ချော်ရည်ထဲက ခေါင်းတလား
Vol. 36 Ch. 538
မီးတောင်ရှေ့သို့ ရောက်သောအခါ ဆူဇီမိုသည် ချွေးများဖြင့် စိုရွှဲနေပြီဖြစ်၏။
ဤနေရာရှိ အပူချိန်သည် သာမန်ကျင့်ကြံသူများ၏ အကန့်အသတ်ကို ကျော်လွန်သွားပြီဖြစ်၏။ အင်မော်တယ်နှင့် သားရဲကျင့်ကြံမှုဖြင့် မီးဆေးထားသော သူ့ခန္ဓာကိုယ်ပင်လျှင် လောင်မြိုက်သောနာကျင်မှုကို ခံစားနေရပြီဖြစ်၏။
ဆူဇီမိုသည် သိုလှောင်အိတ်ကိုပုတ်၍ သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို ဆွဲထုတ်လိုက်၏။
ဆွဲထုတ်လိုက်သည့်ခဏမှာပင် ထိုလက်နက်ပေါ်ရှိ စိတ်ဝိညာဉ်အင်းကွက်များက အနည်းငယ် အရောင်မှိန်ကျသွား၏။
အသက်ဆယ်ရှိုက်စာလောက် ကြာပြီးနောက် သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်ပေါ်တွင် အက်ကွဲကြောင်းများက ပေါ်လာ၏။ အဲ့ဒါက အရည်ပျော်တော့မည့် လက္ခဏာပင်။
“အဲ့လောက်တောင်လားဟ”
ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွားရ၏။
သာမန်ရွှေအမြုတေများသာ ဒီနေရာမှာရှိလျှင် မီးတောက်များ၏ မီးပွားကလေးများနှင့် မထိခင်မှာပင် လောင်ကျွမ်းသေဆုံးသွားနိုင်လေသည်။
လေထဲရှိ အပူချိန်က ထိုလောက်ထိ မြင့်မားနေသည်ဆိုလျှင် ဘေးဘက်တွင် ပန်းထွက်နေသော ချော်ရည်များဆိုလျှင် များစွာပို၍ ကြောက်စရာကောင်းမည်မှာ သံသယဝင်စရာ မလိုပေ။
ထိုချော်ရည်ပူထဲသို့ ပစ်ထည့်လိုက်မည်ဆိုလျှင် မူလစိတ်ဝိညာဉ်လက်နက်တစ်ခုတောင်မှ အရည်ပျော်ကျသွားလိမ့်မည်ဆိုတာ ဆူဇီမို သေချာလေသည်။
မီးတောင်နှုတ်ခမ်းဝနှင့် နီးကပ်လာလေလေ.. အပူချိန်က ပိုပိုမြင့်မားလာလေဖြစ်၏။
ဆူဇီမိုသည် အဲ့ဒါကို တစ်ကယ်ပင် တောင့်မခံနိုင်တော့ဘဲ သူ၏ အတွင်းအမြုတေရော ရွှေအမြုတေကိုပါ ဖြည်းဖြည်းချင်း လှည့်ပတ်၍ သူ့သွေးချီများက ကြွတက်လာကာ ရှေးကျသော သားရဲများက သူ့ဘေးပတ်လည်မှာ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာ၏။
အနည်းငယ် သက်သာသွားသည်ဟု ခံစားလိုက်ရပြီး.. သူသည် လေထဲသို့ ခုန်တက်ကာ မလှမ်းမကမ်းရှိ မီးတောင်နှုတ်ခမ်းဝထဲသို့ လှမ်းကြည့်လိုက်၏။
