ရှေးခေတ်မှ ပြန်လာခြင်း(က)
Vol. 51 Ch. 772
လက်ထောက်ဒေသအကြီးအကဲ၏ စကားသံက အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသောအခါ စင်မြင့်အောက်မှ သိန်းပေါင်းများစွာသော ကျင့်ကြံသူများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ မြို့တော်ထဲမှ သေမျိုးများသည်တော့ အများစုသည် သမိုင်းကြောင်းနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် မသိထားသောကြောင့် စိတ်ရှုပ်ထွေးသွားကြသည်။
ရွှီချင်းသည်ပင် ဓားကိုင်ဖြစ်လာပြီးနောက်မှ လက်ထောက်ဒေသအကြီးအကဲ၏ သင်ခန်းစာပို့ချချိန်မှာ လူသားမျိုးနွယ်၏ ရိုးရှင်းသော သမိုင်းကြောင်းကို သင်ယူခဲ့ရသည်။
ထိုအချိန်သည် ကျစ်လွီဆဲ့အိမ်ရှေ့စံအကြောင်းကို ပထမဆုံးအကြိမ် သူသင်ယူခဲ့ရသော အချိန်လည်းဖြစ်သည်။
ဤအခိုက်အတန့်မှာ အမတ်ယောင်၊ ရုံးတော်သုံးခုမှ လက်ထောက်ဒေသအကြီးအကဲများနှင့် ဘေးပတ်ဝန်းကျင်မှ တခြားလူများသည် မိန်းမောတွေဝေသွားကြသည်။ လက်ထောက်ဒေသအကြီးအကဲကိုကြည့်သော သူတို့၏ အကြည့်ထဲမှာ စိတ်ရှုပ်ထွေးသော အရိပ်အယောင်များ ကိန်းဝပ်လာသည်။
လက်ထောက်ဒေသအကြီးအကဲ၏ အစစ်အမှန်သရုပ်သည် အံ့ဩဖွယ်ကောင်းသော်လည်း ယင်းက အကျိုးအကြောင်းသင့်ပေသည်။
ဤနှစ်များတွင် တစ်ဖက်လူသည် လက်ထောက်ဒေသအကြီးအကဲအနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ သူက စစ်ပွဲကာလအတွင်းမှာ အမိန့်တော်အမျိုးမျိုးကို ထုတ်ပြန်ခဲ့လေရာ အုပ်ချုပ်ရေးကိစ္စရပ်များက သူနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်ကြောင်း ထုတ်ဖော်ပြခဲ့သည်။
စစ်ပွဲကာလအတွင်း လက်ထောက်ဒေသအကြီးအကဲစီစဉ်ခဲ့သော ကိစ္စရပ်များကို ပြန်တွေးကြည့်မည်ဆိုလျှင် အရာအားလုံးက အစီအစဉ်တကျ ပြီးဆုံးသွားကြောင်း သတိပြုမိလိမ့်မည်။ အကယ်၍ လက်ထောက်ဒေသအကြီးအကဲ၏ ပင်ပန်းနွမ်းနယ်သော ပုံရိပ်ကို ဖယ်ရှားပစ်လိုက်မည်ဆိုလျှင် သူက ထိုကိစ္စရပ်များကို အလွယ်လေး ဖြေရှင်းသွားခဲ့ကြောင်း မြင်နိုင်ပေလိမ့်မည်။
စစ်ပွဲပြီးဆုံးပြီးနောက် ဖုန်းဟိုင်ဒေသငယ်၏ ပြန်လည်နာလန်ထူမှုသည်တော့ ထည့်ပြောနေရန်မလိုအပ်ပေ။
အားလုံးသည် လက်ထောက်ဒေသအကြီးအကဲ၏ အမိန့်တော်အောက်မှာ အဆင်ပြေချောမွေ့စွာ ဆက်သွားခဲ့သည်။
