← Chapters

ရွှီချင်း၏ ဝှက်ဖဲ(က)

Vol. 51 Ch. 776

ရွှီချင်း၏ ဝှက်ဖဲ(က)

Vol. 51 Ch. 776

မီးစာကုန်းမြေကို ဖွင့်လှစ်ရန် အဓိကသော့ချက်သည် နတ်ဘုရား၏ ချွန်ထက်သော အရိုးသုံးချောင်းဖြစ်သည်။

ရွှီချင်းသည် ထိုအရိုးသုံးချောင်းကို အကြည့်တစ်ချက်ဖြင့် မှတ်မိသည်။ ယင်းတို့က အင်မော်တယ်တားမြစ်နယ်မြေထဲ၌ ဧရာမကျောက်စိမ်းဖြူလက်ကြီး လုယက်သွားခဲ့သော အရိုးများ ဖြစ်ကြသည်။

ဤအခိုက်အတန့်မှာ ထိုအရိုးသုံးချောင်းကို မည်သည့်အတွက် အသုံးပြုချင်ကြောင်း နောက်ဆုံးတော့ သူနားလည်သွားသည်။

ကောင်းကင်သည် ဝုန်းခနဲ မြည်ဟိန်းသွားသည်။ အရိုးသုံးချောင်းမှ ဖြစ်တည်လာသော ဒုတိယကောင်းကင်ထဲမှာ မြူခိုးနက်သည် တလိပ်လိပ် လှုပ်ရှားထကြွလာပြီး ဝိညာဉ်လှုပ်ခတ်စေမည့် ခြောက်ခြားဖွယ်အော်သံများသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည်။

မြူခိုးနက်ပန်းချီကားထဲမှ မရေမတွက်နိုင်သော မကောင်းဆိုးဝါးဝိညာဉ်များသည် ခေါင်းမော့လိုက်ကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်သည့်အခိုက် လက်ထောက်ဒေသအကြီးအကဲထံမှ အော်ခေါ်သံသည် မရေမတွက်နိုင်သော ကမ္မချည်မျှင်တန်းများသို့ ပြောင်းလဲသွားသည်။

ကမ္မချည်မျှင်တန်းတစ်ခုသည် လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးနှင့် ဆက်သွယ်သွားပြီး ကျန်ကမ္မချည်မျှင်တန်းများသည် မီးစာကုန်းမြေအတွင်းသို့ တိုးဝင်သွားကြသည်။ ယင်းတို့သည် တစ်ချိန်က ကျစ်လွီဆဲ့တိုင်းပြည်၏ ဖုန်းဟိုင်ဒေသငယ်မှာ သေဆုံးသွားခဲ့ကြသော လူများ၏ ဝိညာဉ်များထံသို့ ကျရောက်သွားကြပြီး လမ်းပြစွမ်းအင်တစ်မျိုးသို့ ပြောင်းလဲသွားကြသည်။

ကမ္မချည်မျှင်တန်းများဖြင့် လမ်းပြခံရသော မကောင်းဆိုးဝါးဝိညာဉ်များသည် ဒုတိယကောင်းကင်၏ အပြင်ဘက်သို့ တွားသွားထွက်လာကြသည်။ သူတို့က မြေပြင်ပေါ်သို့ ငုံ့ကြည့်လိုက်ကြပြီး ထိုနေရာမှ သက်ရှိတိုင်းကို လောဘရမ္မက်ဖြင့် ကြည့်လိုက်ကြသည်။

ဤသည်မှာ လက်ထောက်ဒေသအကြီးအကဲ၏ လှုပ်ရှားမှုကြီး ဖြစ်သည်။

သူလုပ်ဆောင်ချင်သည်မှာ သူ့အရှင်ကို ဖုန်းဟိုင်ဒေသငယ်၏ သက်ရှိအားလုံးထံမှ ကမ္မစွမ်းအင်နှင့် အသက်စွမ်းအင်ကို စုစည်းထားသော အသက်သစ်သီးအား ပေးအပ်ချင်ရုံမျှသာ မဟုတ်ပေ။ သူသည် အတိတ်တစ်ချိန်တုန်းက ဖုန်းဟိုင်ဒေသငယ်ကိုလည်း ပြန်ရောက်ရှိလာအောင် လုပ်ဆောင်ချင်သေးသည်။