မီးတောင်နှုတ်ခမ်းဝမှာ ရွှေရောင်ချော်ရည်များက လွင်မျောနေပြီး တုန်လှုပ်ချောက်ချားစရာအော်ရာနှင့် ခြစ်ခြစ်တောက်အပူစွမ်းအားကို ထုတ်ပေးနေ၏။
ထိုအနားသို့ သွားရပ်လျှင် နိုးထဝိညာဉ်တစ်ယောက်တောင်မှ ခံနိုင်ရည်မရှိဘဲ အရည်ပျော်ကျသွားလိမ့်မည်ဟု ဆူဇီမို သံသယဝင်မိလေသည်။
“အရမ်း ကြောက်စရာကောင်းလွန်းတယ်”
တုန်လှုပ်သွားသော အမူအယာနှင့် ဆူဇီမိုသည် စိတ်ထဲကနေ ရေရွတ်လိုက်၏။
“ဒီရွှေရောင်ချော်ရည်တွေက အရမ်းတန်ဖိုးရှိတဲ့ ရတနာပဲ.. အဲ့ဒါက မူလစိတ်ဝိညာဉ်မီးတောက်ထက်တောင်မှ ပိုပြီးတော့ ကြောက်စရာကောင်းသေးတယ်.. ငါသာ အဲ့ဒါတချို့ကို သိုလှောင်ထားနိုင်ရင် နောက်ကျရင် ကောင်းကောင်းကြီး အသုံးတည့်မှာပဲ”
ထို့နောက် ဆူဇီမိုသည် ပြုံးလိုက်၏။
သူ့နှုတ်ခမ်းက အက်ကွဲလာပြီး သီးလာသော သွေးတစ်စက ချက်ချင်း အငွေ့ပျံသွား၏။
စောစောက အတွေးက ဒီတိုင်း စိတ်ကူးပေါက်ရာ ပေါ်လာခြင်းသာ ဖြစ်၏။
မူလစိတ်ဝိညာဉ်လက်နက်တစ်ခုကိုတောင် အရည်ဖျော်ပစ်နိုင်တဲ့ ရွှေရောင်ချော်ရည်တွေကို ဘာနဲ့ သိုလှောင်နိုင်မှာလဲ..
ဆူဇီမိုသည် လှည့်ပြီး ထွက်ခွာတော့မည့်ဆဲဆဲမှာပင်.. အတွေးတစ်ချက်က ဝင်ရောက်လာ၏။
အဲ့ဒါကို ကြိုးပမ်းကြည့်နိုင်လောက်သည့် ပစ္စည်းတစ်ခု သူ့သိုလှောင်အိတ်ထဲမှာ တစ်ကယ် ရှိလေသည်။
စတုရန်းကြေးမီးဖို..
အဲ့ဒါက ချုံးချုံးကျနေသော လက်နက်တစ်ခုသာ ဖြစ်သော်လည်း.. အဲ့ဒါက သွေးနီရောင်ချပ်ဝတ်မိချောင်း၏ အစာခြေရည် တိုက်စားမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး အလွန်တရာကို မာကြော၏။ အဲ့ဒါက ရွှေရောင်ချော်ရည်တွေရဲ့ အရည်ဖျော်စွမ်းအားကိုရော ခံနိုင်ရည် မရှိနိုင်လောက်ဘူးလား..
ဆူဇီမိုသည် အတန်ကြာ တုံ့ဆိုင်းနေပြီးမှ အဲ့ဒါကို စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
သူသည် အရင်ဆုံး စတုရန်းကြေးမီးဖို၏ ခြေထောက်တစ်ဖက်ကို ရွှေရောင်ချော်ရည်ပူထဲသို့ စမ်းနှစ်ကြည့်ရပေမည်။
အဲ့ဒါက ခြေထောက်တစ်ဖက် အရည်ပျော်ကျသွားသည်ဆိုလျှင်တောင် အစကတည်းက ကြေးမီးဖိုသည် မာကြောမှုကလွဲပြီး ဘာမှသုံးမရတော့သည့် ပစ္စည်းဖြစ်တာကြောင့် သိပ်ပြီးဝမ်းနည်းနေစရာ မရှိပေ။