သူသည် အမှန်တကယ် တာဝန်ကျေပွန်ခဲ့သည်။ အမှန်မှာတော့ လူအများအပြား၏ စိတ်ထဲတွင် လက်ထောက်ဒေသအကြီးအကဲသည် စီမံအုပ်ချုပ်သည့်အပိုင်းတွင် ယခင်ဒေသအကြီးအကဲဟောင်းထက်ပင် ပို၍တော်သည်ဟု ခံစားမိကြသည်။
လူတိုင်းသည် ထိုသို့အရည်အချင်းမျိုးကို မပိုင်ဆိုင်နိုင်ကြပေ။ သူတို့သည် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရင်းနှီးကျွမ်းဝင်ရမည့်အပြင် ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးအပေါ် ယေဘုယျသိမြင်နားလည်မှုလည်း ရှိရဦးပေမည်။
သို့ဖြစ်၍ လက်ထောက်ဒေသအကြီးအကဲပြောသွားခဲ့သော စကားကို ရွှီချင်း ယုံကြည်သည်။ သို့သော်လည်း သူ့မှာ တခြားသံသယများ ရှိနေသေးပေသည်။ တစ်ဖက်လူသည် မည်သို့ပြန်ရှင်သန်လာသနည်း။ ပြန်ရှင်သန်လာရန် မည်သည့်အရာကို စတေးခဲ့သနည်း။
သို့သော်လည်း မည်သို့ဖြစ်ပါစေ ယင်းက လက်ထောက်ဒေသအကြီးအကဲကျူးလွန်ခဲ့သော ပြစ်မှုများကို မချေဖျက်နိုင်ပေ။
ယခင်ဒေသအကြီးအကဲဟောင်းကို အဆိပ်ခတ်သည့်ကိစ္စဖြစ်စေ သန့်စင်ရေလှိုင်းမျိုးနွယ်နှင့် ပူးပေါင်းပြီး ဖုန်းဟိုင်ဒေသငယ်ကို ဖရိုဖရဲဖြစ်စေကာ သွယ်ဝိုက်သောနည်းဖြင့် ရုံးတော်သခင်ကို သေဆုံးစေခဲ့ခြင်းဖြစ်စေ အားလုံးသည် သွေးကလဲ့စားချေရမည့်ကိစ္စ ဖြစ်သည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် တစ်မြို့လုံးထံမှ ထပ်မံပေါ်ထွက်လာသည်။
“ ရွှီချင်း ”
လက်ထောက်ဒေသအကြီးအကဲသည် သူ့အား မရေမတွက်နိုင်သော လူများက သတ်ဖြတ်ချင်သော စိတ်ဆန္ဒဖြင့် ဝိုင်းကြည့်နေကြသည်ကို လျစ်လျူရှုထားသည်။ သူက အမတ်ယောင်နှင့် တခြားလူများကိုလည်း အရေးမထားပေ။ ယခုအချိန်မှာ သူ၏ မျက်လုံးထဲ၌ ယခင်က သူအထင်သေးခဲ့ပြီး လျစ်လျူရှုထားခဲ့သော ရွှီချင်းမှလွဲ၍ တခြားမည်သူမှမရှိတော့ဟန် ရသည်။
ရွှီချင်း၏ ဘေးမှာ မတ်တတ်ရပ်နေသော ခေါင်းဆောင်သည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ ယနေ့တွင် ရွှီချင်းသည် အဓိကဇာတ်ကောင်ဖြစ်ကြောင်း သူသိသည်။
“ မင်းသိချင်တဲ့ဟာကို ငါပြောပြီးပြီ… ငါ့မှာလည်း မင်းအတွက် မေးခွန်းတစ်ခုရှိတယ် ”
လက်ထောက်ဒေသအကြီးအကဲသည် ရွှီချင်းကို စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ဒီနယ်မြေက အစကတည်းက ငါ့ဟာဖြစ်တယ်… ငါ့ပစ္စည်းကို ငါပြန်ယူတာ အကျိုးအကြောင်းမသင့်ဘူးလား ”
