ရှေးခေတ်မှ ပြန်လာခြင်း(ဃ)
Vol. 51 Ch. 775
သူက အပြင်သို့ ထွက်လျှောက်ရန် ဟန်ပြင်လိုက်သည်။
“ စီနီယာအကိုကြီး… ဒါက ငါ့ကိစ္စပါ… တကယ်လို့ မင်းက အသက်အသေခံမယ်ဆိုရင် ငါ အသက်ဆက်ရှင်နေမယ်ဆိုရင်တောင် ငါ့တစ်ဘဝလုံး နောင်တရနေလိမ့်မယ် ”
ရွှီချင်းသည် ခေါင်းဆောင်၏ ပခုံးပေါ်သို့ လက်တင်လိုက်သည်။ သူက ခေါင်းဆောင်၏ မျက်လုံးကိုကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
ခေါင်းဆောင်သည် နှုတ်ဆိတ်သွားသည်။ တစ်ချိန်တည်းမှာ ခရမ်းလစွမ်းအားသည် ရွှီချင်း၏ ခန္ဓာကိုယ်အတွင်းမှာ ပေါ်လျှိုးလာသည်။ တားမြစ်အဆိပ်စွမ်းအားနှင့် (ဃ၁၃၂)စွမ်းအားလည်လည်း ထွက်ပေါ်လာကြပြီး တစ္ဆေအင်ပါယာတောင်ကုန်း၏ ပုံရိပ်သည် သူ့အနောက်မှာ ထွက်ပေါ်လာသည်။
ခေါင်းဆောင်သည် စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။
မိုးကောင်းကင်ကို ထိုးဖောက်သူသည် မိုးကောင်းကင်၏ အလေးချိန်ကို ခံနိုင်ရည်ရှိရမည်။ သို့သော်လည်း မိုးကောင်းကင်၏ အလေးချိန်သည် အလွန်တရာ ကြီးမားလှ၏။
ရွှီချင်းသည် အရှေ့သို့ တိတ်တဆိတ် ဆက်လျှောက်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကြီးထွားလာပြီး ရုတ်တရက် ဆယ်ပေကျော်လာသည်။ သူက ထိုနေရာရှိ အလွန်သိပ်သည်းသော ဒြပ်နှောထုထဲသို့ တိုးဝင်သွားပြီး လေထဲမှ လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးကို ကြည့်လိုက်သည်။
လက်ထောက်ဒေသအကြီးအကဲ၏ မျက်လုံးသည် ရွှီချင်းထံသို့ ကျရောက်သွားပြီး သူ၏ နတ်ဘုရားအာရုံသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။
“ ရွှီချင်း မင်းသိလား… ဒီနေရာက အတိတ်မှာ ငါသေဆုံးသွားခဲ့တဲ့နေရာပဲ… နန်းဟွမ်ကုန်းမြေမှာ အိမ်ရှေ့စံကျဆုံးသွားပြီးတဲ့နောက် ငါက ဒီနေရာမှာ ကောင်းကင်ပေါ်က နတ်ဘုရားမျက်နှာပျက်ကြီးကို မော့ကြည့်နေရင်း ငါ့အသွေးအသားတွေကို နည်းနည်းချင်းစီ ဖောက်ထုတ်လှီးထုတ်ပစ်ခဲ့တယ်… ဒီလိုပုံသဏ္ဍာန်ဖြစ်လာတဲ့အထိ ငါ့ကိုယ်ငါ ထွင်းထုခဲ့တယ် ”
“ ငါ့အရှင်ကို အနာဂတ်မှာ နောက်တစ်ကြိမ် ထပ်မြင်ခွင့်ရဖို့အတွက် ငါဆုတောင်းခဲ့တယ် ”
“ ရွှီချင်း ငါက ငါ့အရှင်နောက်လိုက်ဖို့ မထိုက်တန်ဘူးလို့ မင်းပြောခဲ့တာ တကယ်မှန်တယ်… အတိတ်မှာလည်း လူတွေအများကြီးက ငါ့ကို အဲ့ဒီလိုပြောခဲ့ကြတယ် ”
