ရွှီချင်း၏ ဝှက်ဖဲ(ဃ)
Vol. 51 Ch. 779
မည်သို့ဖြစ်စေ ရှေးဟောင်းဝိညာဉ်အင်ပါယာသည် အချိန်အတော်ကြာ ဆာလောင်မွတ်သိပ်နေသူဖြစ်သည်။ ရံဖန်ရံခါ ဝင်ရောက်လာကြသော မျိုးနွယ်စုဝင်များ၏ ဝိညာဉ်များက သူ၏ ဆာလောင်မှုကို မကျေနပ်စေပေ။ ထို့အပြင် အလှူရှင်များသည် များများစားစား မရှိပေ။
ထိုအတွေးအားလုံးသည် စောစောက ရွှီချင်းစဉ်းစားခဲ့သောအရာ ဖြစ်သည်။ တုံကင်ကို သူခြေမွလိုက်သည့်အခိုက် ကြီးမားသော ဆွဲငင်အားသည် ရွှီချင်း၏ လက်ဖဝါးထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
သူသည် နန်းတော်ထဲမှ အသွေးအသားတောင်ကုန်းပေါ်ရှိ ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဧရာမမျက်လုံးကြီးကို လျှင်မြန်စွာ တွေးတောလိုက်သည်။
အတိတ်တွင် ဖန်ချွန်လမ်းအဖိုးအိုသည် သူ့အား ဝိညာဉ်ချောက်နက်အဆောင်၏ အသုံးပြုပုံကို ပြောပြခဲ့သည်။ အသုံးပြုသူသည် တည်နေရာပြောင်းရွှေ့မည့် ဧရိယာကို သတ်မှတ်နိုင်သည်ဟု ဖန်ချွန်လမ်းအဖိုးအိုက ပြောခဲ့ဖူးသည်။
သူ၏ ကျင့်ကြံခြင်းအဆင့်ကြောင့် ရွှီချင်းသည် ထိုဆွဲငင်အားကို မခုခံနိုင်ခဲ့ပေ။ လက်ထောက်ဒေသအကြီးအကဲသည်ပင် ယင်းကို မခုခံနိုင်ခဲ့ပေ။
နတ်ဘုရားလက်ချောင်းကို ဖမ်းဆုပ်ထားသော လက်ထောက်ဒေသအကြီးအကဲ၏ ကျောက်စိမ်းဖြူလက်သည်လည်း ဆွဲငင်အားကို မခုခံနိုင်ခဲ့ပေ။
ထိုဆွဲငင်အားသည် ရွှီချင်းနှင့် လက်ထောက်ဒေသအကြီးအကဲကို ဗဟိုပြု၍ ချက်ချင်း ပျံ့နှံ့ထွက်သွားသည်။ ယင်း၏ အရှိန်အဝါသည် အလွန်ခမ်းနားထည်ဝါသောကြောင့် လောကကြီးသည်ပင် ၎င်း၏ အရောင်အသွေးကို ဆုံးရှုံးသွားရသည်။
ဘေးပတ်ဝန်းကျင်မှ ဒြပ်နှောများသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားပြီး ညနေဆည်းဆာ၏ အလင်းသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ မြေပြင်သည် ပုံပျက်တွန့်လိမ်သွားသည်နှင့် တောင်တန်းတောင်ကုန်းများနှင့် မြစ်ချောင်းများ၏ ပုံရိပ်များသည်လည်း အလင်းပြန်လာသည်။ ဆွဲငင်အားသည် အလွန်ကြီးမားကျယ်ပြောပြီး အားကောင်းသည်။ ယင်းက အရပ်မျက်နှာပေါင်းစုံမှ မြင့်တတ်လာနေပြီး အဆုံးမဲ့စွာ ပေါက်ကွဲထွက်လာနေသည်။
လက်ထောက်ဒေသအကြီးအကဲ၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားသည်။ သို့သော် ယခုမှတော့ နောင်တရရန် အတော်နောက်ကျသွားချေ၏။
သူသည် သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲသွားခဲ့သည်။
ဆွဲငင်အားက သူတို့အပေါ်သို့ လွှမ်းခြုံသွားသောအခါ မြို့တော်၏ အလယ်မှ ပုံရိပ်နှစ်ခုသည် လေထဲမှာ ရုတ်တရက် ပျောက်သွားကြသည်။
