးသောစာပေသမး၏ အစွမ်းအစကို မျက်ဝါးထင်ထင် မြင်တွေ့ထားခဲ့၏။

သူမသည် သေချာပေါက် သူ့ပြိုင်ဘက် မဖြစ်နိုင်ပေ။

သူသာ သူမဆီသို့ မကောင်းသည့်စိတ်ဆန္ဒဖြင့် ပြေးဝင်ချလာမည်ဆိုလျှင် ဘာလုပ်ရမလဲ သူမ မတွေးတတ်ပေ။

မြေခွေးလေးက အတွေးများဖြင့် ယောက်ယက်ခတ်နေချိန်မှာပင် ဣန္ဒြေကြီးသောစာပေသမားက သူမကို ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။

မြေခွေးလေးသည် စာပေသမား၏ အပြုံးကို မြင်လိုက်ရချိန်တွင် ချက်ချင်းပင် စိတ်သက်သာရာ ရသွား၏။

. . .

မလှမ်းမကမ်းရှိ အထိတ်ထိတ်အလန့်လန့်ပုံစံနှင့် အကောင်လေးကို မြင်သောအခါ ဆူဇီမို၏ မျက်လုံးထဲတွင် သနားကြင်နာမှုက ဝင်ရောက်လာပြီး သက်ပြင်းချလိုက်၏။

ထိုအကောင်လေးသည် နှစ်ပေါင်းများစွာ လွတ်လပ်မှုမရှိ၊ နေ့အလင်းရောင်ကို မြင်တွေ့ရခြင်း မရှိဘဲ အကျဉ်းချခံထားရကာ သူ့ရန်သူနှင့်အတူ နေ့စဉ်နှင့်အမျှ နေလာရပြီးနောက် စိတ်ဒဏ်ရာ အကြီးအကျယ် ရသွားခဲ့ပေလောက်ပြီ။

အစကတည်းက ဆူဇီမိုသည် အင်မော်တယ်နှင့် သားရဲကျင့်စဉ် နှစ်မျိုးစလုံးကို ကျင့်ကြံပြီး မျောက်၊ ညဝိညာဉ်၊ အခြားစိတ်ဝိညာဉ်တောကောင်းများနှင့် အတူနေလာခဲ့သည်ဖြစ်၍ မြေခွေးလေး၏ စိတ်ထဲရှိ ကြောက်ရွံ့မှု၊ သံသယနှင့် စိုးရိမ်ပူပန်မှုတို့ကို အာရုံခံစားမိနိုင်လေသည်။

အဲ့ဒါက သနားစရာနောက်ခံနှင့် ရောင်းရင်းလေး ဖြစ်လေသည်။

ဆူဇီမိုသည် သူမကို နှစ်သိမ့်ဖို့ သို့မဟုတ် ချဉ်းကပ်ဖို့ မကြိုးစားပေ။

ဤအချိန်၌ သူထံမှ ထူးခြားသည့် လှုပ်ရှားမှုတစ်ခုစီတိုင်းက မြေခွေးလေးကို စိုးရိမ်ပူပန်မှု ဖြစ်သွားစေနိုင်လေသည်။

ဆူဇီမိုသည် လိုဏ်ဂူအစပ်ကနေ လှည့်ပတ်လျှောက်၍ အတွင်းပိုင်းထဲသို့ ဝင်ရောက်လိုက်၏။

သည့်အရင်က သူသည် သွေးနီရောင်ချပ်ဝတ်မိချောင်း၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံရပြီးနောက် မြေအောက်နန်းတော်ဆီသို့ ပြန်ကာ တိုက်ပွဲအပြင်းအထန် ဆင်နွှဲခဲ့ရ၏။ သူ့မှာ လိုဏ်ဂူထဲသို့ လှည့်ပတ်လျှောက်သွားကြည့်ဖို့ အချိန်မရခဲ့ပေ။

သူသည် ဒီနေရာမှာ လက်နက်များကို သန့်စင်ချင်လျှင် အနှောင့်အယှက် ခံရလို့ မဖြစ်ချေ။

အပြင်ဘက်တွင် ဟင်္သပဒါးသစ်သီးမှ သွေးနီရောင်မြူခိုးများက ဖြာထွက်နေဆဲဖြစ်ပြီး ဤနေရာသို့ မည်သူမှ ဝင်ရောက်မလာနိုင်သော်လည်း သူသည် လိုဏ်ဂူအတွင်းမှာ မည်သည့်အန္တရာယ်မှ မရှိတော့တာ သေချာအောင် စစ်ဆေးကြည့်ရပေမည်။