“ ဒါကြောင့် ငါ့ကိုယ်ငါအပြစ်ပေးတဲ့အနေနဲ့ စောစောက မင်းရဲ့တိုက်ခိုက်မှုကို ငါမရှောင်ခဲ့ဘူး ”
“ ဒါပေမဲ့ ငါ့အစီအစဉ်က အောင်မြင်ရလိမ့်မယ်… ငါမထွက်သွားနိုင်သေးဘူး… ဒါကြောင့် ငါ့ရဲ့အစစ်အမှန်ပုံစံကို ထုတ်ပြဖို့ ရွေးချယ်လိုက်ပြီး ဝမ်ကူးကုန်းမြေရဲ့ အရှိန်အဝါကို ဆန္ဒရှိရှိ လက်ခံလိုက်တာ… ငါက မသန့်စင်တော့ဘူး… ငါ့မှာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်မရှိတော့အောင် ငါလုပ်ခဲ့တယ်… အဲ့ဒါက ပြန်အသက်ရှင်နိုင်မယ့် ဖြစ်နိုင်ခြေမှန်သမျှကို ဖျက်ဆီးပစ်လိုက်ပြီး ငါ့ရဲ့လက်ရှိပုံစံကို ထာဝရအခြေတည်မြဲစေတယ် ”
“ အခုကစပြီး စောစောက အခိုက်အတန့်က ငါ့ရဲ့အတိတ်ပဲ… အခုအခိုက်အတန့်က ငါ့ရဲ့ပစ္စုပ္ပန်ဖြစ်လာပြီး နောင်လာမယ့်အခိုက်အတန့်က ငါ့အနာဂတ်ဖြစ်လာလိမ့်မယ် ”
“ ငါပိုင်ရှောင်ကျိုးက တခြားလူတွေကို အများကြီးရှင်းပြနေတာမျိုး လုပ်လေ့မရှိဘူး… ဒါပေမဲ့ ရွှီချင်း မင်းကတော့ အဲ့ဒီအတွက် ထိုက်တန်တယ် ”
လက်ထောက်ဒေသအကြီးအကဲသည် နူးညံ့စွာ ပြောသည်။ ထို့နောက် သူ၏ အကြည့်က မြို့တော်ပေါ်သို့ ကျရောက်သွားသည်။
“ နှမြှောစရာကောင်းတာက အသင့်တော်ဆုံးအချိန်ထိရောက်အောင် ငါမစောင့်နိုင်တော့တာပဲ… အဆုံးမှာတော့ ငါက ဒေသအကြီးအကဲဖြစ်မလာခဲ့ဘူး… ဖုန်းဟိုင်ဒေသငယ်ရဲ့ ကမ္မကောင်းချီးမရှိဘူးဆိုရင် ကိစ္စအများအကြီးကို ငါ့ကိုယ်ငါပဲ တွန်းအားပေးခိုင်းရတော့မယ်… ဟူး ”
လက်ထောက်ဒေသအကြီးအကဲသည် သက်ပြင်းချလိုက်သည်။ သူသည် ကောင်းကင်၊ မြေပြင်နှင့် လူသားများ၏ အသိအမှတ်ပြုထောက်ခံမှုကိုရရှိပြီး ဒေသအကြီးအကဲဖြစ်လာရန် သက်ရှိအားလုံးကို လိမ်လည်လှည့်စားခဲ့သည်။ ဤသည်မှာ ဖုန်းဟိုင်ဒေသငယ်၏ ကမ္မကောင်းချီးကို သူလိုချင်သောကြောင့် ဖြစ်သည်။
သူ၏ အစီအစဉ်အတိုင်း လူသားမျိုးနွယ်ကို အောင်မြင်မှုရရှိစေပြီး လူသားမျိုးနွယ်၏ ကမ္မကို အားနည်းရာမှ သန်မာအားကောင်းလာစေရန် အကူအညီပေးခဲ့သည်။ မည်သို့ဖြစ်စေ လူသားမျိုးနွယ်က သူတို့၏ နယ်မြေကို ချဲ့ထွင်ရာတွင် သူက အကျိုးဆောင်ပေးခဲ့သည်။ ထို့အပြင် သန့်စင်ရေလှိုင်းမျိုးနွယ်သည် လူသားမျိုးနွယ်ဘက်သို့ ပြန်ရောက်လာခဲ့သည်မဟုတ်ပါလော။