ရွှီချင်းသည် ခေါင်းခါလိုက်သည်။
“ ခင်ဗျားရဲ့နယ်မြေက ကျစ်လွီဆဲ့တိုင်းပြည်နဲ့အတူ ဖျက်ဆီးခံလိုက်ရပြီးပြီ ”
ထိုသို့ပြောပြီးနောက် ရွှီချင်းသည် စင်မြင့်အောက်ရှိ ကျင့်ကြံသူများနှင့် တစ်မြို့လုံးမှ သေမျိုးများကို ကြည့်လိုက်သည်။
“ လက်ရှိဖုန်းဟိုင်ဒေသငယ်က လူတိုင်းအတွက် အိမ်ပဲ ”
သူ၏ စကားသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။ မရေမတွက်နိုင်သော လူများသည် မျက်လုံးတောက်ပသွားကြပြီး သူတို့၏ နှလုံးသားထဲမှ တစ်စိတ်တစ်ဝမ်းတည်း ထောက်ခံလိုက်ကြသည်။
လက်ထောက်ဒေသအကြီးအကဲသည် ရယ်လိုက်သည်။
“ ဒါဆို စောစောက ဘာဖြစ်လို့ မင်းတစ်ယောက်ပဲ အရှေ့ထွက်လာတာလဲ… ငါမှတ်မိသလောက်ဆို မင်းက ဖုန်းဟိုင်ဒေသငယ်က မဟုတ်ဘူး… မင်းရဲ့ ဇာတိက နန်းဟွမ်ကုန်းမြေမှာပါ ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ဒေသငယ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လောကကြီးတစ်ခုလုံး ငြိမ်သက်သွားသည်။
ထိုစကားများသည် မိုးကြိုးပစ်ချလိုက်သည့်ပမာ ရွှီချင်း၏ စိတ်ထဲသို့ ဝင်ရောက်လာပြီး လှိုင်းအတတ်အကျများသို့ ပြောင်းလဲသွားကာ အားလုံးကို လွှမ်းမိုးပစ်ရန် ကြိုးစားနေသည်။ သို့သော်လည်း ၎င်းတို့ မည်သို့ကြိုးစားပါစေ မဖုံးကွယ်နိုင်သော သွေးလွှမ်းပုံရိပ်တစ်ခု ရှိနေပေသည်။
“ ကျုပ်အရမ်းရိုသေလေးစားရတဲ့ လူတစ်ယောက်ရှိတယ် ”
“ သူက တိုက်ပွဲမှာ ကျဆုံးသွားခဲ့တယ်… ဒါပေမဲ့ ကျုပ်ရဲ့ နှလုံးသားထဲမှာတော့ သူက အသက်ရှင်နေတုန်းပဲ ”
ရွှီချင်းသည် နူးညံ့စွာ ပြောသည်။
ဝမ်းနည်းမှုသည် ဓားကိုင်များ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ ရွှီချင်းက မည်သူ့ကိုဆိုလိုကြောင်း သူတို့သိသည်။ ဖုန်းဟိုင်ဒေသငယ်ကို အသက်ပေးလျက် ကာကွယ်ပေးခဲ့သော ရုံးတော်သခင်၏ ပုံရိပ်က သူတို့၏ စိတ်ထဲမှာ ထာဝရတည်ရှိမှုသို့ ပြောင်းလဲသွားခဲ့သည်မှာ ကြာလှချေ၏။
တားမြစ်ပိုက်ကွန်နှင့် ပေါင်းစပ်သွားပြီး အစွန်းရောက် အအေးဒဏ်အောက်မှာ တဖြည်းဖြည်း ယိုယွင်းပျက်စီးသွားနေသော ရုံးတော်သခင်၏ ပုံရိပ်သည် အနောက်ဘက်စစ်မြေပြင်တွင် အသက်ရှင်ကျန်ရစ်ခဲ့ကြသော ကျင့်ကြံသူအားလုံး၏ နှလုံးသားထဲမှာ နှုတ်မရသော ဆူးတစ်ချောင်းသဖွယ် ကျန်ရှိနေ၏။
