အောင်မြင်ပြီ
Vol. 36 Ch. 539
တစ်ကယ်တော့ ဆူဇီမို၏ ကျင့်ကြံမှုအဆင့်က တိုးတက်လာသည်ဆိုသော်လည်း အလယ်အလတ်-ရွှေအအမြုတေအဆင့်ကို ရောက်ဖို့ အဝေးကြီး လိုသေးလေသည်။
သူသည် အခုမှ အမြုတေကို ဖွဲ့တည်ပြီးကာစသာ ရှိသေးလေသည်။
သူသည် ပင်ယန်းမြို့ကနေ မဟာချွမ်အပျက်အစီးနယ်မြေသို့ လာခဲ့ရသည့်အချိန်ကို ထည့်မတွက်ဘူးဆိုလျှင် အခုမှ နှစ်ရက်သာ ကုန်သေးလေသည်။
သူသည် မဟာချွမ်အပျက်အစီးနယ်မြေသို့ ရောက်မလာဘဲ တံခါးပိတ်သာ ကျင့်ကြံနေမည်ဆိုလျှင် လက်ရှိအဆင့်ကို ရောက်ဖို့တောင် နှစ်များစွာ ကျင့်ကြံရပေမည်။
တိုးတက်လာဖို့ အတွက် အကောင်းဆုံးနှင့် အမြန်ဆုံး နည်းလမ်းက သေရေးရှင်းရေး အခြေအနေများကို ဖြတ်ကျော်၍ သွေးလွှမ်းတိုက်ပွဲများကို ဆင်နွှဲဖို့ပင် ဖြစ်လေသည်။
ဒါ့အပြင် သူသည် အကြိုက်တွေ့စရာ နေရာပတ်ဝန်းကျင်မှာ ရောက်နေပြီး နှစ်တစ်သောင်းသက်တမ်းရှိသည့် ဆေးပင်များကိုလည်း အလုံအလောက် ရရှိထားလေသည်။
ထို့ကြောင့်ပင် များစွာသော ကျင့်ကြံသူများသည် အဆင့်မတက်နိုင်တော့ဘဲ တစ်စို့နေသည့်အခါ အပြင်ဘက်သို့ စွန့်စားသွာလာဖို့ ရွေးချယ်ကြခြင်း ဖြစ်လေသည်။
ဆူဇီမိုသည် သူ့ကိုယ်သူ တည်ငြိမ်စေလိုက်ပြီး သူ၏ မူလစိတ်ဝိညာဉ်လက်နက်များကို ပြန်ပြင်ဆင်ရန် ကြိုးစားကြည့်ဖို့ အဆင်သင့်ပြင်လိုက်၏။
မလှမ်းမကမ်းတွင် မြေခွေးလေးသည် မီးပိတ်ဆို့ခြင်းတောင်းပေါ်မှာ တိတ်တဆိတ်ထိုင်၍ နက်မှောင်တောက်ပနေသော မျက်လုံးများနှင့် ငေးကြည့်နေ၏။
သူမသည် တစ်နေ့လုံး ဆူဇီမိုကို စောင့်ကြည့်နေခဲ့၏။
မြေခွေးလေးက အနားသို့ ကပ်မလာသော်လည်း သူ့ကို ကြောက်လန့်စိုးရိမ်မှု သိပ်မရှိတော့ကြောင်း ဆူဇီမိုသည် ခံစားမိ၏။
သည့်အရင်ကဆိုလျှင် ထိုအကောင်လေးက မီးပိတ်ဆို့ခြင်းတောင်းကို လက်ဖြင့်မထားပြီး အထဲမှာနေကာ အချိန်မရွေး ပုန်းလျှိုးနိုင်ဖို့ အဆင်သင့် ပြင်ထားတတ်၏။ အဲ့တုန်းကနှင့်စာလျှင် အခုသူမက စိတ်အေးလက်အေး ရှိလာပြီဖြစ်လေသည်။
ဆူဇီမိုက ပြုံးပြီးပြောလိုက်၏။
“အကောင်လေး.. ငါ စိတ်ဝိညာဉ်လက်နက်တချို့ကို ပြန်ပြင်ဆင်မလို့.. အဲ့အချိန်အတွင်း မင်းငါ့ကို အနှောင့်အယှက် မပေးရဘူးနော်”
