ရှေးခေတ်မှ ပြန်လာခြင်း(ဂ)
Vol. 51 Ch. 774
သူ၏ မျက်နှာတစ်ခြမ်းသည် ဤလောကမှ ပျောက်ကွယ်သွားသည်။
သို့သော်လည်း ရုတ်ချည်း ရွှေရောင်အလင်းတန်းသည် သူ၏ ကျန်ရှိသော မျက်နှာတစ်ခြမ်းထံမှ ပျံ့နှံ့ထွက်လာပြီး ဦးခေါင်းတစ်ခုလုံးကို အလျှင်အမြန် ဖုံးလွှမ်းသွားသည်။ ယင်းက ပျက်စီးနေသော ရွှေမျက်နှာဖုံးတစ်ခုသဖွယ် ဖြစ်ပေါ်လာသည်။
ရွှေရောင်အလင်းသည် တဖျပ်ဖျပ်လင်းလက်သွားပြီး ယင်းကို မည်သည့်အရာကမှ မဖျက်ဆီးနိုင်ပေ။ အမတ်ယောင်၊ ငှက်ကြီးချင်းချင်း၊ သတ္တမသခင်ကြီး၊ ဤနေရာရှိ ကျင့်ကြံသူအားလုံးနှင့် ရွှီချင်း၏ အင်ပါယာဓားအစွမ်း အစရှိသည်တို့သည် ရွှေမျက်နှာဖုံးပျက်၏ အရှေ့မှာ ရပ်တန့်သွားကြသည်။
သူတို့က မည်မျှအားကောင်းသော အစွမ်းကို ထုတ်လွှတ်ပါစေ ယင်းကို လုံးဝမဖျက်ဆီးနိုင်ပေ။
လေထဲမှာ မျက်လုံးမှိတ်ထားသော ရွှေရောင်မျက်နှာပျက်ကြီးက ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်ကို အလိုအလျောက် ခံစားရစေသည်။ လူတိုင်း၏ နှလုံးသားထဲမှာ ခံစားချက်လှိုင်းများ ထွက်ပေါ်လာသည်နှင့် လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
သူ၏ အကြည့်သည် မြို့တော်ပေါ်သို့ ကျရောက်သွားသည်။ ချက်ချင်းဆိုသလို ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး တိမ်တိုက်များသည် အရပ်ရှစ်မျက်နှာသို့ တလိပ်လိပ် ရွေ့လျားသွားကြသည်။ ကမ္မသည် အော်ဟစ်ညည်းညူလိုက်ရပြီး မြို့တော်ထဲမှ သေမျိုးများသည် သွေးမျက်ရည်ကျသွားကြသည်။
ဤအခိုက်အတန့်မှာ အဆုံးမဲ့သော ဒြပ်နှောများသည် ကြောက်မက်ဖွယ်ကောင်းစွာ ဆင်းသက်လာကြသည်။ ယင်းတို့က အပင်များ၊ လူသားများ၊ အဆောက်အဦးများ၊ နေရာတိုင်းနှင့် အရာအားလုံးထံမှ ထွက်ပေါ်လာနေကြသည်။
မကြာမီ ကောင်းကင်သည် ဝေဝါးသွားပြီး မြေပြင်သည် ပုံပျက်တွန့်လိမ်သွားသည်။
ဤသည်မှာ ကမ္ဘာပျက်ကဒ်ဘေး ဆင်းသက်လာသည့်အလားပင်။
ထိုအဖြစ်အပျက်က ရင်းနှီးကျွမ်းဝင်သော ခံစားမှု၏ ဇစ်မြစ်ကို လူတိုင်းအား အမှတ်ရသွားစေသည်။ လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးသည် ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးနှင့် ပုံသဏ္ဍာန်အားဖြင့် ချွတ်စွပ်တူညီသည်။
မျက်နှာကွဲပြားသည်ကလွဲလျှင် တခြားကြီးမားသော ခြားနားမှုများ မရှိပေ။
