← Chapters

ရွှီချင်း၏ ဝှက်ဖဲ(ခ)

Vol. 51 Ch. 777

ရွှီချင်း၏ ဝှက်ဖဲ(ခ)

Vol. 51 Ch. 777

ခေါင်းဆောင်သည် ပြုံးလိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။

“ ဂျူနီယာညီလေးက တစ်ဇွတ်ထိုးလုပ်တာ ရှားတယ်… သူ့မှာ သေချာပေါက် ဝှက်ဖဲရှိရမယ်… ဒါပေမဲ့ သူက စီနီယာအကိုကြီးပုံစံနဲ့ ငါ့ကို တကယ်ကြီး တားဆီးရဲတယ်ပေါ့ ဟွန့် ”

“ ထားလိုက်ပါလေ… သူက ငါ့ကို အခုလိုဂရုစိုက်တာမြင်တော့ အဲ့ဒါကို ငါအရေးမထားတော့ပါဘူး… သူက ငါ့ကို ချိပ်တံဆိပ်မဖြေလျော့စေချင်ဘူးဆိုမှတော့ ခဏနေ တကယ်လို့ သူ့အစီအစဉ် ကျရှုံးသွားတဲ့အခါ ငါ့ကို တားဆီးလို့မရတော့ဘူး ”

“ ငါလှုပ်ရှားတဲ့အခါ ဒီဘဝရဲ့နောက်ဆုံးအချိန်မှာ အရင်ကထက် ပိုစိတ်လှုပ်ရှားဖို့ကောင်းပြီး ပိုထိတ်လန့်စရာကောင်းမယ့် ဘယ်လိုစကားမျိုးနဲ့ ဟန်ပန်အမူအရာကို ငါလုပ်သင့်သလဲဆိုတာ ကြိုစဉ်းစားထားရဦးမယ် ”

“ ဘာပဲပြောပြော… သေစမ်း ဒီတစ်ကြိမ် နောက်ဆုံးချိပ်တံဆိပ်ကို ငါဖြေလျော့ပြီးသွားရင် ငါ့မှာ နောက်ဘဝရှိပါဦးမလား… အကြိမ်ရေကို တွက်ချက်ကြည့်မယ်ဆိုရင် ငါ့မှာ နောက်ဘဝမရှိတော့ဖို့ ရာခိုင်နှုန်းအရမ်းများတယ်… နှမြောစရာကောင်းလိုက်တာ ငါက အသက်ငယ်ငယ်လေးပဲ ရှိသေးတာ… ထောင်ထောင်ကလည်း ငါ့ကို စောင့်နေတယ်… ပြီးတော့ ညီမလက်ငါးချောင်းက ငါပြန်လာမှာကိုမျှော်နေတာ… အနာဂတ်ကျရင် ငါ့မှာ ဂျူနီယာညီမလေးတွေ အများကြီး ရှိလာဦးမှာကို… ငါဘာမှမလုပ်ရသေးဘူးလေ ”

ခေါင်းဆောင်သည် လက်ချိုးရေတွက်ပြီးနောက် သက်ပြင်းချလိုက်လေသည်။

ရွှီချင်းသည် ကောင်းကင်ဆီသို့ လျှောက်သွားသည်။ သို့သော် သူက အနားကပ်သွားသည်နှင့် လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးထံမှ ဖိအားသည် သူ့အား ရှေ့ဆက်မတိုးနိုင်အောင် တားဆီးနေသည်။ သူတို့နှစ်ယောက်ကြားမှ ပေတစ်ထောင်အကွာအဝေးသည် ကောင်းကင်နှင့်မြေပြင်ပမာ ခြားနားလှသည်။