သို့မှသာ အတိတ်တွင် သူကျူးလွန်ခဲ့သော ပြစ်မှုများကို ပြန်ချေဖျက်နိုင်လိမ့်မည်။

ဖုန်းဟိုင်ဒေသငယ်ထဲမှ သက်ရှိအားလုံးသည်တော့ သူတို့သည် မီးစာကုန်းမြေထဲမှ ပြန်ရောက်လာကြမည့် သူ့လူများအတွက် လက်ခံကောင်များသာ ဖြစ်ကြသည်။

သို့သော် အချိန်သည် အပြည့်အဝ သစ်သီးရင့်မှည့်ချိန်မဟုတ်သေးပေ။ သူသည် ဖုန်းဟိုင်ဒေသငယ်၏ ဒေသအကြီးအကဲဖြစ်မလာခဲ့သလို ဒေသငယ်၏ ကမ္မကောင်းချီးကိုလည်း မရခဲ့ပေ။

သို့ဖြစ်၍ သေလွန်ဝိညာဉ်များကို အဆင်ပြေချောမွေ့စွာ ပြန်ခေါ်နိုင်မည့် သူ၏ အစီအစဉ်မှာ အပြစ်အနာအဆာများ ရှိလာသည်။

ရလဒ်အနေဖြင့် ထိုမကောင်းဆိုးဝါးဝိညာဉ်များ အတင်းအကျပ် ဆင်းသက်လာသည့်အခိုက် သူတို့သည် ဝမ်ကူးကုန်းမြေမှ အရှိန်အဝါ၏ သက်ရောက်ခံလိုက်ရလေရာ ဆယ်ယောက်တွင် တစ်ယောက်သာလျှင် အသက်ရှင်နိုင်၏။ ကျန်မကောင်းဆိုးဝါးဝိညာဉ်များသည် ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းခံလိုက်ရပြီး ပြာဖြစ်သွားကြသည်။

သို့သော်လည်း မကောင်းဆိုးဝါးဝိညာဉ်များ၏ အရေအတွက်သည် အလွန်တရာ များပြားလှသည်။

မရေမတွက်နိုင်သော မကောင်းဆိုးဝါးဝိညာဉ်များသည် ဖုန်းဟိုင်ဒေသငယ်ပေါ်သို့ ဆင်းသက်လာနေကြဆဲပင်။

လက်ထောက်ဒေသအကြီးအကဲသည် ကတိစကားကို တန်ဖိုးထားသူ ဖြစ်သည်။ သူက သဘောတူညီမှုအတိုင်း လိုက်နာပြီး သတ္တမမင်းသားလက်အာက်မှ လူများကို သက်ရောက်မခံရအောင် လုပ်ဆောင်ခဲ့သည်။

ဤအခိုက်အတန့်မှာ သတ္တမမင်းသား၏ နှလုံးသားသည် ပရမ်းပတာဖြစ်နေသည်။ လက်ထောက်ဒေသအကြီးအကဲဆီမှာ ထိုသို့အစီအစဉ်ရှိလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။ ယင်းက စတေးမှုသက်သက်သာဖြစ်လိမ့်မည်ဟု အစက သူထင်ထားခဲ့သည်။ နတ်ငါး၏ အရိုးသုံးချောင်းကို ဤအတွက် အသုံးပြုလိမ့်မည်ဟုပင် သူမျှော်လင့်မထားခဲ့ပေ။

“ ပိုင်ရှောင်ကျိုး ”

သတ္တမမင်းသားသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာပြီး ခြေထောက်ကို မမြှောက်ရန် ဟန်ပြင်လိုက်သည်။