ကျင့်ကြံသူအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး သေမျိုးများသည် ကြောက်လန့်တကြား အော်ဟစ်ငိုကြွေးလိုက်ကြသည်။
ကောင်းကင်သည် လှုပ်ရှားထကြွလာပြီး တိမ်တိုက်များသည် အဝေးသို့ တလိပ်လိပ် ရွေ့လျားသွားကြသည်။ ဤသည်မှာ နတ်ဘုရားများထံမှ သဏ္ဍာန်မဲ့လက်တစ်စုံက ကောင်းကင်ကို ဆုတ်ဖြဲလိုက်သည့်ဟန် ရသည်။ မိုးကုပ်စက်ဝိုင်းသည် ညနေဆည်းဆာချိန်သို့ ရောက်ရှိသွားပြီး ရှေးဘုရင်ရွှမ်ယုံခေတ်ပြီးနောက် ထာဝရတည်ရှိနေသော နတ်ဘုရားမျက်နှာပျက်ကြီးက ကောင်းကင်ပေါ်မှာ ထင်ထင်ရှားရှား ထွက်ပေါ်လာသည်။
၎င်း၏ ဆံပင်သည် အောက်သို့ငိုက်စိုက်ကျနေပြီး အရွယ်အစားသည် ကြယ်ဂြိုလ်များထက် ပိုပြီးကြီးမားသည်။
၎င်းက ဝမ်ကူးကုန်းမြေ၏ အပြင်ဘက်တွင် မျောလွင့်နေသည်။ ဝမ်ကူးကုန်းမြေမှ သက်ရှိအားလုံးသည် ခေါင်းမော့လိုက်ရုံဖြင့် ၎င်းကို မြင်တွေ့နိုင်ကြသည်။
သူတို့က ၎င်းကို အချိန်တိုင်း မြင်တွေ့နေရသောကြောင့် ဤဖြစ်စဉ်ကို ကျင့်သားရနေကြပြီ ဖြစ်သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ မြို့တော်ထဲမှ သက်ရှိအားလုံးသည် ၎င်းကို မမော့ကြည့်ဘဲ မနေနိုင်ကြချေ။
နတ်ဘုရားမျက်နှာပျက်ကြီး၏ မျက်ခွံသည် အနည်းငယ် လှုပ်ရှားသွားသော်လည်း အဆုံးမှာတော့ ၎င်းသည် မျက်လုံးမဖွင့်ခဲ့ပေ။
သို့သော်လည်း နတ်ဘုရားမျက်နှာပျက်ကြီး၏ အောက်မှ လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးက မျက်လုံးဖွင့်လိုက်သည့်အခါ လောကကြီးသည် လှုပ်ခါသွားရ၏။
အတိတ်တွင် ကျစ်လွီဆဲ့အိမ်ရှေ့စံသည် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ထဲ၌ သေတ္တာတစ်လုံးကိုသာ ဖွင့်လှစ်ခဲ့သည်။
ယခု ဒေသငယ်မြို့တော်ထဲမှာ ထွက်ပေါ်လာသော အကြည့်သည် အတိတ်တုန်းက သေတ္တာထဲမှ အကြည့်ထက် အများကြီး ပိုအစွမ်းထက်သည်။
လောကကြီးသည် ပုံပျက်တွန့်လိမ်သွားပြီး အရာအားလုံးသည် စတင်ဝေဝါးလာသည်။ အော်ဟစ်ညည်းညူသံများက နေရာတိုင်းလိုလိုမှ ပျံ့လွင့်ထွက်ပေါ်လာသည်နှင့် လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးသည် အမတ်ယောင်ကို ကြည့်လိုက်သည်။