ထိုသို့ဖြင့် သူက ဖုန်းဟိုင်ဒေသငယ်၏ ကမ္မကို အသုံးပြုပြီး လူသားမျိုးနွယ်၏ ကမ္မကို ပိုပြီးတော့ လမ်းညွှန်လာနိုင်လိမ့်မည်။
ဤသည်မှာ သူ့အစီအစဉ်အားလုံး၏ အရေးကြီးဆုံးအဆင့် ဖြစ်သည်။
သို့သော်လည်း ယခု သူကျရှုံးသွားခဲ့သည်။
“ ရွှီချင်း မင်းအကြံအောင်မြင်သွားပြီ… တကယ်လို့ ငါက ဒီနေရာက လူအားလုံးကို သတ်ပစ်မယ်ဆိုရင်တောင် ငါ့မူလအစီအစဉ်အတိုင်း ပြီးမြောက်အောင်လုပ်ဖို့ အတော်လေး ခက်ခဲသွားပြီ… ငါ အဲ့ဒါကို တွန်းအားပေးမှပဲ ဖြစ်တော့မယ် ”
“ မင်းက သစ်သီးမမှည့်ခင် ငါ့ကို အတင်းအကျပ် ရိတ်သိမ်းရအောင် လုပ်တယ်… ငါ့အစီအစဉ်တွေကို ဝင်နှောင့်ယှက်တယ်… ပြီးတော့ ငါ့အပေါ် လူတွေအယုံအကြည်ပျက်အောင်လည်း မင်းလုပ်တယ် ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ လက်ထောက်ဒေသအကြီးအကဲက မည်သည်ကိုပြောချင်နေသလဲ သူနားလည်သည်။
“ အတိတ်တုန်းက ငါဟာ အိမ်ရှေ့စံနောက်လိုက်ဖို့ အခွင့်အရေးအတွက် ငါ့ကိုယ်ငါ နတ်ဘုရားဆီမှာ စတေးခဲ့တယ်… ဒါပေမဲ့ နတ်ဘုရားက ငါ့ကို လျစ်လျူရှုခဲ့တယ်… ဒါကြောင့် ငါ့ခန္ဓာကိုယ်ကို ဓမ္မရတနာအဖြစ် ဆန္ဒရှိရှိ ပြောင်းလဲပစ်ခဲ့ပြီး ငါ့ရဲ့စိတ်ဝိညာဉ်နဲ့ အရာအားလုံးကို ပေးအပ်ဖို့ ဆန္ဒရှိခဲ့တယ်… အဲ့ဒါတောင် နတ်ဘုရားက ငါ့ကို လျစ်လျူရှုထားတုန်းပဲ ”
“ ကျစ်လွီဆဲ့တိုင်းပြည် မပျက်စီးခင်အထိ နတ်ဘုရားက ဘာကိုလိုချင်လဲ ငါမသိခဲ့ဘူး… အဲ့ဒီအချိန်မှာ နတ်ဘုရားရဲ့ ဆန္ဒကို ငါနားလည်သွားခဲ့တယ်… ငါ့မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ဒေသငယ်တစ်ခုလုံးက လူတွေအားလုံးကို သတ်ဖြတ်ခဲ့တယ်… လူကြီးလူငယ်၊ ယောင်္ကျားမိန်းမ၊ ကလေးငယ်တွေပါမချန် ကျင့်ကြံသူတွေရော သာမန်သေမျိုးတွေကိုရော ငါသတ်ဖြတ်ခဲ့တယ်… သူတို့အားလုံးက ငါစိတ်တိုင်းကျ သတ်ဖြတ်နိုင်အောင် ဘာမှမခုခံခဲ့ကြဘူး… ဒေသငယ်ထဲက လူတိုင်းကို ငါသတ်ပြီးတဲ့နောက် နတ်ဘုရားရဲ့ အသိအမှတ်ပြုတာကို နောက်ဆုံးမှာတော့ ငါရရှိခဲ့တယ် ”
“ အဲ့ဒီတုန်းက ငါသတ်ခဲ့တဲ့လူတိုင်းရဲ့ ဝိညာဉ်တွေကို တစ်နေ့ကျရင် မင်းတို့အားလုံးကို အတူတကွ ပြန်ခေါ်ပေးမယ်လို့ ငါကတိပေးခဲ့တယ် ”
“ အခု ငါ့လူတွေ… မင်းတို့အားလုံး မီးစာကုန်းမြေကနေ ပြန်လာကြလော့ ”