သူက နောက်ထပ်ပေတစ်ရာကို လျှောက်လှမ်းပြီးသောအခါ ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ အစိတ်အပိုင်းများသည် ဆိုးဝါးစွာ ယိုယွင်းပျက်စီးလာပြီး သွေးသည် သူ၏ ပါးစပ်ထောင့်မှ စီးကျလာသည်။ သူ၏ ခန္ဓာကိုယ်က ဒယိမ်းဒယိုင်ဖြစ်လာသည်နှင့် လက်ကို မြှောက်တင်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ဝိညာဉ်နတ်သူငယ်ဆယ့်နှစ်ကောင်၏ စွမ်းအားသည် ပေါက်ကွဲထွက်လာသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး အရှေ့သို့ ဆက်သွားနိုင်စေသည်။

ပေ(၁၃၀)သို့ရောက်သည့်အခါ ထီးနက်သက်စောင့်မီးအိမ်၏ ဝိညာဉ်နတ်သူငယ်သည် မှေးမှိန်သွားသည်။ ပေ(၁၆၀)သို့ရောက်သည့်အခါ သက်တံ့လေသံစဉ်ဝိညာဉ်နတ်သူငယ်က စတင်ဝေဝါးလာသည်။ ပေ(၁၉၀)သို့ရောက်သည့်အခါ ငရဲဝိညာဉ်သွေးအတောင်ပံဝိညာဉ်နတ်သူငယ်က သူ့ဘာသာ ဖုံးကွယ်သွားပြီး ပေ(၂၀၀)သို့ရောက်သည့်အခါ ပျက်စီးအင်မော်တယ်နတ်ဘုရားဝါးမျိုသူ ဝိညာဉ်နတ်သူငယ်က ပုံပျက်တွန့်လိမ်သွားသည်။

ရွှီချင်းသည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အမောတကော အသက်ရှူလိုက်သည်။ သူက အကောင်းဆုံးကြိုးစား၍ ခေါင်းမော့လိုက်ပြီး လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးကို ကြည့်လိုက်သည်။

လက်ထောက်ဒေသအကြီအကဲကလည်း သူ့အား စိုက်ကြည့်နေသည်။

“ ပေ(၇၈၀)ကျန်သေးတယ် ”

ရွှေကျီးကန်းသည် ရွှီချင်း၏ ဦးခေါင်းထက်မှာ ဒြပ်ထည်ဖြစ်ပေါ်လာပြီး ဝိညာဉ်နတ်သူငယ်သို့ ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အရှေ့သို့ ဆက်သွားနိုင်စေရန် အားအင်တိုးမြှင့်ပေးလိုက်သည်။

ထို့နောက် သူသည် ကျောက်ရှာအလင်းဖြင့် လင်းထိန်တောက်ပသွားပြီး အရှေ့သို့ ဆက်ရွေ့လျားသွားသည်။

ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ မိုဆာဆောသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူက နောက်ထပ်ဆယ်ပေသို့ လျှောက်နိုင်သွားသည်။

ထိုသို့ဖြင့် ရွှီချင်း၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်နတ်သူငယ်တစ်ကောင်ပြီးတစ်ကောင်သည် သူတို့၏ စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။ တားမြစ်အဆိပ်ဆေးလုံးဝိညာဉ်နတ်သူငယ်၊ ခရမ်းလဝိညာဉ်နတ်သူငယ်နှင့် တစ္ဆေအင်ပါယာတောင်ကုန်း၏ ဝိညာဉ်နတ်သူငယ်သည် ဆက်လက်ပေါ်လျှိုးလာကြပြီး သူ့ကို အားအင်ဖြည့်တင်းပေးလိုက်ကြသည်။

အကြိမ်တိုင်း သူသည် ဆယ်ပေအကွာအဝေးဖြင့် အရှေ့သို့ ဆက်ရွေ့လျားသွားနေသည်။

ထိုသို့ဖြင့် သူသည် ပေ(၃၀၀)၊ ပေ(၄၀၀)၊ ပေ(၅၀၀)အကွာသို့ တဖြည်းဖြည်း ကျော်လွန်လာသည်။ နောက်ဆုံးတွင် ကလေးငယ်၏ ပုံရိပ်က ထွက်ပေါ်လာသည်။ ပုံရိပ်က ရွှီချင်းကို ထပ်ဆင့်လွှမ်းခြုံသွားသည့်နောက် ပေ(၅၆၀)သို့ ရောက်ရှိသွားသည်။