ထိုသို့အတွေးနှင့် ဆူဇီမိုသည် စတုရန်းကြေးမီးဖိုကို ထုတ်ပြီး မီးတောင်နှုတ်ခမ်းဝဆီသို့ ပျံသန်းသွားလိုက်၏။
မီးတောင်နှုတ်ခမ်းဝနားသို့ ရောက်သောအခါ မီးတောက်များ၏ အပူချိန်က ပို၍ ကြောက်စရာကောင်းလာပြီး ဆူဇီမိုသည် ခေါင်းထဲမှာ ချာချာလည်ကာ သတိလစ်တော့မည်မတတ် ခံစားလာရ၏။
ဒီနေရာမှာ ကြာကြာဆက်နေလျှင် သူ့အတွက် အန္တရာယ်ပိုများလာနိုင်လေသည်။
သူ့အောက်ရှိ ရွေ့လျားနေသော ရွှေရောင်ချော်ရည်များကို ငေးကြည့်ရင်း ဆူဇီမိုသည် ဆက်လက်တုံ့ဆိုင်းရဲမနေတော့ဘဲ မီးတောင်နှုတ်ခမ်းဝထဲသို့ စတုရန်းကြေးမီးဖိုကို ဖြည်းဖြည်းချင်း ပို့လွှတ်လိုက်၏။
စတုရန်းကြေးမီးဖို၏ ခြေထောက်တစ်ဖက်က ရွှေရောင်ချော်ရည်များနှင့် ထိတွေ့တော့မည်ကဲ့သို့ ဖြစ်လာ၏။
ရုတ်တရက် ချော်ရည်မျက်နှာပြင်က ပွက်လုံးထလာ၏။ ထိုအောက်မှာ တစ်စုံတစ်ရာက ထွက်ပေါ်လာဖို့ ကြိုးစားနေသလိုပင်။ ဆူဇီမိုသည် တုန်လှုပ်သွားပြီး စတုရန်းကြေးမီးဖိုကို ထိန်းချုပ်ကာ လေထဲသို့ ကပျာကယာ မြှောက်တင်လိုက်၏။
ထိုသို့ဆိုလျှင်တောင် ရွှေရောင်ချော်ရည်အချို့က ဗွမ်းကနဲပွက်ပြီး မီးဖို၏ နံရံပေါ်ကနေ စီးကျလာ၏။
“ဟမ့်”
ဆူဇီမိုသည် သေချာစိုက်ကြည့်လိုက်၏။
အဲ့ဒါက လုံးဝ အဆင်ပြေလေသည်။
စတုရန်းကြေးမီးဖိုကို ရွှေရောင်ချော်ရည်များ စင်သွားသည့်နေရာမှာ ဘာအရာမှ မကျန်ခဲ့ပေ။
အောင်မြင်ပြီကွ..
ဆူဇီမိုသည် ရွှင်ပျသွား၏။
အဲ့ဒါက သာမန်တုံ့ပြန်မှုတစ်ခုသာ ဖြစ်သည့်အလား တပွက်ပွက်ထခဲ့သော ရွှေရောင်ချော်ရည်များက တစ်ဖန်ပြန်လည် တည်ငြိမ်သွား၏။
ဆူဇီမိုသည် စတုရန်းကြေးမီးဖိုကို ထိန်းချုပ်၍ ပြန်လည်ဆင်းသက်စေလိုက်ပြီး အထဲမှာ ရွှေရောင်ချော်ရည်များ ပြည့်သွားသည့်အခါမှသာ ပြန်လှည့်ထွက်လာခဲ့၏။
ရွှေရောင်ချော်ရည်များသည် အရာရာတိုင်းကို ပြာချပြီး ဖျက်ဆီးပစ်ချင်သည့်အလား ကြောက်စရာကောင်း၍ အရိုင်းဆန်တက်ကြွနေ၏။ သို့သော်လည်း အဲ့ဒါက စတုရန်းကြေးမီးဖိုထဲကို ရောက်သွားသောအခါ အပြင်ဘက်ကမ္ဘာနှင့် ပိုင်းခြားခံလိုက်ရသလို တည်ငြိမ်သွား၏။
ဆူဇီမိုသည် စတုရန်းကြေးမီးဖိုကို သယ်လိုက်သောအခါ မည်သည့်အပူကိုမှ မခံစားရပေ။