ဤကိစ္စသည် အလွန်ကြီးမားသည်။ ယင်းက သူ့ကို လှုပ်ရှားစေရန် ကြီးမားလွန်းလှသည်။

ဘေးပတ်ဝန်းကျင်မှ နန်းမြို့တော်၏ စစ်ဗိုလ်ချုပ်များနှင့် တပ်မှူးများသည် သတ္တမမင်းသားထံသို့ ဝင်းလက်တောက်ပသော မျက်လုံးများဖြင့် ကြည့်လာကြသည်။

ကောင်းကင်ပေါ်မှ လက်သည်းလေးခုရွှေရောင်နဂါးသည်လည်း နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်ပြီး သတ္တမမင်းသားကို ငုံ့ကြည့်လိုက်သည်။

မြေပြင်ပေါ်တွင် နင်ယန်သည် လူအုပ်ကြားထဲမှာ ရှိသည်။ သူ၏ ခန္ဓာကိုယ်က တစ်ချက်တုန်ယင်သွားသည်နှင့် သူ၏ မျက်လုံးသည် မသိမသာ နီရဲသွားသည်။ သူသည်လည်း သတ္တမမင်းသားကို ကြည့်လိုက်သည်။

သို့သော်လည်း အဆုံးမှာတော့ လက်ထောက်ဒေသအကြီးအကဲကို စူးစိုက်ကြည့်နေသော သတ္တမမင်းသားသည် မလှုပ်မရှားဘဲ ရှိနေတုန်းပင်။

မင်းသားတစ်ပါးအနေဖြင့် သူသည် လျှို့ဝှက်ချက်အများကြီးကို သိသည်။ သူ၏ ကြီးပြင်းလာမှုအတွင်း နားလည်သဘောပေါက်မှုများအရ သူ့အရှေ့မှ အခြေအနေကို ရှင်းလင်းစွာ အကဲဖြတ်နိုင်သည်။

ဤအခိုက်အတန့်မှာ လက်ထောက်ဒေသအကြီးအကဲ၏ အံ့ဖွယ်စွမ်းအားကို ဖိနှိပ်ရန် အလွန်မြင့်မားသော ကျင့်ကြံခြင်းစွမ်းအားကို လိုအပ်ကြောင်း သူနားလည်သည်။

ဥပမာ ဝိညာဉ်စုစည်းခြင်းအဆင့်မှ တစ်စုံတစ်ယောက် ရောက်ရှိလာခြင်း သို့မဟုတ် ကျန်းစီယွမ်က ဆက်လက်ရှိနေဦးမည်ဆိုလျှင် ဖြစ်နိုင်၏။

အဘယ့်ကြောင့်ဆိုသော် လက်ထောက်ဒေသအကြီးအကဲ၏ ဤပုံစံသည် နီလာနတ်သမီးအတွက် အရသာရှိသော အစားအစာဖြစ်သည်။

တခြားနတ်ဘုရားများသည်တော့ အများစုသည် နီလာနတ်သမီး၏ ယခင်က လုပ်ရပ်များကြောင့် ပုန်းအောင်းနေကြသည်။

ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးသည်တော့ နန်းမြို့တော်မှ လျှို့ဝှက်စာပေများအရ ရှေးခေတ်ကာလကတည်းက နတ်ဘုရားမျက်နှာပျက်ကြီးနှင့် အပေးအယူလုပ်ဖူးသော မျိုးနွယ်စုအမျိုးမျိုးရှိကြောင်း သူသိထားသည်။

သို့သော်လည်း ယင်းက အပေးအယူတစ်ခုမျှသာ ဖြစ်၏။ နတ်ဘုရားမျက်နှာမျက်နှာပျက်ကြီးသည် မည်သည့်အခါကမှ သူတို့အတွက် မျက်လုံးမဖွင့်ခဲ့ပေ။