“ ဒါက မင်းရဲ့အကန့်အသတ်လား ”

ပေ(၄၄၀)အဝေးတွင်ရှိနေသော လက်ထောက်ဒေသအကြီးအကဲသည် ခေါင်းယမ်းလိုက်သည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက ညာလက်ကို မြှောက်တင်လိုက်ပြီး မြေပြင်ပေါ်သို့ ဖိချလိုက်သည်နှင့် အေးစက်စက်အလင်းတန်းသည် သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ နက်ရှိုင်းသော အော်သံက မြည်ဟိန်းထွက်လာသည်။

“ ထွက်လာစမ်း ”

မြို့တော်အောက်မှ ဝေဝါးဝါး မြေပြင်သည် ရုတ်ချည်း တုန်ယင်လာသည်။ မရေမတွက်နိုင်သော ဓားအိမ်ယာများသည် ပြိုလဲပျက်စီးသွားကြသည်။ ဤသည်မှာ မြေနဂါးတစ်ကောင်က လူးလွန့်လှုပ်ရှားနေသည့်အလားပင်။ ထိုသို့ဖြစ်ရသည့် အဓိကဇစ်မြစ်သည် အကျဉ်းထောင်ဌာန၏ အနက်ရှိင်းဆုံးပိုင်းတွင်ရှိသော အင်မော်တယ်တားမြစ်နယ်မြေထံမှ ဖြစ်သည်။

အတိတ်တွင် အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားက နီလာနတ်သမီး၏ ဝါးမျိုခံရပြီးနောက် အင်မော်တယ်တားမြစ်နယ်မြေထဲမှ ကျန်ရှိသော ဒြပ်နှောများကို သူ့စိတ်ကြိုက် စုပ်ယူလာနိုင်ကြောင်း ရွှီချင်း ရှာတွေ့ခဲ့သည်။ ထိုအချိန်တုန်းက သူ၏ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သောကြောင့် အကန့်အသတ်ဖြင့်သာ စုပ်ယူနိုင်ခဲ့သည်။ ထို့အပြင် (ဃ၁၃၂)ထဲမှ နတ်ဘုရားလက်ချောင်းကို စိုးရိမ်သောကြောင့် သူ၏ လှုပ်ရှားမှုများကို ချုပ်တည်းထားခဲ့သည်။

သို့သော်လည်း ယခု သူ့ကိုယ်သူ ချုပ်တည်းထားရန် မလိုအပ်တော့ပေ။

အဘယ့်ကြောင့်ဆိုသော် (ဃ၁၃၂)ထဲမှ နတ်ဘုရားလက်ချောင်းကို သူက နိုးထစေချင်သောကြောင့် ဖြစ်သည်။

သူက ဆင့်ခေါ်လိုက်သည်နှင့် ဝုန်းခနဲမြည်သံသည် အကျဉ်းထောင်ဌာနအောက်ရှိ အင်မော်တယ်တားမြစ်နယ်မြေထဲမှ ထွက်ပေါ်လာသည်။

အင်မော်တယ်တားမြစ်နယ်မြေထဲမှ ဒြပ်နှောများ၏ စွမ်းအားသည် တိုက်ရိုက် ပေါ်လျှိုးထွက်လာသည်။ ယင်းတို့က လမ်းတစ်လျှောက်ရှိ စည်းချအစီအရင်အားလုံးကို ဖြတ်ကျော်သွားပြီး ထူထဲသော အနက်ရောင်ဓာတ်ငွေ့အစုအဝေးသို့ ပြောင်းလဲသွားကာ အကျဉ်းထောင်ဌာန၏ အောက်ခြေရှိ တွင်းနက်ကြီးမှတဆင့် ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