အမတ်ယောင်၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်သွားပြီး ရောင်စုံပန်းပွင့်သုံးပွင့်သည် သူ၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာကြသည်။ ပန်းသုံးပွင့်၏ အလယ်ဗဟိုတွင် ကောင်းကင်ဘုံအမတ်တစ်ဦး၏ ပုံရိပ်က တင်ပျဉ်ခွေလျက် ထိုင်နေသည်။ သို့သော်လည်း အမတ်ယောင်၏ သွေးမျိုးစက်က မသန့်စင်ရသေးဟန် ရ၏။ သို့ဖြစ်၍ ပုံရိပ်သည် ကြည်လင်ပြတ်သားခြင်း မရှိပေ။ ပုံရိပ်လွင့်ပြယ်သွားသည်နှင့် ရောင်စုံပန်းပွင့်သုံးပွင့်ထဲမှ နှစ်ပွင့်သည် တိုက်ရိုက် ပိုင်းဖြတ်ခံလိုက်ရသည်။
ပန်းပွင့်တစ်ပွင့်သာ ကျန်ရစ်ခဲ့သော်လည်း ယင်းက ညှိုးနွမ်းသွားသည်။
အမတ်ယောင်သည် အော်ဟစ်ညည်းညူလိုက်သည်။ သူက သွေးတစ်ပွက်အန်ထုတ်လိုက်ရပြီး ဒဏ်ရာအပြင်းအထန်ဖြင့် အနောက်ဆုတ်သွားသည်။
“ မင်းက ကိုယ့်ကိုယ်ကို ဒေသစစ်လက်နက်တစ်ပိုင်းအဖြစ် စတေးပစ်ခဲ့တာပဲ ”
လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးသည် အမူအရာပြောင်းလဲသွားခြင်း မရှိပေ။ ထို့နောက် သူက ငှက်ကြီးချင်းချင်းကို ကြည့်လိုက်သည်။
ငှက်ကြီးချင်းချင်းသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ၎င်း၏ ဧရာမခန္ဓာကိုယ်က ဝေဝါးသွားသည်။ ရှေးဟောင်းပုံရိပ်တစ်ခုသည် လောကကြီးတစ်ခုလုံးကို ဝါးမျိုချင်နေသည့်အလား ၎င်း၏ ကျောနောက်မှာ ပေါ်လျှိုးလာသည်။ ၎င်း၏ သွေးမျိုးစက်သည် အံ့ဖွယ်ထူးခြားသော်လည်း ၎င်း၏ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးပေ။
ငှက်ကြီးချင်းချင်း၏ ခန္ဓာကိုယ်သည် သွေးအလိမ်းလိမ်းဖြင့် အနောက်ဆုတ်သွားသည်။
ထို့နောက် လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီး၏ အကြည့်က သတ္တမသခင်ကြီးထံသို့ ကျရောက်သွားသည်။
ကျောက်စိမ်းဖြူလက်သည် သတ္တမသခင်ကြီး၏ အနောက်မှာ ထွက်ပေါ်လာသည်။ ယင်းက ရွှန်းလဲ့လဲ့တောက်ပနေလေရာ လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးနှင့် ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာဟန် ရသည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်က အလုံအလောက် မမြင့်မားသောကြောင့် ဒွါရခုနစ်ပေါက်မှ သွေးစီးကျလာသည်။ သူက ရွေးချယ်စရာမရှိဘဲ အနောက်ဆုတ်သွားသည်။ သူက အနောက်ဆုတ်သွားစဉ် လက်ထောက်ဒေသအကြီးအကဲကို စူးစိုက်ကြည့်လိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။
“ ကျစ်လွီဆဲ့အိမ်ရှေ့စံ ပြန်ရှင်သန်လာနိုင်တာ သူ့ရဲ့ အံ့ဖွယ်ကောင်းပြီး ထူးခြားတဲ့ အရည်အချင်းတွေကြောင့်ပဲ… ဒါပေမဲ့ အခုတော့ မင်းဘာလို့ ပြန်ရှင်သန်လာနိုင်လဲ ငါသိသွားပြီ… မင်းက တကယ်ပဲ အကြင်နာမဲ့ရက်စက်တယ် ”