ဆူဇီမိုက သူမကို အကောင်လေးဟု ခေါ်သည်ကို ကြားသောအခါ မြေခွေးလေး၏ မျက်လုံးထဲတွင် မကျေမနပ်မှုက ပေါ်လာ၏။
သို့သော်လည်း ချက်ချင်းပင် မြေခွေးလေးသည် ရင်ထဲထိသွားပြီး အလေးအနက် တွေးတောလိုက်၏။
ထိုစကားက ယုံကြည်မှုကို ဖော်ပြထားလေသည်။
ဣန္ဒြေကြီးသောစာပေသမား၏ တိုက်ခိုက်ရည်က အရမ်းကို ကြောက်စရာကောင်းပြီး သူမကို အလွယ်တကူ ဖမ်းချုပ်အကျဉ်းချထားနိုင်သည့် အစွမ်းအစ ရှိလေသည်။ ထိုနည်းဖြင့် သူ၏ လက်နက်သွန်းလုပ်ခြင်းကို သူမ လုံးဝ မနှောင့်ယှက်နိုင်အောင် လုပ်လို့ ရလေသည်။
သို့သော် အခုအခါ တစ်ဖက်လူက သူမအပေါ် ယုံကြည်မှုကို ပေးအပ်ထားဖို့ ရွေးချယ်ခဲ့လေသည်။
အဲ့လူက သူ့ရဲ့... မကောင်းတဲ့စိတ်ကို ဖုံးကွယ်ဖို့ ကြိုးစားနေတာများလား..
မြေခွေးလေးသည် မျက်တောင်ခတ်၍ နည်းနည်းတော့ စိုးရိမ်ပူပန်နေဆဲဖြစ်၏။
နှစ်ပေါင်းများစွာ အကျဉ်းကျခံဘဝနှင့် နေလာခဲ့ပြီးနောက် မြေခွေးလေး၏ စိတ်က အထိမခံ နုနယ်၍ သံသယဝင်လွယ်လေသည်။
သူမသည် အကုန်လုံးကို ကြောက်လန့်နေတတ်လေသည်။
သူမက စိတ်ကူးပေါက်ရာ လျှောက်တွေးနေစဉ်မှာပင် တစ်ဖက်တွင် စာပေသမားက သူ့သိုလှောင်အိတ်ထဲကနေ မဟူရာရွှေမြားတစ်ချောင်းကို ဆွဲထုတ်ပြီး စတင်သန့်စင်လေသည်။
အခြေခံရှေးဟောင်းတိုက်ပွဲမြေသို့ မဝင်ရောက်ခင်က ဆူဇီမိုသည် ဂိုဏ်းပေါင်းစုံပြိုင်ပွဲမှ ဆုလာဘ်အနေနှင့် မဟာကျိုးနန်းတော်ထဲကနေ မူလစိတ်ဝိညာဉ်လက်နက်သွန်းလုပ်ခြင်းနည်းစနစ်ကျမ်းတစ်ခုကို ရရှိထားခဲ့၏။
ထိုထဲမှာပါသော နည်းလမ်းတစ်ခုက ပျက်စီးသွားသော မူလစိတ်ဝိညာဉ်လက်နက်တစ်ခုကို ပြန်ပြင်ဆင်ဖို့ ဖြစ်လေသည်။
ထိုပျက်စီးမှုဆိုသည်မှာ စိတ်ဝိညာဉ်လက်နက်ကိုယ်တိုင်က ပျက်စီးနေခြင်းကို မဆိုလိုဘဲ ဆဋ္ဌမမြောက်စိတ်ဝိညာဉ်အင်းကွက်က ပျက်စီးနေခြင်းကို ဆိုလိုလေသည်။
ပျက်စီးနေသော မူလစိတ်ဝိညာဉ်လက်နက်တစ်ခုအတွင်းတွင် အညစ်အကြေးများ မရှိပေ။
ပြောရမည်ဆိုလျှင် မူလစိတ်ဝိညာဉ်မီးကို သုံး၍ မူလစိတ်ဝိညာဉ်လက်နက်တစ်ခုကို ပြန်လည်သွန်းလုပ်မည် ဆိုပါက လက်နက်သွန်းလုပ်ခြင်း၏ ပထမဆုံးလေးဆင့်ကို လုံးဝလျစ်လျူရှုထားလို့ရပြီး လက်နက်ကို နီရဲလာအောင် အပူပေးပြီးသည်နှင့် စိတ်ဝိညာဉ်စုဆောင်းခြင်းအဆင့်ကို တန်းပြီးလုပ်ဆောင်လို့ ရလေသည်။