အဝေးမှကြည့်လျှင် ယင်းက ကောင်းကင်ပေါ်သို့ ပျံတတ်သွားနေသော အနက်ရောင်နဂါးတစ်ကောင်နှင့် ဆင်တူသည်။ ယင်းက ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားနေသည်။

ချက်ချင်းဆိုသလို ထိုဒြပ်နှောများသည် ရွှီချင်းကို လွှမ်းခြုံသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ တိုးဝင်သွားသည်။ ရွှီချင်း၏ အမူအရာပေါ်တွင် နာကျင်မှုဖြင့် ပြည့်နှက်နေပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်က အကန့်အသတ်ကို ကျော်လွန်အောင် အတင်းအကျပ် ဖိအားပေးခံနေရသည့်အလားပင်။

ထို့နောက် ရွှီချင်း၏ ခန္ဓာကိုယ်သည် ဆယ်ပေမှ ပေ(၂၀)၊ ပေ(၃၀) အစရှိသဖြင့် ကြီးထွားလာနေသည်။

ပေ(၁၀၀)သို့ ရောက်ရှိသွားသောအခါ သူက လူ့ဘီလူးတစ်ကောင်သဖွယ် ဖြစ်လာသည်။

အရှိန်အဟုန်က တစ်စတစ်စ ကြီးမားလာပြီး ပုံပျက်တွန့်လိမ်မှုက ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာသည့်အခါ နတ်ဘုရားတစ်ပါး၏ အရှိန်အဝါသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ ယင်းက ခမ်းနားထည်ဝါပြီး အားကောင်းသန်မာသည်။

သူ့ခန္ဓာကိုယ်ထဲရှိ (ဃ၁၁၃၂)ထဲမှာ အိပ်ပျော်နေသော နတ်ဘုရားလက်ချောင်းသည်လည်း ထိုအခိုက်အတန့်မှာ နိုးထလာသည်။ တစ်ချိန်တည်းမှာ ရွှီချင်း၏ အသွေးအသားထဲမှ ရွှေချည်မျှင်များသည် ရှည်ထွက်လာကြပြီး ဇစ်မြစ်တူသော ဒြပ်နှောများက ရွှီချင်း၏ တစ်ကိုယ်လုံး၌ ပြည့်နှက်သွားသည်။

နတ်ဘုရားလက်ချောင်းနိုးထလာသည်နှင့်ချက်ချင်း ရွှီချင်း၏ ခန္ဓာကိုယ်က ပို၍သိပ်သည်းသော နတ်ဘုရားအရှိန်အဝါကို ထုတ်လွှတ်လာသည်။ လူသားအသံမဟုတ်သော ဟိန်းသံတစ်မျိုးသည် ရွှီချင်း၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသည်။

သူ၏ မျက်လုံးသည် ပြောင်းလဲသွားပြီး စိတ်ရှုပ်ထွေးသော အရိပ်အယောင် ထွက်ပေါ်နေသည်။ သူ၏ အမူအရာထံမှ နတ်ဘုရားအရှိန်အဝါကို ထုတ်လွှတ်နေလေသည်။

သူ၏ ခန္ဓာကိုယ်သည် လက်ထောက်ဒေသအကြီးအကဲထံသို့ ပြေးသွားနေသည်။

“ အာ… မင်း ဘာလုပ်နေတာလဲ ”

အော်သံသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ နတ်ဘုရားလက်ချောင်းသည် ထိတ်လန့်မှုကြောင့် အပြည့်အဝ နိုးထနေပြီ ဖြစ်သည်။

၎င်းနိုးထလာသည်နှင့်ချက်ချင်း လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးက ၎င်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။

တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်နှင့် အရှိန်အဝါသည် ၎င်းကို ထိတ်လန့်တုန်လှုပ်စေသည်။ ထို့အပြင် ၎င်း၏ မူလခန္ဓာကိုယ်မှ အရိုးများဖြင့် တည်ဆောက်ထားသော ဒုတိယကောင်းကင်ကိုလည်း ၎င်းက မြင်သွားသည်။

ထို့နောက် ၎င်းသည် လောကကြီးထဲမှ အပြောင်းအလဲများကို သတိပြုမိသွားသည်။ ဝေဝါးမှုနှင့် ပုံပျက်တွန့်လိမ်မှုက နေရာတိုင်းတွင် ဖြစ်ပေါ်နေလေရာ ၎င်းကို အလိုအလျောက် ခြောက်ခြားစေသည်။

ထိတ်လန့်ဖွယ်ရာ လှိုင်းဂယက်များက ၎င်း၏ စိတ်ထဲမှာ တိုးထွက်လာနေစဉ် ပေ(၁၀၀)ကျော်ထိ ကြီးထွားနေပြီးသော ရွှီချင်းက ရုတ်တရက် အော်ပြောလိုက်သည်။

“ မြန်မြန် တိုက်ခိုက် ”

နတ်ဘုရားလက်ချောင်းသည် ထိတ်လန့်သွားပြီး ဒေါသထွက်သွားသည်။ ၎င်းက ထွက်ပြေးချင်သော်လည်း ခရမ်းသလင်းကျောက်၏ ချုပ်နှောင်ခံထားရသဖြင့် မထွက်ပြေးနိုင်ပေ။ ၎င်းသည် ရုန်းကန်ချင်သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသူသည် ရွှီချင်းဖြစ်သည်။

ဇစ်မြစ်တူသော ဒြပ်နှောများ၏ ဝင်ရောက်လာမှုက ၎င်းအား ရွှီချင်း၏ ခန္ဓာကိုယ်ကို ပေါက်ကွဲစေနိုင်သော ဖြစ်နိုင်ခြေကို ပိုင်ဆိုင်စေသည်။ သို့သော် ရွှီချင်းသည် ပထမကောင်းကင်ကဒ်ဘေးဒုက္ခကို ရင်ဆိုင်ကျော်လွှားထားပြီးဖြစ်၍ သူ၏ ကျင့်ကြံခြင်းအခြေခံက တစ်ဟုန်ထိုး မြင့်တတ်သွားပြီး ခရမ်းသလင်းကျောက်သည်လည်း ပို၍အားကောင်းသော စွမ်းအားကို ထုတ်လွှတ်လာသည်။

ထိုအကြောင်းအရင်းများက နတ်ဘုရားလက်ချောင်းကို အချုပ်အနှောင်မှ လွတ်မြောက်ရန် အခွင့်အရေးတစ်ခုပေးသော်လည်း ယင်းက အချိန်တိုလေးအတွင်း မပြီးမြောက်နိုင်ပေ။

သို့သော်လည်း ၎င်းက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဆယ့်ငါးမိနစ်အတွင်း ထွက်သွားနိုင်လိမ့်မည်ဟု ချက်ချင်း အာရုံခံမိလိုက်သည်။ ထို့အပြင် ၎င်းဆီမှာ ဤခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်သော ဖြစ်နိုင်ခြေပင် ရှိသေး၏။

ထို့အပြင် ၎င်း၏ မူလခန္ဓာကိုယ်က သေဆုံးသွားပြီဖြစ်ကြောင်း အာရုံခံမိလိုက်လေရာ နတ်ဘုရားလက်ချောင်းသည် ပျော်ရွှင်သွားသည်။ ၎င်းသည် အပြင်လောကကို အနည်းငယ် ကြောက်လန့်မိသော်လည်း ၎င်းမှာ မူလခန္ဓာကိုယ်ဖြစ်လာနိုင်သော ဖြစ်နိုင်ခြေရှိနေကြောင်း ခံစားမိသွားသောအခါ ပျော်ရွှင်သွားသည်။

All Chapters