မီးဖို၏ ကိုယ်ထည်က ခါတိုင်းလိုပင် အေးစက်မြဲအေးစက်ဆဲဖြစ်၏။ ရွှေရောင်ချော်ရည်များ၏ အပူလှိုင်းက အထဲမှာသာ ပိတ်လှောင်ခံထားရပုံပင်။
ဆူဇီမိုသည် မီးတောင်နှုတ်ခမ်းဝကနေ လှည့်ထွက်လာပြီးနောက် စတုရန်းကြေးမီးဖိုကို သိုလှောင်အိတ်ထဲသို့ သေချာဂရုစိုက်၍ ထည့်လိုက်၏။
သူထွက်လာပြီး သိပ်မကြာမီ မီးတောင်နှုတ်ခမ်းဝမှာ ရွှေရောင်ချော်ရည်များက တဝုန်းဝုန်းကြွ၍ တစ်ဖန် ပြန်လည်လျှံထွက်လာ၏။
ချော်ရည်များ၏ မျက်နှာပြင်ပေါ်မှာ တစ်စုံတစ်ရာက ပေါလောပေါ်လာလေသည်။
ခပ်ရေးရေးသာ မြင်ရသော်လည်း အဲ့ဒါက ခေါင်းတလားတစ်ခု ဖြစ်ပုံရလေသည်။
ခေါင်းတလားက ကြည်လင်နေပြီး ဘာမှန်းမသိရသော ပစ္စည်းအချို့ဖြင့် ပြုလုပ်ထားကာ ရွှေရောင်ချော်ရည်ထဲမှာ နစ်မြှုပ်နေတာတောင် လောင်ကျွမ်းမည့်လက္ခဏာ မရှိပေ။
ချော်ရည်မျက်နှာပြင်ထက်မှာ အဲ့ဒါက တစ်ဝက်သာသာလောက် ပေါ်နေပြီး အထဲမှာ အမျိုးသမီးတစ်ယောက်ကို ခပ်ရေးရေး မြင်နိုင်လေသည်။
သူမ၏ လက်ဖဝါးနှစ်ဖက်ကို အတူယှက်၍ ရင်ဘတ်ပေါ်မှာ တင်ထား၏။ ချောမွတ်နေသော ကျောက်စိမ်းလို လက်လေးနှစ်ဖက်က ဆင်တစ်ကောင်၏ နှာမောင်းနှင့် တူလေသည်။
အမျိုးသမီးက လှပကြော့ရှင်းနုရွ၍ ပျင်းတွဲ့တွဲ့နှင့် စွဲမက်ဖွယ်ရာအော်ရာက ဖြာထွက်နေကာ အိပ်မောကျနေသည့်အတိုင်းပင်။
ထိုပြိုင်ဘက်ကင်းအလှပဂေး အမျိုးသမီး၏ မျက်လုံးများသည် အစက မှိတ်နေ၏။
ရုတ်တရက်..
သူမ၏ ရှည်လျားသော မျက်တောင်နှစ်ဖက်က အနည်းငယ် တွန့်သွားပြီး သူမ၏ လှပသော မျက်လုံးများက ပွင့်လာတော့မည့် လက္ခဏာပင်။
တုန်လှုပ်ဖွယ်ရာအော်ရာက စတင်ဖြာထွက်လာ၏။
ပြိုင်ဘက်ကင်းအလှနှင့် အမျိုးသမီးက အချိန်မရွေး နိုးထလာတော့မည် အတိုင်းပင်။
ခဏလောက် ရပ်တန့်သွား၏။
တစ်ဖန်ပြန်လည် ငြိမ်သက်သွားပြီး ထိုအမျိုးသမီးက နောက်တစ်ခါပြန်၍ အိပ်မောကျသွားပုံရ၏။
ကြည်လင်နေသော ခေါင်းတလားက တဖြည်းဖြည်းနစ်မြှုပ်သွားပြီး ရွှေရောင်ချော်ရည်များထဲသို့ ဝင်ကာ ပျောက်ကွယ်သွားလေသည်။
မီးတောင်နှုတ်ခမ်းဝမှာ ဘာမှ မဖြစ်ပျက်ခဲ့သည့်အတိုင်း အရာရာတိုင်းက ပုံမှန် ပြန်လည်ပတ်သွား၏။
. . .