သူ၏ အသံထဲမှာ အချိန်ကာလ၏ ခံစားမှုတစ်ခုပါရှိသည်။ ဤသည်မှာ အသံက ဟိုးလွန်ခဲ့သော နှစ်ထောင်သောင်းများစွာမှ အချိန်မြစ်ကြီးကို ဖြတ်သန်းစီးဆင်းသွားပြီး လက်ရှိပစ္စုပ္ပန်မှာ ပဲ့တင်ထပ်လာဟန် ရသည်။
သွေးမိုးရွာသွန်းနေပြီး ဒြပ်နှောများ ထူထဲစွာ ထွက်ပေါ်နေစဉ် မြို့တော်ထဲမှ သက်ရှိအားလုံး၏ ခန္ဓာကိုယ်များသည် တုန်ယင်သွားကြသည်။ သူတို့၏ နာကျင်နေသော အမူအရာသည် ရုတ်ချည်း ကြက်သေ သေသွားကြသည်။ အသက်အရှိန်အဝါသည် လူတိုင်း၏ ဦးခေါင်းထက်မှာ ပေါ်လျှိုးထွက်လာပြီး ကမ္မစွမ်းအင်အမျှင်တန်းသည် အတင်းအကျပ် ဆွဲထုတ်ခံလိုက်ရသည်။
သူတို့၏ ခန္ဓာကိုယ်သည် စတင်ခြောက်သွေ့သွားပြီး ပိန်ချုံးလာကြသည်။ သို့သော်လည်း သူတို့သည် မသေဆုံးသွားကြချေ။
ယင်းက လူသားမျိုးနွယ်တစ်ခုတည်းမဟုတ်ပေ။ ဤအခိုက်အတန့်မှာ ဒေသငယ်မြို့တော်ထဲမှ တောင်တန်းများနှင့် မြစ်ချောင်းများသည်လည်း လှုပ်ယမ်းလာကြသည်။ မြေပြင်မှစတင်၍ မြစ်ချောင်းများ၊ သစ်ပင်များနှင့် တောင်တန်းတောင်ကုန်းများသည် အဆင့်ဆင့် တုန်လှုပ်သွားကြသည်။
အဆုံးမဲ့သော အသက်စွမ်းအင်နှင့် ကမ္မစွမ်းအင်သည် အပေါ်သို့ ဆက်လက်မြှောက်တတ်သွားပြီး အတင်းအကျပ် ဆွဲထုတ်ခံလိုက်ရကာ ဒေသငယ်မြို့တော်ဆီသို့ စုဝေးသွားသည်။
တစ်ချိန်တည်းမှာ ဖုန်းဟိုင်ဒေသငယ်၏ ပြည်နယ်ဆယ့်သုံးခုတွင် စစ်ပွဲမှာ ဆုံးရှုံးသွားခဲ့သော ပြည်နယ်သုံးခုနှင့် မီးလောင်ကျွမ်းခံထားရသော ပြည်နယ်များမှလွဲ၍ ကျန်ပြည်နယ်အားလုံး၊ ဂိုဏ်းများနှင့် အင်အားစုများ၊ မျိုးနွယ်အသီးသီးမှ ဘိုးဘေးကုန်းမြေများသည်လည်း တုန်လှုပ်လာကြသည်။
ယင်ဟွမ်ပြည်နယ်သည်လည်း အတူတူပင်။
ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံး တုန်ယင်သွားသည်။ တောင်တန်းနယ်မြေအသစ်များသည် တစ်ခုပြီးတစ်ခု ပြိုလဲပျက်စီးသွားကြသည်။ တစ်ချိန်တည်းမှာ အချိန်ကာလ၏ တိုက်စားမှုကြောင့် လောကကြီးထဲမှ ပျောက်ကွယ်သွားခဲ့ကြသော ရှေးဟောင်းတောင်တန်းများသည် ပြန်လည်ထွက်ပေါ်လာကြသည်။
တစ်ချိန်တုန်းက ကျစ်လွီဆဲ့တိုင်းပြည်ပိုင်ဆိုင်ခဲ့ဖူးသော နယ်မြေက ပြန်လည်ထွက်ပေါ်လာသည်။