“ ဒီအကြောင်းပြချက်လေးနဲ့လား ”
လက်ထောက်ဒေသအကြီးအကဲသည် အနည်းငယ် အံ့ဩသွားသည်။
“ တခြားအကြောင်းပြချက်လိုသေးလို့လား ”
ရွှီချင်း၏ လေသံသည် တည်ငြိမ်သည်။
“ မင်း စကားအများကြီးပြောလိမ့်မယ်လို့ ငါက ထင်ထားတာ ”
လက်ထောက်ဒေသအကြီးအကဲသည် ပြုံးလိုက်သည်။
ရွှီချင်းသည် ပြန်မပြောပေ။ သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။
ရုံးတော်သခင်၏ ပုံရိပ်သည် သူ၏ စိတ်ထဲမှာ ရှင်းလင်းသထက် ပိုပြီးရှင်းလင်းလာသည်။
အမှန်တော့ ရွှီချင်းမပြောခဲ့သော စကားတချို့ရှိသည်။ စစ်ပွဲအတွင်းမှာ ရုံးတော်သခင်၏ စကားများ၊ လုပ်ဆောင်မှုများနှင့် အသက်ပေးကာကွယ်မှု အစရှိသည်တို့သည် သူ့အား ဓားကိုင်တစ်ယောက်၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာ နားလည်သဘောပေါက်စေခဲ့သည်။
ထို့ကြောင့် ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ နက်ရှိုင်းသော အသံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။
“ ဓားကိုင်တွေ… သက်သေက ထွက်ပေါ်လာပြီ… ဧကရာဇ်အောက်က ဘယ်သူ့ကိုမဆို မင်းတို့သတ်နိုင်တယ် ”
သူ၏ စကားသံဆုံးသွားသည်နှင့် လောကကြီးသည် တုန်ယင်သွားသည်။ မိုးကြိုးသွားများသည် ကောင်းကင်တစ်လျှောက် ဖြတ်ပြေးသွားပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒအမျှင်တန်းများသည် ဒေသငယ်ထဲမှ မြှောက်တတ်လာကြသည်။ မြေကွက်လပ်ထဲရှိ တိုက်ပွဲပေါင်းတစ်ရာကျော် ဆင်နွှဲဖူးသော စစ်ပြန်ဓားကိုင်များ၏ မျက်လုံးသည် သွေးလွှမ်းလာကြသည်။
ဤစာကြောင်းကို သူတို့သိသည်။
တရားရေးရုံးတော်နှင့် ပြည်ထဲရေးရုံးတော်မှ ကျင့်ကြံသူများသည် ဓားကိုင်များ၏ ကျမ်းကျိန်မှုကို မပြုလုပ်ခဲ့ကြသော်လည်း သူတို့အားလုံးသည် ဓားကိုင်ရုံးတော်၏ အခွင့်အာဏာနှင့် တာဝန်ဝတ္တရားများကို သိထားကြသည်။
သူတို့ချည်းသာ မဟုတ်ပေ။ မြို့တော်ထဲရှိ သေမျိုးများသည်ပင် ယင်းကို သိထားကြသည်။
ဤအခိုက်အတန့်မှာ လေတဟူးဟူး တိုက်ခတ်လာသည်။