ခေါင်းဆောင်၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက တစ်စုံတစ်ရာကို အာရုံခံချင်နေသည့်အလား လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်လက်ဟန်များစွာကို တရစပ် ဖွဲ့စည်းလိုက်သည်။
သတ္တမသခင်ကြီးသည် မလှုပ်မရှားရပ်နေသော သတ္တမမင်းသားဆီသို့ လှမ်းကြည့်လိုက်စဉ် သူ၏ အမူအရာသည် မည်းမှောင်သွားသည်။
အမတ်ယောင်သည် ထိတ်လန့်သွားပြီး ငှက်ကြီးချင်းချင်းသည် အော်မြည်လိုက်သည်။
လက်ထောက်ဒေသအကြီးအကဲ၏ ထွက်ခွာသွားမှုကြောင့် ဒြပ်နှောများသည် ၎င်းတို့၏ အရင်းအမြစ်ကို ဆုံးရှုံးသွားသည်။ ထိုအခါ ကောင်းကင်ပေါ်မှ ပုံပျက်တွန့်လိမ်မှုသည် လွင့်ပြယ်သွားနေပြီး ဝေဝါးနေသော ကုန်းမြေသည်လည်း ပြောင်းလဲသွားနေသည်။ ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးတွင် ဖြစ်ပွားနေသော သိသာထင်ရှားသည့် အပြောင်းအလဲများသည် ရပ်တန့်သွားကြသည်။
ကောင်းကင်ပေါ်ရှိ တားမြစ်ဓမ္မရတနာမှဖြစ်ပေါ်လာသော ပိုက်ကွန်ကြီးသည် ဆက်လက်တောက်ပနေပြီး မီးစာကုန်းမြေမှ ဆင်းသက်လာနေကြသော မကောင်းဆိုးဝါးဝိညာဉ်အားလုံးကို တားဆီးပေးနေသည်။ လူအများအပြားသည် မိန်းမောတွေဝေနေရာမှ စတင်ပြန်နိုးလာကြသည်။ ဖုန်းဟိုင်ဒေသငယ်တွင် ပြန်ပေါ်ထွက်လာနေကြသော ရှေးဟောင်းတောင်တန်းနယ်မြေများသည် တစ်ခုပြီးတစ်ခု တုန်လှုပ်လာကြသည်။
သို့သော် အန္တရာယ်က အဆုံးမသတ်သေးပေ။ ရုပ်သေးနှစ်ရုပ်သည် အစွမ်းထက် ရန်သူများ ဖြစ်နေကြသေးပေသည်။ လက်ထောက်ဒေသအကြီးအကဲသေဆုံးသွားခြင်း သို့မဟုတ် သူတို့ကြားမှ ဆက်သွယ်မှုက မပြတ်တောက်သွားခင်အထိ ၎င်းတို့က ဆက်လက်တိုက်ခိုက်နေကြလိမ့်မည်။
သတ္တမမင်းသားသည် ရုပ်သေးနှစ်ရုပ်ကို စူးစိုက်ကြည့်လိုက်သည်။
အကယ်၍ ထိုရုပ်သေးနှစ်ရုပ်က ၎င်းတို့၏ ဆက်သွယ်မှုကို ဆုံးရှုံးသွားပြီး အလုပ်မလုပ်တော့လျှင် သူသည် စတင်လှုပ်ရှားလိမ့်မည်။
‘ ဘယ်သူက အနိုင်ရသွားမလဲ… ရွှီချင်း အဆုံးမှာ ခြေမွလိုက်တဲ့ တည်နေရာပြောင်းရွှေ့တုံကင်က အတော်လေး အဆင့်မြင့်တယ်… အဲ့ဒါကို လျှော့တွက်လို့ မဖြစ်ဘူး ’
သတ္တမမင်းသားသည် တီးတိုးရေရွတ်လိုက်ပြီး ဆက်လက် စောင့်ဆိုင်းသည်။
နောက်ဆုံးရလဒ်ကို မမြင်ရခင်အထိ သူသည် မည်သည့်ဘက်ကိုမှ အလောင်းအစားလုပ်လိမ့်မည် မဟုတ်ချေ။
မရေမတွက်နိုင်သော ရှေးဟောင်းဝိညာဉ်မျိုးနွယ်ဝင်များ၏ ဝိညာဉ်များဖြင့် ပြည့်နှက်နေသော ဝိညာဉ်ချောက်နက်လောကကြီးထဲမှာ အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်နေသည်။
ဤနေရာရှိ ကောင်းကင်သည် မည်းမှောင်နေပြီး မြေပြင်သည်လည်း ထို့အတူပင်။
ဤနေရာတွင် မည်သည့်အသံကိုမှ မကြားရချေ။ တစ်လောကလုံး ပုံရိပ်များဖြင့်သာ ပြည့်နှက်နေဟန် ရသည်။
ဤအဆုံးမဲ့လောကထဲတွင် နန်းတော်တစ်ခု ရှိသည်။
မရေမတွက်နိုင်သော မကောင်းဆိုးဝါးဝိညာဉ်များသည် နန်းတော်၏ ဘေးပတ်ပတ်လည်တွင် လှည့်ပတ်သွားလာနေကြသည်။