သမိုင်းတစ်လျှောက်တွင် နတ်ဘုရားမျက်နှာပျက်ကြီးသည် လူသားမျိုးနွယ်အတွက် တစ်ကြိမ်သာ မျက်လုံးဖွင့်ခဲ့သည်။ ယင်းမှာ ကျစ်လွီဆဲ့အိမ်ရှေ့စံကြောင့် ဖြစ်သည်။

သို့ကြောင့် အကယ်၍ သူသာ အစွမ်းကုန်သုံးပြီး တိုက်ခိုက်မည်ဆိုလျှင် ကျရောက်လာနေသည့် ဤကဒ်ဘေးကို တားဆီးနိုင်မည်မှန်သော်လည်း ပြန်ပေးဆပ်ရမည့် အဖိုးအခသည် အလွန်ကြီးမားသည်။ ထိုအတွက် သူ၏ အသက်ကို စတေးရရုံသာမက သူ၏ အကြီးမားဆုံးသော အခြေခံအုတ်မြစ်ကိုလည်း အလုံးစုံ လောင်ကျွမ်းရပေဦးမည်။

သူသည် သဘောတူညီချက်ကို ချိုးဖောက်ပြီး သူ၏ အကြီးမားဆုံးသော အခြေခံအုတ်မြစ်ကို ကုန်ဆုံးစေမည့်အပြင် လိုအပ်လာလျှင် အသက်ကိုလည်း စတေးရပေမည်။ ဖုန်းဟိုင်ဒေသငယ်အတွက် ထိုအရာများကို စတေးရခြင်းသည် မထိုက်တန်ကြောင်း သတ္တမမင်းသားက ခံစားနေမိသည်။

သူ၏ အခြေခံအုတ်မြစ်ကို ဤနေရာ ဤအချိန်တွင် အလဟဿမလုပ်သင့်ပေ။

ထို့ကြောင့် သူက မလှုပ်ရှားခဲ့ပေ။ ဤကိစ္စက မည်သို့ဆက်လက်ဖြစ်ပွားမည်ကို သူက စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သူ၏ စိတ်ထဲမှာတော့ ဤကိစ္စကို သူ့အတွက် မည်သို့အကျိုးအမြတ်ကျန်အောင် ဖြေရှင်းနိုင်မလဲဟု လျှင်မြန်စွာ အဖြေရှာနေလေသည်။

ဖုန်းဟိုင်ဒေသငယ်ထဲမှ ကဒ်ဘေးဒုက္ခသည်တော့ အကယ်၍ ဖရိုဖရဲမဖြစ်နေလျှင် သူက မည်သို့အကျိုးဆောင်နိုင်တော့မည်နည်း။

သို့ဖြစ်၍ သူ့အား ဝိုင်းကြည့်နေကြသော ဘေးပတ်ဝန်းကျင်မှ လူများကို တိုက်ရိုက် လျစ်လျူရှုထားလိုက်သည်။

အစမှအဆုံး ရွှီချင်းသည် သတ္တမမင်းသားကို တစ်ချက်မကြည့်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သတ္တမမင်းသားအပေါ် မျှော်လင့်ချက်ထားခြင်းသည် ရူးမိုက်သောအလုပ်ဖြစ်ကြောင်း အစကတည်းက သူနားလည်ထားသောကြောင့် ဖြစ်သည်။

ကောင်းကင်ပေါ်မှ လက်သည်းလေးခုရွှေရောင်နဂါးသည် နက်ရှိုင်းစွာ ထပ်မံဟိန်းဟောက်လိုက်သည်။ ၎င်း၏ အကြည့်က မြေပြင်ပေါ်မှ ရွှီချင်းပေါ်သို့ မသိလိုက်မသိဘာသာ ကျရောက်သွားသည်။

ရွှီချင်းသည် တိတ်တဆိတ် လက်မြှောက်တင်လိုက်သည်။ ဒေသငယ်၏ တားမြစ်ဓမ္မရတနာမှ မီးတောက်များသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ခွာသွားပြီး ကြီးမားသော ရွှေရောင်ပိုက်ကွန်သို့ ပြောင်းလဲသွားသည်။ ယင်းက ဖုန်းဟိုင်ဒေသငယ်ကို ယခင်က အကာအကွယ်ပေးခဲ့သည့်အတိုင်း အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားပြီး ကောင်းကင်ပေါ်မှ ဆင်းသက်လာနေသော ဝိညာဉ်များကို တားဆီးပေးလိုက်သည်။