လိုဏ်ဂူသည် အလွန်တရာ နက်ရှိုုင်း၍ ကွေ့လိမ်ပတ်နေပြီး ဘာမှန်းမသိရသော နေရာတစ်ခုဆီသို့ ဦးတည်သွားလေသည်။

ရှေ့သို့ ဆက်သွားရင်း ဆူဇီမိုသည် သူ၏ အာရုံခံသတိစိတ်ကို ထုတ်လွှတ်ထားသော်လည်း မည်သည့်အန္တရာယ်ကိုမှ အာရုံမခံမိပေ။

တစ်ဖက်တွင် မြေခွေးလေးသည် သူ့ခန္ဓာကိုယ်တစ်ဝက်ကျော်လောက် ဖုံးအုပ်ထားသော မီးပိတ်ဆို့ခြင်းတောင်းကို သယ်ပြီး ခြေဖျားထောက်ကာ ဆူဇီမိုနောက်ကနေ လိုက်ချလာ၏။

ဆူဇီမိုတွင် ကျီစားလိုသော အတွေးတစ်ခု ပေါ်လာပြီး လမ်းလျှောက်နေရာမှ ရပ်တန့်၍ ထိုအကောင်လေးကို တောက်လောင်နေသောအကြည့်ဖြင့် လှည့်ကြည့်လိုက်၏။

မြေခွေးလေသည် ကြောက်လန့်တကြား ဖြစ်သွားပြီး သူ့ရှေ့လက်လေးနှစ်ဖက်ကို အလိုလို လွှတ်ချလိုက်၏။

ခလွမ်း..

မီးပိတ်ဆို့ခြင်းတောင်းက မြေကြီးပေါ် ပြုတ်ကျသွားပြီး အထဲမှာ မြေခွေးလေးသည် ကြောက်လန့်တကြား ပုန်းကွယ်နေ၏။

ဆူဇီမိုသည် ဟက်ကနဲ ရယ်ပြီး ရှေ့ဆက်လျှောက်လိုက်၏။

မီးပိတ်ဆို့ခြင်းတောင်းထဲတွင် မြေခွေးလေးသည် မချင့်မရဲနှင့် သူ့လက်လေးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ဆူဇီမို၏ နောက်ကျောဘက်သို့ ဝေ့ရမ်းပြပြီး နှာမှုတ်လိုက်၏။

ဆူဇီမိုက သူမနှင့် ဝေးကွာသွားသည်ကို တွေ့သောအခါ မြေခွေးလေးသည် မီးပိတ်ဆို့ခြင်းတောင်းကို ကပျာကယာ ပြန်မပြီး နောက်ကနေ ခြေဖျားထောက်ကာ ပြေးလိုက်ပြန်လေသည်။

လိုဏ်ဂူတွင်းရှိ ချော်ရည်ပြင်ကြီးက မည်သို့မည်ပုံ ဖြစ်တည်လာခဲ့သည်ကို ဆူဇီမိုသည် တစ်ချိန်လုံး သိချင်နေမိ၏။

ချော်ရည်များ၏ ဇာစ်မြစ်ကို ရှာဖွေဖို့ သူသည် တစ်ချိန်လုံး ကြိုးစားနေခဲ့၏။ သို့သော်လည်း သူ့ပတ်ဝန်းကျင်ရှိ အပူချိန်က တရိပ်ရိပ်နှင့် မြင့်တက်လာနေပြီး ပို၍ပို၍ ပူပြင်းလာကာ သူတောင့်မခံနိုင်တော့သည့် အနေအထားတစ်ခုသို့ ရောက်လာလေသည်။

မလှမ်းမကမ်းတွင် ချော်ရည်များက ဖြည်းဖြည်းချင်း စီးဆင်းနေပြီး ခြစ်ခြစ်တောက် ပြင်းပြသည့် အပူလှိုင်းများက ဖြာထွက်နေ၏။

“ဟမ့်”

ရုတ်တရက် ဆူဇီမို၏ မျက်လုံးများက ဝင်းလက်သွားပြီး အံ့အားတသင့် အသံထွက်လိုက်၏။

ချော်ရည်၏ မျက်နှာပြင်ပေါ်မှာ ပါးလွှာသော မီးတောက်တစ်လွှာက လောင်ကျွမ်းနေ၏။

ထိုမီးတောက်များက ခပ်ဖျော့ဖျော့ အဝါရောင် ရှိလေသည်။

ဆူဇီမိုသည် အနည်းငယ် တိုးကပ်ကြည့်ပြီးနောက် ချက်ချင်း နောက်ပြန်ဆုတ်လိုက်၏။

ထိုအဝါရောင်မီးတောက်များ၏ အပူချိန်က မူလစိတ်ဝိညာဉ်မီးများထက်တောင်မှ ပို၍ မြင့်မားလေသည်။

ဘယ်လို ဖြစ်နိုင်ပါ့မလဲ..