စိတ်ဝိညာဉ်အင်းကွက်ငါးခုကို စုဆောင်းပြီးသည်နှင့် မူလစိတ်ဝိညာဉ်မီးကိုသုံးကာ ကျိုးပဲ့နေသော ဆဋ္ဌမမြောက်စိတ်ဝိညာဉ်အင်းကွက်ကို ပြန်ဆက်ဖို့ ကြိုးပမ်းရမည် ဖြစ်လေသည်။
လုပ်ငန်းစဉ်တွင် တစ်ချက်လေး မှားယွင်းသွားသည်နှင့် မူလစိတ်ဝိညာဉ်လက်နက်က ပျက်စီးသွားမည် ဖြစ်လေသည်။
သမိုင်းတစ်လျှောက်မှာ ထိပ်တန်းအဆင့်နတ်ပန်းပဲဆရာများတောင်မှ သူတို့သည် ဆဋ္ဌမမြောက်စိတ်ဝိညာဉ်အင်းကွက်ကို တစ်ခါတည်းဖြင့် ရအောင်စုဆောင်းနိုင်ပါသည်ဟု အာမမခံနိုင်ပေ။
သို့သော်လည်း ဆူဇီမို၏ လက်ထဲမှာတော့ မူလစိတ်ဝိညာဉ်လက်နက်ကို ပြန်ပြင်ဆင်နိုင်ဖို့ အခွင့်အရေး ရှိလေသည်။
သူ၏ အာရုံခံသတိစိတ်နှင့်ဆိုပါက.. စိတ်ဝိညာဉ်စုဆောင်းခြင်း၏ အောင်မြင်နိုင်ခြေက တစ်ရာ ရာခိုင်နှုန်း ရှိလေသည်။
အခြေခံရှေးဟောင်းတိုက်ပွဲမြေတွင် ဆေးရေအိုင်ဂိုဏ်းအပျက်အစီးနယ်မြေထဲမှာတုန်းက ဆူဇီမိုသည် ပျက်စီးနေသော မဟူရာရွှေမြားငါးချောင်းကို ရှာတွေ့ထားခဲ့၏။
အဲ့ဒီမှာ ဆန်းကြယ်ရွှေပိုးချပ်ဝတ်လည်း ရှိသေး၏။ အဲ့ဒါက အလွန်တရာ အဖိုးတန်သော ခုခံရေး မူလစိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်လေသည်။
ဆူဇီမိုသည် မဟူရာရွှေမြားများနှင့် အရင်ဆုံး စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
သူသည် မဟူရာရွှေမြားတစ်ချောင်းကို ထိန်းချုပ်ပြီး မူလစိတ်ဝိညာဉ်မီး၏ အထက်မှာထားကာ ဆက်တိုက်အပူပေးလိုက်၏။
အချိန်ကြာလာသည်နှင့်အမျှ မြားက နီရဲလာပြီး ပတ္တမြားလို ကြည်လင်တောက်ပလာ၏။
ဆူဇီမိုသည် စတင်၍ စိတ်ဝိညာဉ်ကို စုဆောင်းလိုက်၏။
စိတ်ဝိညာဉ်အင်းကွက် တစ်ခု...
စိတ်ဝိညာဉ်အင်းကွက် နှစ်ခု...
စိတ်ဝိညာဉ်အင်းကွက် သုံးခု...
သူသည် ရပ်နားခြင်း မရှိဘဲ စိတ်ဝိညာဉ်အင်းကွက် သုံးခုကို တစ်ခါတည်း တန်းပြီး ဖွဲ့တည်စေလိုက်၏။
သူ၏ လက်နက်သွန်းလုပ်ပါရမီအရ.. ပထမဆုံး စိတ်ဝိညာဉ်အင်းကွက် သုံးခုကို သူ၏ အာရုံခံသတိစိတ် မရှိလျှင်တောင် စုဖွဲ့နိုင်လေသည်။
ဆူဇီမိုသည် လုံးဝ ရပ်နားခြင်းမရှိဘဲ လေးခုမြောက်စိတ်ဝိညာဉ်အင်းကွက်ကို စတင်စုဖွဲ့လိုက်၏။
သူ၏ အာရုံခံသတိစိတ်က သတိပေးလာ၏။
လက်လျှော့...