“ အဲ့ဒါက အသုံးမဝင်ဘူး… နီလာနတ်သမီးက မီးစာကုန်းမြေက နတ်ဘုရားကို ဝါးမျိုသွားတာကြောင့် မကောင်းဆိုးဝါးဝိညာဉ်တွေက ဖိနှိပ်မခံရတော့ဘူး… အားလုံးက ချောချောမွေ့မွေ့ ပြီးသွားလိမ့်မယ်… အဲ့ဒါကို မင်းမရပ်တန့်နိုင်ဘူး ”

လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးသည် နူးညံ့စွာ ပြောသည်။

ရွှီချင်းသည် လက်ထောက်ဒေသအကြီးအကဲကိုကြည့်ပြီး ရုတ်တရက် ပြောသည်။

“ အခု ခင်ဗျားက အစစ်အမှန်ပုံစံကို ပြန်ပြောင်းသွားပြီဆိုတော့ ကျုပ်အနားကို ကပ်လာရဲပြီလား ”

လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးသည် နှုတ်ဆိတ်သွားသည်။ သူက ရွှီချင်းကို လေးနက်စွာ ကြည့်လိုက်သည်။

“ အခုအချိန်မှာ နတ်ဘုရားတစ်ပါးဆင်းသက်လာတာ ဒါမှမဟုတ် လူသားဧကရာဇ်ရောက်ရှိလာတာကလွဲရင် ဘယ်သူကမှ ငါ့ကို မဖိနှိပ်နိုင်ဘူး ”

“ ဒါပေမဲ့ မင်းက ငါ့ကို ဒီမေးခွန်းကို ထပ်တလဲလဲမေးတယ်… ဒီတော့ ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ်… မင်းမှာ ဘယ်လိုဝှက်ဖဲရှိလဲ ငါကြည့်တာပေါ့ ”

“ မင်းဘာသာ ငါ့ဆီလှမ်းလာခဲ့ ”

လက်ထောက်ဒေသအကြီးအကဲသည် တည်ငြိမ်စွာ ပြောသည်။

ရွှီချင်းသည် သူ့ဆီသို့ လျှောက်သွားသည်။

မြေပြင်သည် အဆုံးမဲ့စွာ ဝေဝါးနေပြီး ကောင်းကင်သည် ပုံပျက်တွန့်လိမ်နေသည်။ လက်ထောက်ဒေသအကြီးအကဲထံမှ ဖိနှိပ်စွမ်းအားသည် ဗလာနတ္ထိအဆင့်ကျင့်ကြံသူအားလုံးကို လှုပ်ရှားရန် အခက်တွေ့စေသည်။

နတ်ဘုရားနောက်လိုက် ရုပ်သေးနှစ်ရုပ်သည်တော့ သွေးမိုးထဲမှာ ၎င်းတို့၏ စွမ်းအားက ကောင်းကင်အထိ မြှင့်တတ်သွားနေသည်။ ၎င်းတို့က အားလုံးကို တားဆီးပိတ်ဆို့ထားသည်။

ခေါင်းဆောင်သည် ရွှီချင်း၏ နောက်ကျောကို ငြိမ်သက်စွာ ကြည့်နေပြီး ရယ်မောလိုက်သည်။

“ ချင်းလေး… တကယ်လို့ ဆရာရော မင်းရော သေသွားမယ်ဆိုရင် ငါပါ မင်းနောက်လိုက်ခဲ့မယ် ”

“ ကောင်းပြီ ”

ရွှီချင်းသည် နောက်ပြန်လှည့်မကြည့်ဘဲ နူးညံ့စွာ ပြောသည်။

All Chapters