နန်းတော်ထဲတွင် အလွန်ရှည်လျားသော အသွေးအသားတောင်ကုန်းတစ်ခု ရှိသည်။ ဧရာမမျက်လုံးတစ်လုံးသည် တောင်ကုန်း၏ ထိပ်ဖျားပေါ်တွင် မျောလွင့်နေသည်။
၎င်းက မျက်လုံးမှိတ်ထားလေရာ ဤလောကကြီးထဲရှိ မည်သည့်အရာကမှ ၎င်း၏ တိတ်ဆိတ်အေးချမ်းမှုနှင့် အိပ်စက်ခြင်းကို မဖျက်ဆီးနိုင်ဟန် ရသည်။
ဘေးပတ်ဝန်းကျင်တွင် စတေးခံသွေးသားဝိညာဉ်များ ရှိကြသည်။ ယင်းတို့က ဧရာမမျက်လုံးကြီးနှင့်ပေါင်းစပ်သွားမည့် ဝိညာဉ်အနှစ်သာရအခိုးအငွေ့များကို ထုတ်လွှတ်နေသည်။ တစ်ချိန်တည်းမှာ ရွှေရောင်နဂါးများသည် ဘေးပတ်ပတ်လည်တွင် ရစ်ခွေနေကြပြီး မှော်သင်္ကေတများတစ်ခုပြီးတစ်ခုသို့ ဖြစ်ပေါ်နေကြသည်။ ထိုမှော်သင်္ကေတများသည် ဝိညာဉ်အနှစ်သာရနှင့်အတူ ဧရာမမျက်လုံးကြီးဆီသို့ ပို့ဆောင်ခြင်းခံလိုက်ရသည်။
ရံဖန်ရံခါ အရပ်မျက်နှာအသီးသီးမှ ဝိညာဉ်များသည် တုံ့ခနဲရပ်သွားကြသည်။ ၎င်းတို့သည် ဧရာမမျက်လုံးကြီးဆီသို့ တစ်ညီတစ်ညာတည်း ခေါင်းလှည့်လိုက်ကြပြီး ဦးညွတ်လိုက်ကြသည်။ ထို့နောက် ၎င်းတို့သည် ဆက်လက် ရွေ့လျားသွားကြသည်။
မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော အလောင်းကောင်များလည်း ရှိသည်။ မည်သည့်အလောင်းကောင်မဆို ရက်စက်ကြမ်းကြုတ်ကြသည်။ ၎င်းတို့သည် သွေးဆာသော အရှိန်အဝါနှင့် ရူးသွပ်သော အမူအရာကို ထုတ်ဖော်ထားကြသည်။
သို့သော် ၎င်းတို့သည် တိတ်ဆိတ်စွာ ရပ်နေကြပြီး လှုပ်ရှားခြင်းမရှိကြပေ။ ၎င်းတို့သည် ဧရာမမျက်လုံးကြီးဆီသို့ အရိုအသေပေးသည့်အခါမှသာ အတူတကွ လှုပ်ရှားကြသည်။
ဤတစ်နေရာတည်း အင်ပါယာနန်းတော်ရှိခြင်းမဟုတ်ပေ။
ဤနေရာနှင့် အဝေးတွင် ထိုသို့တူညီသော နန်းတော်များ ရှိကြသည်။
နန်းတော်တစ်ခုစီတွင် အသွေးအသားတောင်ကုန်းတစ်ခုနှင့် ဧရာမမျက်လုံးကြီးတစ်လုံး ရှိကြသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ နန်းတော်အများအပြားကြားတွင် ယခင်တစ်ခေါက်က ရွှီချင်းရောက်ခဲ့ဖူးသော ဧရာမမျက်လုံးကြီးသည် ရုတ်တရက် တုန်ယင်သွားသည်။ မရေမတွက်နိုင်သော ဝိညာဉ်များသည် အသွေးအသားတောင်ကုန်းပေါ်တွင် မျောလွင့်နေသော ဧရာမမျက်လုံးကြီးကို ဝန်းရံထားကြသည်။
၎င်း၏ တိတ်ဆိတ်အေးချမ်းမှုနှင့် အိပ်စက်ခြင်းသည် နှောင့်ယှက်ခံလိုက်ရဟန် ရသည်။
၎င်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ကောင်းကင်ကို စိုက်ကြည့်လိုက်သည်။
ထိုအခါ ရှေးဟောင်းဝိညာဉ်လောကတစ်ခုလုံးကို တုန်လှုပ်သွားစေမည့် နတ်ဘုရားအာရုံသည် ဧရာမမျက်လုံးကြီးထံမှ ပေါက်ကွဲထွက်လာပြီး အဆုံးမဲ့သော ကမ္ဘာမြေဆီသို့ ဖြတ်သန်းရောက်ရှိသွားသည်။
“ ခွေးကောင်လေး… မင်းပြန်လာရဲသေးတယ် ”