လေကြမ်းသည် ဝှီးခနဲမြည်သံဖြင့် လောကကြီးကို ဖြတ်သန်းသွားသည်။ မြို့တော်ထဲရှိ အိမ်အပြင်သို့ ထွက်လျှောက်လာကြသည့် သန်းပေါင်းများစွာသော ပြည်သူပြည်သားများ၏ အဝတ်အစားများသည် လေတိုးဝှေ့မှုကြောင့် တဖျပ်ဖျပ်လှုပ်ခတ်သွားကြသည်။ ကမ္မစွမ်းအင်သည် သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ပေါ်လျှိုးထွက်လာကြပြီး ရွှီချင်းထံသို့ စုဝေးသွားကြသည်။
ဤအခိုက်အတန့်မှာ လူတိုင်း၏ နှလုံးသည် လှုပ်ရှားသွားသည်။
ဤအခိုက်အတန့်မှာ လောကကြီးသည် တုန်လှုပ်သွားသည်။
ဤအခိုက်အတန့်မှာ နေရာတိုင်းမှ ကမ္မစွမ်းအင်သည် အတူတကွ စုဝေးသွားပြီး ရွှီချင်း၏ ဦးခေါင်းထက်တွင် သိပ်သည်းသွားသည်။ ထိုအခါ ကမ္မသရဖူသည် သေမျိုးများပင် မြင်နိုင်သည်အထိ ကြည်လင်ရှင်းလင်းလာပြီး ထည်ဝါတောက်ပလာသည်။
သရဖူ၏ အလေးချိန်နှင့် ကမ္မစွမ်းအင်၏ အစွမ်းတိုးမြှင့်ပေးမှုအောက်မှာ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ မိုဆာဆောသည် မာန်ဖီဟိန်းဟောက်လိုက်ပြီး ဝိညာဉ်နတ်သူငယ်သို့ တိုက်ရိုက်ပြောင်းလဲသွားသည်။
ထိုဝိညာဉ်နတ်သူငယ်သည် ကမ္မ၏ အမှတ်သင်္ကေတဖြစ်သည်။ ၎င်း၏ ထွက်ပေါ်လာမှုသည် ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခါသွားစေသည်။ ထို့အပြင် ကောင်းကင်ပေါ်မှ ဝဲကတော့သည် ဆက်လက်ကျယ်ပြန့်လာသည်။
ဤသည်မှာ ရွှီချင်း၏ နဝမဝိညာဉ်နတ်သူငယ်ဖြစ်သည်။
ကျောက်ရှာအလင်းတန်းသည်လည်း ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး သက်တံ့အရောင်ဝိညာဉ်နတ်သူငယ်တစ်ကောင်ကို ဖြစ်တည်လာစေသည်။
ကျောက်ရှာအလင်းဝိညာဉ်နတ်သူငယ်၏ တောက်ပမှုက လောကကြီး၏ အရောင်အသွေးကိုပင် ဆုံးရှုံးသွားစေဟန် ရသည်။
ဤသည်မှာ ဒသမဝိညာဉ်နတ်သူငယ် ဖြစ်သည်။
ယင်းက အဆုံးသတ်မဟုတ်သေးပေ။ ကမ္မစွမ်းအင်၏ ကောင်းချီးပေးမှုအောက်မှာ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ (ဃ၁၃၂)သည်လည်း တုန်ယင်လာသည်။ သေးငယ်သော ပုံရိပ်တစ်ခုသည် (ဃ၁၃၂)ထဲမှာ အမြန်ဖြစ်တည်လာနေသည်။ ထိုပုံရိပ်သည် အတိတ်တုန်းက လူငယ်လေးနှင့် ဆင်တူသော်လည်း မျက်နှာသည်တော့ ရွှီချင်း၏ မျက်နှာဖြစ်သည်။
၎င်း၏ ထွက်ပေါ်လာမှုက (ဃ၁၃၂)ကို ပြီးပြည့်စုံသွားစေသည်။ ကျောက်တုံးခြင်္သေ့၊ ပန်းချီကားမျိုးနွယ်အဖိုးအိုနှင့် ခေါင်းကြီးသည် ကြောက်ရွံ့တုန်လှုပ်သွားကြပြီး ဧကာဒသမဝိညာဉ်နတ်သူငယ်၏ အရှေ့မှာ တုန်တုန်ယင်ယင် ဒူးထောက်လိုက်ကြသည်။