နောက်တစ်ကြိမ် ပြန်ကြိုးပမ်း..
မဟန်ဘူး.. လက်လျှော့..
ထိုသို့နှင့်ပင် ရှေ့တိုးနောက်ဆုတ် ၁၇ ကြိမ် ကြိုးပမ်းပြီးနောက် လေးခုမြောက်စိတ်ဝိညာဉ်မြောက် ဖြစ်တည်လာလေသည်။
ဆူဇီမိုသည် စိတ်သက်သာရာရကာ အသက်ရှူပြီး ငါးခုမြောက်စိတ်ဝိညာဉ်အင်းကွက်ကို စတင်စုဖွဲ့လိုက်၏။
သူ၏ အခြေအနေနှင့် ကံ နှစ်ခုစလုံးက ကောင်းမွန်စွာ ဟန်ချက်ညီသွားသောကြောင့် သုံးကြိမ်မြောက် ကြိုးပမ်းမှုမှာတင် ငါးခုမြောက်စိတ်ဝိညာဉ်အင်းကွက်က ဖြစ်တည်လာလေသည်။
မဟူရာရွှေမြားသည် အစကတည်းက မူလစိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်တာကြောင့် အဲ့ဒါက ပျက်စီးနေသော်လည်း အတွင်းမှာ အညစ်အကြေး လုံးဝ မရှိပေ။ ထို့ကြောင့်ပင် ဆူဇီမိုက ငါးခုမြောက်စိတ်ဝိညာဉ်အင်းကွက်ကို အလွယ်တကူ ဖွဲ့တည်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ယခုအခါ မဟူရာရွှေမြားက ပကတိစိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်နေပြီဖြစ်၏။
သို့သော်လည်း ဆူဇီမိုက မကျေနပ်သေးပေ။
နောက်ဆုံးအဆင့်က တစ်ကယ့်ကို သေရေးရှင်းရေး ဖြစ်လေသည်။
မူလစိတ်ဝိညာဉ်မီးတောက်များက ပင်ကိုအသိဉာဏ်ရှိ၏။ ဆူဇီမိုသည် မဟူရာရွှေမြားပေါ်ရှိ ကျိုးပဲ့နေသော ခြောက်ခုမြောက်စိတ်ဝိညာဉ်အင်းကွက်ပေါ်မှာ အခြေခံ၍ စိတ်ဝိညာဉ်အင်းကွက်တစ်ခုကို စုဖွဲ့လိုက်၏။
ဤဖြစ်စဉ်က အရမ်းကို ခက်ခဲပြီး ထပ်တလဲလဲ အဆက်မပြတ် ကြိုးစားဖို့ လိုလေသည်။
တစ်ကယ်ဆို သူ အဲ့ဒါကို အောင်မြင်ပါ့မလားဆိုတာ မသေချာပေ။
သို့သော်လည်း ဆူဇီမိုသည် လက်လျှော့ဖို့ လုံးဝ မတွေးဘဲ ပြတ်သားသော အကြည့်ဖြင့် မဆုတ်မနစ် အဆက်မပြတ် ကြိုးပမ်းနေ၏။
တစ်နေ့လုံးလုံး ကုန်သွား၏။
ခပ်လှမ်းလှမ်းတွင် မြေခွေးလေးသည် စောင့်ကြည့်ရသည်မှာ ပင်ပန်းလာပြီး မျက်ခွံများက လေးလံလာကာ အကြိမ်အနည်းငယ် မှေးခဲ့ပြီးပြီဖြစ်၏။
သူမ မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါတိုင်း ဆူဇီမိုသည် တူညီသောပုံစံဖြင့် ထိုင်နေပြီး တူညီသော လှုပ်ရှားမှုကိုသာ တစ်ခါပြီးတစ်ခါ ထပ်ဖန်တလဲလဲ ပြုလုပ်နေဆဲဖြစ်၏။
ဆူဇီမိုသည် တစ်နေ့လုံးလုံး တစ်ချက်လေးမှ မနားရသေးရုံသာမက သူသည် တစ်ခုတည်းသောအရာပေါ်မှာသာ အာရုံစိုက်ထားရသည့်အတွက် အဲ့ဒါက သူ၏ သက်လုံအားနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုကို စမ်းသပ်နေခြင်း ဖြစ်လေသည်။
တစ်ကယ်တော့ သူ၏ ကြိုးစားမှုများအားလုံးက ထိုက်တန်မှု ရှိလေသည်။
မဟူရာရွှေမြားပေါ်ရှိ ခြောက်ခုမြောက်အင်းကွက်ကို ရှင်းရှင်းလင်းလင်း သူမြင်နေရလေသည်။ အဲ့ဒါသည် အစတုန်းကတော့ ကျိုးပဲ့နေသော မူလစိတ်ဝိညာဉ်အင်းကွက်တစ်ခုဖြစ်၏။ သို့သော် တဖြည်းဖြည်းနှင့် အဲ့ဒါက တောက်ပလာပြီး ပြန်လည်ပြင်ဆင်တော့မည့် အရိပ်အယောင်ကို သူတွေ့နေရ၏။
မဟူရာရွှေမြားပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင် အတက်အကျများက ပို၍ ပို၍ သိသာထင်ရှားလာ၏။
နှစ်နာရီကြာပြီးနောက်..