လက်ထောက်ဒေသအကြီးအကဲသည် နှုတ်ဆိတ်သွားသည်။ သူ၏ အကြည့်က ရုံးတော်သုံးခုမှ လက်ထောက်ရုံးသခင်များထံသို့ ကျရောက်သွားပြီး သူတို့၏ ဝိညာဉ်ကို အပြင်းအထန် ဒဏ်ရာရသွားစေသည်။ သူ၏ အကြည့်က ရုံးတော်သုံးခုမှ စီမံခန့်ခွဲရေးမှူးများဆီသို့ ကျရောက်သွားသောအခါ သူတို့၏ ခန္ဓာကိုယ်က စိမ်းပုပ်ရောင်သို့ ပြောင်းလဲသွားပြီး စတင်သန္ဓေပြောင်းလဲသွားကြသည်။
အကြည့်တစ်ချက်ဖြင့် ဗလာနတ္ထိကျင့်ကြံသူအားလုံး ဖိနှိပ်ခံလိုက်ရသည်။
ကျင့်ကြံသူများသော်လည်းကောင်း သေမျိုးများသော်လည်းကောင်း သူတို့အားလုံးသည် နာနာကျင်ကျင် အော်ဟစ်ညည်းတွားလိုက်ကြသည်။
တစ်မြို့လုံးသည် တားမြစ်နယ်မြေအဖြစ် ပြောင်းလဲသွားသည်။
သွေးမိုးရေစက်သည် ရွာကျလာပြီး မိုးထစ်ချုန်းသံများက အနောက်မှ လိုက်ပါလာသည်။ ဒေသငယ်မြို့တော်သည် သွေးမိုးရေစက်ထဲမှာ နစ်မြှုပ်သွားသည်။ ရှေးဘုရင်ရွှမ်ယုံ၏ ရုပ်တုသည်ပင် ရွှဲရွှဲစိုသွားလေရာ မိုးရေသည် သွေးမျက်ရည်သဖွယ် ရုပ်တု၏ နဖူးပေါ်မှ မျက်လုံးထောင့်ဆီသို့ လျှောဆင်းသွားနေသည်။
အကယ်၍ ရုပ်တုသာ မျက်လုံးဖွင့်နိုင်မည်ဆိုလျှင် သွေးပျက်ခြောက်ခြားဖွယ်ကောင်းသော နယ်မြေကို မြင်တွေ့ရလိမ့်မည်။
ထိုအဖြစ်အပျက်အားလုံး၏ ဇစ်မြစ်သည် လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးမှလွဲ၍ တခြားမဟုတ်ပေ။
စောစောက လက်ထောက်ဒေသအကြီးအကဲထုတ်သုံးခဲ့သော ရုပ်သေးနှစ်ရုပ်သည်တော့ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းမှ ကြွင်းကျန်ဝိညာဉ်များသည် ပျောက်ကွယ်သွားကြပြီး ဖြစ်၏။ သို့ဖြစ်၍ ၎င်းတို့သည် ကြွင်းကျန်ဝိညာဉ်များ၏ သက်ရောက်မခံရတော့ဘဲ ပြန်လည်လှုပ်ရှားနိုင်သွားကြသည်။ ၎င်းတို့သည် မူလအမိန့်တော်အတိုင်း သတ္တမသခင်ကြီး၊ အမတ်ယောင်နှင့် ငှက်ကြီးချင်းချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
သွေးမိုးရေစက်က ၎င်းတို့၏ ကိုယ်ထည်ပေါ်မှာ စိုရွှဲသွားသောအခါ အစက တခြားလူများ မမြင်တွေ့နိုင်ခဲ့သော လျှို့ဝှက်အစိတ်အပိုင်းများသည် ထင်သာမြင်သာစွာ ထွက်ပေါ်လာသည်။ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အတူပူးကပ်ချုပ်ထားသော နေရာများမှ အလင်းရောင်တစ်ခု ထွက်ပေါ်နေသည်။