အတိတ်ခေတ်ကာလမှ မြစ်ချောင်းများနှင့် တောင်တန်းများသည် ပြန်လည်ထွက်ပေါ်လာကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးကို အမြင့်တစ်နေရာမှ ငုံ့ကြည့်မည်ဆိုလျှင် ရှေးခေတ်ကာလမှ ပြန်ရောက်ရှိလာသော ထိုတောင်တန်းနယ်မြေများသည် အလွန်ကြီးမားကျယ်ပြောသော ဧရာမမှော်သင်္ကေတကြီးတစ်ခုသဖွယ် ဖြစ်တည်နေကြောင်း မြင်တွေ့ရလိမ့်မည်။
မှော်သင်္ကေတက တဖြည်းဖြည်း ပြီးပြည့်စုံလာပြီး ခံစားချက်များက ဖုန်းဟိုင်ဒေသငယ်ထဲမှ လူတိုင်း၏ နှလုံးသားထဲမှာ ရောပြွန်ထွက်လာသည်နှင့်ချက်ချင်း အလွန်ကြီးမားသော ဧရာမဆူးချွန်သုံးချောင်းသည် မတူညီသော အရပ်မျက်နှာတစ်ခုစီမှ ပျံသန်းထွက်လာကြပြီး ကောင်းကင်ကို ထိုးဖောက်သွားကြသည်။ ဤသည်မှာ နတ်ငါး၏ နတ်ဘုရားဆူးချွန်များ ဖြစ်ကြသည်။
ကောင်းကင်ကို ထိုးဖောက်သွားပြီးနောက် ၎င်းတို့က ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးကို လွှမ်းခြုံသွားမည့် လှိုင်းဂယက်များကို ထုတ်လွှတ်လိုက်ကြသည်။ ယင်းက ကောင်းကင်၏ ဒုတိယအလွှာသို့ ပြောင်းလဲသွားစေသည်။
ဒုတိယကောင်းကင်သည် ပန်းချီကားတစ်ချပ်နှင့်ဆင်တူ၏။
ပန်းချီကားထဲမှ လောကသည် ဝမ်ကူးကုန်းမြေမဟုတ်ပေ။ ယင်းအစား မည်းမှောင်နေသော လောကကြီးတစ်ခု ဖြစ်သည်။
ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်က ရွှီချင်းကို ပန်းချီကားထဲမှ လောကကြီးအား အမှတ်ရသွားစေသည်။ ယင်းသည် အခြေခံအုတ်မြစ်ကို တည်ဆောက်သည့်အခါ မည်သည့်ကျင့်ကြံသူမဆို ကြမ်းကြုတ်ဝိညာဉ်များအား ဆွဲဆောင်ရသောနေရာ ဖြစ်သည်။
အခြေတည်အဆင့် ကျင့်ကြံသူများသည် သူတို့ကို ကာကွယ်ပေးရန် ပုံရိပ်ယောင်သက်စောင့်မီးအိမ်တစ်ခုကို လိုအပ်သည်။ သက်စောင့်မီးအိမ်၏ မီးတောက်ကသာ သူတို့ကို အကာအကွယ်ပေးနိုင်သည်။ သက်စောင့်မီးအိမ်မရှိသော အခြေတည်အဆင့် ကျင့်ကြံသူများသည် ကဒ်ဘေးကြီးကို ဆွဲဆောင်မိလိမ့်မည်။
ဤသည်မှာ အခြေခံအုတ်မြစ်ကို မစတင်မီ ကျင့်ကြံသူတိုင်းထံသို့ အသိပေးထားသော အရာဖြစ်သည်။
သို့သော်လည်း ထိုလောကသည် မည်သည့်နေရာဖြစ်ကြောင်း မည်သူမှ မသိကြချေ။
အခြေတည်အဆင့်တွင် မတော်တဆဖြစ်မှုတစ်ခုကြောင့် ရွှီချင်းသည် မကောင်းဆိုးဝါးဝိညာဉ်၏ ဝင်ပူးကပ်ခံထားရသော အအလေးကို ကယ်တင်ပေးခဲ့သည်။
ယခုတော့ ထိုလောကကြီးကို မီးစာကုန်းမြေဟုခေါ်ဆိုကြောင်း ရွှီချင်း နားလည်သွားသည်။
ထိုနေရာသည် နီလာနတ်သမီး ဆင်းသက်သွားခဲ့သော နေရာလည်း မှန်ပေ၏။