သူ့အကြည့်ကို ကျဉ်းမြောင်း၍ ချော်ရည်စီးကြောင်း၏ ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်၏။

ချော်ရည်များ၏ မူလစတင်ရာက ရှေ့တည့်တည့်မှာ ရှိနေသည်ဟု သူခံစားမိနေလေသည်။

“ဂူး..”

ရုတ်တရက် ဆူဇီမိုသည် သူ့နောက်ဘက်မှ အလောတကြီး အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

သူလှည့်ကြည့်လိုက်သောအခါ မြေခွေးလေးသည် မီးပိတ်ဆို့ခြင်းတောင်းကို ဘေးမှာချပြီး အပူရှိန်ကြောင့် ပင်ပန်းမောဟိုက်နေသည်ကို တွေ့လိုက်ရ၏။ သူမ၏ မီးနီရောင်သားမွေးက ချွေးများဖြင့် ရွှဲနေပြီဖြစ်၏။

ချော်ရည်ပြင်ကမ္ဘာမှာ နေထိုင်ရှင်သန်လာခဲ့သော မြေခွေးလေးသည်ပင်လျှင် ဤနေရာရှိ အပူချိန်ကို ထပ်ပြီး ခံနိုင်ရည် မရှိတော့ပေ။

ခဏမျှ တွေဝေနေပြီးနောက် ဆူဇီမိုက ပြောလိုက်၏။

“မင်းရဲ့ကျင့်ကြံမှုအဆင့်က အရမ်းကို နိမ့်သေးတယ်.. ငါ့နောက်ကို ဆက်မလိုက်နဲ့တော့.. ငါရှေ့ကိုသွားပြီး တစ်ချက်လောက် သွားကြည့်လိုက်ဦးမယ်.. အဲ့ဒါကို ငါမခံနိုင်ရင် ငါပြန်ဆုတ်လာခဲ့မယ် ဟုတ်ပြီလား”

စကာပြောလိုက်သောအခါမှသာ သူ့အသံက ခြောက်သွေ့အက်ကွဲနေကြောင်း ဆူဇီမို နားလည်လိုက်၏။

လေများကို ရှူရှိုက်လိုက်သောအခါ အပူရှိန်ကြောင့် သူ့လည်ချောင်းက စပ်ဖျဉ်းဖျဉ်း ဖြစ်လာ၏။ သူ့နဖူးက ချွေးများကို သုတ်ပြီး ကာကွယ်ရေးအဆောင်တစ်ခုကို ချိုးကာ ရှေ့ဆက်တက်လိုက်၏။

နောက်တစ်ကွေ့ ကွေ့ပြီးနောက် သူသည် လှမ်းလက်စခြေလှမ်းကို အလိုလို ရပ်တန့်ကာ တုန်လှုပ်ချောက်ချားသွား၏။

သူ့ရှေ့မှာက အလွန်ကြီးမားသည့် မီးတောင်ကြီးတစ်လုံးပင်။

ထိုမီးတောင်ကနေ ချော်ရည်များက လျှံထွက်နေ၏။

မီးတောင်နှုတ်ခမ်းဝတွင် ချော်ရည်များက ရွှေရောင်ဖြစ်လေသည်။

ရွှေရောင်ကျောက်ရည်ပူများက ပန်းထွက်လာသည့် အကြိမ်တိုင်း အစက်အနည်းငယ်က မီးတောင်နှုတ်ခမ်းဝအောက်သို့ ကျဆင်းသွားပြီး ကျောက်သားများကို အရည်ပျော်စေကာ အောက်သို့စီးဆင်းသွား၏။ အဲ့ဒါက အောက်သို့ ဆက်လက်စီးဆင်းလာသည့်အခါ လိုဏ်ဂူတွင်းမှာ တွေ့ရသော ချော်ရည်ပူများ ဖြစ်လာလေသည်။

All Chapters