မီးတောင်နှုတ်ခမ်းဝအတွင်းမှာ ဖြစ်ပျက်ခဲ့သော ပြောင်းလဲမှုများကို ဆူဇီမိုသည် ဘာမှမသိခဲ့ပေ။
ဝင်လာတုန်းက လိုဏ်ဂူတွင်းရှိ အပူချိန်သည် သူ့ကို မသက်မသာ ခံစားရစေခဲ့၏။
သို့သော် ယခု ပြန်လှည့်လာသောအခါ သူသည် အေးမြနေသည်ဟု ခံစားရပြီး စိတ်ထဲကနေ ရေရွတ်လိုက်၏။
“မီးတောင်နှုတ်ခမ်းဝက တစ်ကယ့် ငရဲခန်းပဲ.. အဲ့ဒါနဲ့ယှဉ်ရင် ဒီနေရာက သုခဘုံပဲ”
မြေခွေးလေးသည် မူလနေရာမှာသာ စောင့်ဆိုင်းနေပြီး ဆူဇီမိုပြန်ထွက်လာသည်ကို တွေ့သောအခါ စိတ်သက်သာရာ ရသွား၏။
ဘာပဲပြောပြော.. သူက သူမ၏ ကျေးဇူးရှင် ဖြစ်လေသည်။
သူမသည် သူ့ကို နည်းနည်း ကြောက်လန့်နေသေးသော်လည်း သူဒုက္ခရောက်မှာကိုတော့ မမြင်ချင်ပေ။
ဒါ့အပြင် ဆူဇီမို၏ သားရဲသွင်ပြင်ကို သူမ မြင်တွေ့ခဲ့သေး၏။
သူမ၏ ရင်ထဲမှာ သူကလည်း သားရဲမျိုးနွယ်ထဲမှ တစ်ယောက်ပင်။
ဆူဇီမိုသည် လိုဏ်ဂူဝင်ပေါက်ဝနားသို့ ပြန်ရောက်မှသာ ရပ်တန့်လိုက်၏။ သူသည် တင်ပျဉ်ခွေထိုင်၍ စတင်အနားယူပြီး သူ၏ သက်လုံအားကို ပြန်လည်ဖြည့်တင်းလိုက်၏။
သူသည် တစ်ညလုံးလုံး လုံးဝ အနားမယူရသေးပေ။
သူ၏ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ.. သူ၏ အကန့်အသတ်သို့ ရောက်နေလေပြီ။
သည့်အရင်က သူသည် မြေအောက်နန်းတော်ထဲမှာ စိတ်ဝိညာဉ်ဆေးပင်များစွာကို စားသုံးခဲ့သေး၏။
ထိုဆေးပင်များမှာ ပါဝင်သော မြောက်များလှစွာသော စွမ်းအင်ပမာဏကို အများကြီး သူ မစုပ်ယူရသေးပေ။ သူ့ခန္ဓာကိုယ်ထဲမှာ ထိုစွမ်းအင်များက ကျန်ရှိနေသေး၏။
ယခု သူ့ဒဏ်ရာများက သက်သာလာသောအခါ ထိုစွမ်းအင်များအားလုံးက ထကြွလာပြီး သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းသို့ တိုးဝင်လာ၏။
ဆူဇီမို၏ ဒဏ်ရာများနှင့် သက်လုံက လျှင်မြန်စွာ ပြန်လည်သက်သာ ကောင်းမွန်လာလေသည်။
တစ်ခဏအတွင်းမှာပင် တစ်ရက်တာက ကုန်ဆုံးသွား၏။
ဆူဇီမို၏ တောက်ပသော မျက်လုံးနှစ်လုံးက ပွင့်လာပြီး ပါးပြင်က အနီရောင်သန်းလာကာ အားမာန်တက်ကြွစွာနှင့် အပေါ်ကိုမော့၍ ဟိန်းဟောက်လိုက်၏။
“အား..”
ထိုဟိန်းဟောက်သံက ကျယ်လောင် ရှင်းလင်း၍ အားပါးတရ ရှိကာ သူ့ခန္ဓာကိုယ်မှာ မည်သည့်ဒဏ်ရာနှင့် ပင်ပန်းနွမ်းနယ်မှုမှ မရှိတော့ပေ။
သူ့ခန္ဓာကိုယ်၏ အခြေအနေကို ခံစားမိပြီး ဆူဇီမိုသည် ခပ်သဲ့သဲ့ ပြုံးလိုက်၏။
ထိုဆေးပင်များက မီးဒြပ်စင်စိတ်ဝိညာဉ်စွမ်းအင်ကို သယ်ဆောင်ထားတာရယ်.. ဤနေရာ ပတ်ဝန်းကျင်ရယ်ကြောင့် သူ၏ ကျင့်ကြံမှုက အတော်အတန် တိုးတက်လာသည်ကိုပင် သူတွေ့လိုက်ရ၏။