ငိုက်မြည်းနေသော မြေခွေးလေးသည် ရုတ်တရက် နိုးလာပြီး သူမ၏ မျက်လုံးများကို အလိုလို ဖွင့်ကြည့်လိုက်သောအခါ ပြိုးပြိုးပြက်ပြက်နှင့် တောက်ပနေသော အလင်းရောင်ခြည်များကို တွေ့လိုက်ရ၏။
ဆူဇီမို၏ ရှေ့တွင် အစက မှေးမှိန်နေသော မဟူရာရွှေမြားသည် ယခုအခါ အလင်းရောင်ခုနှစ်မျိုးဖြင့် တောက်ပနေပြီး မည်သည့်အရာကိုမဆို ထိုးဖောက်နိုင်စွမ်းရှိသော ကြောက်စရာကောင်းလောက်အောင် ထက်ရှသည့် စိတ်ဆန္ဒက ဖြာထွက်နေ၏။
ဆူဇီမိုက အောင်မြင်သွားပြီဆိုတာ မြေခွေးလေး သိလေသည်။
ဘာကြောင့်ရယ် မပြောတတ်သော်လည်း သူမသည်လည်း ရွှင်ပျသွားပြီး ပြုံးနေမိ၏။
ဆူဇီမိုသည် စိတ်ဝိညာဉ်အင်းကွက်များကို ကြည့်ပြီး ကျေနပ်နှစ်ခြိုက်သွားကာ မဟူရာရွှေမြားကို သိမ်းလိုက်၏။
အောင်မြင်ပြီ..
မဟူရာရွှေမြားကို လရောင်ဝှက်လေးဖြင့် ပေါင်းစပ်လိုက်ပါက.. သူ၏ သတ်ဖြတ်စွမ်းအားက နောက်ထပ်အဆင့်တစ်ခုသို့ တိုးမြင့်သွားပေမည်။
သူသည် မဟူရာရွှေမြားကို ပြုပြင်နိုင်သည်ဆိုလျှင် ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကိုလည်း သေချာပေါက် ပြုပြင်နိုင်ပေလိမ့်မည်။
အဲ့လိုဆို.. သူ့မှာ ရစ်ခွေနဂါးချိတ်စည်းအပြင်.. ဆန်းကြယ်ရွှေပိုးချပ်ဝတ်နှင့် မဟူရာရွှေမြားများဟူ၍ နောက်ထပ်မူလစိတ်ဝိညာဉ်လက်နက်များကို ပိုင်ဆိုင်လာပေတော့မည်။ တစ်ချိန်တည်းမှာပင် သူ့မှာ တစ်ပိုင်း-မူလစိတ်ဝိညာဉ်လရောင်ဝှက်လေးလည်း ရှိနေလေသည်။
ထျန်ဟွမ်ကမ္ဘာ၏ ထိပ်သီးဂိုဏ်းကြီးများမှ အမွေခံတပည့်များပင်လျှင် သူ့လောက် ချမ်းသာချင်မှ ချမ်းသာပေလိမ့်မည်။