ရုပ်သေးနှစ်ရုပ်သည် သေတ္တာတစ်လုံးစီကို ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းမှာ သိမ်းဆည်းထားကြသည်။
ချူထျန်းချွင်ကဲ့သို့ ဤရုပ်သေးနှစ်ရုပ်သည် ပိုပြီးအဆင့်မြှင့်ခံထားရသော နတ်ဘုရားနောက်လိုက်များ ဖြစ်ကြသည်။
အကယ်၍ ပိုင်လီကို ပထမမျိုးဆက် နတ်ဘုရားနောက်လိုက်ဟု ယူဆမည်ဆိုလျှင် အင်ပါယာကြယ်သည် ဒုတိယမျိုးဆက် နတ်ဘုရားနောက်လိုက် ဖြစ်လိမ့်မည်။ ချူထျန်းချွင်သည်တော့ ပြီးပြည့်စုံသော ဒုတိယမျိုးဆက် နတ်ဘုရားနောက်လိုက်ဖြစ်လိမ့်မည်။ သို့ဆိုလျှင် ဤရုပ်သေးနှစ်ရုပ်သည် တတိယမျိုးဆက် နတ်ဘုရားနောက်လိုက်ဖြစ်လိမ့်မည်။
ထိုအကြောင်းအရင်းကြောင့် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်က ပြီးပြည့်စုံသော ဗလာနတ္ထိတတိယအဆင့်မှသာ ရှိသေးသော်လည်း ၎င်းတို့၏ ပေါက်ကွဲထွက်လာသော စွမ်းအားက ဗလာနတ္ထိစတုတ္ထအဆင့်နှင့် ယှဉ်ပြိုင်နိုင်သည်။ သို့သော်လည်း ၎င်းတို့သည် မဟာလောကတစ်ခုကို မဖွဲ့စည်းနိုင်ကြပေ။ ၎င်းတို့မှာ မရေမတွက်နိုင်သော ကမ္ဘာငယ်များသာလျှင် ရှိကြသည်။
သတ္တမသခင်ကြီးသည် ဤအချက်ကို ပထမရုပ်သေးရုပ်က ငှက်ကြီးချင်းချင်းအား တိုက်ခိုက်သည့်အချိန်ကတည်းက ရှာတွေ့ခဲ့သည်။
ထိုအခိုက်အတန့်မှာ လက်ထောက်ဒေသအကြီးအကဲ၏ အကြည့် ကျရောက်သွားသည့်နေရာတိုင်း ပေါက်ကွဲမှုများဖြစ်ပေါ်လာသည်။ ပေါက်ကွဲသံများသည် ကောင်းကင်တစ်ခွင် ထပ်မံပဲ့တင်ထပ်သွားပြန်သည်။
မြေပြင်သည် အမှောင်ထု၏ ဖုံးလွှမ်းခံလိုက်ရပြီး ရွှီချင်းသည် နေရာတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။ ဘေးပတ်ဝန်းကျင်မှ ဆင်းရဲဒုက္ခကို သူမြင်နေရပြီး သက်ရှိအားလုံး၏ အော်ဟစ်ညည်းညူသံကို သူကြားနေရသည်။ လောကကြီးက သူ၏ မျက်လုံးထဲမှာ ဝေဝါးလာဟန်ရပြီး လူတိုင်းသည် နာကျင်စွာ အော်ဟစ်ငိုကြွေးနေကြသည်။
မီးပွားမီးစများသည် အားလုံးကို လောင်ကျွမ်းဖျက်ဆီးပစ်ရန် အစပျိုးနေသော်လည်း သွေးမိုးက ယင်းတို့ကို ငြိမ်းသတ်ပစ်လိုက်သည်။
စွမ်းအား၏ ရှေ့တော်မှောက်မှာ အားလုံးက ပြက်လုံးဖြစ်လာဟန် ရသည်။
ခေါင်းဆောင်၏ ခန္ဓာကိုယ်သည်သာ အပြာရောင် ပြိုးပြိုးပြတ်ပြတ် လင်းလက်နေလေသည်။ ဤအခိုက်အတန့်မှာ သူက ခေါင်းလှည့်လိုက်ပြီး ကောင်းမွန်စွာ နှုတ်ဆက်ချင်နေသည့်အလား ရွှီချင်းကို လေးလေးနက်နက် ကြည့်လိုက်သည်။